Wednesday 18 June 2008

မြစ်ဝကျွန်းပေါ်ရှိ လေဘေးသင့်ဒေသများ၏ ဖြစ်ရပ်မှန် နောက်ဆုံးသတင်း

ကျန်းမာရေးအခြေအနေ

မြောင်းမြတွင် ရေကျောက်ရောဂါများ ပြန့်ပွားနေကြောင်းနှင့် မအူပင်၊ ၀ါးခယ်မ ဒေသများတွင် ၀မ်းပျက် ၀မ်းလျှောရောဂါ ပိုမိုဆိုးရွားစွာပြန့်ပွားနေပြီး နိုင်ငံတော်မှ ထိရောက်သော ဆေးကုသမှုကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်း သိရပါသည်။

မြောင်းမြ၊ ၀ါးခယ်မ၊ မအူပင်ဒေသများသည် လေဘေးဒဏ်ခံခဲ့ရသော်လည်း အစိုးရမှ အရေးပေါ် အကူအညီပေးရမည့် မြို့နယ်များ စာရင်း၌ ထည့်သွင်းပေးခဲ့ခြင်းမရှိခြင်းကြောင့် ဆေးဝါးအကူအညီနှင့် ထောက်ပံ့မှုများ မရရှိခဲ့ကြောင်း သိရပါသည်။

(၁၅ရက်၊ ၆လ၊ ၂၀၀၈ခုနှစ်) နံနက်ပိုင်းမှ စ၍ ငပုတော၊ လပွတ္တာ ဆေးရုံသို့၊ ပါတ်ဝန်းကျင်ကျေးရွာများမှ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက် ၀မ်းလျှောရောဂါသည်များ တဖွဲဖွဲရောက်ရှိလျှက်ရှိသဖြင့် တာဝန်ရှိ ဆေးဝန်ထမ်းများ အနေဖြင့် ကူးဆက်ရောဂါသည်များ ယခုထက်ပိုမိုဆိုးရွားစွာ ပြည့်နှက်လာမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရပါသည်။

ဆေးဝန်ထမ်းများကိုယ်တိုင်လည်း ရိက္ခာ၊ ငွေကြေး၊ ဆေးဝါး လုံလောက်မှု မရှိသဖြင့် ထိရောက်သော ၀န်ဆောင်မှု မပေးနိုင်သည့်အတွက် စိတ်ဓာတ်များ ကျဆင်းလျှက်ရှိကြောင်း သိရပါသည်။ ထို့ထက် ပိုမိုဆိုးရွားသည့်အဖြစ်မှာ ရောဂါဆိုးရွားနေသော ကျေးရွာများသို့ သွားရောက်ရန် စက်လှေနှင့် လောင်စာဆီမရှိကြောင်း သိရှိရပါသည်။

လေဘေးဒုက္ခသည်များအနက် အချို့သည် စိတ်ပိုင်းဆိုင်ရာ ရောဂါများ ရရှိခံစားနေရပါသည်။ ပုံမှန်လုပ်ငန်းများ ပြုလုပ်ရန် အခက်အခဲများရှိနေကြောင်းနှင့် ဆေးဝါးကုသခံယူနိုင်ရေးတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

စီမံခန့်ခွဲရေး အခြေအနေ

စစ်ရေးချုပ် ဗိုလ်ချုပ်သူရမြင့်အောင်နှင့် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ဆွေတို့အဖွဲ့သည် လေဘေးသင့်ဒေသ များသို့ လာရောက်စစ်ဆေးစဉ်အတွင်း စစ်ရေးချုပ်မှ ၎င်းင်း၏ ဗိုက်ကို ပုတ်ပြ၍ “ဒီဒုက္ခသည်တွေ ဗိုက်ကားအောင် စားသောက်ဇိမ်ခံနေတာ လုံလောက်နေပြီ သူတို့ကို နေရပ်ပြန်ပို့ရန် စီစဉ်ကြ” ဟု သက်ဆိုင်ရာတာဝန်ရှိသူများကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ကြားသိရပါသည်။

