Wednesday 9 April 2008

Let's Start Vote "NO" Campaign

အားလုံးသော မြန်မာ ပြည်သူ ပြည်သား အပေါင်းခင်ဗျာ။ အခု အချိန်အခါသည် အဖြူ၊ အမဲ (၂) ရောင်သာ ရှိရမယ့် အချိန် ဖြစ်နေပါပြီ။ ကြားခံ အရောင် မရှိသင့်တော့ပါ။ ဖြူမှာလား၊ မဖြူရင်တော့ အမဲလို့ သတ်မှတ်ရမည့် အချိန် ဖြစ်နေပါသည်။

ဘာကြောင့် ကန့်ကွက်ရသည်၊ ကန့်ကွက်လျှင် ဘာဖြစ်မည်၊ ထောက်ခံလျှင် ဘာဖြစ်မည် ဆိုတာတွေကို ဆွေးနွေးရန် အချိန်လည်း မဟုတ်တော့ပါ။ သံဃာသတ်သော နအဖ၏ အခြေခံဥပဒေကို လက်ခံမိလျှင် မိမိတို့သည်လည်း မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒ ပြောသလို "ကံကြီး ထိုက်မည်" ဖြစ်ပါသည်။

မိမိကိုယ်တိုင် မဲပေးကန့်ကွက် ရုံသာမက မိမိနှင့် နီးစပ်ရာ မိတ်ဆွေ များကို "ကြက်ခြေခတ်" မဲပေးအောင် စည်းရုံးပြီး၊ တစ်ယောက်မှ စ၍ တရာ ဆိုသလို ချက်ချင်း ပြန့်နှံနိုင်သော နည်းဖြင့်၊ တဦးလျှင် အနည်းဆုံး လူ (၁၀)ဦးအား စည်းရုံးသော တာဝန်ကို ယူကာ တိုင်းပြည်ရှေ့ရေး၊ ဘာသာ သာသနာ ရှေ့ရေး၊ မိမိ အနာဂါတ်ရှေ့ရေး၊ မိမိ မျိုးဆက်သစ် ရှေ့ရေးအတွက် အားလုံးပါဝင်ကြပါစို့။

ထိုကြောင့် ပြတ်သားစွာဖြင့် နအဖ၏ မဲစာရွက်များပေါ်တွင် "ကြတ်ခြေခတ်" ပြီး ကန့်ကွက်ပါရန်နှင့် နောက်ထပ် လူ (၁၀) ဦးအား စည်းရုံးရေးတာဝန် ယူကြပါရန် နှိုးဆော်လိုက်ပါသည်။

ဘော်ပင်၊ ခဲတံ၊ ဆော့(ဖ်)ပန်၊ မြေဖြူ၊ မီးသွေးခဲများကဲ့သို့ ရရာ ရေးခြစ်စရာများဖြင့် "ကြက်ခြေခတ်" (သို့မဟုတ်) "NO" စာလုံးများကို နေရာအနှံ့ ရေးခြစ်ခြင်းဖြင့် အများ ပြည်သူများ နှိုးကြားလာအောင် သတိပေး နှိုးဆော်ခြင်းများကိုလည်း တာဝန် တရပ် အဖြစ်ယူ၍ ပြုလုပ်ကြပါရန် နှိုးဆော်လိုက်ပါသည်။

မြန်မာပြည်သူ ပြည်သားများအားလုံး ကံကြီး မထိုက်လိုလျှင် ..... ပြတ်သားစွာဖြင့် နအဖ၏ မဲစာရွက်များပေါ်တွင် "ကြတ်ခြေခတ်" ပြီး ကန့်ကွက်ပါရန် နှိုးဆော်လိုက်ပါသည်။


ကန့်ကွက်မဲကို လှို့ဝှက်မဲပေးသော နည်းဖြင့် ပေးရမည် ဖြစ်သောကြောင့် မိမိဘာပေးမည်ဆိုတာကို မည်သူမျှ မသိနိုင်ပါ။ ထို့အပြင် နအဖမှ မဲ မခိုး နိုင်ရန်လည်း ပြည်သူ့တာဝန် တရပ်အနေဖြင့် စောင့်ကြည့် မှတ်တမ်းတင်ကြပါရန် နှိုးဆော်လိုက်ပါသည်။

နအဖ၏ မစခင်ကတည်းက ကတိ မတည်သော အချက်များနှင့် ဘာကြောင့် လူတိုင်းသွား၍ ကန့်ကွက်မဲ ပေးသင့်သည် ဆိုသော အချက်များကို အောက်တွင် နားထောင်နိုင်ပါသည်။



Click Here To Download

နောက်ဆက်တွဲ အချက်များ

အခြေခံ ဥပဒေ ပြင်ဆင်နိုင်သော အချက်မှာ ပုံနှိပ်အမှား ဖြစ်သောကြေင့် နဂိုအတိုင်း ထက်ဝက်ကျော် ဆိုသော အပိုင်းကို ဖြည့်စွက်၍ ပြင်ဆင် ဖတ်ရှုပါဟု အဖွဲ့ အစည်းများကို အကြောင်းကြားထားပြီး၊ သူတို့ပိုင် မီဒီယာများဖြင့် ပြည်သူအား အသိပေးခြင်း မရှိသေးပါ။

မည်သို့ပင် ဖြစ်စေကာမူ ထက်ဝက်ကျော်ဆိုသော ကိစ္စမှာ သာမန် အချက်သာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော်၏ ထောက်ခံမဲ ရမှသာ ပြင်နိုင်သည် .... ဆိုသော အချက်မှာ ပို၍ အရေးကြီးပါသည်။ ၂၅ % သည် စစ်တပ်က ယူထားပြီး ဖြစ်သဖြင့် စစ်တပ် မပြင်ဘူးဆိုလျှင် ၇၅ % ကျော် မရနိုင်သဖြင့် လုံးဝ ပြင်၍ မရနိုင်ပါ။ ထိုကြောင့် အခြေခံ ဥပဒေသည် လုံးဝပြင်၍မရသော အခြေခံဥပဒေ အနေဖြင့်သာ ဆက်လက် တည်ရှိနေပါသေးသည်။

အခြေခံဥပဒေမူကြမ်း ပြင်ဆင်ရန် အချက်တစ်ခုတည်းသာ စာလုံးပေါင်းမှားခြင်းဟု ဆိုလျှင် အတည်ပြုရန် အချက်သည် စာလုံးပေါင်းမှားခြင်း မဟုတ်ပဲ တမင် ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားကြောင်း ဝန်ခံရာ ရောက်သည်။

ထိုကြောင့် နအဖဆိုသည်မှာ ..... မိမိ ကိုယ်တိုင် မကြာခင် အချိန်ကပင် ပြောထားခဲ့သော စကားများကို မတည်နိုင်သော အရှက်မဲ့ သေနတ်ကိုင် အကြမ်းဖက် လူတစ်စုသာ ဖြစ်ရာ၊ မြန်မာပြည်သူ ပြည်သားများ အနေဖြင့် အဆိုပါ ဒမြ လူတစ်စုကို ကံကြီးထိုက်ခံ၍ ထောက်ခံခြင်း မလုပ်ကြရန် အသိပေး နှိုးဆော်လိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်