Friday 13 June 2008

နိုင်ငံတော်သတင်းစာ၏ အဓိပ္ပါယ် သတ်မှတ်ချက်များ နှင့် ကလေးများ ကဗျာ

မှတ်သားဖွယ်နှင့် ရယ်ရွင်ဖွယ် အရာများကို မေးလ်မှ တဆင့် လက်ခံရရှိထားသောကြောင့် အများသူ ငါ၊ ကိုယ်စိတ်နှလုံး ပင်ပန်းနေချိန်မှာ စိတ်အစာကျွေးဖို့ရန် ပြန်လည် ဖေါ်ပြလိုက်ပါသည်။ (MRTV အဓိပ္ပါယ် သတ်မှတ်ချက်များကို ရေးသူမှာ မည်သူဖြစ်သည်ဟု မသိသဖြင့် မဖေါ်ပြနိုင်တာ ခွင့်လွှတ်ပါ။) ကဗျာများကို ရေးသူမှာ မင်းတစေ ဖြစ်ပါသည်။

MRTV

  • နိုင်ငံတကာသတင်းဆိုသည်မှ China Central Television (CCTV) ကိုဆိုလိုခြင်းဖြစ်သည်။
  • အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး ၊မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ" ဟုသုံးစွဲရသည်။
  • သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
  • နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကို ကိုဆိုလိုခြင်းဖြစ်သည်။
  • နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက်မှာကြား၍ပြန်လည်ထွက်ခွာ" သွားသူများသာဖြစ်ကြသည်။
  • ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။
  • မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ်နှစ်ဆယ်နီးပါး တည်ဆောက်သော်လည်း "လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
  • နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။
  • ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း များဆောက်လုပ်ရာတွင်နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံပေးနေရသည်။
  • စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံး အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
  • မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်" ဆိုသည့်ဖွင့်ဆိုချက်ကို လွှင့်ထုတ်ပေးနေရသည်။
  • နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်း သည် သတင်းထူးဖြစ်သည်။
  • ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရးပါပုံကို မသိကြချေ။ နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည် ဟူ၏။
  • အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"
  • အမြဲ မကြားရ သောစကားလုံးများ” စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း"
  • မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ ကောင်းရန်မလို။)

ဆရာကြီး မင်းသုဝဏ်၏ မောင်ခွေးဖို့ ကဗျာကို အားကျ၍ စပ်ဆိုထားသည်လား မသိသော ကလေး သံပေါက် ကဗျာများ

တစ်၊ နှစ် ကိုနာဂစ်၊
သုံး၊ လေး လွတ်အောင်ပြေး
ငါး၊ ခြောက် ရေထဲရောက်
ခုနှစ်၊ ရှစ် မသာဖြစ်
ကိုး၊ တစ်ဆယ် ဝဋ်ကျွတ်တယ်။
...........................................

ဘယ်ကလာသလဲ။
ဘယ်နယ်ကလဲ။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျား အလှူ
တပြား မရှုရ။
................................................

အစားအစာ ဝါးစားပါ။
အသား ပါသလား၊
ငါး ပါသလား၊
ဘီစကတ် ပါသလား၊
ဘာပဲ ပါပါ ထားခဲ့ပါ။
...............................................

ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်
အမိုး အကာမဲ့နေတဲ့
မနှင်းတို့ အိမ်။
.............................................

ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။
............................................

တနင်္ဂနွေ တနင်းလာ
ဗိုက်မှောက် မျှော်နေတာ
အင်္ဂါ၊ ဗုဒ္ဓဟူး
ရောက်လု တဦးဦး။
ကြာသာပတေး သောကြာ
တစ်ယောက်မှ ပေါ်မလာ။
စနေမှာ သေချာသွား
ဘယ်သူမှမလာအား။
..........................................

မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပုလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး . အာဏာရူး။
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာ အူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ . တွဲလဲ။
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း . မုန်တိုင်း။
......................................................

အလောင်းကလေးများ ဖွေးလို့စီ
မြစ်ညှာရိုး တလျှောက်ဆီ။
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူဆီဖောင်း။
.....................................................

ဘဘဝဝ ထလို့ က
ဘဘနိုင်ပြီဗျ
ကပါ ကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘ အကြံပိုင်ပါ့။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ပဲ။

ဘဘ ဝဝ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘ စေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘ သတ္တိခဲ
နိုင်ငံခြားငွေ မြင်သောအခါ
ဘဘ စိတ်ပြောင်းလာ
အားရ ပါးရ လာလှူကွဲ့
ဘဘ အိပ်ထဲထည့်။

ဘဘ ဝဝ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ

ဘဘကတော့ ဆက်လို့က
ဘဘ ဘယ်တော့မှ ကလို့ မဝ။

2 comments:

pandora said...

အောက်ကကဗျာလေးတွေကတော့ မင်းတစေရေးထားတာ။
http://a-paw-sar-myar.blogspot.com/2008/06/blog-post.html

မေငြိမ်း said...

ဟုတ်တယ်.. အမလည်း အဲဒါပဲ ပြောမလို့.။ email က လာကတည်းက ရေးသူနာမည်မတပ်တာကို သဘောမကျပါ..။ ဖြည့်ပေးပါဦး ကိုထိုက်ရေ..။