ဤသို့သော အချက်များကြောင့် ရွေးကောက်ပွဲ ဝင်သင့်ပါတယ်ဟု .....
ဒါပေမယ့် အခု နောက်ထပ် ပြောလာတဲ့ စကားအချို့ရှိလာနေပါသေးတယ်။
အဲဒီပြောတာတွေထဲက ပထမ အချက်ကတော့ ....
နအဖရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုရင် သူတို့ရဲ့ ရွေးကောက်ပွဲ ဥပဒေများအရ ပြည်သူလူထုရဲ့ ၅၁ % မဲလာမပေးအောင် ဆန့်ကျင် တိုက်ပွဲဝင်နိုင်မယ်ဆိုရင် သပိတ်မှောက်တာ အောင်မြင်နိုင်မယ်။ ရွေးကောက်ပွဲ ပျက်မယ်ပေါ့။
ဒါပေမယ့် ဒီလို အောင်မြင်အောင် တိုက်ပွဲဝင်နိုင်ဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ ဒီလို မဖြစ်နိုင်တဲ့အခါ ကိုယ့်လူတွေက ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင် နအဖရဲ့ လူတွေပဲ ပါလာတဲ့အခါ ရွေးကောက်ပွဲဥပဒေအရ ပြိုင်ဘက်မရှိရင် အဲဒီဒေသရဲ့ နအဖလူကို မဲပေးစရာ မလိုဘဲ သူ့အလိုလို ရွေးချယ်ပြီးသွားဖြစ်သွားလိမ့်မယ်။ လူထုကလဲ ပြိုင်ဘက်မရှိတဲ့ အဲဒီ နအဖ လူတွေကိုပဲ ပေးရတော့မယ်။ အဲလိုဆိုရင် ကိုယ့်ဘက်က ဆုံးရှုံးမှု ဖြစ်သွားမယ်။ ပါလီမန်မှာ နအဖ လူတွေပဲ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ဘက်က လူတွေ ဝင်ပြိုင်သင့်ပါတယ်တဲ့။
နောက် ဒုတိယ အချက်မှာတော့ .....
၁၉၉၀ ရွေးကောက်ပွဲကြောင့် NLD ကို လူထုက ရွေးချယ်ခဲ့တယ်။ SNLD လိုတိုင်းရင်းသားပါတီများ၊ အခြားသောပါတီများနှင့် ခေါင်းဆောင်များကို လူထုက မဲပေးပြီး ရွေးချယ်ခဲ့တယ်။ ဒါကြောင့် အခု ရွေးကောက်ပွဲကို အသုံးပြုပြီး လူထုခေါင်းဆောင်တွေကို ရွေးသင့်ပါတယ်ဆိုတာမျိုး။
နောက်ဆုံး တတိယ အချက်မှာတော့ ......
ရွေးကောက်ပွဲ မလုပ်ဘဲ နအဖက ဒီအတိုင်း ဆက်သွားရင် ဒီမိုကရေစီ ရနိုင်မလား၊ မရနိုင်ဘူးလား။ .... တကယ်လို့ ရွေးကောက်ပွဲနဲ့ ပထမ တကြိမ်မှာ ဒီမိုကရေစီ မရနိုင်သေးရင်တောင်မှ ရွေးကောက်ပွဲတွေ ၅ နှစ်တခါ လုပ်ပြီး လူထုက ရွေးသွားတဲ့ အခါမှာ ဒီမိုကရေစီကို သွားနိုင်ပါတယ်တဲ့။
ကဲ .... ဟုတ်ပါ့မလား မောင်ကာဠုရယ် လို့ ကျွန်တော့် အဘိုး ငယ်ငယ်က ပြောဖူးတဲ့ ဇာတ်ပွဲထဲက လေသံပုံစံနဲ့ မေးလိုက်ချင်ပါတော့တယ်။ (နောက်များမှပဲ အဲဒီလို ပြောခဲ့တာတွေဟာ နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ၂၀၀၈ နာဂစ် အခြေခံဥပဒေတွေနဲ့ပဲ ဘာကြောင့် မဖြစ်နိုင်သလဲဆိုတာ ရေးပါဦးမယ်။)
ကိုထိုက်