Thursday 5 June 2008

မပြောချင်လည်း ပြောရတော့မယ်

“ကျွန်မတို့က နိုင်ငံရေးနဲ့ မပက်သက်ချင်လို့ပါ။”
“ကျွန်တော်တို့က စိတ်ရှိပါတယ် မိသားစု ရှိနေလို့ပါ။”
“နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ မပက်သက်ချင်ဘူး။”

အထက်ပါ စကားတွေက နိုင်ငံခြားမှာရောက်နေတဲ့ မျိုးချစ် မြန်မာတွေဆီက ကြားရလေ့၊ ကြားရဆဲ ရှိနေတဲ့ စကားတွေပါ။ သာမန်လူတန်းစားတွေဆီက မကြာမကြာ ကြားရတာပါ။

ပိုဆိုးတာက အဲဒီစကားမျိုးတွေကို (တခါတလေ) ကြားရတာက ..... နိုင်ငံရေး လုပ်မိလို့ မြန်မာနိုင်ငံကို ပြန်လို့ မရတာကြောင့် သက်ဆိုင်ရာ တိုင်းပြည်တွေမှာ နေထိုင်ခွင့်ပြုပါလို့ မျက်နှာငယ်လေးတွေနဲ့ အမျိုးမျိုးလိမ်ပြီး ခိုလှုံခွင့် တောင်းယူထားတဲ့ ရွှေမြန်မာတွေဆီကပဲ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ အနှီ ပုဂ္ဂိုလ်တွေက ရူးချင်ယောင်ဆောင်ပြီး အောက်လမ်းကနေ မြန်မာပြည်ထဲ ပြန်ဝင် (ဒါမှ မဟုတ်) နိုင်ငံသားလျှောက် သံရုံးမှာ သံအမတ်ကို ထီးမိုး၊ ပြီးတော့ visa လျှောက်ပြီး ပြည်တော်ပြန်ရေးကို တွေးနေ၊ လုပ်နေကြတာပါပဲ။

အဆိုပါ မှတ်သားလောက်စရာ ရဲရဲတောက် သမိုင်းဝင် စကားလုံးတွေကို ပြန်တွေးကြည့်တော့ နိုင်ငံရေးနဲ့ မပက်သက်ချင်လို့ဆိုတာကို အဓိက ပြောသွားတာပါပဲ။

ကျွန်တော် တွေးကြည့်တယ်။ နိုင်ငံရေး ဆိုတာ ဘာလဲပေါ့။

ကျွန်တော် ကိုထိုက် ဆိုတဲ့ လူက နိုင်ငံရေး လုပ်နေတာလားပေါ့။ ကျွန်တော် လုပ်တာကတော့ မြန်မာနိုင်ငံမှာ လက်ရှိ အာဏာကို လုယူထားတဲ့ ဒမြဂိုဏ်းကို မကြိုက်ကြောင်း ပြောနေတာပါ။ မဟုတ်တာ လုပ်တာကို ဖေါ်ထုတ်တာပါ။ အဲဒီထက် ဘာမှ မပိုပါဘူး။ အဲဒါ နိုင်ငံရေး လုပ်တာလား။

အဲဒီလို မကြိုက်ကြောင်း ပြောတာကို နိုင်ငံရေးလို့ အဓိပ္ပါယ် ဖွင့်ဆိုမယ် ဆိုရင်တော့ .... နိုင်ငံရေးနဲ့ မပက်သက်ချင်လို့ ဆိုတဲ့ အနှီ မျိုးချစ်များက လက်ရှိ ဒမြဂိုဏ်းကို လိုလားတယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။ သန်းရွှေက ဦးဆောင်ပြီး သံဃာသတ်၊ လူသတ်တာကို ထောက်ခံတယ်လို့ အဓိပ္ပါယ် ထွက်ပါတယ်။

“ကျွန်တော်တို့က မြန်မာနိုင်ငံမှာ မိသားစု ရှိလို့” ဆိုတာကတော့ ... ဟုတ်ကဲ့ အခြားလူတွေကတော့ တကောင်ကြွက်တွေ ဖြစ်ပါကြောင်း အသိအမှတ်ပြုလို့ရပါတယ်။

မြန်မာ့ သမိုင်းမှာ ပြည်သူတွေခံစားရတဲ့ ဒုက္ခအခြေအနေတွေကို ပြန်တွေးကြည့်ပါဦး။ ကိုလိုနီခေတ်ကို အချို့သော လူတွေ ပြန်တမ်းတနေတာ မြန်မာတနိုင်ငံပဲ ရှိတယ်လို့ မှတ်တမ်းတင်ရတဲ့ အခြေအနေတွေပါ။

အာဏာရှင်ကို မကြိုက်ကြောင်း ပြောတာ နိုင်ငံရေးလို့ သတ်မှတ်ထားလျှင်တော့ ... ၄င်း ... နိုင်ငံရေးနဲ့ မပက်သက်ချင်လို့ ခပ်ကင်းကင်းနေမယ်ဆိုတဲ့ အထက်ပါ လေးစားဖွယ် မျိုးချစ်တွေ အရေအတွက် များနေသေး၍ ... နောက်ထပ် သံဃာတွေ အသတ်ခံရ၊ မုန်တိုင်းမှာ သနားဖွယ်ရာ တောင်သူဦးကြီးတွေ ငတ်သေရ၊ ညဘက် ဧည့်စာရင်း စစ်ခံရ၊ မိမိ ဆွေမျိုးတွေ အပါအဝင် အခြားလူတွေက ဘာမဟုတ်တဲ့ ကြံဖွတ်တွေကို ကြောက်နေရ ဆိုတာတွေကို ကျွန်တော်တို့ ဆက်တိုက် ကြားနေ၊ ပြောနေရဦးမှာ ဖြစ်ပါကြောင်း။

လေးစားစွာဖြင့်
ကိုထိုက်

4 comments:

ခင်မင်းဇော် said...

အ့ည့်အ၀ထောက်ခံပါကြောင်း

ayemyat099 said...

အရမ်းကိုထိရောက်တဲ့ အရေးအသားပဲ...အရမ်းကောင်းတယ်....:D

Unknown said...

အခုလိုရေးတာအရမ်းကောင်းပါတယ်
နောက်ကိုလည်းဒီထက်နာနာလေးရေးပါလို.တောင်းပန်ပါတယ်

Denmarkthu said...

Hi ko htike

it is great words.people said that do not want to get involved in politics means they support the SPDC. Moreover, other political activist group based in forigen countries can not do that much. Sometimes, i feel very shame myself being born in Burma but no wonder people claimed themselves pro-democracy usually rely on other people and are they gonna live like now the rest of their lives , no worry cos they can stay with food, shelter and supported money!!