Monday 27 October 2008

အင်းစိန်ထောင်၊ မောင်ဝိတ်၊ နိုင်ငံရေး အကျဉ်းသားများနှင့် နအဖ အကျင့်ပျက်ဝန်ထမ်းများ

မြန်မာနိုင်ငံမှာ ရာဇဝတ်မှု ကျူးလွန်ပြီး ထောင်ကျလာသော ချမ်းသာသည့် လူတန်းစားများက ထောင်ထဲတွင် ငွေအင်အား သုံးပြီး အထူး အခွင့်အရေး ယူကြသည်မှာ အားလုံး အသိပင်ဖြစ်သည်။ ယခု အခါ တချိန်က မြန်မာနိုင်ငံမှာ အချမ်းသာဆုံး စားရင်ဝင် ဖြစ်ခဲ့သော မောင်ဝိတ်နှင့် သူ၏ တပည့်တပန်းများ ပျော်ပျော်ပါးပါး ထောင်ကျသည့် အခါတွင် အဆိုပါ လူတစ်စု၏ ငွေအားနှင့် နအဖ၏ အကျင့်ပျတ်ဝန်ထမ်းများ ပေါင်းကာ ဒုက္ခပေးခြင်းခံရသူများကတော့ နိုင်ငံရေး အကျဉ်းသားများပင် ဖြစ်နေတော့သည်။

နအဖ၏ မူဝါဒ အရလည်း လူသတ်၊ မုဒိန်းကောင် ဖြစ်နေပါစေ (ကိုယ်တိုင် နအဖ အဖွဲ့ဝင်များသည်လည်း လူသတ်၊ ဒမြ၊ မုဒိန်းကောင်များသာ ဖြစ်သည်။) ထိုသူများအတွက် အပြစ်ဒဏ်သည် အရေးမကြီး၊ ယုံကြည်ချက်နှင့် တိုင်းပြည်အတွက် အနစ်နာခံလုပ်ဆောင်နေသော နိုင်ငံအတွက် ကောင်းမွန်ရာလုပ်ဆောင်နေကြသော လူများအတွက်တော့ ရှိသမျှ အမြင့်ဆုံးဒဏ် ခံရမည်ဟူသော မူဝါဒလည်း ရှိနေသောကြောင့် ထောင်တွင်း မတော်မတရား ဒုက္ခခံစားရသော လူတန်းစားများကတော့ နိုင်ငံရေး အကျဉ်းသားများသာဖြစ်နေပါသည်။

အခု လက်ရှိ အချိန်တွင်ပင် မောင်ဝိတ်နှင့် သူ၏ တပည့်တပန်းများက ငွေနှင့်အခွင့်အလမ်းများကို ဝယ်ယူပြီး အခြားသူများအပေါ် အနိုင်ကျင့်လျက်ရှိရာ နိုင်ငံရေး အကျဉ်းသားများ၏ လက်ရှိ အခြေအနေမှာ အကျဉ်းထောင်လက်ဆွဲ စာအုပ်ပါ စည်းမျဉ်း စည်းကမ်းနှင့် မညီမျှသော မတရားမှုများကို နိုင်ငံရေး အကျဉ်းသားများ ခံစားနေကြရသည်။ (ဤနေရာတွင် အဆိုပါ လူများသည် ကနဦး အစကတည်းက မတရား ထောင်သွင်း အကျဉ်းချထားခံနေရသည်ကိုပါ ထည့်သွင်း စဉ်းစားပါက ပို၍ မတရား ခံနေရမှုများကို ပေါ်လွင်စေပါသည်။)

နောက်ဆုံးရ သတင်း တစ်ခုအရ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သော အရှင်ဆန္ဒမာဂ၊ ကိုဝေလွင်မျိုး နှင့် ကိုကျော်ဇင်မျိုး တို့ (၃) ဦးသည် နိုင်ငံရေး အကျဉ်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများ အပြင် ထိုရာဇဝတ်သားများနှင့် နိုင်ငံရေး အကျဉ်းသားများ ခွဲထားရေးအတွက် တောင်းဆိုမှုများကြောင့် မနေ့ညမှစ၍ စစ်ခွေးတိုက်သို့ မတရား ပြောင်းရွေ့ အပြစ်ဒဏ်ပေးခြင်း ခံနေရသည်ဟု သိရပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

No comments: