Thursday 11 October 2007

စစ်အစိုးရကို မည်သို့ ဒဏ်ခတ်အရေးယူမည်နည်း

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကို န၀တ စစ်အစိုးရက "အကြမ်းဖက်ဆူပူမှု" ဟု တံဆိပ်ကပ်ခဲ့သည်။

နအဖ စစ်အစိုးရကလည်း ထိုဝေါဟာရကိုပင် ဆက်လက်သုံးစွဲခဲ့သည်။ ၂၀၀၆ ခုနှစ် တပ်မတော်နေ့ မိန့်ခွန်းပြောသည့် အခါမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "ထိုအချိန်က အစိုးရအပေါ် ပြည်သူလူထု၏ အထွေထွေ မကျေနပ်မှုများကြောင့် ဖြစ်ခဲ့ရသည်" ဟုဝန်ခံခဲ့သည်။

သို့သော် ယခု ၂၀၀၇ အရေးတော်ပုံကို ဖြိုခွင်းပြီးသည့်အခါ စစ်အစိုးရက "အကြမ်းဖက်ဆူပူမှု" ဟူသောစကားလုံးကိုပင် ပြန်လည်သုံးစွဲလာပြန်သည်။ စစ်အစိုးရကိုယ်တိုင်ကမူ အကြမ်းဖက် နှိပ်ကွပ်မှုများ ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဆန္ဒပြရာတွင် ဘေးမှရပ်ကြည့်သူများ၊ အားပေးသူများကိုပင် အလွတ်မပေးဘဲ နေအိမ်များမှ အဓမ္မခေါ်ယူကာ ရပ်ကွက်ရွှေ့ပြောင်းပစ်သည်အထိ ကြမ်းကြမ်းရမ်းရမ်းပြုလုပ်လျက်ရှိသည်။

တဖက်တွင် မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အရေးယူသည့် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရပါသည်။

တွေ့ဆုံဆွေးနွေးရေးကိစ္စကို ပြည်တွင်းပြည်ပမှ ကြိမ်ဖန်များစွာ တိုက်တွန်းပြောကြားခဲ့သည်များကို လျစ်လျူရှုခဲ့သော စစ်အစိုးရသည် လတ်တလော အကျပ်အတည်းမှ ခေတ္တမျှ အသက်ရှူချောင်စေရန် တွေ့ဆုံဆွေးနွေးရေးဆိုသည်ကို အရေးပေါ် အသုံးချလိုက်ခြင်းသာဖြစ်သည်။ မတရားရိုက်နှက်သတ်ဖြတ် ဖမ်းဆီးမှုများ မီးကုန်ယမ်းကုန် ပြုလုပ်ပြီးမှ တွေ့ဆုံဆွေးနွေးမည်ဟု ဆိုလာခြင်းသည် မရိုးသားသည့်အပြင် နိုင့်ထက်စီးနင်း ပြုလုပ်ခြင်းလည်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးကိစ္စကို အကောင်းဖက်မှ ကြိုဆိုကြသူအချို့က စစ်အစိုးရအတွက် "ထွက်ပေါက်" တစ်ခုအဖြစ် ရှုမြင်သုံးသပ်ကြသည်။ နေရာတွင် စစ်အစိုးရကို "ထွက်ပေါက်" ပေးရန်ဆွေးနွေးပြောကြားနေခြင်းသည် မြန်မာစစ်အစိုးရကို ဖိအားပေးမှုပြုလုပ်ပါက Confrontation ကို ပိုမိုဖြစ်ပွားစေနိုင်သည်ဟု တရုတ်နိုင်ငံက ခြိမ်းခြောက်ပြောကြားခြင်းနှင့် ဆိုလိုရင်းအဓိပ္ပါယ်အတူတူပင် ဖြစ်နေသည်ဟု ဆိုရပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရအပေါ် လုံခြုံရေးကောင်စီမှ အရေးယူမှု အထိုက်အလျောက်ရှိနိုင်သော်လည်း များမကြာမီ ပိုနေမြဲကျားနေမြဲ
( Mr.Gambari ကမဖြစ်နိုင်ဟု ဆိုသော်လည်း ) ပြန်ဖြစ်သွားလိမ့်မည်ဟု စစ်အစိုးရက စိတ်ချယုံကြည်ပြီးသားဖြစ်သည်။ ထိုသို့ယုံကြည်ထားသည့်အတိုင်း
၎င်းတို့အတွက် ဆူးငြောင့်ခလုတ် ဟူသမျှအမြစ်မကျန် သုတ်သင်ရှင်းလင်းနေမည်သာ ဖြစ်ပါသည်။

ယနေ့လွတ်လပ်သော ကမ္ဘာနှင့် နိုင်ငံတကာမိသားစုကြီးက အကြမ်းဖက် နှိပ်စက်ခံ မြန်မာပြည်သူလူထုဘက်မှ စာနာမှုအပြည့်နှင့် အားပေးထောက်ခံ ရပ်တည်နေကြသော်ငြားလည်း မြန်မာပြည်သူတို့၏ ကံကြမ္မာကို တရုတ်နှင့် ရုရှတို့လက်ထဲ ၀ကွက်အပ်ထားခံရသကဲ့သို့ ဖြစ်နေရခြင်းမှာမူ မည်သို့မျှ မဖြစ်သင့်သောကိစ္စ၊ လက်သင့်မခံနိုင်စရာ ကိစ္စဖြစ်ပါသည်။ "လူဆိုးလူမိုက် လူရမ်းကားများ မင်းမူနေနိုင်ခြင်းမှာ လူကောင်းများ ဘာမျှမလုပ်ကြသောကြောင့် ဖြစ်ရသည်" ဟူသော စကားရှိပါသည်။ ယနေ့ တစ်ကမ္ဘာလုံးမှ လူကောင်းတွေ မြန်မာအရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို အင်တိုက်အားတိုက် အစွမ်းကုန် လုပ်နေကြပါလျက် မြန်မာပြည်တွင် စစ်အစိုးရ ဆက်လက် သက်ဆိုးရှည်နေဦးမည်ဆိုပါလျင် ကမ္ဘာပေါ်ရှိ လူကြီးလူကောင်းများ အလွန်ညံ့ရာကျသွားပါလိမ့်မည်။ အဓမ္မ၀ါဒီများထံတွင် ဒီမိုကရေစီ စနစ်ကဒူးထောက် အရှုံးပေးလိုက်ရသည့် သဘောဖြစ် ရာဇ၀င်အလွန်ရိုင်းပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ စစ်အာဏာရှင် အလောင်းအလျာများအတွက်လည်း ကမ္ဘာပြည်သူ သန်းပေါင်းများစွာ၏ မျက်စိအောက်တွင် မိမိပြည်သူများကို ဤသို့ဤနှယ် သတ်ဖြတ်နိုင်သည်ဟု အတုယူမှားသွားနိုင်ကြောင်းကိုလည်း စိုးရိမ်စရာဖြစ်ရပါလိမ့်မည်။

ကျောက်ပန်းတောင် NLD အဖွဲ့ဝင် ကိုဝင်းရွှေ စက်တင်ဘာ ၂၆ ရက်က ဖမ်းဆီးခံရပြီးနောက် သေဆုံးသွား၍ သဂြိုဟ်ပြီးဖြစ်ကြောင်း တစ်ပတ်အကြာတွင် နေအိမ်သို့ အကြောင်းကြားခဲ့သည် ဟုကြားသိရသည်။ (ဒီထက် ရိုင်းစိုင်းမူများပင် ရှိနေပါသေးသည်။ တပ်မ ၆၆ လာရောက် အကြောင်းကြားသည့် အခါတွင် လူသေသွားပြီ၊ အလောင်းပြန်လိုချင်လျှင် ငွေ နှစ်သိန်း ပေးရမည် ဟုဆိုကာ ဒုက္ခခံနေရသော မိသားစုများကို ငွေညှစ်လျှက်ရှိနေကြသည်။) ယင်းသို့သော လူသတ်အလောင်းဖျောက်ဖျက်မှု မျိုးကိုပင် စစ်အစိုးရက လက်ရဲဇက်ရဲ ဆက်လက်ပြုလုပ်လာသည်ကို တွေ့ရှိနေရသည်။

သို့ဖြစ်၍ ဤသို့သော ရာဇ၀တ်ပြစ်မှုမျိုး ကျူးလွန်သူမည်သူကိုမဆို တရားဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးရမြဲ ထုံးစံအတိုင်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ၀ရမ်းထုတ်ဖမ်းဆီး အရေးယူ အပြစ်ပေးနိုင်ရေးအတွက် ပြည်ပရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများက တွေ့ဆုံဆွေးနွေးရေးဟူသော လမ်းလွှဲအတိုင်း မလိုက်ကြဘဲ Crime Against Humanity ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများပြုလုပ်ကာသုံးသပ် အဖြေရှာသင့်ကြောင်း အကြံပေးတိုက်တွန်းအပ်ပါသည်။

No comments: