Wednesday 4 June 2008

လက်ရှိ မြန်မာနိုင်ငံ အခြေအနေနှင့် ပြည်သူများ ဘာလုပ်ကြမလဲ (၁)

လက်ရှိ နအဖ စစ်အုပ်စုအနေဖြင့် ပြတ်သားရှင်းလင်းစွာဖြင့် ကိုယ့်ဘာသာ ဖန်တီးထားသော လမ်းပြမြေပုံအရ .......... ကိုယ့်စကား ကိုယ်မတည်ဘဲ ၁၉၉၀ ရွေးကောက်ပွဲကို ဖျက်ကာ မိမိစိတ်ကြိုက် မတရားရေးဆွဲထားသော အခြေခံဥပဒေကို နည်းမျိုးစုံဖြင့် အတည်ပြုနိုင်ရန် ဘာပဲလုပ်ရ လုပ်ရဆိုသော အောက်လမ်းနည်းပေါင်းစုံကို သုံးကာ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ကျေညာလိုက်သည်။

သိသာ ထင်ရှားစွာ ပြုလုပ်ထားသော အောက်လမ်းနည်းများမှာ

အခြေခံမူ ၁၀၄ ချက်ကို ရေးဆွဲပြီးနောက် ဝန်ကြီးချုပ်ဟု ကိုယ့်ဘာသာ နာမည်တပ်ထားသော သိန်းစိန်မှ မပြင်ဆင်ရဟု သတ်မှတ်ထားသော အချက်များကို မိမိ အရှုံးအနိုင်အခြေအနေများပေါ်တွင် တည်မှီ၍ အောက်လမ်းနည်းသုံးကာ အချက်အချို့ကို ပြင်ဆင်ဖြည့်စွက်ပြီး စတင်ကာ ကလိမ်ကျစ်ကြခဲ့သည်။

ထို ပြင်ဆင်ခဲ့သော အချက်များတွင် သိသာထင်ရှားသောအရှက်မဲ့ သိက္ခာ မရှိသည့် အချက် တချက်မှာ ... မူရင်း အခြေခံမူ ၁၀၄ ချက်တွင် အခြေခံဥပဒေသည် အခြေခံဥပဒေဆန္ဒခံယူပွဲတွင် အနိုင်ရ အတည်ပြုပြီးသည်နှင့် တပြိုင်နက် အတည်ဖြစ်သည်ဟု ရေးထားခဲ့သည်။

သို့သော် အခြေခံဥပဒေ(မူကြမ်း) စာအုပ်တွင် မျက်နှာပြောင်တိုက်၍ ထိုအချက်ကို ပြင်ဆင်ကာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမဦးဆုံးအကြိမ် လွှတ်တော်ခေါ်ယူပြီးလျှင် အတည်ဖြစ်သည်ဟု ပေါ်တင်ပင် ပြောင်းလဲ ရေးဆွဲခဲ့သည်။

မြန်မာပြည်သူများ မုန်တိုင်းကြောင့် ဒုက္ခရောက်နေချိန်တွင်လည်း မဲကို နည်းမျိုးစုံဖြင့် လိမ်လည်ကာ ဆန္ဒခံယူပွဲကို မနိုင်နိုင်အောင် ကလိမ်ကျခဲ့ပြန်သေးသည်။ ထိုသို့ နည်းမျိုးစုံဖြင့် အနိုင်ရအောင် ပြုလုပ်ခဲ့သဖြင့် ရလဒ်မှာ ၉၂ % ကျော်သည်ဟု ကျေညာခဲ့ပြီးသည့်နောက်တွင် မိမိပြန်လည်၍ ထပ်မံပြင်ဆင်ထားသော စကားကိုပင် သိက္ခာမဆည်နိုင်အောင်ဖြစ်ပြီး နောက်ထပ် အရှက်မဲ့စွာဖြင့်ပင် မိမိကိုယ်ကို နိုင်ငံတော် အကြီးအကဲဟု သတ်မှတ်ထားသော သန်းရွှေမှ ကိုယ်တိုင် ပြောထားသော ၂၀၁၀ ရွေးကောက်ပွဲကိုပင် မစောင့် အခြေခံဥပဒေ အတည်ဖြစ်ကြောင်း ဇွတ်ပင် ကျေညာခဲ့ပြန်သည်။

အတော်ပင် အရှက်မဲ့သော သန်းရွှေဖြစ်သည်။

ဒီတော့ ရှင်းပါသည်။ သန်းရွှေဦးဆောင်သော နအဖ အဖွဲ့သည် အရှက်လည်း မရှိ၊ သိက္ခာလည်း မရှိ၊ စကားလည်း မတည် လုပ်ချင်ရာ လုပ်ကာ၊ သန်းနှင့်ချီ၍ ဒုက္ခရောက်နေသော ပြည်သူများ၏ အသက်ကိုပင် မငဲ့နိုင်ဘဲ အာဏာတည်မြဲရေးကို ဦးစားပေးနေသည်မှာ ထင်ရှား သိသာလှပါသည်။

မုန်တိုင်းကြောင့် သေဆုံး၊ ဒုက္ခရောက်နေကြသော ဒုက္ခသည်များတွင် စစ်တပ်မှ စစ်သားများ၊ စစ်သားမိသားစု ဆွေမျိုးများပါဝင်နေသည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် ထိုစစ်သားများ၊ စစ်သားမိသားစုများကိုလည်း ဂရုမစိုက် အာဏာတည်မြဲရေးသာ လုပ်နေပြန်ပါသည်။ အာဏာအတွက်ဆိုလျှင် စစ်တပ်တတပ်လုံးကိုပင် သတ်ရလျှင် သတ်ပစ်မည်ဆိုသော အာဏာရူး ဖြစ်နေသည်မှာ ထင်ရှားလှပါသည်။

တပြိုင်နက်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူများကို ကူညီရန် တမ္ဘာလုံးက ဝိုင်းဝန်းတောင်းဆိုနေချိန်တွင် UN အကြီးအကဲကိုပင် ထွက်လိမ်ကာ ဒေါ်လာ ၁၁ ဘီလျှံ တောင်းနေပြန်သေးသည်။ အကူအညီ အားလုံး ဝင်ခွင့်ပေးမည်ဟု လူလိမ် သန်းရွှေမှ ကတိပေးခဲ့သော်လည်း ယနေ့အထိ ဧရာဝတီတိုင်းသို့ သွားခွင့်ရရန် စောင့်နေရပြီး ရန်ကုန်တွင် သောင်တင်နေသူ ကယ်ဆယ်ရေးဝန်ထမ်းများ အမြောက်အများရှိနေပါသေးသည်။ (လန်ဒန်ရှိ မြန်မာ သံရုံးတွင် aid worker အတွက် visa တင်သည်ကို အငြင်းခံရသူများ ရှိနေပါသည်။)

ဒုက္ခရောက်နေသူများကိုလည်း မကူညီ၊ ကူညီမည့်သူများကိုလည်း လက်မခံ၊ ဒုက္ခရောက်နေချိန်တွင် နိုင်ငံရေး အမြတ်ထုတ်ကာ မဲလိမ်ပြီး အာဏာတည်မြဲရေးအတွက် အခြေခံဥပဒေကို ဇွတ်ပင် အတည်ပြုနေသည်။

သန်းရွှေနှင့် နအဖ ဘယ်ကို ဦးတည်နေလည်း ... အဖြေက ရှင်းနေပါသည်။ အာဏာတည်မြဲရေးအတွက် လမ်းပြမြေပုံကိုသာ ဆက်လက် လုပ်နေမည်ဖြစ်သည်။ အာဏာတည်မြဲရန် သံဃာ သတ်မှ ရမည်ဆိုလျှင်လည်း သံဃာကို သတ်မည်ဖြစ်သည်။ ပြည်သူကို သတ်ရမည် ဆိုလျှင်လည်း သတ်မည်။ စစ်တပ်ကို သတ်ရမည်ဆိုလျှင်လည်း သတ်မည်ဖြစ်ပါသည်။

ဒီတော့ ပြည်သူများ ဘာလုပ်ကြမည်နည်း။
(ဆက်ရန်)

လေးစားစွာဖြင့်
ကိုထိုက်

2 comments:

Unknown said...

ဟာဟ စစ်တပ်ကို သွေးကွဲအောင် ပြောနေပြန်ပြီ။ မင်းတို့ ကောင်တွေသာ သွေးမကွဲစေနဲ့၊ ဟားဟား။ဒါမျိုးတွေက ရိုးနေပါပြီ ။ မောင်ထိုက်ရာ။

freedom said...

The person who wrote the above comment is a military's dog who just bite the bone thrown away by his master killer Than Shwe.