Tuesday 30 October 2007


ပြည်ပရောက်မျိုးချစ် ညီအစ်ကိုမောင်နှစ်မများခင်ဗျား


ပဏာမအနေနဲ့ လွန်ခဲ့တဲ့ စက်တင်ဘာလမှာ ဖြစ်ပွားသွားတဲ့ မြန်မာနိုင်ငံက ၇ဟန်းရှင်လူပြည်သူတွေ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံခဲ့ရပုံတွေကို ပြန်လည်သုံးသပ်လိုပါတယ်။ ဒီအဖြစ်အပျက် တွေမှာ ငြီမ်းချမ်းစွာ မေတ္တာပို့ဆဒ္ဒ ဖေါ်ထုတ်ခဲ့သူရဟန်းရှင်လူပြည်သူတွေအပေါ် သန်းရွှေနဲ့ စစ်အာဏာရှင်တစ်စုကလူမဆန်စွာ လက်နက်အားကိုးပြီး ခေတ်မှီ မောင်းပြန်သေနတ်၊ မျက်ရည်ယိုဗုံး ၊သစ်သားဒုတ်၊ သံဒုတ်တွေ သုံးပြီးဖြိုခွဲခဲ့တဲ့ လုပ်ရပ်တွေကို ကမ္ဘာကသိမြင်နားလည်ကြလို့ အားလုံးကအပြင်းထန်ဆုံးရှုံ့ချနေကြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၃ နှစ်လုံးလုံးစစ်အာဏာရှင်တွေရဲ့ စစ်ဖိနပ်အောက်က ရင်စည်းခံခဲ့ကြရတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ဘ၀တွေကိုပြန်လည်သုံးသပ်ရလျှင် အောက်ပါအတိုင်း သိမြင်ခံစားရနိုင်ပါတယ်။


၁ - အာဏာရှင်နေ၀င်းရဲ့ လက်အောက်မှာ ၂၆ နှစ်လုံးလုံး တိုင်းပြည်ကို ဆင်းရဲမွဲတေတဲ့ အထိ စီမံအုပ်ချုပ်သွားခဲ့ပြီး သန်းရွှေတို့ရဲ့ ဒုတိယစစ်မျိုးဆက်ကိုလက်ဆင့်ကမ်း လွှဲပြောင်းပေးသွားခဲ့ပါတယ်။


၂ - အာဏာရှင် သန်းရွှေလက်ထက်မှာတော့ တိုင်းပြည်ကိုအပြီးအပိုင် ကျွန်ပြုအုပ်ချုပ်နေကြပါပြီ။ အဆိုးဆုံးကတော့ ဘာသာ သာသနာ နဲ့တကွ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကို စနစ်တကျ အမြစ်ဖြတ် ချေမှုန်းသုတ်သင်နေကြပါပြီ။ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက်မှာ ဘယ်တုံးကမှ မရှိခဲ့ဘူးတဲ့ ယုတ်မာရက်စက်နည်းပေါင်းစုံနဲ့နှိပ်ကွပ်မှုမျိုးပါ။

ရဟန်းသံယာတွေကိုသတ်ဖြတ်ချေမှုန်းခြင်း၊ ဖမ်းဆီးထောင်ချခြင်း အဓမ္မသင်္ကန်းဆွဲချွတ်လူဝတ်လဲစေခြင်း အလုပ်ကြမ်းဖြင့်နယ်ခြားကချွေးတပ်စခန်းများသို့ပို့ခြင်း စတာတွေကို သိရှိရသူမြန်မာပြည်သူပြည်သားတိုင်း ရင်ထဲမှာကြေကွဲ ၀မ်းနည်း ကြရပါတယ်။

ရဟန်းရှင်လူတွေကို ရက်ရက်စက်စက် ချေမှုန်းအပြီး မှာလည်း လုပ်ကြံဇတ်လမ်း တွေခင်းပြီး ပါဝင်ပါတ်သက်သူတွေ သံဃာ လူပုဂ္ဂိုလ်တွေကို ရဟန်းတုရဟန်းယောင် ထောင်ထွက် ဖေါက်ခွဲရေးသမားတွေ အဖြစ်နဲ့ သာသနာရေးဝန်ကြီး ကစွပ်စွဲ စော်ကားပြန်ပါတယ်၊ သာသနာ တော်ကိုပိုပြီးညိုးနွမ်း အောင်ပြုပြန်ပါတယ် ။


သန်းရွှေနဲ့ စစ်အာဏာရှင်တွေဟာ မြန်မာပြည်ကို ဘယ်လိုများ ကျွန်ပြုထားသလဲဆိုတာကိုတော့ အားလုံးစဉ်းစားကြည့်ကြပါ။


လူတွေအားလုံးကို အစစအရာရာလူနဲ့ မတူအောင်ချုပ်ချယ်ထားတယ်။ အဓမ္မလုပ်အားပေးခိုင်းတယ်။ လူငယ်တွေကို ချွေးတပ်ဆွဲပြီး နယ်ခြားကိုပို့တယ်၊ စစ်ဖက်ဆိုင်ရာပစ္စည်းတွေသယ်ယူရေးမှာ အသုံးပြုတယ်၊ ရပ်ကွက်တွေမှာ အတင်းအကြပ်အလှူငွေတွေ အတင်းထည့်ခိုင်းတယ်၊ သူတို့ကိုထောက်ခံခိုင်းတယ်။

တိုင်းပြည်ရဲ့ အစိုးရလို့ အမည်ခံထားပေမဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး ပညာရေး လူမှုရေး တွေကိုမျက်ကွယ်ပြုပြီး ဘာတာဝန်မှမယူဘဲ မိသားစုလိုက် ကိုယ်ကျိုးစီးပွာတွေဘဲ လုပ်နေကြတယ်။ ပြည်သူတွေ ထမင်းမ၀ပေမဲ့ စစ်အာဏာရှင်တစ်စု ကတော့အလွန်အမင်းကြွယ်ဝချမ်းသာနေကြတယ်။ မရေမတွက်နိုင်တဲ့ စိန်ရွှေ၇တနာတွေ ဇိမ်ခံအိမ်တွေကို ပြည်တွင်းပြည်ပမှာ ၀ယ်ယူထားကြပြီး နောက်ဆုံးပေါ်ကားတွေနဲ့ အမျိုးချစ်ဝါဒတွေ ကျင့်သုံးနေကြတယ်၊ နိုင်ငံရပ်ခြား ပြောင်းရွှေ့ အလုပ်လုပ်ကိုင်သူတွေထံက မြန်မာသံရုံးတွေကတဆင့် ဆက်ကြေးကောက်သလိုကောက်ခံပြိး သူတို့မိသားစု တွေရဲ့ အပျော်ဈေးဝယ်ထွက်စရိတ် ဆေးကုစရိတ် စတာတွေကို ကျခံစေပါတယ်။


ဒါတွေကို သိလို့ဆန့်ကျင်ရင် သို့မဟုတ် မကျေနပ်ကြောင်းပြရင် ဥမဒေမဲ့ ခြိမ်းခြောက်နှိပ်ကွပ်ပြန်ပါတယ်။

သူတို့ကိုဆန့်ကျင်သူမှန်သမျှကို အမျိုးမျိုးပုဒ်မတပ်ပြီးဖမ်ဆီး သတ်ဖြတ် နှိပ်စက် ပြတယ်၊ လိုချင်တဲ့သူကို ဖမ်းမမိရင် အိမ်ရှိ မိဘ မောင်နှမ နဲ့ သူငယ်ချင်း အစဖမ်းပြီး လူချင်းလဲအောင် လုပ်ပြကြတယ်။

မကြာသေးခင် စက်တင်ဘာအရေးအခင်းတုန်းက ဗွီဒီယိုပြကွက်တွေကိုပြန်ကြည့်ကြပါ။ ဆန္ဒပြပွဲမှာ သေနတ်ဒဏ်ရာရတဲ့အထဲ ရဟန်းတော်တစ်ပါးဟာ ရင်ဝမှာသွေးစက်လက်နဲ့ အားတင်းပြီး လျှောက်နေပုံကိုတွေ့ခဲ့ရပါတယ်။


နောက်ဓါတ်ပုံတစ်ခုမှာတော့ ခေါင်းနဲ့ကျောတွေ ရင်တွေမှာ အညိုအမဲ စွဲအောင်ရိုက်ပြီး သတ်ဖြတ်ခံထားရတဲ့ ရဟန်းတော်တစ်ပါးရဲ့ အလောင်းကို ငမိုးရိပ်ချောင်းထဲမှာ ပေါ်နေတာတွေ့ရပါတယ်။ ရင်ထဲမှာ အဲဒါတွေကိုကြည့်ပြီး ရင်ကွဲပက်လက် ဖြစ်ခဲ့ကြရပါတယ်။ တုန်လှုပ်ခဲ့ကြရပါတယ်။ နောက်ပြကွက်တစ်ခုမှာတော့ လူငယ်တစ်ယောက်ကို စစ်ခွေး ၂ ကောင်က တလှည့်စီ စိတ်ရှိလက်ရှိ ပျော်ပျော်ကြီး ရိုက်နှိပ်ပြီး ကားပေါ်ကိုတက်ခိုင်းနေတဲ့ ပုံပါ။ ဒါကို ဗိုလ်တစ်ယောက်က ကွမ်းစားရင်း ပြုံးကြည့်နေပါသေးတယ်။


နောက်တစ်ခုက ဖမ်းဆီးခံ ဆန္ဒပြသူ တစ်ဦးကို စစ်သားတစ်ယောက်က ရိုက်နှက်လို့ လဲကြသွားစဉ် အခြားစစ်သားတစ်ယောက်က မျက်နှာကို စစ်ဖိနပ်နဲ့ကန် လည်မျိုကိုနင်းထားတဲ့ပုံပါဘဲ။ စစ်ဖိနပ်အောက် ရောက်နေကြသူ ပြည်သူတွေဘ၀ကို အလွန်အရိပ်ထင်စေတဲ့ ပြကွက်ပါ။


လူမြင်ကွင်းမှာတောင် ဒီလောက် ရက်စက် ကြမ်းကြုတ်နေကြရင် မျက်ကွယ်မှာ ဖမ်းဆီးခံသူတွေဆိုရင် ဘယ်လိုပြု ကြမယ်ဆိုတာ စဉ်းစားကြည့်ကြပါ။


အခြေအနေအရ အတည်မပြုရသေးတဲ့ သတင်းနဲ့ အဖြစ်အပျက်တွေလဲ ရှိကြပါသေးတယ်။ ( ၂ ) ရက် အတွင်းသေဆုံးသူတွေကို သေနတ်ဒဏ်ရာဖြင့် မသေခင် မီးစက်ထဲကို အရှင်လတ်လတ် အထည့်ခံရတာကိုလဲ အနီးအပါးက မျက်မြင်တွေရဲ့ တွေ့ရှိချက်တွေအရ သိရပါတယ်။


တချို့သော ရဟန်းတော်တွေကို အတင်းအကြပ်လူဝတ်လဲ သံခြေ ချင်းခတ်ပြီး နှစ်ရှည်အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေနဲ့ ကဘော်ချိုင့်ဝှမ်းလို ရာသီဥတုဆိုးဝါးပြီး အသက်ရှင်ဘို့ ခက်ခဲတဲ့ ဒေသတွေကို အပို့ခံကြရတယ်။


အချုပ်ပြောရရင်တော့ သန်းရွှေနဲ့ အပေါင်းပါတွေဟာ မြန်မာပြည်နဲ့ တမျိုးသားလုံးကိုကျွန်ပြုထားပါပြီ။ သာသနာတော်ကိုလဲ စနစ်တကျ မှေးမှိန်အောင် ပြုနေကြပါပြီ။ သူတို့ လက်သတ်မွေးထားတဲ့ လက်ညှိုးထောင်ခေါင်းငြိမ့် သံဃာအာဏာပိုင်တစ်ချို့ကလွဲပြီး အမှန်တရားနဲ့ လူထုဘက်ကရပ်တည်တဲ့ ကျန်ရဟန်းသံဃာတွေကို သတ်ဖြတ်ညှင်းဆဲပြီး စနစ်တကျ ရှင်းလင်းမှုတွေကိုလုပ်ဆောင်နေကြပါတယ်။

ညီအစ်ကိုမောင်နှစ်မများခင်ဗျား ကျွန်တော်တို့အားလုံးဟာ ငြိမ်းချမ်းမှုကို လိုလားပါတယ်။ ငြိမ်းချမ်းစွာဆွေးနွေးညှိုနှိုင်း အဖြေရှာခြင်းဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်ကြဖို့ကို လိုလားဆုတောင်းနေကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေကို လှည့်ဖြားလိမ်ညာပြီး တသက်လုံး ဖိနှိပ်လာခဲ့ သန်းရွှေနဲ့ အပေါင်းပါတွေကိုတော့ ချွင်းချက်မရှိ ယုံကြည်ဘို့ကိစ္စကတော့ မဖြစ်နိုင်သေးပါဘူး။ သတိနဲ့သာ အပြောနဲ့ အလုပ်ညီ၊ မညီစောင့်ကြည့်ကြပါလို့ သတိပေးလိုပါတယ်၊ ဒီတခါ ငြီမ်းငြီမ်းချမ်းချမ်းနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဆုံးပြီဆိုရင်တော့ ဘာလုပ်ကြမလဲဆိုတာ ကိုယ်စီကိုယ်ငှစဉ်းစား ထားစေချင်တာကတော့ .....


၁ - ကိုယ့်အမျိုးဘာသာသာသနာကို နောင်အနာဂါတ်အရေးဘယ်လိုကာကွယ်ကြမလဲ

၂ - တနိုင်ငံလုံး သန်းရွှေနဲ့ စစ်အာဏာရှင် ခေါင်းဆောင်တစ်စုရဲ့ ကျွန်ဘ၀ စစ်ဖိနပ်အောက် ဘယ်လိုလွန်မြောက်အောင် လုပ်ကြမလဲ

၃ - နိုင်ငံနဲ့ လူမျိုးအတွက် လိုအပ်လာရင်တော့ အားလုံးသော အမျိုးကောင်း အမျိုးကောင်းသမီးများ ကိုယ်စီကိုယ်ငှ တာဝန်ကျေနိုင်ကြပါစေ။


အဝေးရောက်မျိုးချစ်နိုင်ငံသားများ

1 comment:

yatanarmyae said...

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကို ဖန်တီးဖို့ အမေရိကန်နိုင်ငံက ဒေါ်လာ ၂၅ သန်းကျော် သုံးစွဲသွားတယ်လို့ သိရပါတယ်။ ဆူပူသူတွေကို အစားအသောက်တွေပေးဝေပြီး အပေါစားစည်းရုံးရေးနဲ့ ဆောင်ရွက်ခဲ့ကြတာ အများကြီးပါပဲ။ွ