Thursday 30 July 2009

ယုံကြည်ချက် တိုက်ပွဲ

ဒေါ်အောင်ဆန်းစုကြည်ကို လက်နက်ကိုင် အကြမ်းဖက်သမားများက တရားစွဲဆိုထားခြင်းအရ (မ)တရားရုံးမှ မနက်ဖြန်(၃၁ ဇူလိုင် ၂၀၀၉) တွင် အမိန့်ချမည် ဖြစ်သည်။ နဂိုကတည်းက ဖမ်းချင်၍ အကြောင်းမျိုးစုံ ပြပြီး ကလိန်ဥာဏ်ဆင်ကာ ဖမ်းဆီးခြင်းဖြစ်သောကြောင့် .... နည်းမျိုးစုံဖြင့် ညစ်ပတ်ကာ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုနှင့် ထိတွေ့ခွင့်မရအောင် ကြံစည် အမိန့်ချမည်သာဖြစ်သည်။

ကျွန်တော်တို့ မြန်မာပြည်သူများအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်သမား(နအဖ) စစ်အုပ်စုအား ဒီနေရာမှာ ပြောချင်တာ တစ်ခုကတော့ ...

ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး ထောင်ချမိန့်ချခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြန်မာပြည်တွင် ဖေါ်ဆောင်သည့် လုပ်ဆောင်မှုများ ရပ်တန့်သွားကြမည်၊ ငါတို့ အနိုင်ရသွားကြမည်ဟု နအဖ စစ်ဝါဒီ အကြမ်းဖက်သမားများက ထင်နေလျှင်အမှားကြီး မှားလိမ့်မည် ဖြစ်သည်။

ယခု လှုပ်ရှားမှုများသည် ဓမ္မနှင့် အဓမ္မ၊ အမှန်နှင့် အမှား၊ သူတော်ကောင်း တရားနှင့် သူယုတ်တရားတို့ အားပြိုင်ပွဲသာ ဖြစ်သဖြင့် ... ပြည်သူချစ်သော ပြည်သူ့ခေါင်းဆောင်ကို ခင်ဗျားတို့ နအဖ စစ်ဝါဒီ အကြမ်းဖက်သမားများက ဖမ်းဆီးထောင်ချမိန့် ချရုံဖြင့် ခင်ဗျားတို့ အနိုင်ရလိမ့်မည် မဟုတ်။

နိုင်ငံအတွင်း တရားဓမ္မများ ဖုံးလွှမ်းပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတရား ထွန်းကားစေရန် စစ်ဝါဒီများအား တောထုတ်သည့် လုပ်ငန်းများအား တိုင်းပြည်ချစ်သည် ပြည်သူလူထုက ဆက်လက် လုပ်ကိုင်သွားမည်သာ ဖြစ်သည်ဟု အသိပေးလိုက်ပါသည်။

ကိုထိုက်

No comments: