အပိုင်း( ၃ )
( ဋ္ဋ ) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ တာဝန်များနှင်းစပ်လျဉ်းပြီး
-၄၄- ( ၁ ) တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူအားလုံးသည် နိုင်ငံသားဖြစ်သည်။ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူများသည် နိုင်ငံသားများ ဖြစ်သည်။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသား အဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း ဖြစ်မည်။
-၄၅- ( ၂ ) နိုင်ငံသားတိုင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှမူ အခွင့်အရေး၊ လွတ်လပ်မူ အခွင့်အရေး၊ တရားမျှတမူ အခွင့်အရေး စသည်တို့ ခံစားခွင့်ရှိမည်။
-၄၆- ( ၃ ) တရားရုံးခွင့်ပြုချက် မရရှိက နိုင်ငံသားတစ်ဦးကို -၂၄-နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရ။
-၄၇- ( ၄ ) နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မူ မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးတို့ကို စောင့်ထိမ်းရန် တာဝန်ရှိသည်။
-၄၈- ( ၅ ) နိုင်ငံသားတိုင်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည်။
-၄၉- ( ၆ ) နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်နှင့်အညီ စစ်ပညာသင်ကြားရန် တာဝန်ရှိမည်။
-၅၀- ( ၇ ) နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်နှင့်အညီ စစ်မူထမ်းရန် တာဝန်ရှိမည်။
-၅၁- ( ၈ ) ပြည်သူတို့ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။
-၅၂- ( ၉ ) နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များကို ထိရောက်ခိုင်မာ ပြည့်စုံစေရန် လိုအပ်သော ဥပဒေ ပြဌာန်းမည်ဟု အခြေခံ မူများချမှတ်ပါသည်။
( ဌ ) တိုင်းရင်းသားများနှင့် စပ်လျဉ်းပြီး
-၅၃- ( ၁ ) နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမူတို့ကို ဖွံ့ဖြိုးတိုးတတ်စေရန် ကူညီဆောင်ရွက်မည်။
-၅၄- ( ၂ ) နိုင်ငံတော်သည် တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတတ်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။
-၅၅- ( ၃ ) နိုင်ငံတော်သည် တိုးတတ်ဖွံ့ဖြိုးမူ နည်းပါနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမူစီးပွားရေး တိုးတတ်ဖွံ့ဖြိုးမူအတွက် ကုညီဆောင်ရွက်မည်ဟု အခြေံမူများ ချမှတ်ပါသည်။
အခြေခံမူ (၅၃) (၅၄) (၅၅) အရ စာပေ၊ စကား အနုပညာ ယဉ်ကျေးမူတို့သည် တိုင်းရင်းသားများ၏ အသက်ဖြစ်သည်။ ၄င်းတို့ကို ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားများ၏ မူလတာဝန်ဖြစ်သည်။ ဗဟို အစိုးရ အနေဖြင့် ကူညီဆောင်ရွက်မည်ဟု အပြောသက်သက် မဖြစ်စေဘဲ လက်တွေ့ဦးစီးဆောင်ရွက်ရပေမည်။
လက်ရှိနိုင်ငံတော် အာဏာပိုင်များ၏ ဆောင်ရွက်ချက်သည် ဗမာလူမျိုးတို့၏ စကား၊ စာပေနှင့် ယဉ်ကျေးမူတို့ကို ရှေ့ တန်းတင်ထားသော်လည်း တိုင်းရင်းသားတို့၏ စာပေ ယဉ်ကျေးမူတို့ကို မှေးမှိန်အောင် ပြုလုပ်နေကြပါသည်။ ဥပမာ - နယ်စပ်ဒေသများအထိ ဗမာစာကိုသင်ကြားနိုင်ရန် မူလတန်းကျောင်းများ ဖွင့်လှစ်ရန်ကြိုးစားပြီး ဒေသခံတိုင်းရင်းသားဘာသာ၊ စာပေ ထွန်းကားရေးကို ဖိနှိပ်ဟန့်တားနေသည်မှာ အထူးပြောဖွယ်မရှိပါ။
ယဉ်ကျေးမူဆိုရာ၌လည်း လက်ရှိကျင်းပနေသော ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများသည် ဗမာ့သုခုမ၊ အနုပညာထွန်းကားရေးကို လုပ်ဆောင်နေသည့် အပြင် တိုင်းရင်းသား ယဉ်ကျေးမူတို့ကို ၀ါးမြိုလျက်ရှိသောကြောင့် တိုင်းရင်းသား၊ စကား၊ စာပေ၊ ယဉ်ကျေးမူ ထွန်းကားရေးတို့ကို အခြေခံဥပဒေတွင် လေးနက်စွာ ဖေါ်ပြထားရပေမည်။
( ဍ္ဍ ) တောင်သူလယ်သမား များနှင့် စပ်လျဉ်းပြီး
-၅၆- ( ၁ ) နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဌာန်းဆောင်ရွက်ရမည်။
-၅၇- ( ၂ ) တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲ သီးနှံများ သင့်တင့် မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။
အခြေခံမူ (၅၆) နှင့် (၅၇) အရ စိုက်ပျိုးရေးနိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအဖို့ ကျေးဇူးရှင်တောင်သူဦးကြီးများကို ကူညီဆောင်ရွက်မည်ဆိုသည့် အသုံးအနှုံးအစား ဦးစီးဆောင်ရွက်ပေးမည်ဟု ဖေါ်ပြရပေမည်။ တောင်သူလယ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းပေး၍ ညှိနှိုင်းဆောင်ရွက်ရမည်။
( ဎ ) အလုပ်သမားများနှင့် စပ်လျှင်းပြီး
-၅၈- နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ဥပဒေများ ပြဌာန်းဆောင်ရွက်မည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၅၈) အရ အဓိက လူတန်းစားဖြစ်သော အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် အခြေခံ အလုပ်သမား သမ္မဂများကို ဖွဲ့စည်းခွင့်ပေး၍ အလုပ်သမားရေးရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးရမည်။
( ဏ ) အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စပ်လျဉ်းပြီး
-၅၉- နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်မည်ဟု အခြေခံမူ ချမှတ်ပါတယ်။
အခြေခံမူ (၅၉) အရ နိုင်ငံတော်သည် ခေတ်မီနိုင်ငံတော်ဆီသို့ လျှောက်လှမ်းနေသောကြောင့် တတ်သိပညာရှင်များ၏ အကျိုးကို အားပေးချီးမြှောက်ရမည့်အပြင် ဘ၀လုံခြုံရေးကိုလည်း ကာကွယ်ပေးရမည်။
( တ ) နိုင်ငံ့ ၀န်ထမ်းများနှင့် စပ်လျဉ်းပြီး
-၆၀- ( ၁ ) နိုင်ငံ့ ၀န်တမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်။
အခြေခံမူ (၆၀) အရ အမျိုးသာနိုင်ငံရေးဟု အပေါ်ယံအားဖြင့် မြင်ရသော အချို့ ကိစ္စများသည် ပါတီနိုင်ငံရေးဘက်သို့ ယိမ်းယိုင်သွားလေ့ရှိသဖြင့် ဤကဲ့သို့သော အခြေခံမူမျိုးကို ရှောင်ရှားရမည်။ သို့မှသာ ဒီမိုကရေစီနီုင်ငံတော်၏ ၀န်ထမ်းကောင်းများ အဖြစ် ပီပြင်လာစေမည်။
-၆၁- ( ၂ ) နိုင်ငံတော်သည် နိုင်ငံ့ ၀န်ထမ်းများ၏ လုပ်ငန်းခွင် အာမခံချက်ရရှိရေး၊ စားဝတ်နေမူ ဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီး ၀န်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမူ သက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
(ထ) အမျိုးသားရင်ကျေးမှုနှင့်စပ်လျဉ်းပြီး - -
-၆၂- နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။
အခြေခံမူ (၆၂) အရ အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ ဗမာသာမက တိုင်းရင်းသားအားလုံးကို ဆိုလိုသည်။ ထို့ကြောင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများကိုလည်း ကာကွယ်ပြဌာန်းပေးရမည်။
( ဒ ) ပညာရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်းပြီး - -
-၆၃- ( ၁ ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်မည်။
-၆၄- ( ၂ ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများက ပါဝင်ဆောင်ရွက်နိုင်အောင် လိုအပ်မည့်ဥပဒေ ပြဌာန်းဆောင်ရွက်မည်။
-၆၅- ( ၃ ) နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်း ပညာရေးစနစ်ဖော်ဆောင်မည်။
အခြေခံမူ (၆၅) အရ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြားစေရန် ပြဌာန်းပေးရမည်။
-၆၆- ( ၄ ) နိုင်ငံတော်သည် ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ကို ဖော်ဆောင်မည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
( ဓ ) စိုက်ပျိုးရေးနှင့် စပ်လျဉ်းပြီး - -
-၆၇- နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းမည်ဟု အခြေခံမူချမှတ်ပါတယ်။
( န ) စက်မှုလက်မှုနှင့် စပ်လျဉ်းပြီး - -
-၆၈- နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းမည်ဟု အခြေခံမူချမှတ်ပါတယ်။
( ပ ) အလုပ်အကိုင်နှင့် စပ်လျဉ်းပြီး - -
-၆၉- နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။
( ဖ ) မိခင်၊ ကလေး၊ အိုမင်းမစွမ်းသူများနှင့် စပ်လျဉ်းပြီး - -
-၇၀- ( ၁ ) နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသာများအားကြည့်ရှုစောင့်ရှောက်မည်။
-၇၁- ( ၂ ) နိုင်ငံတော်သည် မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျှောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကိုအခမဲ့သင်ယူနိုင်စေရန် စီမံဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။
အခြေခံမူ (၇၁) အရ တပ်မတော်သားများသည် လစာငွေ၊ ယူနီဖောင်း၊ ရိက္ခာ အပြည့် အ၀ရရှိသောကြောင့် အခြားဝန်ထမ်းများထက် အခွင့်အရေးပိုမို ရရှိပြီးသားဖြစ်သည်။ အခွင့်အရေးပိုမိုပေးခြင်းအားဖြင့် ၀န်ထမ်း အကြား စိတ်ဝမ်းကွဲပြားစေမည့် အန္တရာယ်ကို ဖြစ်စေပါသည်။
( ဗ ) လူငယ်နှင့် စပ်လျဉ်းပြီး - -
-၇၂- နိုင်ငံတော်သည် လူငယ်များအား မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်မည်ဟု အခြေခံမူ ချမှတ်ပါတယ်။
( ဘ ) ဘာသာ၊ သာသနာရေးနှင့် စပ်လျဉ်းပြီး- - -
-၇၃- ( ၁ ) ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်တို့နှင် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ၊ သာသနာရေးတွင်လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိရမည်။
-၇၄- ( ၂ ) ဘာသာ၊ သာသနာရေးဆိုင်ရာ ကိုးကွယ်တည်ဆောက်မှုနှင့် ဆက်စပ်နေစေကာမူ ထိုသို့ဆက်စပ်နေသော စီးပွားရေး၊ ဘဏ္ဌာရေး၊ နိုင်ငံရေးနှင့် အခြားလောကီရေးဆောင်ရွက်မှုတို့ကို အထက်ပါအခွင့်အရေးတွေ မပါဝင်စေရ။
-၇၅- ( ၃ ) ထိုသို့လွတ်လပ်သောအခွင့်အရေးများကို ပေးထားသော်လည်း ပြည်သူ့ အကျိုးကိစ္စ၊ ပြုပြင်ရေးကိစ္စ တို့အတွက် နိုင်ငံတော်၏ဥပဒေပြုခြင်းကို မတားမြစ်ရ။
-၇၆- ( ၄ ) ဗုဒ္ခဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသ နှင့် ပြည့်စုံသည့် ဘာသာ၊ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။
-၇၇- ( ၅ ) နိုင်ငံတော်သည် အစ္စလမ် ဘာသာသာသနာ၊ ခရစ်ယာန် ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသောကိုးကွယ်ရာ ဘာသာသာသနာများဟူ၍ အသိအမှတ်ပြုသည်။
-၇၈- ( ၆ ) နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို နိုင်ငံတော်က တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။
-၇၉- ( ၇ ) နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့အပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတို့ ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူများအတွက် အပြစ်ဒဏ် ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်ဟု အခြေခံမူများချမှတ်ပါတယ်။
ဘာသာ၊ သာသနာရေးနှင့်စပ်လျဉ်း၍ ခရစ်ယာန် အများစုဖြစ်သော ကချင်တောင်တန်း၊ ချင်းတောင်တန်း၊ ကယားပြည်နယ်၊ ကရင်ဒေသ တို့တွင် လွတ်လပ်စွာကိုးကွယ်ခွင့်ပေးရမည်။ ဗုဒ္ခဘာသာကို အသုံးချပြီး အခြားသော ဘာသာများအပေါ် မဖိနှိပ်ရ၊ လက်တွေ့အနေဖြင့် ခရစ်ယာန် အများစုဖြစ်သော တိုင်းရင်းသားဒေသများတွင် ဘာသာရေးနှိပ်ကွပ်မှုများကို သင်ခန်းစာယူ၍ ကာကွယ်တားဆီးရမည်။
( မ ) စီးပွားရေးနှင့်စပ်လျဉ်းပြီး - -
-၈၀- ( ၁ ) နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက် စီးပွားရေးစနစ် ဖြစ်သည်။
အခြေခံမူ (၈၀) အရ ဈေးကွက်စီးပွားရေးစနစ်ဆိုရာ၌ အာမခံချက်ရှိသော ဈေးကွက်စနစ်ကို ပြဌာန်းပေးနိုင်ရမည်။ သစ်သားပြားပေါ်တွင် ဆေးသုတ်ပြီး `တပ်ပိုင်မြေ´ ဟုရေးသားကာ ပြည်သူ့အိုးအိမ်၊ ခြံ မြေ ၊ လယ်ယာမြေများပေါ်တွင် စိုက်ထူ၍ ပြန်လည်ရောင်းစားသော `ခေတ်သစ်စစ်တပ် စီးပွားရေးစနစ်´ ကိုကာကွယ်ပြဌာန်း ပေးနိုင်ရမည်။
-၈၁- ( ၂ ) နိုင်ငံတော်သည် အမျိုးသား စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမ၀ါယမအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေးအင်အားစုအားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်။
-၈၂- ( ၃ ) နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။
အခြေခံမူ (၈၂) အရ အပြောထက်အလုပ်ကသာ ပဓါနကျပါတယ်။ လက်တွေ့အားဖြင့် ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် တိုင်းပြည်စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားသောကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့်အပြင် အာဏာပိုင်လူတချို့ နှင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများသာ ခံစားနေရသောကြောင့် သင်ခန်းစာယူ၍ ကာကွယ်တားဆီးရမည်။
-၈၃- ( ၄ ) နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်းမြှင့်ရေးနှင့် အထွေထွေအရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရူဆောင်ရွက်မည်။
-၈၄- ( ၅ ) နိုင်ငံတော်သည် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီမည်။
-၈၅- ( ၆ ) နိုင်ငံတော်သည် စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု။
-၈၆- ( ၇ ) နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၈၆) အရ တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ဆိုသည့်အစား အာမခံချက်ရှိအောင် ရွှေစဘော်တင်၍ ထုတ်လုပ်သော ငွေကြေးသာဖြစ်ရမည်။ သို့မှသာ ငွေကြေးတန်ဖိုးသည် တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိမည်။