လေဘေးသင့်ဒေသများတွင် တာဝန်ထမ်းဆောင်နေရသော အစိုးရ၀န်ထမ်းများအားလုံးသည် ရိက္ခာ၊ ငွေကြေး၊ လောင်စာဆီ အခက်အခဲများ ကြုံတွေ့နေရသဖြင့် အထက်ပါ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးရှိနေကြောင်းကိုလည်း ကြားသိရပါသည်။ အဖြစ်မှန်များကို တင်ပြပါကလည်း ခရိုင်နှင့် တိုင်းအဆင့် အရာရှိများကို ]ဖြစ်အောင်လုပ်} ဟု ပြောကြားကာ လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ အောက်ခြေ၀န်ထမ်းအားလုံး စိတ်ဓာတ်ကျဆင်းလာကာ လုပ်ငန်းခွင်မှ စွန့်ခွာရန် စဉ်းစားနေကြကြောင်း ကြားသိရပါသည်။

တိုင်းမှူး၏ ပျော်ပွဲရွှင်ပွဲ

(၁၄ရက်၊ ၆လ၊ ၂၀၀၈ခုနှစ်) နံနက် ၈နာရီတွင် ပုသိမ် ဂေါက်ကွင်း၌ တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ဆွေ ဦးဆောင်၍ တပ်မတော် အရာရှိကြီးများ၊ အရပ်ဖက် အစိုးရအရာရှိကြီးများနှင့် ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဂေါက်သီးရိုက်ပြိုင်ပွဲကြီးတစ်ခု ကျင်းပခဲ့ကြောင်း ကိုယ်တိုင်ဝင်ရောက် ဆင်နွှဲခဲ့သော လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားခဲ့ပါသည်။

မိုးထဲ လေထဲမှာ ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီးနောက် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများသာ ခန်းမဆောင်အတွင်း၌ အရက်သေစာ သောက်စားပြီး ပျော်ပါးနေစဉ် ကျန်အရပ်သားအားလုံးမှာ ၎င်းင်းတို့နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံများတွင် ထိုင်၍ ၎င်းင်းတို့ပျော်ပါးနေပုံကို ကြည့်ရှုစေခဲ့ကြောင်း ကြားသိရပါသည်။
ပြည်သူများ လေဘေးဒုက္ခနှင့် ကြုံတွေ့နေရသည့် အချိန်တွင် တိုင်းမှူးဖြစ်သူ၏ ပျော်ပွဲရွှင်ပွဲ ဂေါက်ရိုက်ပြိုင်ပွဲကို ကြားသိရသူအားလုံးမှာ အော့နှလုံးနာလျှက်ရှိကြောင်း သိရှိရပါသည်။

စီးပွားရေး အခြေအနေ

ဧရာဝတီတိုင်းရှိ မြို့နယ်များအတွင်း၌ ဆန်စပါး ရောင်းဝယ်မှုအား အစိုးရမှ ကန့်သတ် လိုက်ပြီဖြစ်ကြောင်း သိရပါသည်။ ယခင်ကကဲ့သို့ ကြိုက်ရောင်း ကြိုက်ဝယ်လုပ်ပိုင်ခွင့်မရှိတော့ဘဲ အစိုးရထံသို့သာ ]ဆန်တတင်းလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးရမည်} ဟု အမိန့်ထုတ် ခဲ့ကြောင်း သိရှိရပါသည်။

ငပုတောမြို့နယ်အခြေအနေ

(၁၅ရက်၊ ၆လ၊ ၂၀၀၈ခုနှစ်) ငပုတောမြို့နယ်၊ ဒီဒူးကုန်းအုပ်စု အုတ်တွင်းရွာမှာ ပြန်လည် ၀င်ရောက်နေထိုင်ကြသော ကျေးရွာသားများအား ပြန်လည်ဆောက်လုပ်ခဲ့သောအိမ်များကို ဖျက်၍ နောက်တနေရာသို့ ထပ်မံပြောင်းရွှေ့ရန် မိုးရေထဲတွင် စောင့်ဆိုင်းစေခဲ့ကြောင်း သိရှိရပါသည်။

ငပုတောမြို့နယ် ဘုန်းတော်ပြည့်ရွာမှ သက်ကယ်တောင်မြစ်သွားရာလမ်းရှိ ချောင်းတစ်ခုတွင် အလောင်း (၁၀)လောင်းခန့် လက်များပြတ်လျှက် တွေ့ရှိရကြောင်းလည်း ကြားသိရပါသည်။

သူရဲကောင်း

No comments: