Monday 29 October 2007

စစ်တပ်ထဲမှာ

ကလိုစေးထူးရေးတဲ့ ဆောင်းပါးလေးကို မဇ္ဈိမထဲမှာတွေ့လို့ ဆောင်းပါးက ကောင်းတာနဲ့ ခွင့်မတောင်းပဲ ဒီမှာ ပြန်ဖေါ်ပြလိုက်ပါတယ်။ (တပြိုင်ထဲမှာပဲ၊ မဇ္ဈိမနဲ့ ကိုကလိုစေးထူးကို ဒီကနေ ခွင့်တောင်းလိုက်ပါတယ်။ .... ဆောရီးနော်။)

ကိုထိုက်
.......................................................................................

မြန်မာပြည်မှာ ယနေ့ ဖြစ်နေတဲ့ အခြေအနေကို ကောင်းမွန်တဲ့ အနေအထား တရပ်ဆီ ရောက်လာအောင် ဘက်ပေါင်းစုံက စဉ်းစားကြပါတယ်။ အဲဒီအထဲမှာကမှ စဉ်းစားမိကြတာ တခုကတော့ `စစ်တပ်ကို ပြည်သူ့ ဘက်တော်သား ဖြစ်လာအောင် ကြိုးစားကြတဲ့နည်း´ ပါပဲ။ စစ်တပ်သာ လူထုဘက် ပါလာရင် အာဏာရှင်ဟာ ဘယ်နည်းနဲ့မှ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့ ယုံကြည် ကြပါတယ်။

စစ်တပ်ကို ပြည်သူဘက် ပါလာအောင် ကြိုးစားတာကို `စိတ်ကူးယဉ်တယ်´ လို့ တချို့က သတ်မှတ်ကောင်း သတ်မှတ်နိုင်ပေမယ့် အဲဒါဟာ သိမ်မွေ့စွာ ကြိုးစားလို့ ရနိုင်တဲ့ အရာတခု ဆိုတာကို ကျနော် ယုံကြည်ပါတယ်။

လူတဖက်သားကို ကိုယ့်ဘက် ပါလာအောင် စည်းရုံး ဆွဲဆောင်တဲ့ နေရာမှာ သူ့စိတ်ထဲမှာ ဘာတွေ ရှိနိုင်မလဲ၊ သူ လက်ရှိ ခံစားနေရတာက ဘာတွေ ဖြစ်နိုင်မလဲ၊ သူ ဖြတ်သန်းခဲ့တာက ဘာတွေ ဖြစ်မလဲ ဆိုတာကို တတ်နိုင်သလောက် အရင် လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။

လူမြင်ကွင်းမှာတောင် မရှောင်၊ ရက်ရက်စက်စက် ပက်ပက်စက်စက် ရိုက်နှက်ချင်စိတ်တွေ ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအား ပေးနေခဲ့သလဲ…၊ သာမန်အားဖြင့် ဖမ်းဆီး ချုပ်နှောင်ထားရုံနဲ့ လုံလောက်နေတဲ့ ကိစ္စကို အဲဒီလို အငြိုးတကြီးပုံစံနဲ့ ကန်ကျောက် ရိုက်နှက်ရလောက်အောင် သူတို့ရဲ့ စိတ်တွေ ခက်ထန် ကြမ်းတမ်းနေရခြင်းရဲ့ အရင်းခံက ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာကို ကျနော် ဆန်းစစ် ကြည့်ချင်ပါတယ်။

အဲဒီလိုနဲ့ `စစ်တပ်ထဲမှာ…´ ဆိုတဲ့ စစ်တပ်ထဲက အဆင့် အမျိုးမျိုးနဲ့ ရပ်တည် ရှင်သန်ရတဲ့ စစ်သားတွေရဲ့ ဘဝတွေ အကြောင်းကို ကျနော် တွေ့မြင်ခဲ့ရတာ၊ ကျနော် လေ့လာ သိရှိခဲ့ရတာတွေနဲ့ ကျနော့်မိတ်ဆွေ စစ်သည်တော်များရဲ့ ရင်ဖွင့်ချက်တွေအပေါ် အခြေခံပြီးတော့ တင်ဆက် ဖော်ပြသွားပါမယ်။

စစ်တပ်ထဲမှာ…
(အခြားအဆင့်)

မြန်မာစစ်တပ်ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ ခြေလျင်/ခြေမြန် တပ်ရင်း တခုရဲ့ အင်အားဟာ ၈၁၆ ဦး ရှိရပါတယ်။ သန္ဓေစစ်သည် ၇၈၆ ဦး၊ တွဲဖက် စစ်သည် ၃၀ ဦး လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ရှိတဲ့ ဘယ်စစ်တပ်ထဲမှာမှ သတ်မှတ် ဖွဲ့စည်းပုံ အတိုင်း ပြည့်မီတဲ့ အင်အား မရှိကြပါဘူး။ စစ်စည်းကမ်း အင်မတန် ကောင်းမွန်ပါတယ်လို့ သတ်မှတ်ခံထားရတဲ့ တပ်ရင်းမှာတောင်မှ အလွန်ဆုံး ရှိတဲ့ အင်အားဟာ ၄၀၀ ၀န်းကျင်မျှသာ ဖြစ်ပါတယ်။

တပ်ရင်းတွေ အဲဒီလို အင်အား မရှိရတဲ့ အချက် နှစ်ချက် ရှိပါတယ်။ တချက်ကတော့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများက တပ်ရင်း အသစ်တွေကို မြန်မာပြည် တနံတလျား ဖွင့်လှစ်လွန်းမှုကြောင့် နဂို ရှိနှင့်ပြီးသား တပ်ရင်း အဟောင်းတွေထဲက စစ်သည်တွေကို ခွဲဝေထုတ်နှုတ် နေရာချ ပေးရတာကြောင့်ပါ။ နောက်တချက်ကတော့ ပြုန်းတီး အင်အားတွေကြောင့် ဖြစ်ပါတယ်။ စစ်ပြေး၊ သေဆုံး၊ ကျဆုံး၊ ပျောက်ဆုံး ဆိုတဲ့ ပြုန်းတီး အင်အားလေးမျိုး အနက် အဓိက အများဆုံးကတော့ စစ်ပြေး အင်အားပါပဲ။

အင်အား မရှိတော့ အင်အား ရှိလာအောင် နည်းအမျိုးမျိုး သုံးကြရပါတယ်။ သာမန်အားဖြင့် စစ်တပ်ထဲ ဝင်ဖို့ ဆွယ်ယူခြင်း၊ ဗဟုသုတ နည်းပါးပြီး ဝေးလံခေါင်သီတဲ့ ရွာငယ်တွေမှာ အတင်းအဓမ္မ လူစု ကောက်ခံခြင်း၊ ထင်ရှားတဲ့ မြို့ကြီးတွေက ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ စစ်သား စုဆောင်းရေး တာဝန်ကျတွေက အသက်မပြည့်သေးသူ ကလေး သူငယ်များ၊ အိမ်ပြေး လူငယ်များနဲ့ အခြေအနေမဲ့များကို ဆွဲဆောင် စုဆောင်းခြင်း၊ အခြားနည်းတွေနဲ့ စုဆောင်းခြင်းတို့နဲ့ အင်အားတိုးအောင် စုဆောင်း ကြပါတယ်။

လူထုက စစ်တပ်ကို `ချဉ်´ နေတဲ့ ဒီခေတ်မှာ သာမန်အားဖြင့် ကိုယ့်သဘောနဲ့ကိုယ် စစ်တပ်ထဲကို ဝင်လာတဲ့ အခြားအဆင့် စစ်သားက အင်မတန် နည်းလွန်းလှတာကြောင့် ကျနော်အထက်က ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ စစ်သား စုဆောင်းရေး လုပ်ကြတာကြောင့် စစ်တပ်ထဲကို စရိုက်ပေါင်း သောင်းခြောက်ထောင်နဲ့ လူပေါင်းစုံ ရောက်သွားကြပါတော့တယ်။ အဲဒီ အထဲမှာ တခါတရံမှာ ဝရမ်းပြေး ရာဇဝတ် လူဆိုးတွေတောင် ပါသွားတတ်ပါသေးတယ်။

ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာပဲ ဖြစ်ဖြစ်၊ အတင်းအဓမ္မ ဆွဲသွင်းလို့ ရောက်လာတာပဲ ဖြစ်ဖြစ် အခြားအဆင့် စစ်သားလောင်းတွေကို ပုံစံပေးဖို့ အရင်ဆုံး စောင့်နေတာကတော့ `စစ်သား စုဆောင်းရေးတပ်´ ပါပဲ။ အဲဒီ တပ်ဝင်းထဲကို ရောက်သွားပြီ ဆိုတာနဲ့ သူတို့ အရင်ဆုံး လုပ်တာကတော့ ဆံပင် ညှပ်ပစ်တာပါ။ ဆံပင် ညှပ်တယ် ဆိုရာမှာ ရုပ်ရှင်ထဲက မင်းသားတွေလို ကြည့်ကောင်းရုံ ညှပ်တာ မဟုတ်ပါဘူး။ မညီမညာ၊ မသပ်မရပ် ရှေ့တလက်မ နောက်ပြောင် ဆံပင်ပုံစံ ညှပ်ပစ်တာပါ။ `စစ်သားဆံပင်ပုံ ညှပ်တာ´ လို့ ပြောကြပေမယ့် အဓိက ရည်ရွယ်ချက်ကတော့ စိတ်ပြောင်းပြီး ပြန်ထွက်ပြေးတဲ့ လူတွေကို အဲဒီ ဆံပင် ပုံစံကြောင့် အလွယ်တကူ ပြန်လည် ဖမ်းမိစေဖို့ ရည်ရွယ်လိုရင်းလဲ ပါပါတယ်။

အပြင်မှာ အရပ်သားဘဝ၊ ကျောင်းသားဘဝနဲ့ နေသားကျလာတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို အဓိက ပြောင်းလဲပစ်ဖို့ အစပျိုးလိုက်တဲ့ အရာကတော့ စစ်သားတွေရဲ့ အဆဲအဆိုနဲ့ ကြမ်းတမ်းလှတဲ့ စရိုက်ပါပဲ။ အပြင်လောကမှာ ဆိုရင် ဘာမဟုတ်တဲ့ အပြစ်လို့ ယူဆကြတဲ့ အပြစ် သေးသေးလေးအတွက် မိဘက အမြတ်တနိုးထား၊ ချစ်သူက အမြတ်တနိုးထားတဲ့ ပါးကို `ဖြောင်း´ ခနဲနေအောင် အရိုက်ခံရ၊ မအေတွေ နှမတွေ ရစရာမရှိအောင် အသားလွတ် အဆဲခံလိုခံရ စတဲ့ အတွေ့အကြုံတွေက အရပ်သားတွေ အတွက် အံ့အားသင့်တကြီး ဖြစ်သွားစေတဲ့ အပြင် စိတ်ကိုပါ ချက်ချင်း သိမ်ငယ် သွားစေလိုက်ပါတယ်။

အဲဒီလို အသားလွတ် အဆဲအဆို၊ အရိုက်အနှက် ခံရတာခြင်း အတူတူထဲကမှ တချို့ အတန်းပညာ အတန်အသင့် ရှိသူနဲ့ တာဝန်ခံတွေက မျက်စိကျသူ တချို့က စစ်သားလောင်း အချင်းချင်း ပြန်ကွပ်ကဲရတဲ့ Leader တာဝန် အပေးခံရတာတွေ ရှိပါတယ်။ အရိုက်ခံ၊ အဆဲခံနေရတဲ့ အခြေအနေကနေ ကိုယ်က ရိုက်ရ၊ ဆဲရတဲ့ အခြေအနေကို ရောက်သွားပြီ ဆိုရင်ပဲ အဲဒီ အရသာကို အဲဒီ ပုဂ္ဂိုလ်တွေက ခံစားတတ် သွားပါတယ်။ အရသာ တွေ့သွားပါတယ်။ ကိုယ့်ကို ကြောက်လို့ တုန်ယင်နေတဲ့ လူတယောက်ကို ပိုကြောက်လာအောင် သဟောက်သဟမ်း လုပ်ရင်းနဲ့ အကြမ်းဖက် စိတ်တွေက အဲဒီ လူတွေရဲ့ စိတ်ထဲမှာ အစပျိုးမှန်းမသိ အစပျိုးခဲ့ပါတော့တယ်။

အဲဒီလိုနဲ့ အဲဒီလူတွေ တပ်သားသစ် သင်တန်းကို ရောက်သွားပြီ ဆိုရင်ပဲ… `သင်တန်း ဖွင့်ပွဲမှာ လေ့ကျင့်ရေး တပ်မှူးက မိန့်ခွန်း ပြောတယ်။ မင်းတို့ အောက်မှာ မြေကြီးပဲ ရှိတော့တယ် ဆိုတာ မှတ်ထားကြတဲ့။ စစ်ထဲကို ဘယ်လိုပုံစံနဲ့ပဲ ရောက်လာ ရောက်လာ မင်းတို့ လက်ရှိ ရောက်နေတဲ့ ဘဝကို အကောင်းဆုံးလို့ မှတ်ယူပြီးတော့ သင်တန်းကို ပြီးဆုံးအောင် တက်ကြတဲ့´

စစ်သားတယောက်ရဲ့ အဆွယ်ကောင်းမှုကြောင့် အသက်မပြည့်ခင် စစ်ထဲဝင်သွားလို့ ပင်လောင်းမြို့က
အမှတ်(၄) လေ့ကျင့်ရေးတပ် အထိ ငွေအား၊ လူအားနဲ့ မရမက ပြန်ထုတ်ယူခဲ့ရတဲ့ ကျနော့် ညီက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ဟိုးအရင်ကတော့ တပ်သားသစ် သင်တန်းကာလကို ရက်သတ္တပတ် (၂၄) ပတ် သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ (၁၆) ပတ်သာ သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီ (၁၆) ပတ် အတွင်းမှာ တပ်သားသစ်တွေဟာ စစ်သင်တန်းက နည်းနည်း အလုပ်ကြမ်းက များများ လုပ်ကြရပါတယ်။ အဆိုးဆုံးကတော့ သူတို့ကို `သင်တန်းသားတွေ´ ဆိုပြီး အလွန်နှိမ်တာနဲ့ ညနေတိုင်းနဲ့ စနေနေ့တိုင်းမှာ ခေတ်သစ် ကျွန်များသဖွယ် ဘယ်ဌာနအတွက် ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဗိုလ်ကြီးအိမ်မှာ ကူလုပ်ဖို့ ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဆရာကြီး အိမ်အတွက် ခွဲတမ်း ဘယ်နှစ်ယောက် စသဖြင့် ခွဲတမ်းချ ခိုင်းစေခြင်း ခံရတာပါ။ တခါတရံမှာဆိုရင် တချို့ တပ်သားသစ်တွေကို သင်တန်းချိန် ဖျက်ပြီးတော့တောင် ဝါးခုတ်၊ ထရံယက် အစရှိတာတွေ ခိုင်းစေပြီးတော့ စီးပွားဖြစ် ပြန်လည် ရောင်းချတယ်လို့ သိရပါတယ်။

အဲဒီလိုမျိုး အရာရာတိုင်းမှာ အောက်ကျနောက်ကျ ခံရ၊ အနှိမ်ခံရတာ ကြာလာတော့ တပ်သားသစ်တွေရဲ့ စိတ်ထဲမှာ တခုခုကို ပေါက်ကွဲပစ်ချင်တဲ့ အငုပ်စိတ်က စပြီး အခြေ တည်လာပါတော့တယ်။ သာဓကအားဖြင့် ပြောရရင် တပ်သားသစ် အချင်းချင်း အုပ်ချုပ်ရ လွယ်ကူအောင် ခန့်အပ်ထားတဲ့ တပ်သားသစ် တပ်စုမှူး၊ တပ်ခွဲမှူး တွေဟာ သင်တန်းနည်းပြ စစ်သားတွေထက်တောင် အရိုက်အနှက်မှာ ပိုလက်သံပြောင်တယ်လို့ သိရပါတယ်။ ထောင်ဝါဒါ၊ ထောင်တန်းစီးတွေရဲ့ စိတ်ထားနဲ့ ခပ်ဆင်ဆင် တူမလားပါပဲ။

လေ့ကျင့်ရေးကျောင်းတွေရဲ့ အင်မတန်မှ မှားယွင်းတဲ့ လုပ်ဆောင်ချက်တခုကို တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ တပ်သားသစ်တွေထဲက စစ်တပ်ထဲကို နောက်တကြိမ် ထပ်မံ ဝင်လာသူ စစ်ပြေးများကို နေရာ ပေးတာပါပဲ။ စစ်တပ်ထဲက ထွက်ပြေးလိုက်၊ စစ်တပ်ထဲကိုပဲ ပြန်ဝင်လိုက် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို စစ်စည်းကမ်းအရ အရေးယူရမယ့်အစား အင်အား လိုအပ်ချက်ကိုပဲ ကြည့်ပြီးတော့ ပြန်လည် လက်ခံသေးတဲ့အပြင် အဲဒီလူတွေကို အဆောင်မှူး၊ တပ်စုမှူး အဖြစ်ပါ နေရာပေး တာဝန် ခန့်အပ်လိုက်တာဟာ စစ်သားတွေရဲ့ စိတ်ကို ပိုမိုခက်ထန် လာစေတဲ့ အစပျိုးချက် တချက်ပါပဲ။ နေရာရခိုက်မှာ ကိုယ့်အောက်က လူကို များများ နှိပ်ကွပ်လေလေ ကိုယ်က ပိုသက်သာလေလေဆိုတဲ့ မကောင်းတဲ့ အခြေခံစိတ်က အဲဒီက စပါတယ်။

အဲဒီလိုနဲ့ပဲ စစ်သင်တန်းက နည်းနည်း၊ ဖက်ထိပ်က များများ (ဖက်ထိပ်ဆိုတာဟာ စစ်တပ်ထဲမှာ အင်မတန် လူသိများတဲ့ အခေါ်အဝေါ်တခုပါ။ ပြင်သစ် ဘာသာစကားက ဆင်းသက်လာပြီးတော့ Fatigue `ပင်ပန်းဆင်းရဲစွာ လုပ်ရတဲ့ အလုပ်´ လို့ အဓိပ္ပာယ် ရပါတယ်) နဲ့ ရက်သတ္တပတ် ၁၆ ပတ်တာ စစ်သင်တန်း ပြီးသွားတော့ တပ်သားသစ်ကနေ တပ်သားအဖြစ်နဲ့ တာဝန်ကျရာ တပ်ရင်း အသီးသီးကို ရောက်သွားကြတယ် ဆိုပါတော့…။

***

ဘလော့ဂ်တခုမှာ ရေးထားတာကို တွေ့လိုက်ပါတယ်။ `တပ်မတော် ပျက်ကြောင်း ကြည်းသုံးသောင်း´ တဲ့။ ကျနော် လေ့လာထားဖူး သလောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ အတန်ငယ် လိုနေပါတယ်။ ဒါပေမယ့် အဲဒီ စကားရဲ့ အခြေခံက စစ်တပ်ထဲကို နောက်ကျမှ ဝင်လာတဲ့ လူတွေကို နှိမ်တဲ့ သဘောပါ။ စကားအမှန်က `တပ်မတော် ပျက်ကြောင်း တဝမ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ပါ။ အဲဒီလို ခေါ်ရခြင်းက ဒီလိုပါ။

ဟိုးအရင်က အခြားအဆင့်တွေအတွက် ကိုယ်ပိုင်အမှတ်က ဂဏန်း ခြောက်လုံးအထိ ရှိပါတယ်။ ဥပမာ တပ်သား မောင်ဖြူ၊ ကိုယ်ပိုင် အမှတ် ၄၅၆ ၇၈၉ …။

အဲဒီလိုနဲ့ ကိုယ်ပိုင် အမှတ်တွေက တဖြည်းဖြည်းနဲ့ ရှေ့ကို ရောက်လာတော့ ကိုယ်ပိုင်အမှတ် ၉၉၉ ၉၉၉ နောက်ပိုင်းမှာ ဂဏန်း ခုနှစ်လုံးအထိ သတ်မှတ်ရဖို့ ဖြစ်လာပါတယ်။ အဲဒီတော့ ကိုယ်ပိုင်အမှတ်ကို ဂဏန်း ခုနှစ်လုံး မဖြစ်စေချင်တာနဲ့ တ-၀၀၀၀၁ ကနေ အစပြုပြီးတော့ သတ်မှတ် ပေးလိုက်ပါတယ်။ တ ရဲ့ အဓိပ္ပာယ်ကတော့ တပ်မတော် ပါ။ အဲဒီလို ကိုယ်ပိုင်အမှတ် တ- နဲ့ စတဲ့ အခြားအဆင့် စစ်သည်တွေနဲ့ ပြန်တမ်းဝင် အမှတ် ကြည်း/၃၀၀၀၀ နောက်ပိုင်း အရာရှိငယ်တွေကို `စစ်တပ်ဖျက်မယ့် ကောင်တွေ´ လို့ နှိမ်ပြောရင်းနဲ့ `တပ်မတော် ပျက်ကြောင်း တဝမ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ဆိုတဲ့ စကား စစ်တပ်ထဲမှာ ပေါ်လာတယ်လို့ သိရပါတယ်။

တပ်သားသစ် သင်တန်းဆင်းလို့ တပ်ရင်းတပ်ဖွဲ့တွေ အသီးသီးကို ရောက်သွားတဲ့ စစ်သား လက်သစ်ကလေးတွေဟာ တပ်ရင်းရောက်တော့လည်း အနှိမ်ခံရတာပါပဲ။ ဆရာကလည်း နှိမ်၊ ဆရာကြီးကလည်း နှိမ်၊ ဗိုလ်ကြီးကလည်း နှိမ် နောက်ဆုံး… ကိုယ်ပိုင်နံပါတ် အရပါ အနှိမ်ခံရပါတယ်။ အဲ… သူတို့ကလည်း တဖြည်းဖြည်းနဲ့ စစ်သက်လေးတွေ ရင့်လာတဲ့အခါ သူတို့နောက်က ဂျူနီယာ စစ်သားတွေကို သူတို့ အနှိမ်ခံခဲ့ရတုန်းက အတိုင်း ဆက်နှိမ်ပြန်တာပါပဲ။ စစ်စည်းကမ်း သေဝပ်မှု ရှိအောင် ဒီနည်းကို သုံးတာလို့ ပြောနိုင်ပေမယ့် စစ်စည်းကမ်း ပြင်ပကို ကျော်လွန်ပြီး `အမိန့်နာခံမှု´ ဆိုတဲ့ တပ်မတော် အား ဆယ်ပါးထဲက အချက်တချက်ကို အဆင့်ဆင့် အလွဲသုံးစား လုပ်ကြတဲ့အခါမှာ ဘယ်သူ့ကို ဖြစ်ရမှန်းမသိတဲ့ ဒေါသကိုယ်စီက စစ်သားတွေရဲ့ ရင်ထဲမှာ တစတစနဲ့ ကိန်းအောင်း လာပါတော့တယ်။

အခြားအဆင့် စစ်သည်ကနေ ပြန်တမ်းဝင် အရာရှိဖြစ်နိုင်တဲ့ နည်းလမ်း သုံးမျိုး ရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့…
(၁) စစ်သက်ငါးနှစ် ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ် အဆင့်ရှိသူ၊ အသက်(၂၈) နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။
(၂) စစ်သက် ရှစ်နှစ် ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ်ကြီးစာရေး အဆင့်ရှိသူ၊ အသက် (၂၈) နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။
(၃) တပ်သားအဆင့်မှ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်၊ အရာခံဗိုလ် စသဖြင့် အဆင့်ဆင့် ရာထူး တက်သွားပြီး ဗိုလ်ကြီး အဆင့်တွင် ဂိတ်ဆုံးသော အရာရှိအိုများ။

အထက်ပါ နည်းလမ်းတွေနဲ့ ပြန်တမ်းဝင် အရာရှိ ဖြစ်နိုင်တယ် ဆိုပေမယ့် တကယ့်တကယ်တမ်း အခြားအဆင့်ကနေ ပြန်တမ်းဝင် အရာရှိ ဖြစ်သွားကြတဲ့ အရာရှိတွေနဲ့ စစ်တက္ကသိုလ်ဆင်း အရာရှိတွေရဲ့ ကြားမှာ ခွဲခြား ခံရမှုတွေက ရှိနေပြန်ပါတယ်။ (ဒီအကြောင်းကို `အရာရှိများ´ အပိုင်းမှာ ဆက်လက် တင်ပြပါမယ်)။

အခြားအဆင့် စစ်သည်တယောက်ဟာ ဘယ်လောက်ပင် ထက်မြက်နေပါစေ၊ အရာရှိ တယောက်ရဲ့ မလို မုန်းထားမှုကို ခံရရင် ဘယ်တော့မှ ရာထူး တိုးမြှင့်ခံရခြင်း မရှိပါဘူး။ အရာရှိနဲ့ အဆင်မပြေလို့ ရာထူးတိုးတာ ဆိုင်းငံ့ခံရတဲ့ အခြားအဆင့် စစ်သည်တွေ စစ်တပ်ထဲမှာ မနည်းလှပါဘူး။

ဒီကြားထဲ စစ်တပ်ထဲကလည်း ထွက်ချင်တိုင်း ထွက်လို့က မရ။ (စစ်တပ်ထဲမှာ ငါးနှစ် တာဝန် ထမ်းဆောင်ပြီးရင် ထွက်ခွင့် ရှိတယ်လို့ သတ်မှတ်ချက် ရှိပေမယ့် တကယ်တမ်းမှာ တပ်က ထွက်ခွင့် မပေးကြပါဘူး)။ ဒီလိုနဲ့ပဲ မနေချင်တဲ့ စစ်တပ်ထဲမှာ မထူးကြုံးကြုံးပြီး နေနေရတဲ့ အခြားအဆင့် စစ်သည်တွေ တနေ့တခြား ပိုပို များလာပါတယ်။

တကယ်တော့ စစ်တပ်ထဲမှာ အခြားအဆင့် စစ်သည်ဟာ ပြန်တမ်းဝင် အရာရှိတွေရဲ့ အဖြည့်ခံ သက်သက်သာ ဆိုရင် မမှားပါဘူး။ တပ်ရင်းမှူးအိမ်မှာ တပ်ရင်းမှူးကတော် အဝတ်အစားက အစ လျှော်ဖွတ်ပေးရတဲ့ စစ်သား၊ ဗိုလ်မှူးအတွက် အရက် ဝယ်ပေးရတဲ့ စစ်သား၊ ဗိုလ်ကြီးအတွက် အပျော်မယ် ရှာပေးရတဲ့ စစ်သား စသဖြင့် စစ်စည်းကမ်းနဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေမှာ တရားမဝင်စွာနဲ့ အနှိမ်ခံ အနင်းခံ အခြားအဆင့် စစ်သည်တွေဟာ စစ်တပ်ထဲမှာ မပျော်မွေ့ကြပေမယ့် ခြိမ်းခြောက်မှု မျိုးစုံကြောင့် ဆက်နေကြရရင်းနဲ့ အမျိုးအမည် ပေါင်းစုံသော ထွက်ပေါက်မဲ့ မကျေနပ်မှုတွေက သူတို့ရဲ့ ရင်ထဲကို ကိန်းအောင်းနေခဲ့ပါတယ်။

စစ်တပ်ထဲမှာ…
(အရာရှိများ)

မြန်မာပြည် စစ်တပ်မှာ ဒုတိယ တပ်ကြပ်အဆင့်ကနေ အရာခံဗိုလ် အဆင့်အထိကို ပြန်တမ်းမဝင် အရာရှိများလို့ သတ်မှတ်ပြီးတော့ ဒုတိယဗိုလ်မှ အထက်အဆင့်ကိုတော့ ပြန်တမ်းဝင် အရာရှိလို့ သတ်မှတ်ကြပါတယ်။ စစ်တပ်ထဲမှာကတော့ ဒုတိယ ဗိုလ်ကနေ အထက်ကို ခပ်လွယ်လွယ်ပဲ `အရာရှိ´ လို့ သတ်မှတ်ကြပါတယ်။

စစ်တပ်ထဲမှာ စစ်ဗိုလ် ဖြစ်နည်းတွေကတော့…
(၁) စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။
(၂) အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့် (အခုတော့ အဲဒီသင်တန်းတွေ မရှိတော့ပါဘူး)။
(၃) ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းကို ယခင်ကတော့ လေးနှစ်တက်ရောက် စေခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ သုံးနှစ်သာ တက်ရောက်စေပါတယ်။ သင်တန်းဆင်းရင် ဘွဲ့ရတယောက်အဖြစ် ပညာ အဆင့်အတန်း သတ်မှတ်ပေးပြီးတော့ ဒုတိယဗိုလ် ရာထူးပေးပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအတွက် ပညာ အရည်အချင်း သတ်မှတ်ချက် အခြေခံပညာ အထက်တန်းကို (က) အဆင့်မှ အောင်မြင်ရပါမယ်။ (တပ်မတော် ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ်၊ အစရှိတဲ့ စစ်တက္ကသိုလ်တွေကိုတော့ သတ်မှတ်ထားတဲ့ ဝင်ခွင့်အမှတ်ကို မှီရပါတယ်။)

အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းကိုတော့ တနှစ်ခွဲ တက်ရောက်ရပါတယ်။ သင်တန်းဆင်းရင် အလုပ်သင်ဗိုလ် အဖြစ်နဲ့ ခြေလျင်/ခြေမြန် တပ်ရင်းတွေမှာ ကိုးလတာ တာဝန်ထမ်းဆောင်၊ အဲဒီနောက် တပ်စုမှူး သင်တန်းကို ထပ်မံ တက်ရောက်ပြီးမှ ဒုတိယဗိုလ် ရာထူးကို ရပါတယ်။ အဲဒီ သင်တန်းဆင်း စစ်ဗိုလ်တွေကိုတော့ ဘွဲ့ရအဖြစ် သတ်မှတ် မပေးပါဘူး။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အဲဒီ သင်တန်းတွေကို ဆက်လက် မခေါ်ယူတော့ဘဲ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းသား တွေကိုသာ အရင်ကထက် အရေအတွက် တိုးမြှင့်ခေါ်ယူခဲ့ပါတယ်။

ဗိုလ်လောင်းသင်တန်းမှာ တပ်ကြပ် သို့မဟုတ် တပ်ကြပ်ကြီး စာရေးများမှ ဗိုလ်လောင်း သင်တန်း တက်ရောက်ခွင့် ရသူတွေနဲ့ အသက် (၂၅) နှစ်အောက် ဘွဲ့ရ အရပ်သားများက ဗိုလ်သင်တန်းဖြေဆို အောင်မြင်ပြီး ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့် ရသူတွေ တက်ရောက်ကြပါတယ်။

နောက်ထပ် ချွင်းချက် စစ်ဗိုလ်တွေကတော့ `အခြားအဆင့်´ မှာ ကျနော် တင်ပြခဲ့တဲ့ တပ်သားအဆင့်ကနေ တဆင့်ခြင်းစီ ရာထူး တိုးသွားပြီးတော့ ဗိုလ်ကြီးအဆင့်မှာ ဂိတ်ဆုံးတဲ့ လုပ်သက်ရင့် စစ်ဗိုလ်ကြီးများပါပဲ။

***

စစ်တပ်ထဲမှာ အရာရှိများရဲ့ ရာထူး တိုးမြှင့်ပုံနဲ့ အခြားအဆင့် စစ်သည်တွေရဲ့ ရာထူး တိုးမြှင့်ပုံကတော့ ကွာခြားပါတယ်။

အရာရှိ တယောက်ဟာ တစုံတရာ စစ်စည်းကမ်း ဖောက်ဖျက်မှု တခုခု ကျူးလွန်တာ မရှိခဲ့ရင်၊ တနည်းအားဖြင့် ပြစ်မှု တခုခုကို ကျူးလွန်ခြင်း တစုံတရာ မရှိခဲ့ရင် ဒုတိယဗိုလ် လုပ်သက် တနှစ် ပြည့်မြောက်တဲ့အခါ ဗိုလ်အဆင့်ကို တိုးမြှင့်ခံရပါတယ်။ ဗိုလ်လုပ်သက် သုံးနှစ် ပြည့်တာနဲ့ ဗိုလ်ကြီးအဆင့်ကို အလိုအလျောက် တိုးမြှင့်ခံရပါတယ်။ ဗိုလ်ကြီးလုပ်သက် ခုနှစ်နှစ်ပြည့်တဲ့ အချိန်မှာ အသက်လေးဆယ် မပြည့်သေးခဲ့ရင် တပ်ခွဲမှူး/ ဗိုလ်မှူး ဗိုလ်မှူး(ဗိုလ်ကြီး) အဖြစ် ခြေလျင်/ခြေမြန် တပ်ရင်းတခုခုမှာ တနှစ် တာဝန်ထမ်းဆောင်ပြီးနောက် ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ခံရပါတယ်။

စစ်သားအလုပ်ဆိုတာ တကယ်တော့ အသက်အန္တရာယ် နီးတဲ့အလုပ်၊ သူတကာထက် ပိုမိုပင်ပန်းရတဲ့ အလုပ်လို့ သာမန်အားဖြင့် သိထားကြပေမယ့် ပင်ပန်းကြတာခြင်း အတူတူ အခွင့်အရေး နည်းပါးလှတာ၊ ဒါမှမဟုတ် အခွင့်အရေး လုံးဝ မရှိတာက အခြားအဆင့် စစ်သည်တွေသာ ဖြစ်ပြီးတော့ အရာရှိတွေ အတွက်ကတော့ ရာထူး ကြီးလာလေလေ ရလာမယ့် စည်းစိမ် ဥစ္စာတွေက များလာလေလေ၊ အခွင့်အရေးတွေက တိုးလာလေလေ ပါပဲ။

သာမန်အားဖြင့် ဗိုလ်ကြီးအဆင့် မရောက်သေးသူ စစ်ဗိုလ်ပေါက်စတွေအတွက် တပ်ထဲက လာဘ်လာဘ ဝင်လမ်းက နည်းလှပါသေးတယ်။ ဒါပေမယ့် ဗိုလ်ကြီးအဆင့်ကို ရောက်လို့ တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိ (တတိယတန်း) နေရာကို ရပြီ ဆိုတာနဲ့ သူတို့အတွက် ငွေဝင်လမ်းက စပါတော့တယ်။ အရပ်ဘက်နဲ့ ဆက်ဆံရမှု များလေလေ၊ ငွေဝင် များလေလေပါပဲ။ အလွန်သေးငယ်တဲ့ ကျနော်တို့ နယ်မြို့ကလေးမှာတောင် မှောင်ခိုဆိုင်ကယ်တွေ၊ ကားတွေ တင်သွင်းတဲ့ လူတွေဆီက အေးဓမြ တိုက်တဲ့ ဝင်ငွေနဲ့ ဗျူဟာရုံးက စစ်ဗိုလ်များ အလွန်အင်မတန် ငွေထွားကြပါတယ်။

***

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်များမှာ စစ်ဗိုလ်အလုပ်ကို လူငယ်တွေ စိတ်ဝင်စားမှု ပိုများလာတာကို သတိထားမိပါတယ်။ အရပ်ဘက်ကျောင်းတွေကို မကြာခဏဆိုသလို ပိတ်ထားပြီးတော့ ကျောင်းတွေကိုလည်း ဟိုရွှေ့၊ ဒီပြောင်း (၁၉၉၆ ခုနှစ်တုန်းကဆိုရင် ကျနော်တို့ မြို့လေးရဲ့ အထက်တန်းကျောင်းမှာ တက္ကသိုလ်အဆင့် စာမေးပွဲတွေ ကျင်းပသွားဖူးပါတယ်) နဲ့ မတည်မငြိမ်ဖြစ်လွန်းလှတော့ ဘယ်သောအခါမှ ကျောင်းပိတ်မခံရတဲ့၊ အချိန်တန်ရင် ဘွဲ့လည်းရ၊ ရာထူးလည်းရတဲ့ စစ်ဗိုလ် အလုပ်ကို လူငယ်တွေက မျက်စိကျချင် လာကြပါတယ်။ လက်ရှိ တပ်မတော်ရဲ့ အခန်းကဏ္ဍက တိုင်းပြည်မှာ ဗိုလ်ကျနိုင်မှု အင်အား ကြီးလာလေလေ စစ်ဗိုလ်တွေ မျက်နှာပန်း ပွင့်လေလေ ဖြစ်နေတာကလည်း စဉ်းစားစရာ အချက်တချက်ပါပဲ။

`ငါနဲ့ တနှစ်ထဲ ဆယ်တန်းအောင်တဲ့ ကောင်ကွာ၊ ဆေးကျောင်းအမှတ် မီတာလည်း အတူတူပဲ၊ သူက စစ်ဆေးကျောင်း ဝင်ခွင့်ရတယ်၊ ငါက အပြင်ဆေးကျောင်း တယ်တယ်၊ အခု သူက ဗိုလ်သင်တန်းဆင်းလို့ နှစ်ပွင့်လဲရ၊ ဆရာဝန် ဘွဲ့လဲရ၊ င့ါမှာတော့ အခုမှ တတိယနှစ် ဆေးကျောင်းသားတဲ့၊ ဘယ်လိုလုပ် ကျောင်းက ပြီးနိုင်မလဲ၊ ကျောင်းတွေကို အားအားရှိ ပိတ်ပဲ ပိတ်နေတာကိုး´

ရန်ကုန်ကို ရောက်ခိုက်မှာ အကိုဝမ်းကွဲ ဆေးတက္ကသိုလ် ကျောင်းသားက အဲဒီလို ပြောပြခဲ့ဖူးပါတယ်။

တကယ်တော့ အုပ်ချုပ်သူ အာဏာပိုင်တွေဟာ လူငယ်တွေကို အဲဒီလို ဖြစ်အောင်ကို တမင် လုပ်ယူခဲ့တာပါပဲ။ အပြင်လောကမှာ အရပ်သား ပညာတတ်တွေ တဖြည်းဖြည်းနဲ့ ပါးလျားလာအောင် လုပ်ယူရင်းနဲ့ စစ်တပ်ထဲကို လူငယ်တွေ များများ ရောက်လာစေတဲ့ နည်းကို တဖြည်းဖြည်းနဲ့ ဆွဲဆောင် ယူခဲ့တာပါပဲ။ အခုဆိုရင် တပ်မတော် စစ်တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်၊ တပ်မတော် သူနာပြု တက္ကသိုလ်၊ တပ်မတော် နည်းပညာ တက္ကသိုလ် အစရှိသဖြင့် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ လူငယ်တွေ မျက်စိကျလောက်တဲ့ တက္ကသိုလ် အမျိုးမျိုးကို တပ်မတော် အမည်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

အကောင်းဘက်က တွေးမယ်ဆိုရင်တော့ စစ်တပ်ထဲမှာ ပညာတတ်တွေ များလာတော့ ဆင်ခြင်တုံတရား ရှိသူ ပညာတတ်လူငယ် စစ်ဗိုလ်လေးတွေ များလာလေလေ နောင်အနာဂတ် စစ်တပ်အတွက် ပိုကောင်းလာမယ်လို့ တွေးစရာ ရှိပေမယ့် `စစ်ဗိုလ်ကွ၊ သူ့ကုသိုလ်နဲ့ သူဖြစ်လာတာ၊ ဘာမှ မနာလိုမရှိနဲ့၊ ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ဘူး´ ဆိုတဲ့ အမြင်မျိုးရှိတဲ့ စစ်ဘိုပေါက်စတွေ မြန်မာပြည်မှာ ပိုများလာရင်တော့ တိုင်းပြည် အနာဂတ်အတွက် ရင်လေးစရာ ကောင်းပါတယ်။ `အာဏာ´ ဆိုတဲ့ အရာက လူမိုက်တွေလက်ထဲ ရောက်သွားရင် ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ လက်ရှိ ကျနော်တို့ နိုင်ငံ အခြေအနေက သက်သေပါပဲ။

စစ်တပ်တွင်းမှာ အရာရှိ အချင်းချင်း တရားဝင် မဟုတ်ပေမယ့် မသိမသာ ခွဲခြားထားမှုကို တင်ပြချင်ပါ

အဲဒါကတော့ အခြားအဆင့်ကနေ ဗိုလ်လောင်း သင်တန်းကို တက်ရောက်ခွင့် ရပြီးတော့ စစ်ဗိုလ်ဖြစ်ခွင့် ရသူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်းတွေ အကြား ကွာခြားမှုပါပဲ။

အခြားအဆင့်ကနေ စစ်ဗိုလ်ဖြစ်သူများဟာ များသောအားဖြင့် ဘွဲ့ရသူတွေ မဟုတ်တာ များပါတယ်။ တပ်ကြပ်ကြီး စာရေး တချို့ကနေ ဗိုလ်သင်တန်း အောင်သူများ တချို့နဲ့ အသက်(၂၅) နှစ်အောက် ဘွဲ့ရ၊ အရပ်သားများမှ ဗိုလ်သင်တန်း အောင်သူများသာ ဘွဲ့ရတွေ ဖြစ်ကြပါတယ်။ အရာရှိငယ် ဘဝမှာ အဲဒါတွေက မသိသာသေးပေမယ့် ဗိုလ်မှူး အဆင့်ကို ရောက်ရင်တော့ `တပ်ရင်းမှူး သင်တန်း´ တက်ခွင့်အတွက် `တက္ကသိုလ် တခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်´ ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်က အခြားအဆင့်မှ စစ်ဗိုလ် ဖြစ်လာသူ အများစုကို ဗိုလ်မှူး ဘဝမှာတင် ရာထူး ရပ်သွားစေတဲ့ အဓိက အချက်ပါပဲ။ စစ်တက္ကသိုလ် ဗိုလ်လောင်း ဆင်းတွေကတော့ အဲဒီအတွက် မပူမပင်ရစွာနဲ့ပဲ ရာထူး အဆင့်ဆင့်ကို တက်ခွင့် လမ်းက ဖြူးနေပါတယ်။

နောက်တချက်ကတော့ တကယ့် တကယ်တမ်း သေရေးရှင်ရေး စစ်ဆင်ရေး နေရာတွေကို သွားရောက်ရတဲ့ အရာရှိငယ် အများစုဟာ အခြားအဆင့်မှ ဗိုလ်သင်တန်း အောင်လာတဲ့ အရာရှိ အများစု ဖြစ်နေကြတာပါပဲ။ စစ်တက္ကသိုလ်ဆင်း အရာရှိတွေကတော့ ရှေ့တန်းထွက်ရလည်း ခဏပါပဲ။ အချိန်တန်ရင် တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိအဖြစ် လျောလျောရှူရှူ လျင်လျင်မြန်မြန် တာဝန် ထမ်းဆောင်ခွင့် ရကြတာလဲ စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်တွေက ပိုများတယ်လို့ သိရှိရပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော် အဝေးသင် တတိယနှစ် ဖြေဆိုရစဉ်တုန်းက သိကျွမ်း ခင်မင်ခဲ့ရတဲ့ သင်္ဃန်းညီနောင် အခြေစိုက် တပ်ရင်းတရင်းမှ စစ်ဗိုလ် တဦးက သူ အဝေးသင် လာဖြေခိုက်မှာ အခုလို ရင်ဖွင့်ခဲ့ပါတယ်…

`တကယ်တော့ကွာ၊ ငါတို့ အခြားအဆင့်က စစ်ဗိုလ်တွေ ဆိုတာက စစ်တုရင်ခုံက နယ်ရုပ်လေးတွေနဲ့ အတူတူပါပဲကွာ၊ ဘုရင်ကြီး ကောင်းစားဖို့ ချကျွေး ခံရလိုခံရ၊ တခါတလေ ဘီးရှော့တို့၊ မြင်းတို့ နေရာကောင်း ရဖို့အတွက် ချကျွေးခံရလို ခံရ၊ ကံအင်မတန်ကောင်းလို့ ဟိုးဘက်ထိပ် ရောက်သွားတဲ့ နယ်ရုပ် တရုပ်တလေကသာ ပါဝါတခုခု တိုးရသွားသလိုပါပဲ။ အခြားအဆင့် တယောက်ကို စစ်ဗိုလ်ရာထူး ပေးတယ်ဆိုတာ သူများ မနေချင်တဲ့ နေရာ၊ သူများ မသွားချင်တဲ့ နေရာတွေအတွက် ကွက်လပ် ဖြည့်ချင်တာပါပဲ´

တပ်တွင်း အခြေအနေ

သံဃာ့ ကံဆောင်သပိတ်နဲ့ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်အကြမ်းဖက် ဖြိခွင်းခဲ့စဉ်တုန်းက တချို့က အဲဒီ စစ်သားတွေထဲက စစ်သားတချို့ စစ်ဖိနပ် မစီးဘဲ သာမန် ခြေညှပ် ဖိနပ်တွေကိုသာ စီးထားကြတာကို `အဲဒီလူတွေ စစ်သားအစစ်မှ ဟုတ်ပါလေစ´ လို့ ဒွိဟစိတ် ဝင်ခဲ့ကြတာကို သတိထားမိပါတယ်။

ကျနော့် အမြင်အရ သုံးသပ်ကြည့်ရရင်တော့ အဲဒီ စစ်သားတချို့ စစ်ဖိနပ် စီးမထားရခြင်းရဲ့ ဖြစ်နိုင်ခြေ နှစ်ချက်ကို စဉ်းစားလို့ရပါတယ်။ အဲဒါတွေကတော့…

ပထမတချက်ကတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် တာဝန် ယူထားကြတဲ့ စစ်တပ်တွေ အားလုံးဟာ သူတို့ တည်းခိုတဲ့ နေရာတွေမှာ အမြဲတစေလိုလို Standby အဖြစ်နဲ့ အဆင်သင့် အနေအထားမှာ ရှိနေကြရပါတယ်။ တခါတရံမှာ သူတို့ရဲ့ နားနေချိန်၊ ထမင်းစားချိန် ရောက်တဲ့အခါ ပူပြင်းလှတဲ့ မြန်မာပြည် ရာသီဥတုနဲ့ သိပ်အဆင်မပြေလှတဲ့ စစ်ဖိနပ်တွေကို ခဏတာဖြစ်ဖြစ် ချွတ်ထားတတ်ကြပါတယ်။ အဲဒီလို ချွတ်ထားပြီး သက်တောင့်သက်သာ ဖြစ်တဲ့ ညှပ်ဖိနပ်ကို ဝတ်ဆင်ထားခိုက်မှာ အထက်အမိန့်အရ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အမြန်ဆုံး ထွက်ခွာရတော့ စစ်ဖိနပ်ကို ပြန်မစီးအားတော့ဘဲ အချိန်တိုတွင်း တန်းစီ၊ လူစစ်ပြီး အခင်းဖြစ်ရာကို ရောက်အောင် သွားကြတဲ့အတွက် သူတို့ ခြေထောက်တွေမှာ ခြေညှပ်ဖိနပ်တွေ စီးလျက်သား ဖြစ်နေကြတာပါ။

ဒုတိယ တချက်ကတော့ တချို့ စစ်သားတွေဆီမှာ စီးစရာ စစ်ဖိနပ် မရှိတာပါပဲ။ စစ်ရေးပြ ဖိနပ်၊ တောစီး ဖိနပ် အစရှိတဲ့ စစ်ဖိနပ် နှစ်မျိုးအနက် ဘယ်စစ်ဖိနပ်မှ စီးစရာ မရှိတဲ့အတွက် တချို့ စစ်သားတွေရဲ့ ခြေထောက်မှာ ခြေညှပ် ဖိနပ်တွေနဲ့ ဖြစ်နေကြတာပါ

စစ်သားတယောက် စစ်ဖိနပ်ကလေးမှ မရှိဘူးလားလို့ မေးစရာရှိပါတယ်။

တကယ်တော့ စစ်ထဲကို ဝင်ကြသူတိုင်းအတွက် စစ်အသုံးအဆောင် ပစ္စည်း အစုံအလင်ကို တပ်က ထုတ်ပေးပါတယ်။ အဲဒီအပြင် စစ်ပစ္စည်း တခုခြင်းအလိုက် သက်တမ်း သတ်မှတ်ချက်နဲ့ လဲလှယ်ပေးရမယ့် စည်းကမ်းလဲ စစ်တပ်ထဲမှာ ရှိပြီးသားပါပဲ။ ဒါပေမယ့် အောက်ခြေအဆင့် အခြားအဆင့် စစ်သည် အတော်များများက အဲဒီ စစ်ပစ္စည်းတွေကို ရောင်းစားပစ်ပါတယ်။ မြန်မာပြည်မှာ စစ်ပစ္စည်း မှောင်ခိုဈေးကွက် ဘယ်လောက်ကြီးတယ် ဆိုတာကိုတော့ မင်္ဂလာဒုံ ဈေးထဲက စစ်ပစ္စည်း အရောင်းဆိုင်တွေက သက်သေပါပဲ။ ငွေသာ ပေးနိုင်ရင်၊ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ စစ်တပ်သုံး ပစ္စည်းတွေကို အဲဒီဈေးမှာ အလိုရှိသလောက် ဝယ်ယူနိုင်ပါတယ်။ အဲဒီလိုနဲ့ စစ်သား အတော်များများမှာ စစ်ဝတ်ချပ်တန်ဆာ မစုံမလင်နဲ့ နောက်ဆုံး စစ်ဖိနပ် စီးစရာတောင် မရှိတော့တဲ့ စစ်သား ဖြစ်ရတော့တာပါပဲ။

စစ်တပ်က စားစရာရိက္ခာ၊ သုံးစရာ လစာ ပေးထားပါလျက်နဲ့ အောက်ခြေ စစ်သားတွေက သူတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို ရောင်းစားပစ်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းကိုက ဘာခံယူချက်မှ မရှိဘဲ အကြောင်းမျိုးစုံနဲ့ စစ်တပ်ထဲ ရောက်လာသူ စစ်သားတွေက စဉ်းစားဆင်ခြင်ဉာဏ် နည်းလှစွာနဲ့ စစ်ပစ္စည်း ရောင်းစားလို့ ရတဲ့ငွေစ တချို့နဲ့ မူးရူးပျော်ပါး သောက်စားလိုတာက တချက်၊ နောက်တချက်ကတော့ သူတို့ရဲ့ ရိက္ခာနဲ့ လစာတွေကို အထက် အရာရှိ တချို့က ရသင့်တဲ့အတိုင်း မပေးဘဲ ခိုးယူ ဖြတ်တောက်ပြီး ကိုယ်ကျိုးအတွက် အသုံးချကြတာကြောင့် စစ်ပစ္စည်းရောင်းလို့ ရတဲ့ ငွေစလေးနဲ့ လတ်တလော အဆင်ပြေသွားရင် ပြီးရော ဆိုပြီး ရောင်းစား ပစ်ကြတာပါပဲ။

ကျနော် စစ်ဆင်ရေး အထမ်းသမား ပေါ်တာအဖြစ် လိုက်သွားခဲ့ရစဉ် တုန်းကဆိုရင် အပေါ်ပိုင်းမှာ စစ်အင်္ကျီ၊ ခါးအောက်ပိုင်း ကျတော့ အရပ်ဝတ် အားကစား ဘောင်းဘီတို၊ ထိုင်း ညှပ်ဖိနပ်နဲ့ ရှေ့တန်းလိုက်ကြတဲ့ စစ်သားတွေကို တွေ့ခဲ့ရဖူးပါတယ်။

စစ်တပ်က ပေးတဲ့ ရိက္ခာက တကယ့် အတိအကျဆိုရင် စားဖို့ လုံလောက်ပါတယ်။ အာဟာရလည်း ပြည့်ဝပါတယ်။ ဒါပေမယ့် တပ်ထဲက တာဝန်ရှိသူတွေရဲ့ အဆင့်ဆင့် ဖြတ်တောက် လာဘ်စားမှုရဲ့ ဒဏ်တွေကို ခါးစည်းခံရပြီး အစားအစာ မဝမလင်၊ အဝတ်အစား မတောက်မပြောင်နဲ့ လူတောမတိုး ဖြစ်ကြရတာကတော့ အောက်ခြေအဆင့် စစ်သားအများစုပါပဲ။ ကျနော့်ညီလေး တက်ရောက်ခဲ့ရတဲ့ တပ်သားသစ် သင်တန်းမှာ ဆိုရင် သင်တန်းသား တပ်သားသစ်တွေဟာ အမြဲတမ်းလိုလို ဆာလောင် နေကြပါတယ်တဲ့။

လစာနဲ့ ရိက္ခာစာရင်းကို အထက်ဌာန အဆင့်ဆင့်ကို တင်ပြတဲ့အခါ စည်းကမ်းပျက်တဲ့ စစ်ဗိုလ် အချင်းချင်း စည်းဝါး ရိုက်ပြီးတော့ တပ်တွင်းမှာ အမှန်တကယ်ရှိတဲ့ အင်အားထက် ပိုမို တင်ပြ တောင်းခံပေမယ့် အောက်ခြေကိုကျတော့ အဲဒီ ရိက္ခာနဲ့ လစာတွေကို လုံလုံလောက်လောက် ပြန်မပေးတာဟာ အကြီးမားဆုံး တပ်တွင်း ခြစားမှုကြီး ဖြစ်သလို တပ်မတော်အတွက် သုံးစွဲတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်ကိုလည်း လွန်စွာမှ ပြုန်းတီးစေပါတော့တယ်။

စစ်ဗိုလ်ဖြစ်ခွင့် မရှိတဲ့ အခြားအဆင့် စစ်သည်တယောက် အဖို့ စစ်မှုထမ်းသက် ကြာမြင့်လာခြင်း၊ ရာထူး တိုးမြှင့်ခြင်းဟာ သူ့ဘဝရဲ့ တိုးတက်မှုကို ဘာမှ အာမခံချက် မပေးနိုင်ပေမယ့် စစ်ဗိုလ် အရာရှိတယောက် စစ်တပ်ထဲမှာ ကြာလာတာနဲ့ အမျှ ရာထူးတွေ မြင့်မြင့် လာလေလေ၊ ဝင်ငွေလမ်း ဖြောင့်လာလေလေ ဖြစ်နေတာဟာလည်း စစ်တပ်ထဲက အခြားအဆင့် စစ်သည်တွေအတွက် စိတ်ဓာတ် ပျက်ပြားစေတဲ့ အကြောင်းရင်း တရပ်ပါပဲ။

အခြားအဆင့် စစ်သည် တယောက်အဖို့ စစ်တပ်ထဲကနေ ထွက်ခွင့်ရဖို့ဆိုတာ အလွန် ခက်ခဲပါတယ်။ စစ်သက် ဘယ်လောက်ပဲ ကြာမြင့်ကြာမြင့် ခိုင်းစေဖို့အတွက် အားအင် ရှိနေသေးတယ်လို့ ယူဆနေသေးသရွေ့ ဘယ်အခြားအဆင့် စစ်သည်ကိုမှ သူတို့ရဲ့ တပ်မှူးတွေက စစ်တပ်က ထွက်ခွင့်ကို အသာတကြည် မပေးကြပါဘူး။ အသက် ၆၀ ကျော်ပြီး ဘယ်လိုမှ ခိုင်းစေလို့ မကောင်းတော့တဲ့အခါ၊ အေအိုင်ဒီအက်စ် ရောဂါလိုမျိုး ကူးစက်ရောဂါ စွဲကပ်တဲ့ အခါနဲ့ ရှေ့တန်း စစ်ဆင်ရေးမှာ ဒဏ်ရာရလို့ ခြေပြတ်လက်ပြတ် ဖြစ်လာတဲ့ စစ်သည်မျိုးက ထွက်ခွင့်တင်တဲ့ အခါမှသာလျှင် လျှောလျှောရှူရှူနဲ့ ထွက်ခွင့်ရပါတယ်။

စစ်ဗိုလ်တွေအတွက်ကတော့ အသက် ၆၀ ပြည့်တဲ့ အချိန်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး ရှိသူဟာ ၆၅ နှစ်အထိ တပ်မတော်မှာ တာဝန်ထမ်းခွင့် ရှိတယ်လို့ သတ်မှတ်သေးတဲ့ အပြင် စစ်တပ်ရဲ့ ရာထူး အကြီးမြင့်ဆုံး ပုဂ္ဂိုလ်ကိုယ်တိုင်က အသက် ၇၀ ကျော်လွန်သည့် တိုင်အောင် စစ်တပ်က မထွက်ဘဲ ခပ်တည်တည်နဲ့ စစ်စည်းကမ်းဖောက်လို့ စစ်စည်းစိမ်ကို ခံစားနေဆဲပါပဲ။

တနည်းနည်းနဲ့ စစ်တပ်က ထွက်ခွင့် ရကြပြန်တော့လည်း စစ်မှုထမ်းဟောင်းခြင်း အတူတူ စစ်ဗိုလ်ဟောင်းကြီးတွေက အရပ်ဘက် ဌာနဆိုင်ရာတွေမှာ ဘာမှမသိ မတတ်လည်း ညွှန်မှူးတွေ ညွှန်ချုပ်တွေ ဖြစ်လိုဖြစ်နဲ့ ဆက်လက် ကောင်းစားနေကြပေမယ့် အခြားအဆင့် စစ်မှုထမ်းဟောင်းတွေ အတွက်ကတော့ အခွင့်အရေးတွေက နည်းပါးလွန်းလှပါတယ်။ ရင်နင့်စရာ ကောင်းတာကတော့ လူစည်ကားရာ နေရာတွေမှာ တွေ့ရတတ်လေ့ရှိတဲ့ စစ်ပြန် ဒုက္ခိတ သူဖုန်းစားတွေပါပဲ။ ပြည်သူတွေက နဂိုကတည်းကမှ စစ်တပ်ကို မုန်းရတဲ့အထဲ စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်မိလို့ ဒုက္ခိတ ဖြစ်ရတော့လည်း တပ်ကထွက်ပြီး တောင်းရမ်း စားသောက်နေရတဲ့ ဘဝပါ။

***

ပြည်သူနှင့် စစ်တပ်

တကယ်တော့ စစ်သားဆိုတာဟာ ပြည်သူထဲက ပြည်သူပါလို့ အားလုံးက နားလည် ထားကြပြီးသားပါပဲ။ အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ လို့ ကြွေးကြော်ပြီး စစ်တပ်ကို သူတို့ကိုယ်ကျိုးအတွက် လက်ကိုင်တုတ် အဖြစ်အသုံးချနေပေမယ့် တပ်မတော်ရဲ့ မိဘဟာ ပြည်သူတွေပါပဲ။

တကယ်တော့ အာဏာပိုင်တွေဟာ ဒီအချက်အလက်ကို ကောင်းကောင်း နားလည်တဲ့ အတွက်ကြောင့် ပြည်သူထဲက ပြည်သူ့စစ်သားနဲ့ သူတို့ရဲ့ အမိအဖ မောင်နှမ ပြည်သူတွေကို သွေးကွဲအောင် စနစ်တကျ လုပ်ဆောင်ပါတယ်။ တပ်သားတွေကို သတင်းမီဒီယာ အမှောင်ချခြင်း၊ ပြည်သူနဲ့ ထိတွေ့ခွင့် နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ခြင်း၊ အာဏာပိုင်တွေရဲ့ မူဝါဒကို ထပ်ခါတလဲလဲ နားရည်ဝအောင် ရိုက်သွင်းထားခြင်း စတဲ့ နည်းမျိုးစုံနဲ့ ပြည်သူနဲ့ စစ်တပ်ကို တသီးတခြားစီ ဖြစ်အောင် စနစ်တကျ လုပ်ဆောင်ပါတယ်။

ထင်ရှားတဲ့ အချက်အလက် တခုကို တင်ပြရမယ်ဆိုရင် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်တွေထဲမှာ `စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ အဆင့်ဆင့် ကော်မတီတွေ ဖွဲ့စည်းပါတယ်။ ဥပမာ တပ်မတော် စည်းရုံးရေး ကော်မတီ၊ တိုင်းစည်းရုံးရေး ကော်မတီ၊ တပ်မ စည်းရုံးရေး ကော်မတီ၊ တပ်ရင်းစည်းရုံးရေး ကော်မတီ၊ တပ်ခွဲ စည်းရုံးရေး ကော်မတီ စသဖြင့် အောက်ခြေအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းပါတယ်။ ယုတ်စွအဆုံး စစ်သားမယားတွေကိုပါ `ရဲမေ စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ လင်ယောက်ျားရဲ့ ရာထူးအလိုက် အဆင့်ဆင့် ဖွဲ့စည်းကြပါတယ်။ အဲဒီ စည်းရုံးရေး ကော်မတီတွေရဲ့ အဓိက ဦးတည်ချက်ကတော့ `တပ်မတော် မူဝါဒ´ လို့ အမည်ခံထားတဲ့ `လက်ရှိ အာဏာရှင်တွေရဲ့ မူဝါဒ´ ကို တပ်တွင်း အဆင့်ဆင့် ရိုက်သွင်းတာပါ။

ဥပမာအားဖြင့်… `ကျေးဇူးကန်းကြသူများသို့´ ဆိုတဲ့ ဆောင်းပါး တပုဒ်မှာ ကျနော် တင်ပြခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အမည်ရင်းအတိုင်း မခေါ်စေဘဲ `ဒေါ်စုကြည်၊ စုကြည်၊ ဘိုကတော် စုကြည်´ စသဖြင့် ခေါ်ဝေါ်ရမယ်ဆိုတဲ့ တပ်တွင်း ညွှန်ကြားချက်ဟာ တပ်ရင်းတခုရဲ့ စည်းရုံးရေး ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အလွန်တရာ ဆိုးဝါးလွန်းတဲ့ အချက်ကတော့ စားဝတ်နေရေး ကျပ်တည်းမှု၊ နိုင်ငံရဲ့ ချွတ်ခြုံကျမှုကြောင့် မခံမရပ်နိုင်လို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ ပြည်သူတွေကို `အဲဒါ ဗကပတွေ၊ အကြမ်းဖက်သမားတွေ´ လို့ အယုံသွင်း သွေးထိုးပြီး အမုန်းစိတ် သွင်းပေးတာပါ။ နဂိုကတည်းကမှ တပ်တွင်း ခြစားမှုတွေကြောင့် အောက်ခြေအဆင့် စစ်သည်တွေရဲ့ ဘယ်သူ့ကို ပေါက်ကွဲရမှန်း မသိတဲ့ ဒေါသတရားတွေက အဲဒီမှာတင် သူတို့ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ သူတို့ရဲ့ အမိအဖ ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းခြင်းနဲ့ ဖောက်ခွဲ ပစ်လိုက်ပါတော့တယ်။

ရှေ့တန်းစစ်ဆင်ရေး ထွက်တဲ့အခါ စစ်ဆင်ရေး နယ်မြေမှာ `တွေ့တဲ့လူကို အစိတ်သားက အစ မချန်ထားနဲ့´ ဆိုပြီးတော့ သူပုန်၊ အရပ်သားမရွေး ချေမှုန်းစေသလို အဲဒီ `အစိတ်သားကအစ ချန်မထားတဲ့ စိတ်ဓာတ်´ ကို ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့ နေရာအထိ သယ်ဆောင်လာတဲ့ အခါမှာတော့ ယူကြုံးမရ ဖြစ်စရာ ကောင်းလှတဲ့ သွေးထွက် သံယိုမှုတွေက မြန်မာ့မြေပေါ်မှာ အကျည်းတန်လှစွာနဲ့ ပေါ်ပေါက် လာရပါတော့တယ်။

***

နိဂုံး…

တကယ်တော့ စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် ဆိုတာကို လူတိုင်းက လက်ခံ ထားကြပြီးသားပါ။ ဒါပေမယ့် မရှိမဖြစ်ရတဲ့ အကြောင်းရင်းဟာ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ လူတစုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။

ဖြစ်ပြီးခဲ့တဲ့ ပစ်ခတ် နှိမ်နင်းမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ စစ်သားတိုင်းဟာလည်း အခုလို ရက်စက်မှုကြီးကို အားလုံးက သဘောတူနေကြမယ်လို့ ကျနော် မယုံကြည်ပါဘူး။ လူစိတ်အပြည့်နဲ့ ပြဿနာ တခုကို ငြင်သာ ပျော့ပျောင်းတဲ့ နည်းနဲ့ ပူးပေါင်း အဖြေရှာလိုတဲ့ စစ်ခေါင်းဆောင် အချို့နဲ့ ပြည်သူကို မရက်စက်ချင်တဲ့ အောက်ခြေ စစ်သားတွေ တပ်မတော်ထဲမှာ ရှိနေကြအုံးမှာ အသေအချာပါပဲ။

အဓိက အရေးကြီးတဲ့ အချက်က မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ကြတဲ့ ပြည်သူတွေကို `အကြမ်းဖက် ဆူပူလိုသူတွေ´ လို့ စစ်သားတွေက ထင်မြင်နေတာကို ဖယ်ဖျောက်နိုင်အောင် ကြိုးစားဖို့ပါပဲ။ အဲဒီ အမြင်တွေကို စစ်သားတွေရဲ့ အတွေးထဲက ဖယ်ထုတ်ပစ်နိုင်အောင် ကျနော်တို့ ကြိုးစားနိုင်တဲ့ နေ့မှာ တပ်မတော်ကို ကိုယ်ကျိုးအလို့ငှာ အသုံးချနေတဲ့ လူတစုကို ကျနော်တို့ အောင်မြင်မှာ အသေအချာပါပဲ။

ကလိုစေးထူး

2 comments:

Unknown said...

Dear Klosehtoo and Khtike
good article with perfect research!!!
thanks for everything!!!
Right is Might!!!
Lin theik
bigtheik@gmail.com

Unknown said...

I totally agree with the article. But I must say whoever has done such terrible thing will have to pay for that. There will be no excuse. They are just coward. I like to see their faces when they face equally armed forces. Will they still be same? Or will they find the way to run? I don't believe military is essential for the country, not for Burma at least after what they have done. They all are coward. We have to punish them hard, when we can.