Wednesday 11 June 2008

အခြေခံဥပဒေ ပျက်ပြယ်သွားပြီဟု အန်အယ်ဒီ ပြောကြား

နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 14:46 - မြန်မာစံတော်ချိန်
(mizzima မှ ရယူထားပါသည်။)
ချင်းမိုင်။ ။ စစ်အစိုးရက အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာပိုင်များ၏ ဥပဒေနှင့် မညီသော လုပ်ရပ်များကြောင့် “ဥပဒေကြောင်းအရ ပျက်ပြယ်သွားပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သဘောထား ထုတ်ပြန်လိုက်သည်။

ယခုနောက်ဆုံး ထွက်ပေါ်လာသော အဖွဲ့ချုပ်၏ ကြေညာချက်သည် အငြင်းပွားဖွယ် ဖြစ်နေသော ဖွဲ့စည်းပုံ၏ တရားမဝင်မှုကို ပြည်တွင်း၊ ပြည်ပ သို့ ပထမဆုံး ချပြမှုဖြစ်ပြီး ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းများ၏ ပွဲဦးထွက် ဖြစ်သည်ဟု အဖွဲ့ချုပ်က မနေ့က ပြောဆိုသည်။

အဖွဲ့ချုပ်မှ ဖွဲ့စည်းပုံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်က “ကျနော်တို့ အထူး ကြေညာချက် ထုတ်တာက ပထမ လုပ်ငန်းစဉ် အနေနဲ့ စလိုက်တာပါ။ ပြည်တွင်းက ပြည်သူတွေကို တင်ပြသလို၊ မြန်မာပြည်ရဲ့ ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာ အင်အားစု အသီးသီးကို ဒီကြေညာချက် ထုတ်ပြန်ရင်းနဲ့ ကျနော်တို့ ပြည်တွင်း ဥပဒေအရပင် အခြေခံ ဥပဒေဟာ တရားမဝင်ဘူး၊ အဖွဲ့ချုပ်က လက်မခံနိုင်ဘူးဆိုတာ ဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို ခြေလှမ်းလှမ်းတာပါ” ဟု မဇ္ဈိမကို ပြောသည်။

စစ်အစိုးရက ဖွဲ့စည်းပုံကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် တရားဝင် အတည်ပြုအပြီး ၂ ပတ်နီးပါး အကြာတွင် ထုတ်ပြန်သော ပြည်တွင်း အဓိက အတိုက်အခံပါတီ၏ အထူးကြေညာချက်တွင် မေလ ၁ဝ ရက်နေ့နှင့် ၂၄ ရက်နေ့က ကျင်းပပြီးစီးသွားသော ဆန္ဒခံယူပွဲ၏ ရလဒ်သည် တရားမဝင်ဟု ဆိုသည်။

အဖွဲ့ချုပ် ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကျေး၊ စည်းရုံးရေး အဖွဲ့မှ ပေးပို့သော အစီရင်ခံစာနှင့် အထောက်အထားများအရ “ဆန္ဒခံယူပွဲ၏ ဥပဒေ ကျောရိုးဖြစ်သော လျှို့ဝှက် မဲပေးစနစ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းတို့ ရှိခဲ့သည်” ဟု အဖွဲ့ချုပ်က စွပ်စွဲထားသည်။

“အာဏာပိုင်တို့သည် မိမိတို့ ပြဋ္ဌာန်းထားသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေတို့ကို ဆန့်ကျင် ချိုးဖောက်ပြီး ထောက်ခံမဲ ရရှိရေးအတွက်သာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော ပြည်သူလူထုအပေါ် အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ အလွဲ ပြောဆိုခြင်း၊ မလျှော်သြဇာသုံးခြင်း နည်းလမ်းများကို လုပ်ဆောင်ခဲ့သည်။ ဆန္ဒခံယူပွဲ၏ ဥပဒေကျောရိုးဖြစ်သော လျှို့ဝှက် မဲပေးစနစ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းတို့ ရှိခဲ့သည်” ဟု ကြေညာချက်က ဆိုသည်။

အလားတူ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားသည့် ကိစ္စကို ဥပဒေကြောင်းအရ အယူခံခွင့်ပေးရန် စစ်အစိုးရကို အဖွဲ့ချုပ်က တောင်းဆိုထားသည်ဟု သိရသည်။

အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ ဥပဒေနဲ့ မညီဘူး။ မညီကြောင်းကို ကျနော်တို့ဘက်က ဥပဒေအရ ခိုင်ခိုင်လုံလုံ တင်ပြဖို့ အဆင့်သင့်ရှိတယ်။ နအဖ အနေနဲ့ ဥပဒေနဲ့ ညီတယ်ဆိုရင် ကျနော်တို့ကို အယူခံဖွင့်ပေးပါ။ ခိုင်ခိုင်လုံလုံ တင်ပြတာပါ” ဟု ပြောသည်။

ယခင်ကလည်း အယူခံဝင်ရန် ကြိုးပမ်းသော်လည်း စစ်အစိုးရဘက်က တုံ့ပြန်မှုမရှိသဖြင့် ယခုတကြိမ်တွင် ကြိုတင် ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခုလ ၁၉ ရက်နေ့တွင် အသက် ၆၃ နှစ် ပြည့်မည်ဖြစ်သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သော နှစ် ၁၉ နှစ်အတွင်း ၁၃ နီးပါး အချုပ်အနှောင် ခံနေရပြီး ပြီးခဲ့သည့်လ ၂၇ ရက်နေ့က နောက်ဆုံး နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်သွားသော်လည်း စစ်အစိုးရက ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ်သည်။

ဤအတောအတွင်း ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ပြီးကတည်းက မြန်မာပြည် နိုင်ငံရေးကိစ္စနှင့် နှုတ်ဆိတ်နေသော ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ အီးယူနိုင်ငံများ၏ ဝေဖန်မှုများ ပြန်လည် ထွက်ပေါ်လာသည်။

အမေရိကန် အစိုးရက နအဖ စစ်အစိုးရ ကျင်းပခဲ့သော ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သော အခြေအနေနှင့် ဝေးကွာနေသည် ဟူသော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး၏ အစီရင်ခံစာ နိဂုံးချုပ်ချက်ကို ထောက်ခံလိုက်သည်။

ပြီးခဲ့သည့်အပတ်က ထွက်ပေါ်လာသော မြန်မာပြည် လူ့အခွင့်အရေး စုံစမ်းရေးမှူးသစ် Tomás Ojea Quintana ၏ ပထမဆုံး အစီရင်ခံစာတွင် ဆန္ဒခံယူပွဲသည် “ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေ စိတ်မကောင်းစရာ ဝေဝါးနေသည်” ဟု ဖော်ပြထားသည်။

အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် (Sean McCormack) က “အမေရိကန် အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ အသွင် ကူးပေါင်းရေးအတွက် ဒီမိုကရေစီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေးကို စတင်ရန် စစ်အစိုးရကို တိုက်တွန်းပါတယ်” ဟုပြောသည်။

အီးယူအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသော (Piero Fassino) က “မြန်မာပြည်က နိုင်ငံရေး ပြဿနာကို မေ့ထားလို့ မရပါဘူး” ဟု ပြောသည်။

အမေရိကန်နှင့် အီးယူ နိုင်ငံများသည် မြန်မာပြည်တွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံကာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် မြန်မာပြည်ကို နှစ်အတန်ကြာ ကတည်းက စီးပွားရေး ပိတ်ဆို့ထားသော နိုင်ငံများ ဖြစ်သည်။
မဲမသမာမှုနှင့် ပတ်သက်၍ အဖွဲ့ချုပ်က ထောက်ပြသောအချက်များ

၁။ အာဏာပိုင်တို့ အနေဖြင့် ဗဟိုမှ အောက်ခြေအာဏာပိုင် အဖွဲ့ အသီးသီးနှင့် ၎င်းတို့အား ကျောထောက်နောက်ခံ ပြုထားသော အဖွဲ့အစည်း များအား စိတ်တိုင်းကျ ဗြောင် မဲဆွယ်ခွင့် ပေးထားပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များကို စာရွက်စာတမ်းများကို သိမ်းဆည်းခြင်း၊ ခေါ်ယူစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ဥပဒေအမှတ် ၅၊၉၆ နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေများဖြင့် ခြိမ်းခြောက်ခြင်း စသည့် ကန့်သတ် တားမြစ်မှုများ ရှိခဲ့သည်။

၂။ ကြိုတင် ဆန္ဒမဲများကို မဲရုံနယ်မြေအလိုက် ခွဲတမ်းဖြင့် ပေးထားပြီး ခွဲတမ်းအတိုင်း ထောက်ခံမဲများ ရရှိအောင် စီမံထားခြင်း။

၃။ ခရီးဝေး သွားရန်ရှိခြင်း၊ နာမကျန်း ဖြစ်ခြင်း၊ မသန်မစွမ်း ဖြစ်ခြင်း၊ သက်ကြီးရွယ်အို ဖြစ်ခြင်း မဟုတ်ပါဘဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်၍ ဝန်ထမ်းများ၊ အလုပ်သမားများ၊ အရပ်သူ အရပ်သူများနှင့် လေဘေး ဒုက္ခသည်များထံမှ ထောက်ခံများကို အတင်းအကျပ် ကြိုတင် ရယူထားခြင်း။

၎။ ကန့်ကွက်မဲ ထည့်သူများကို ထောင် ၃ နှစ်ချမည်။ ဒဏ်ငွေ တသိန်း ဆောင်ရမည်။ တရားစွဲဆိုခြင်း ခံရမည်။ လယ်ယာမြေ သိမ်းခံရမည်။ စီးပွားရေး လုပ်ငန်းများ ထိခိုက်မည်။ အလုပ်ပြုတ်မည်။ ကျောင်းထုတ်မည်။ ကန့်ကွက်မဲ ပေးခြင်းကို တနည်းနည်းဖြင့် သိအောင်လုပ်ခြင်း စသည့်ဖြင့် ခြိမ်းခြောက်ခြင်း။

၅။ မဲရုံရှေ့တွင် ယူနီဖောင်း ဝတ်ထားသော ရဲများ၊ အာဏာပိုင်များ ကျောထောက်နောက်ခံ ပြုထားသော အဖွဲ့များမှ ပုဂ္ဂိုလ်များ ရှိနေခြင်း။

၆။ ရဲများက ထောက်ခံမဲ ပေးသူများသာ မဲရုံတွင်နေရန်၊ ကန့်ကွက်မဲ ပေးသူများ မဲရုံမှ ပြန်ရန် အတင်းအဓမ္မ နှင်ထုတ်ခြင်း။

၇။ ကော်မရှင် အဖွဲ့ဝင်များက အမှန်ခြစ်ထားသော ထောက်ခံမဲများကိုသာ မဲဆန္ဒရှင်များက မဲပုံထဲသို့ ထည့်ပေးရခြင်း။

၈။ အိမ်ထောင်စု တခုတွင် တဦးတည်းသာ ကိုယ်စားပြုပြီး ထောက်ခံမဲ ခြစ်ပေး၍ ထည့်စေခြင်း။

၉။ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူကို လူဦးရေအလိုက် အုပ်စုဖွဲ့ပေးပြီး ထိုအုပ်စုတွင် အာဏာပိုင်တို့၏ ကိုယ်စားလှယ်က ခေါင်းဆောင်လုပ်၍ ကိုယ်စားပြုပြီး ထောက်ခံမဲများ ထည့်စေခြင်း။

၁ဝ။ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ စာရင်းကို ယူ၍ ကော်မရှင် အဖွဲ့ဝင်များက ကိုယ်စားပြုပြီး ထောက်ခံမဲများ ခြစ်ပြီးထည့်ခြင်း။

၁၁။ ကော်မရှင် အဖွဲ့ဝင်များ ကိုယ်တိုင် ထောက်ခံမဲကို အပို ထပ်ထည့်ခြင်း။

၁၂။ မဲရုံကို ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ သတ်မှတ်ချိန် ၄ နာရီမတိုင်ခင် စောစီးစွာ ပိတ်ခြင်း။

၁၃။ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲများကို ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် စောင့်ကြည့် လေ့လာခွင့် မရခြင်း။

၁၄။ ကန့်ကွက်မဲများကို မီးရှို့ပစ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း။

No comments: