Friday 14 September 2007

သန်းရွှေရဲ့ စစ်တပ်လား၊ ပြည်သူ့တပ်မတော်လား

ကျွန်တော် နအဖရဲ့ သတ္တိကြောင်တဲ့ စကား (ကြေငြာချက်)တွေကို စဉ်းစားနေတာပါ။ လက်တလော သူတို့ရဲ့ ၂/၂၀၀၇ မှာပေါ့။ NLD ပါတီက ဆန္ဒပြမူတွေ ဖြစ်ပေါ်အောင် လှုံဆော်နေတယ်ဆိုပဲ။

ဒီအချက်ကို စဉ်းစားကြည့်တာပါ။ လှုံဆော်တော့ ဘာဖြစ်လဲ။ ကဲ .. သူတို့က (သူတို့ဆိုတာ နိုင်ငံတော်လို့ ကိုယ့်ဘာသာ ခေါ်နေတဲ့ နအဖတွေပါ။) မှန်ကန်တဲ့ လမ်းကြောင်းကို သွားနေပါတယ်။ ပြည်သူတွေ အကျိုးအတွက် လုပ်နေပါတယ် သတင်းစာတိုင်းမှာ ပြောနေကြတယ်။ ဒီတော့ သူတို့က လုပ်ရပ်တွေ မှန်ကန်တယ်ပေါ့ဗျာ။ သူတို့အဲဒီလို လုပ်တာကို NLD က နှောက်ယှက် တယ်ပေါ့။ အင်း . . ရုတ်တရက် တွေးကြည့်လိုက်ရင် ဟုတ်သလိုလိုပဲ။ ဒါပေမယ့် logic အရ လွဲနေတယ်ဗျ။

ဘယ်နှယ့် နိုင်ငံတော်ကို လမ်းမှန်အောင် လုပ်နေတဲ့ လူတွေဆိုရင် NLD က ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ် ဘာအရေးလဲ၊ ဘာကြေငြာချက် ထုတ်စရာလိုလဲ၊ ပြည်သူတွေက နားလည်နေတာပဲ။ NLD တောထဲရောက်သွားမှာပေါ့။ NLD က လမ်းမှားလုပ်နေရင် သူတို့ဘယ်လောက်အထိ ဆန္ဒပြအောင် လှုံဆော်နိုင်မှာလဲ။

ဒီမိုကရေစီ အရ ပြပါလေ့စေပေါ့၊ မဟုတ်ဘူးလား၊ ဒီမိုကရေစီကို သွားနေကြတာဆို၊ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီရဲ့ မရှိမဖြစ် အခြေခံ အချက်ပဲ မဟုတ်ဘူးလား။ သူတို့က လုပ်ရပ်မှန်ရင် NLD နဲ့ ၈၈ ဆန္ဒပြချင် ပြကြ။ လာ .. မင်းတို့က ဘာကို မကြိုက်တာလဲ၊ ငါတို့နဲ့ ဆွေးနွေးမယ် ဖြစ်ရမှာ မဟုတ်ဘူးလား။ အဲဒါ ဒီမိုကရေစီစနစ်ရဲ့ အခြေခံ logic ပဲလေ။

အခုတော့ ၈၈ ခေါင်းဆောင်တွေကို သူခိုးတွေလို ညဘက် ၀င်ဖမ်း၊ အခုအထိ ဘယ်မှာလဲ မပြော၊ ပြီးတော့ ခပ်တည်တည်နဲ့ သတင်းစာတွေက ပေါက်တတ်ကရ စွပ်ဆွဲ၊ ပြီးတော့ သူတို့ပဲ ကြေငြာချက်တွေ သတင်းစာထဲရေး၊ အာဏာပိုင်ဆိုတဲ့ သိက္ခာကို မရှိတော့ဘူး။ လူတစ်ယောက်ကို အခုလို အကြောင်းပြချက် မပေးပဲ ဖမ်းချင်တိုင်းဖမ်းပြီး၊ ပြောသေးတယ် ... ငါတို့က မှန်တာလုပ်နေတာ ...... ဆိုပဲ၊ လုပ်ကြပါဦး အရပ်ကတို့ရေ။ သူတို့ ဖမ်းပြီးပြီးချင်းမှာပဲ ကိုအံဘွယ်ကျော်ရဲ့ မိခင်နဲ့ အင်တာဗျူးရာမှာ ဖမ်းဆီးဖို့အတွက် ဘာစာရွက်စာတမ်းမှ မပါဘူးတဲ့။ မှန်တဲ့ လူတွေဆို ဘာကြောင့် ဒီလို စာရွက်တွေမပါဘဲ လူတွေကို ဖမ်းလို့ရတာလဲ။ တရားဥပဒေ ဘယ်မှာလဲ။ အော် .... ထူးဆန်းပါပေ့ နအဖရယ်လို့သာ ပြောချင်မိတော့တယ်။


ဘယ်မှာလဲ စစ်တပ်က တပ်မတော် အကြီးအကဲတွေရဲ့ သတ္တိတွေ၊ ဘယ်မှာလဲ စစ်သားပီသမှုတွေ၊ သူတို့ အာဏာအတွက် အခုလို သရဲဘောကြောင်ပြလိုက်တာ မြန်မာ့တပ်မတော်ကြီး တစ်ခုလုံးက တပ်မတော်သားတွေ သုံးမရတဲ့ လူတွေအဖြစ် သမိုင်းမှာ မော်ကွန်းတင်ရတော့မယ့် အခြေအနေကို ရောက်လို့ လာနေပါပြီ။


ခပ်တည်တည်နဲ့ အမြီးအမောက် မတည့် ပြောချင်ရာ ပြော၊ လုပ်ချင်ရာ လုပ်နေကြတဲ့ လူတွေပါးစပ်က တိုင်းပြည်ကို ကယ်တင်နေတယ် ဆိုတာ အတော် အရှက်မရှိတဲ့ နအဖလို့သာ ကမ္ဘာက မှတ်ချက်ချတာကို ခံနေကြရတော့တာပါပဲ။ တပ်မတော်ကြီးတော့ သာသနာဖျက် သန်းရွှေလက်ထဲမှာ အလုံးစုံ ပျက်သုဉ်းသွားပါပြီဆိုတာ ၀မ်းနည်းစွာနဲ့ မှတ်ချက် ချလိုက်ရပါတယ်။ ဒါကြောင့် မြန်မာ့ တပ်မတော်ဟာ သန်းရွှေရဲ့ စစ်တပ်လား၊ ပြည်သူ့ တပ်မတော်လား ........ ဆိုတာ သူရ ဦးရွှေမန်းခေါင်းဆောင်တဲ့ တပ်မတော်ကို ဒီနေရာကနေ မေးခွန်းထုတ်ကြည့်လိုက်ပါတယ်။


ကိုထိုက်

No comments: