Wednesday, 11 July 2007

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက် နှစ်ဆယ်ပင်၊ ပြည့်ခဲ့ပြီ။

သူ သုံးနှစ်သား၊ ဖော်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့် ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့ မူရာကို
ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြ ၀ဲကြ၊ ငရဲထ သို့
အုံကြွ မြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခ သတင်း၊ မိုးကြိုး ခွင်းသို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနည်း ခံခက်
မျက်စိ မျက်နှာ၊ ညှိုးကျရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ် သက်စစ်
သူတို့ခေတ်၌
တိုင်းချစ် ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင် ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏ သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာ ဆုံပေါင်း
ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

ဆရာ ဇော်ဂျီ

Monday, 9 July 2007

အာဇာနည်ကြီးများကို အထူးအလေးထားကာ ဂုဏ်ပြုကြပါစို့ 

(ဇူလိုင် (၁၉) ရက်နေ့ ။ ။ ခေတ်အဆက်ဆက် ပြောင်းခဲ့သော်လည်း၊
ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေသည့် သမိုင်းဝင်နေ့ ထူး ရက်တစ်ရက်)

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊
ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

ဟူ၍ မြန်မာပြည်သူလူထုတစ်ရပ်လုံး ရင်တွင်းဝယ် ကြေကွဲ ၀မ်းနည်းခဲ့ရသည်မှာ နှစ်စဉ်နှစ်တိုင်း မမေ့အပ်သော အာဇာနည်နေ့ ပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွင် ပြည်သူလူထုနှင့် တပ်မတော်အား ဦးဆောင်ကာ၊ တမျိုးသားလုံး လွတ်လပ်ဖို့  ကြိုးပမ်းပေးခဲ့သော ပြည်သူလူထုတစ်ရပ်လုံးနှင့် တပ်မတော်၏ ဖခင် အာဇာနည်ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်သည့် တိုင်းပြည်ခေါင်းဆောင်များအား အာဏာရူးအုပ်စုတစ်စုမှ လက်နက်အားကိုးဖြင့် ၀န်ကြီးများရုံး အစည်းအဝေးခန်းမ အတွင်း ၀င်ရောက်ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့မှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့  ကျဆုံးခဲ့ရကြပါသည်။

ထိုအာဇာနည်ကြီး (၉)ဦး၏ အသက်ဆုံးရှုံးမှုသည် မြန်မာနိုင်ငံသမိုင်းဝယ် ပြည်သူလူထုနှင့်တပ်မတော်သားများ အားလုံးအဖို့  ယူကြုံးမရဖြစ်ကာ အထူးကြေကွဲဝမ်းနည်းခဲ့ရသောနေ့ တစ်နေ့ အဖြစ် သမိုင်း ကဗျည်းတင်ခဲ့ပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးမှုသည် မြန်မာပြည်အနာဂတ်တွင် မိမိနှင့် မိသားစု ကိုယ်ကျိုးသာ ကြည့်သော အာဏာမက်မောသူ အာဏာရူးတို့ အတွက် ပြည်သူနှင့် တပ်မတော်တို့ ၏ မျက်နှာကို မထောက်ပဲ တိုင်းပြည် အာဏာကို မတရားရယူနိုင်စေရန် အခွင့်အလမ်းများ ရရှိစေခဲ့ပေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့ တိုင်းပြည်လွတ်လပ်ရေးအား ကိုယ်ကျိုးစွန့် ပြီး အသက်ကို ပဓာနမထားပဲ၊ စွန့် လွှတ် အနစ်နာခံကာ ကြိုးပမ်းပေးခဲ့သူများအား တိုင်းပြည်၏အမျိုးသားခေါင်းဆောင်များအဖြစ် ထိုက်တန်စွာ ဂုဏ်ပြုလေ့ ရှိကြပေသည်။

မြန်မာနိုင်ငံတွင် ယခင်ကဆိုလျှင် ဇူလိုင်(၁၉)ရက်နေ့ရောက်တိုင်း အာဇာနည်ကြီးများ ကျဆုံးချိန်၌ ဥဩဆွဲခြင်းဖြင့် နိုင်ငံတ၀ှမ်း တိုင်းသူပြည်သားများမှ ငြိမ်သက်စွာအလေးပြုကြခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင်မိန့် ခွန်းများ အား ရေဒီယိုမှထုတ်လွှင့်ခြင်း၊ စာသင်ကျောင်းများနှင့်  မြို့ နယ်ရပ်ကွက်များတွင် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ ရွတ်ဆိုပွဲ၊ စာစီစာကုံးရေးသားမှုပြိုင်ပွဲများ ကျင်းပခြင်းတို့ ကို နှစ်စဉ်မပျက် ပြုလုပ်ခဲ့ကြသော်လည်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီ မှ မတရားအာဏာ သိမ်းပိုက်သည့် အချိန်မှ စတင်ကာ၊ ယခုလက်ရှိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ကောင်စီ ဟု အမည်တပ် ထားသော နအဖသည် ပြည်သူနှင့် တပ်မတော်၏ ဂုဏ်ကျေးဇူးကို မထောက်ပဲ မိမိကိုယ်ကျိုးတခုတည်းကိုသာ ကြည့်လျက် အာဇာနည်နေ့ အား မေ့ပျောက်ရန် ကြိုးပမ်းလျက်ရှိသည်။

တပ်မတော်ကို ခုတုံးလုပ်ကာ ပြည်သူ့ အာဏာကို မတရားလိမ်လည် ရယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုမှာလည်း ၄င်းတို့  ချယ်လှယ်နေလိုက်ချိန်တွင် ကျဆုံးလေပြီးသော အမျိုးသားအာဇာနည်ကြီး များအား အလေးထားဂုဏ်ပြုခြင်းများကို မှန်မှန်ကန်ကန် ပြုလုပ်ရန်ဝေးစွ၊ တပ်မတော်နှင့် ပြည်သူလူထု၏ လွတ်လပ်ရေး သမိုင်းမှန်ကိုလည်းကောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းကိုလည်းကောင်း ဖျောက်ဖျက်ရန် ကြိုးစားးလျက်ရှိပေသည်။

အဆိုပါ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းတွင် လှုပ်ရှားမှုခဲ့မှုများအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အထူးတလည် ဖော်ကျုးခြင်း မရှိသည့်အပြင်၊ မူလကတည်းက တည်ရှိနေခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး များ၏ ပုံရိပ်လွှာများအား တဖြည်းဖြည်းချင်း ပျောက်ကွယ်စေရန် လုပ်ဆောင်လျက် ရှိပေသည်။

အာဇာနည်ကြီးများ၏ ရုပ်ကလာပ်တည်ရှိရာ အာဇာနည်ကုန်းဗိမာန်တွင် ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများ
ဖြစ်ကြသည့် သမ္မတ၊ ၀န်ကြီးချူပ်၊ ၀န်ကြီးများသည် အာဇာနည်နေ့ ရောက်တိုင်း နိုင်ငံတော်အခမ်းအနားဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဂုဏ်ပြု ဦးညွတ်လေ့ရှိခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပြည်သူနှင့် တပ်မတော်၏ ခေါင်းဆောင်ကြီးများအား ဟန်ဆောင်ဂုဏ်ပြု ရန်အတွက် သာမန်လက်အောက်ငယ်သား ၀န်ကြီးအဆင့်မျှကိုသာ စေလွှတ်ကာ ၀တ်ကျေတန်းကျေ ဆောင်ရွက်မှုသာ ပြုလုပ်လျက်ရှိနေပေသည်။ ၄င်းကိုယ်တိုင် သွားရောက်အလေးပြု ဂါရ၀ပေးခြင်းမရှိပေ။

တိုင်းသူပြည်သားများမှ ကျဆုံးလေပြီးသော အာဇာနည်ကြီးများအား သွားရောက်အလေးထားဂုဏ်ပြုရန်အတွက် အာဇာနည်ကြီးမျာ၏ ရုပ်ကလပ်ရှိရာ အာဇာနည်ဂူဗိမာန်သို့ လွတ်လပ်စွာသွားရောက်ခွင့်ကို နအဖမှ ချုပ်ချယ် တားမြစ်ထားခြင်းမှာလည်း၊ လက်ရှိတိုင်းပြည်အာဏာကို တရားမ၀င်ရယူထားသော မိမိကိုယ်ကျိုးတခုတည်းသာ ကြည့်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျဆုံးလေပြီးသော ပြည်သူနှင့် တပ်မတော်၏ ခေါင်းဆောင် အာဇာနည်ကြီးများအပေါ် မထေမဲ့မြင်ပြုလုပ်ချက် ဖြစ်ရုံသာမက၊ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် အသက်စွန့် လွှတ်ခဲ့ကြသော အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကိုလည်း စော်ကားရာလည်း ရောက်ပါသည်။

ယခုအခါတွင် နောင်လာနောက်သား မျိုးဆက်သစ်များမှာ ကျဆုံးသွားသော အာဇာနည်ကြီး (၉)ဦးအကြောင်းအား သိရှိရန်ဝေးစွ၊ မြန်မာ့တပ်မတော် စတင်ထူထောင်ခဲ့သူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပင်လျှင် သေချာစွာမသိရှိကြတော့သော အခြေအနေသို့ ရောက်ရှိလာသည်ကို ရင်နင့်ဖွယ် တွေ့ ရှိရပါသည်။

သို့ ဖြစ်ပါ၍ တပ်မတော်နှင့်ပြည်သူတို့ ၏ ဖခင် အာဇာနည်ခေါင်းဆောင်ကြီး များအား အထူးလေးစားဂုဏ်ပြုသော အားဖြင့်၎င်း ၊ တိုင်းပြည်လွတ်လပ်ရေး အတွက် ကြိုးပမ်းပေးခဲ့ကြသော အာဇာနည်ကြီးများ၏ ကျေးဇူးကို သတိရ အောင့်မေ့သောအားဖြင့်၎င်း၊၊

၁။ မကြာခင်ကျရောက်မည့် အာဇာနည်နေ့  ဇူလိုင်လ (၁၉)ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီတွင် မိမိတို့  ရောက်ရှိရာဒေသ၌ ငြိမ်သက်စွာ အလေးပြုကြပါရန်၊

၂။ လာမည့် ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့ တွင် အဖြူရောင် အင်္ကျီများဝတ်ဆင်ပြီး၊ ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် အနက်ရောင်ဖဲပြားများ ရင်ဘတ်တွင် ထိုးခြင်း ပြုလုပ်ကြပါရန်၊

၃။ ဤအာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ကြီးများအား ရည်ရွယ်ပြီး ဘာသာရေးဆိုင်ရာ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ကြပါရန်၊

၎။ အများပြည်သူ မြင်သာသောနေရာများနှင့် မိမိတို့ မော်တော်ယာဉ်များတွင် အာဇာနည်ကြီးများ၏ ဓါတ်ပုံများနှင့် ၀မ်းးနည်းခြင်းအထိမ်းအမှတ် ပန်းစည်းလေးများ ချိတ်ဆွဲခြင်း ပြုလုပ်ကြပါရန်။

၅။ တပ်မတော်နှင့် ပြည်သူလူထုခေါင်းဆောင်အာဇာနည်ကြီးများ၏ မော်ကွန်းဝင် သမိုင်းကို ဖုံးကွယ် ဖျောက်ဖျက်ခြင်း ပြုလုပ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုအား ကန့် ကွက် သောအားဖြင့် (ပြည်သူ့  ငွေကြေး များဖြင့် အလွဲသုံးစားလုပ်ကာ ပိုင်ဆိုင်လျက်ရှိသော) ၄င်းတို့ ၏ စားသောက်ဆိုင်များ လုပ်ငန်းများအား အာဇာနည်နေ့ မှ စတင်ကာ လုံးဝအားပေးခြင်း မပြုလုပ်ကြဘဲ ဆန့် ကျင်သပိတ်မှောက် ကြပါရန်၊

အမျိုးသားရေး စိတ်ဓါတ် အပြည့်ဖြင့် မိမိတို့ ၏ဆန္ဒများအား ထုတ်ဖေါ် ပြသကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။


ပြည်တွင်းပြည်ပ မြန်မာလူငယ်များ

Sunday, 8 July 2007

ကိုမင်းကိုနိုင်ရဲ့ ညီလာခံအပေါ် သဘောထား မေးမြန်းချက်

ညောင်နှစ်ပင် ညီလာခံနဲ့ ပက်သက်တဲ့ သတင်း အင်တာဗျူးတွေထဲမှာ ကိုမင်းကိုနိုင်ပြောသွားခဲ့တဲ့ မှတ်သားလောက်စရာ သဘောထားနဲ့ ရပ်တည်ချက်တွေကို အောက်မှာ တွေ့နိုင်ပါတယ်။ နားထောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

Get this widget | Share | Track details

Saturday, 7 July 2007

ပြည်တွင်းပြည်ပ မြန်မာလူငယ်များ၏ ကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်း


သို့

ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား

၆ ၊ ၇ ၊ ၂၀၀၇

ညောင်နှစ်ပင်ညီလာခံကို နောက်ဆုံးအကြိမ်အဖြစ် လာမည့် ၁၈ ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ၄င်းညီလာခံတွင် ချမှတ်ပြီးခဲ့သော အသေးစိတ် အခြေခံမူများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ လုပ်သွားမည်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခဲ့ပါသည်။

၁၄နှစ်တာ ကမ္ဘာ့အချိန်အကြာမြင့်ဆုံး စိတ်ကြိုက်ရေးဆွဲခဲ့သော်လည်း အမှားမကင်းသေးဘဲ ပြင်ဆင်၊
ဖြည့်စွက်၊ ပယ်ဖျက်ရမှာတွေ ထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်စားလှယ်တော်ကြီးများက
အချိန် ကြာမြင့်စွာ ဆွေးနွေးအတည်ပြုခဲ့သည့် အချက်များအတွက် စဉ်းစားစရာများ ဖြစ်ပေါ်လာသလို အာမခံချက် မရှိသေးကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။ ၄င်းဖွဲ့စည်းပုံကို အတည်ပြုပြီးနောက် ၁၀နှစ် အတွင်း ပြင်ဆင်ခြင်းမပြုရဟု ထည့်သွင်းထားခြင်းမှာ မှန်ကန်မှုရှိပါမည်လား ဟု မေးခွန်းထုတ်စရာ ဖြစ်လာပြီး၊ ဤကန့်သတ်ချက်ကြောင့် ပေါ်ပေါက်လာမည့် မလိုလားအပ်သော အကျိုးဆက်များကိုလည်း မည်သူက တာဝန်ခံပါမည်နည်းဟု ထပ်မံ၍ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

ဤသို့သော အမှားများကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ပြည်သူများက အပြုသဘောဖြင့်လည်း ဝေဖန်ထောက်ပြခြင်း မပြုရဟု ဥပဒေထုတ်၍ တားမြစ်ထားသော်လည်း ယခုကိုယ်စားလှယ်တော်ကြီးများက ပြုလုပ်ထားရစ်ခဲ့မည့် ကိစ္စများ၏ အကောင်း အဆိုး အကျိုးဆက်များကို အမွေအဖြစ် စံစား၊ ခံစားရမည်မှာ ကျွန်ုပ်တို့ လူငယ်များပင် ဖြစ်ပါ၍ ဖွဲ့စည်းပုံတွင် ထည့်သွင်းသင့်သည့် ( သို့မဟုတ်) ထည့်သွင်းရန်မလိုအပ်သည့် အချက်များကို အချိန်မလွန်ခင် ကိုယ်စားလှယ်တော်ကြီးများအား ဝေဖန် ထောက်ပြလိုက်ရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများတွင် ပြဿနာများစွာ ရှိနေပါသည်။ ထိုပြဿနာများ အဘယ့်ကြောင့်ဖြစ်ရသည်ကို သေချာစွာ ဆန်းစစ်ကြည့်ပါလျှင် ကိုယ်ကျင့်စာရိတ္တပျက်ယွင်းခြင်းက အခြေခံအကြောင်းရင်း ဖြစ်နေသည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများ၌ ပြဿနာ ပေါ်ပေါက်မှု နည်းနိုင်သမျှနည်းပါးစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သေချာစီစစ် ရေးဆွဲ ရပါသည်။ ထိုကဲ့သို့ ရေးဆွဲရာတွင် ရွေးကောက်ပွဲမှ အနိုင်ရ၍ တာဝန်ထမ်းဆောင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များတွင် အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားခဲ့သူများ မပါဝင်လာစေရန် လည်းကောင်း၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အာဏာအလွဲသုံးစား လုပ်ပြီး အကျင့်ပျက်
ခြစားသူများ ဖြစ်မသွားစေရန်လည်းကောင်း၊ အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားသူများ ဖြစ်သွားလျှင်လည်း ချက်ခြင်းသိရှိကာ အရေးယူ အပြစ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးမျိုးသော ထိန်းချုပ်ကန့်သတ်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သေသေချာချာ တွက်ချက်ပြီး ထည့်သွင်း ရေးဆွဲကြ ပါသည်။

ယခု ၁၄နှစ်တာ အချိန်ယူရေးဆွဲနေသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အနိုင်ရ ကိုယ်စားလှယ်များ တာဝန်မထမ်းဆောင်မီနှင့် တာဝန်ထမ်းဆောင်ပြီး ကာလတို့တွင် ၄င်းတို့ မိသားစုများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးစာရင်းပြုစု၍ တိုင်းပြည်ကို ကြေငြာခြင်းများ၊ တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် စာနယ်ဇင်းနှင့်
သတင်း မီဒီယာများ၊ အစိုးရ၏ လာဘ်စား အကျင့်ပျက်မှုများအား စောင့်ကြည့်သည့် အစိုးရမဟုတ်သော
လွတ်လပ်သည့် အဖွဲ့အစည်းများ စသည်တို့၏ စောင့်ကြည့်ဖေါ်ထုတ်မှုကို ခွင့်ပြုခြင်းများ၊ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံ မဖြစ်စေရန် တွက်ချက်ကန့်သတ်ခြင်းတို့ကို ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါသည်။

ဤကဲ့သို့ ထိန်းချုပ်ကန့်သတ်ထားသည့် ဥပဒေအချက်အလက်များကို ထည့်သွင်း ရေးဆွဲထားခြင်း မရှိ၍ နောင်တချိန်တွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတို မိသားစု၊ ဖိလစ်ပိုင်သမ္မတ မားကို့စ်၊ မြန်မာဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ယခုနောက်ဆုံး ထိုင်းဝန်ကြီးချုပ် သက်ဆင် တို့ကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်လာ
ပါက ပြည်သူများအလွန်ကို နစ်နာဆုံးရှုံးရပါလိမ့်မည်။

ဦးနေ၀င်းနဲ့ သူ့ရဲ့ မဆလပါတီကြောင့် တိုင်းပြည်ကမောက်ကမဖြစ်ရသည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောခဲ့သောစကားက သက်သေခံနေပါသည်။

ယခု ညောင်နှစ်ပင်ညီလာခံ မပြီးသေးသောကာလမှာပင် အဖွဲ့သားအားလုံးပိုင် လက်ကိုင်ဖုန်း ၁၀လုံးကို တစ်ဦးတည်းပိုင်အဖြစ် ရောင်းစားသောသူ၊ ငွေအရှုပ်အရှင်း အမှုဖြင့် ထောင်ဒဏ် နှစ်ကြိမ် ကျခံထားရသောသူ စသည်တို့က နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်မည် ဖြစ်လာ နေကြပါသည်။

ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အဖွဲ့က ငွေလိုချင်သောအခါ ကုန်သည်စီးပွားရေးသမားများကို ခေါ်ယူ၍ ကုလားထိုင်ပေါ်ထိုင်ခိုင်းပြီး အာဏာအလွဲသုံးစားပြု၍ ငွေတောင်းခဲ့သည်များကိုလည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို တာဝန်ခံထားသည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်းပင်လျှင် ဆယ်စုနှစ်တစ်ခု ကြာသည့်တိုင်အောင် မသိရှိခဲ့ရပေ။ သိရှိသောအခါတွင် အာဏာလျှော့ယူရန် ငြင်းဆန်၍ အမိန့်မနာခံသည် အထိ ဖြစ်ခဲ့ရသည့် သာဓကများရှိပါသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် အတွင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြောင်း ပေါ်ပေါက်လာပါက ကျူးလွန်သည့် ပြစ်မှုပေါ်အခြေခံ၍ ထိုက်သင့်သော အပြစ်ဒဏ် (အမြင့်ဆုံးအဆင့် သေဒဏ်အထိ ) ကျခံရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲပါရန် တောင်းဆိုအပ်ပါသည်။

အကယ်၍ အောက်ပါအချက်များ ဖြစ်ပေါ်လာလျှင် မည်သို့ဖြေရှင်းရမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားပါရန်ကိုလည်း အလေးအနက်တောင်းဆိုအပ်ပါသည်။

ဖွဲ့စည်းပုံမှအပ်နှင်းထားသော များလှသည့်လုပ်ပိုင်ခွင့်အာဏာများဖြင့် ကာကွယ်ရေးဦးစီးချုပ်သည်
ပြည်သူ့လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင်


- မိမိသမီး၏မင်္ဂလာဆောင်တွင် စိန် လက်ဖွဲ့ပေးမည့်သူများကို လာဘ်ယူ၍ ရွေးချယ်ခြင်း၊

- ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးကို လာဘ်ပေး၍ အရည်အချင်းရှိကြောင်း ထောက်ခံစာ ယူထား
သူများကို ရွေးချယ်ခြင်း၊

- ပါရဂူဘွဲ့ယူပြီးရင် ရိုးရိုးဘွဲ့ ဆက်တက်နိုင်အောင် ကြိုးစားကြဆိုသော အရည်အချင်း မရှိသော၊ ဆင်းရဲမွဲတေ
နေတဲ့သူတွေသာ ကျောင်းဆရာ လုပ်စားကြတာလို့ နှိမ်ချစော်ကားစွာပြောတတ်၍ လူ့ယဉ်ကျေးမှု နားမလည်
သော၊ ယခုခေတ်ကာလတွင် မိသားစုတစ်စု တစ်လ ၅၀၀၀ကျပ်နဲ့ ထမင်းစားလို့ ရသည်ဟု လိမ်လည်ပြော
တတ်သော လူစားမျိုးများကို ပညာရေးဝန်ကြီးများအဖြစ်ခန့်ထားသကဲ့သို့ ကိုယ်စားလှယ်များကိုရွေးချယ်ခြင်း၊

- မိမိသမီး စီးလာသော လိုင်စင်မဲ့ကားကို တာဝန်နှင့် ဥပဒေအရ တားဆီးစစ်ဆေးသော ယာဉ်ထိန်းရဲကို
အလုပ်မှ ဖြုတ်ပစ်ခြင်း၊

- ကာကွယ်ရေးဦးစီးချုပ်၏ သမီးများက ပုဂံနှင့် မန္တလေးတို့တွင် ဈေးသည်များထံမှပစ္စည်းများကို ငွေမရှင်းပဲ
လုယက်ယူငင်ခြင်း၊

- နိုင်ငံ့လက်ရွေးစင်များပင်လျှင် ၀န်ကြီးထံ ခွင့်တောင်းပြီးမှ သုံးခွင့်ရသော နိုင်ငံပိုင် အားကစားကွင်းကို မိမိ၏ မြေးကို အပျော်ကစားစေခြင်း၊

- အခြေခံဝန်ထမ်းများ ထမင်းမစား၊ အ၀တ်မ၀တ်ဘဲ စုဆောင်းလျှင်ပင် နှစ်ပေါင်း သုံး လေးရာ စုရမည့် ငွေပမာဏကို မိမိ၏မြေး မွေးနေ့ တစ်ရက်စာအတွက် သုံးစွဲနိုင်ခြင်း၊

- မိမိလစာ၏ နှစ်ပေါင်း ၆၀၊ ၇၀ စာကို ရွှေတိဂုံဘုရား၊ ဗုဒ္ဓဂါယာတို့၌ လှူဒါန်းနေနိုင်ခြင်း၊

- တပ်မတော်ခေတ်မီရေး စီမံကိန်းများအတွက် လက်နက်ဝယ်ယူရာတွင် အမှန်တကယ် ၀ယ်ယူသင့်သည်ကို မ၀ယ်ယူဘဲ မိမိ၏သားမက် ပွဲခရသော ကုမ္ပဏီမှ ၀ယ်ယူခြင်း၊

- စနစ်တကျ လေ့ကျင့်ထားပြီး တာဝန်ထမ်းဆောင်နိုင်သူများရှိပါလျှက် အသက် ၆၀ ပြည့်ပြီးသော်လည်း ရာထူးမှ အနားမယူဘဲ အာဏာအလွဲသုံးစားလုပ်၍ သူတစ်ပါးရရှိမည့် ရာထူးအာဏာကို ဖြတ်လမ်းမှရယူခြင်း၊

- ပြည်ထဲရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို မိမိ၏ လက်ကိုင်ဒုတ်အဖြစ် အသုံးချကာ မိမိသမီး၏ မင်္ဂလာဆောင်အခွေ ကြည့်မိသူများကို နိုင်ငံတော်အကြီးအကဲကို အကြည်ညိုပျက်အောင် လုပ်မှုဖြင့် ဖမ်းဆီး ထောင်ချခြင်း၊

- ဗုဒ္ဓဘာသာကို အလွန်ညစ်ညမ်းစွာ ပျက်လုံးထုတ်ထားသော အငြိမ့်ခွေများကို ထုတ်လုပ်ဖြန့်ချီခွင့်ပေးထား
၍၊ ဗုဒ္ဓကို အကြည်ညိုပျက်အောင် လုပ်ကိုင်ခွင့်ပြုထားခြင်း၊

- မင်းကျင့်တရား ၁၀ ပါး တရားတော်ကို ဟောကြားခွင့်ပိတ်ပင်ခြင်းဖြင့် ထေရဗုဒ္ဓ သာသနာကို ရည်ရွယ်
ချက်ရှိရှိ အကွက်ချ၍ ဖျောက်ဖျက်ခြင်း၊

- နိုင်ငံတော်အကြီးအကဲကာကွယ်ရေးဦးစီးချုပ်က ဗုဒ္ဓထက် မြတ်သည် ဟု ပြည်သူများလက်ခံလာစေရန် အစီအစဉ်ရှိရှိ အကွက်ချလုပ်ဆောင်ခြင်း၊

- တပ်မတော်အတွင်းမှ ဥပဒေကျူးလွန်သူများကို နောက်ဆုံးအတည်ပြုအမိန့်ချမှတ်၍ အပြစ်ပေးနိုင်သော ကာကွယ်ရေးဦးစီးချုပ်သည် သူနှင့်သူ၏မိသားစုများ အထက်ပါအတိုင်းကျူးလွန်ခဲ့သော ပြစ်မှု ရာဇ၀တ်မှုများကို မိမိကိုယ်ကို မှန်ထဲကြည့်၍ အမှုမှကွင်းလုံးကျွတ်လွတ်စေဟု ဆုံးဖြတ်ခြင်း၊

- အခြားသောသူများကိုလည်း ကျူးလွန်ထားသည့် အမှုချင်း၊ အပြစ်ဒဏ်ချင်းတူသော်လည်း တစ်ဦးကို ဌာနပြောင်းပေး၊ တစ်ဦးကို အငြိမ်းစားပေး၊ တစ်ဦးကို ထောင်ထဲပို့၊ တစ်ဦးကို နိုင်ငံတော်စရိတ်ဖြင့် ထမင်းကျွေး ထားခြင်းများ ပြုလုပ်၍ ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း စသည့် အာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်
ကျင့်စာရိတ္တပျက်ပြားနေခြင်းတို့ ဖြစ်ပါသည်။

ဤသို့ မလိုလားအပ်သည့် ပြဿနာများ တိုင်းပြည်အတွင်း မဖြစ်ပေါ်စေရန် အတွက် မည်သူတစ်ဦး
တစ်ယောက်ကမှ တာဝန်ခံနိုင်မည် မဟုတ်ပါ။ အဘက်ဘက်က သေသေချာချာ တွက်ချက်၍ စစ်မှန်သည့်
ပြည်သူ့ကိုယ်စားလှယ်များက ၀ိုင်းဝန်းရေးသား ပြဌာန်းထားသော တိကျခိုင်မာသည့် ဥပဒေကသာ ပြည်သူ
များအပေါ် အာမခံချက် အပြည့်အ၀ဖြင့် တာဝန်ခံနိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ညီလာခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ညီလာခံမှ ထွက်ပေါ်လာမည့် အခြေခံ
ဥပဒေအား တိုင်းပြည်နှင့် နိုင်ငံသားတို့၏အကျိုးကို ရှေးရှု၍ အထက်ပါ အချက်အလက်များကို သေချာစဉ်းစားကာ အစိုးရ၀န်ထမ်း အကြီးအကဲများ၏ ကိုယ်ကျင့်တရားဆိုင်ရာ ထိမ်းသိမ်းသည့် ဥပဒေ အချက်အလက်များကို ထည့်သွင်း ရေးဆွဲနိုင်ရန် တင်ပြ တောင်းဆိုလိုက်ပါသည်။



ပြည်တွင်းပြည်ပမြန်မာလူငယ်များ

၇ ဂျူလိုင်

သူငယ်ချင်း တစ်ယောက် ရေးထားတဲ့ ၇ ဂျူလိုင် ကဗျာလေးတစ်ပုဒ်ကို အားလုံးနဲ့ အတူ မျှဝေ ခံစားနိုင်ဖို့နဲ့ ဒီနေ့ ၇ ဂျူလိုင်မှာ ကျဆုံးသွားခဲ့တဲ့ ရဲစွမ်းသတ္တိ အပြည့်နဲ့ ကျောင်းသားရဲဘော် အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။

ကိုထိုက်


အာဇာနည်အစွမ်း အံ့မခမ်းလျှက်။


သမဂ္ဂစိတ်၏ မွန်မြတ်စွမ်းရည်


သမဂ္ဂ အုတ်မြစ် မြေလှန်ပစ်လည်း

သမဂ္ဂ သန္ဓေ ရင်ဝယ်တည်ဆဲ ကိန်းနေမြဲ၏ ။

သမဂ္ဂ အမည် ဖျောက်ဖို့ရည်လည်း

သမဂ္ဂ စွမ်းအား ပြည့်တခွင်လုံး လွှမ်းလှို့ထား၏ ။

သမဂ္ဂ၏ သွေးစွန်းမြေကို ဖုံး ကာနေလည်း

ရဲစွေ့နီစွ သမဂ္ဂ၏ သွေးမြေဆီမှ ၀ိဥာဉ်တွေက

ရုန်းကန်ထကြွ နိုးနေကြကာ

ခွပ်ဒေါင်း အားမာန် ဖော်ကျုးဆောင်ပြ ရှိနေကြ၏ ။

သမဂ္ဂစိတ် တုံးခတ်ပိတ်ရန် ရည်ရွယ် ကြံလည်း

သမဂ္ဂ၏ ရဲရင့်မှန်လှ ဒေါင်းပျိုစိတ်က

မဟုတ် မခံ တုန့်ပြန်မြန်စွ

သမိုင်းအစဉ် ကောင်းစေ ဆန္ဒ ရှိနေကြ၏ ။

သမဂ္ဂ၀င် ကျောင်းသားတို့အား ဖိနှိပ်ထားလည်း

သမဂ္ဂ၏ ကျောင်းသူ၊ကျောင်းသား မောင်၊နှမ များက

တိုင်းပြည် လှရန် ကောင်းဖို့ရန်တွက်

အသက်ဘေးရန် မမှု ပြန်ကြ ၊

ကြောက်ခြင်းတရား ခ၀ါ ချ၍

တိုင်းပြည် ဖျက်ထား သကောင့်သား နှင့် စနစ်ဆိုးအား

တွန်းလှန်ရစ်ကြ ခေတ်အဆက်ဆက်မှသည်

ယနေ့ထိတိုင် ရှိနေကြ၏ ။

သမဂ္ဂ ပရ၀ုဏ်တ၀ိုက် ပြောင်းလဲလိုက်လည်း

သမဂ္ဂ၏ ခိုင်မြဲပုံရိပ် ထင်ဟပ်ရစ်နေ

ကမ္ဘာတည် တိုင်အောင် ရှိ၍ နေမြဲ ရှိနေမြဲ အံ့ ။

(၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ရှိ သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အအုံ အတွင်း နှင့် ကျောင်းပရ၀ုဏ်ထဲတွင် ကျဆုံးသွားကြသော ကျောင်းသူ၊ကျောင်းသား ကြီးများနှင့်တကွ ၊ မြန်မာပြည်လွတ်မြောက်ရေးသမိုင်းစဉ်တလျှောက်နှင့် ယနေ့ခေတ် အချိန်ကာလတလျှောက် မိမိတို့၏ အသက်နှင့်ဘ၀တို့ကို မွန်မြတ်သောစိတ်ထားဖြင့် ပေးလှူရစ်ခဲ့ကြကုန်သော သူရဲကောင်း အာဇာနည် အပေါင်းအား လေးမြတ်စွာ ဂုဏ်ပြု ဦးညွှတ်လျှက်)

အေးမြဇင် ၆၊၇၊၂၀၀၇

Friday, 6 July 2007

ဗိုလ်ချုပ်အောင်ဆန်း

အင်္ဂလိပ်လက်အောက်တွင် အင်္ဂလန်မှ bar-at-law ဘွဲ့ရပြီး နယ်ချဲ့ လက်အောက်တွင် အစိုးရ၀န်ထမ်း ၀င်မလုပ်ဘဲ၊ လွတ်လပ်ပြီးခေတ်ဖဆပလ လက်ထက်ရောက်မှ တရားသူကြီးချုပ် အထိ တာဝန်ထမ်းဆောင်ခဲ့သူ၊ ဗိုလ်ချုပ်တို့အား လုပ်ကြံမှုဖြင့် ဦးစောတို့အား အထူးခုံရုံးတွင် စစ်ဆေးခဲ့စဉ်က သဘာပတိ အဖြစ်တာဝန်ထမ်းခဲ့သူ တရားသူကြီးချုပ် ဦးကျော်မြင့်က သူ့ထက် ငယ်သော၊ တူအရွယ်မျှရှိသော ဗိုလ်ချုပ်အောင်ဆန်းအား လေးလေးစားစား ဆက်ဆံခဲ့ရုံမျှမက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပက်သတ်သော မှတ်ချက်ကို ဤသို့ ချမှတ်ခဲ့ဖူးပါတယ်။ သူက ဗိုလ်ချုပ် အိမ်မှာ ဗိုလ်ချုပ်နှင့် စကား အတန်ကြာပြောပြီး အပြန်မှာ ဗိုလ်ချုပ်ရဲ့ ပီအေ(တက္ကသိုလ် နေ၀င်း)ကို ပြောခဲ့တာက .......
`ဗိုလ်ချုပ်က တကယ် ရှာမှရှား ပုဂ္ဂိုလ် တစ်ဦးဖြစ်တာ အမှန်ပဲ၊ သည်လိုခေါင်းဆောင်မျိုးဟာ သမိုင်းတစ်ခေတ်မှာ ထွက်ပေါ်ခဲတယ်။ နှစ်ပေါင်း နှစ်ရာ သုံးရာ မှာတောင် ထွက်ပေါ်လာဖို့ မလွယ်ဘူး၊ ကမ္ဘာ့ သမိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလို ထူးချွန်တဲ့ ခေါင်းဆောင်မျိုးဟာနှစ်ပေါင်း ငါးရာ တစ်ထောင်မှာမှ ရှားရှားပါးပါး တစ်ယောက်တစ်လေ ပေါ်ထွက်တတ်တယ်။ အခု သူကိုယ်တိုင် နှစ်နာရီနီးပါး ပြောသွားတာတွေ ကြားရတော့ ကျုပ်ဖြင့် သူ့ကို ပိုပြီး လေးစား အထင်ကြီးသွားမိတယ်။ ဒီးဒုတ် ဦးဘချို၊ ဟင်္သတ ဦးမြ၊ သခင်မြ တို့လို လူကြီးတွေကတောင် လူငယ် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှုကို လက်ခံကြတာဟာ ဘာကြောင့်ဆိုတာလဲ အခု ကျုပ် နားလည် သဘောပေါက်မိပြီ။ ဗိုလ်ချုပ်ဟာ သူ့အသက်အရွယ်နဲ့ မလိုက်အောင် အတွေးအခေါ် အမြော်အမြင် ကြီးမားထက်မြတ်သူဖြစ်တယ်။ သူရဲ့ ဦးနှောက်ထဲမှာ ကိုယ်ကျိုးစီးပွားအတွက် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကူးမျိုး လုံးဝမရှိဘူး။ သူဟာ ရည်မှန်းချက် တစ်ခုတည်းကိုသာ အာရုံစိုက်သူ တစ်ဦးဖြစ်တယ်။ အင်္ဂလိပ်လို obsession `အော့်ဗ်ဆက်ရှင်း´ ကို မောင်ရင် နားလည်မှာပေါ့။ အဲ ဗိုလ်ချုပ်ရဲ့ စိတ်ထဲမှာ တစ်ခုတည်းသော `အော့ဗ်ဆက်ရှင်း´ (ကြီးမားသော ဆွဲလမ်းမှု)က တိုင်းပြည် လွတ်လပ်ရေးရဖို့ပဲ။ ဒါကြောင့် မောင်ရင်တို့၊ ကျုပ်တို့ နိုင်ငံသားတွေ အနေနဲ့ အခုလို အချိန်အခါမှာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးရရှိနေတာ အလွန်ကံကောင်းတယ်လို့ ဆိုရမယ်။ ၁၉၂၀ ကောလိပ်သပိတ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး သမားတွေ အမျိုးမျိုး ကြံစည်ကြိုးစားခဲ့သော်လည်း မရခဲ့တဲ့ လွတ်လပ်ရေးကို မောင်ရင့်ဆရာ ဗိုလ်ချုပ်အောင်ဆန်းက ဧကန်မုချ ရယူပေးနိုင်လိမ့်မယ်လို့ ကျုပ်ကတော့ တစ်ထစ်ချ ယုံကြည်မိတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူမတူအောင် ထူးခြားတဲ့ ခေါင်းဆောင်(National Leader Of Unique Calibre) ဖြစ်တယ် ..... လို့ ဆိုပြီး ဗိုလ်ချုပ်ကို မှတ်ချက်ပေးသွားခဲ့တယ်။


အဲဒီလို လွတ်လပ်ရေးရယူရုံ ဂုဏ်သတ္တိတွေနဲ့သာမက၊ အခုလက်ရှိ အချိန်မှာရှိတဲ့ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ဆက်လက်တာဝန်ယူ ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အဓိက ကွာခြားချက်ကတော့ ကိုယ်ကျင့်သိက္ခာပိုင်းတွေ ဖြစ်နေပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်လေး တစ်ခု အကြောင်းကို ဒီနေရာမှာ တစ်ခု ထည့်ပြီး ဥပမာ ပြောရရင်

တစ်နေ့ ဗဟန်း တာဝါလိမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်ရဲ့ အိမ်ကို ရှမ်းအမျိုးသား အဘိုးကြီး တစ်ယောက်၊ အဖေါ် လူငယ်တစ်ဦးနဲ့ အတူ ရောက်လာတယ်။ ဗိုလ်ချုပ်ရဲ့ ပီအေက ဘာကိစ္စပါလဲဆိုပြီး အရင်မေးကာ ထုံးစံအတိုင်း ဗိုလ်ချုပ်နဲ့ ပေးတွေ့ရန် သင့်၊မသင့်ကို မေးလိုက်တော့ အဘိုးကြီးက
`ဗိုလ်ချုပ်အောင်ဆန်း သုံးစွဲဖို့အတွက် လှူချင်လို့ပါ´
လို့ ပြန်ဖြေတယ်။ ထိုကြောင့် ဗိုလ်ချုပ်အကြောင်း ကောင်းကောင်းသိတဲ့ ဗိုလ်ချုပ် ပီအေက သေသေချာချာနဲ့

`ဦးကြီး ဗိုလ်ချုပ် သုံးဖို့ လှူချင်တဲ့ ဦးကြီးရဲ့ သဒ္ဓါတရားကို လေးစားပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က ဒီလို သုံးစွဲဖို့ လှူတာမျိုး လက်မခံပါဘူး။ တနည်းတော့ရှိပါတယ်။ ဦးကြီး လှူချင်သပဆိုရင် ဗဟန်း ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ်(၈) က ဖဆပလ အဖွဲ့ချုပ်ရုံးမှာ သွားလှူလို့ရပါတယ်။ ´ လို့ ရှင်းပြလိုက်ပါတယ်။

အဘိုးကြီးက လက်မခံဘဲ လွယ်အိတ်ထဲက အထုပ်တစ်ထုပ်ကို ဖွင့်ပြတယ်။ အထဲမှာ ၀င်းလတ်နေတဲ့ ရွှေချောင်းတွေရှိနေတယ်။ ပြီးတော့သူက ပြောတယ်

`ဒီလိုပါ၊ ကျုပ်က အဖွဲ့ချုပ်ကို ရောက်ခဲ့ပြီးပါပြီ၊ ရန်ပုံငွေလည်း လှူခဲ့ပြီးပါပြီ။ ဒါက ဗိုလ်ချုပ် လွတ်လပ်ရေးအတွက် လုပ်ငန်းများမှာ သုံးဖို့လှူတာပါ။ အခုဒီကိုလာတာ နိုင်ငံရေး ရန်ပုံငွေနဲ့ မဆိုင်ပါဘူး။ ဗိုလ်ချုပ်က အခု တပ်ထဲက ထွက်လိုက်ပြီး လစာဝင်ငွေ မရှိဘူး မဟုတ်လား။ ဗိုလ်ချုပ်တို့ မိသားစု ချွေတာ ခြစ်ခြုတ် စားသောက်နေရတယ် ကြားသိရပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရအောင်လုပ်ရာမှာ နောက်ဆံမတင်းရအောင် မိသားစု သုံးစွဲဖို့ ဒီရွှေလေးတွေ ကျုပ်လှူချင်လို့ပါ။ အဲဒါလေးတော့ ဗိုလ်ချုပ်ကို မေတ္တာရပ်ခံ ပေးစေလိုပါတယ်။´ လို့ ပြောတယ်။


ရှမ်းအဘိုးကြီးရဲ့ အသည်း နှလုံးထဲက လှိုက်လှိုက်လှဲလှဲ ပြောလာတဲ့ စကားကို မပယ်ချင်တာနဲ့ ဗိုလ်ချုပ်ရဲ့ ပီအေ(တက္ကသိုလ် နေ၀င်း)လည်း အားနာလာတာနဲ့ ဧည့်ခန်းထဲမှာ ခဏ စောင့်ခိုင်းပြီး ဗိုလ်ချုပ်ကို သတင်းသွားတတ်ပေးလိုက်တယ်။

သွားပြောလိုက်တာနဲ့ ထင်ထားတဲ့ အတိုင်း စကားမဆုံးခင် မျက်နှာတင်းတင်းနဲ့ အပြစ်တင်တော့တာပါပဲ။ `ငါ ဒါမျိုး လက်မခံဘူး ဆိုတာ မင်းသိသားနဲ့၊ လှူချင်ရင် ဖဆပလ အဖွဲ့ချုပ်ကို သွားလှူခိုင်းလိုက်´ ချက်ချင်း အပြစ်တင်ပါတယ်။

ဗိုလ်ချုပ်ရဲ့ ပီအေကလည်း အဘိုးကြီးပြောတာတွေကို သေသေချာချာ ပြန်ရှင်းပြပြီး၊ ဗိုလ်ချုပ်ကို အကြံ တစ်ခု ပေးလိုက်တယ်။ `ဒီလို လုပ်ရင်မကောင်းဘူးလား ဗိုလ်ချုပ်၊ သူ့စေတနာကို လေးစားပြီး အဘိုးကြီး စိတ်ကြေနပ်အောင် လက်ခံလိုက်ပါလား၊ ပြီးရင် လက်ခံရရှိကြောင်း ဗိုလ်ချုပ်က ပြေစာမှာ လက်မှတ်ထိုးပေးလိုက်။ ကျေးဇူးတင်ရှိကြောင်းကို ကျွန်တော် လက်နှိပ်စက်ရိုက်ပေးမယ်။ ဒီတော့ သူလည်း ၀မ်းသာသွားမယ်။ သူပြန်သွားတာနဲ့ ချက်ချင်းပဲ ရွှေချောင်းတွေကို အဖွဲ့ချုပ်ဘဏ္ဍရေးမှူး မြန့်မာအလင်း ဦးတင်ဆီ သွားအပ်ပေးမယ်။ ရန်ပုံငွေ အတွက် ဗိုလ်ချုပ် ပို့ခိုင်းလိုက်တာလို့ ပြောလိုက်မယ်။ ဒါဆို ဒီပြဿနာ ပြေလည်သွားနိုင်တယ်´ လို့ အကြံပေးလိုက်မှ ဗိုလ်ချုပ်က သေချာ စဉ်းစားပြီး သဘောတူခဲ့တယ်။

အဲဒါအောက်ဆင်းပြီး အဘိုးကြီးဆီက ရွှေတွေကို လက်ခံ ရယူပြီး အဘိုးကြီးကို `ကျေးဇူးတင်ပါတယ် ဦးကြီးခင်ဗျာ၊ ဦးကြီးတို့ ရှမ်းပြည်နယ် အပါအ၀င် တစ်နိုင်ငံလုံး လွတ်လပ်ရေးရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်´ လို့ ပြောပြီး စာရွက်မှာ လက်မှတ်ထိုးပေးလိုက်တယ်။

အဘိုးကြီးလည်း ၀မ်းမြောက် ၀မ်းသာနဲ့ `ဗိုလ်ချုပ် ဦးအောင်ဆန်းလို့ နာမည်ကြီးနေတာ အခုတွေ့တော့ အသက်ငယ်ငယ်နဲ့ လူငယ်လေးပါလားလို့ အံသြနေမိတယ်။ လွတ်လပ်ရေး မုချရအောင် ဗိုလ်ချုပ် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။´လို့ ပြောပြီး ဗိုလ်ချုပ်ကို လက်အုပ်ချီ ကန့်တော့ဖို့ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်လို့ ဗိုလ်ချုပ်က မနည်းဆွဲလိုက်ရတယ်။ ရှမ်းပြည်ကလူတွေက စော်ဘွားတွေကို လက်အုပ်ချီ ကန့်တော့တဲ့ အစဉ်အလာ ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

အဘိုးကြီး ပြန်သွားတာနဲ့ ချက်ခြင်းပဲ အဖွဲ့ချုပ်ကို အဲဒီရွှေတွေ သွားလှူလိုက်တော့၊ အဖွဲ့ချုပ်က အဲဒီ အဘိုးကြီး လာသွားကြောင်း၊ အဖွဲ့ကိုလည်း ရွှေတွေ လှူသွားကြောင်း၊ ဗိုလ်ချုပ်ရဲ့ အိမ်လိပ်စာကိုလည်း မေးသွားကြောင်း ပြောကြပါတယ်။

`အခုလို လုပ်လိုက်တော့ အဘိုးကြီးလည်းကြေနပ်သွားတာပေါ့။ ပြီးတော့ မောင်ရင့် ဆရာကလည်း ရှာမှရှား တိုင်းပြည် ခေါင်းဆောင်တစ်ဦးပါပဲ´လို့ မြန်မာ့အလင်း ဦးတင်က ချီးကျူးခဲ့ပါတယ်။
စာကိုး> အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း(တက္ကသိုလ် နေ၀င်း)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ကျင့် သိက္ခာကို ဖတ်ကြည့်ရင်း ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ ယခု တပ်မတော် အကြီးအကဲများရဲ့ ကိုယ်ကျင့်သိက္ခာ စောင့်သည်းမှုကို တွေးကြည့်ရင်း ဗိုလ်ချုပ် ကိုယ်စား စိတ်မကောင်း ဖြစ်နေရပါတယ်။ ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အတွက် လုပ်ဆောင်ပေးခဲ့တဲ့ ကျေးဇူးတွေနဲ့၊ ကိုယ်ကျင့် သိက္ခာကို ဒီစာနဲ့ ကျေးဇူး တတ်နိုင်သမျှ ဆပ်လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကောင်းရာသုဂတိ လားပါစေ။

ကိုထိုက်

သူလိုလူ

ဆရာမကြီး ဂျာနယ်ကျော် ဒေါ်မမလေးရဲ့ သူလိုလူ စာအုပ်ကို ဖတ်ပြီး ကျွန်တော်လည်း သူလိုလူ ဆိုတဲ့ စာလေး တစ်ပုဒ်ကို လွန်ခဲ့တဲ့ နှစ်က ရေးခဲ့ ဖူးပါတယ်။ အဲဒါ အခု ဘလော့လေး ဖြစ်လာတော့ စာအသစ်မရေးနိုင်
ခင် ရေးပြီးသားလေးတင်ပြီး ဘလော့လေးကို နည်းနည်း အသက်သွင်းလိုက်တာပါ။(၀ါ)တနည်းအားဖြင့် လူလည် ကြလိုက်တာပါ။ ကျွန်တော် တီးရှော့မှာလည်း တင်ခဲ့ဖူးပါတယ်။ သို့သော် မဖတ်ရသေးတဲ့ လူတွေ အတွက် အသစ်ဖြစ်နိုင်ပေမယ့် ဖတ်ပြီးသားလူတွေကိုတော့ ညည်းခံပါလို့ ...... ။


သူလိုလူ

“ဟောဗျ”

မျက်လုံးပြူးလျှက် မိမိနဖူးကိုရိုက်ကာ နောက်သို့ယိုင်ပြီး အခန်းနံရံကို ကိုသိန်းထွန်းတစ်ယောက် မှိ၍ထားရ၏။ သူ၏ ချစ်ဇနီး မခင်လှမှာလည်း ”ဘာများလဲ၊ ရှင်ဘာကိုတွေ့လိုက်လို့လဲ။” ဟု ဘေးမှ တတွတ်တွတ် မေး၍နေလေတော့သည်။
♦ ♦ ♦ ♦ ♦
ကျွန်တော့်အခန်းဘေးတွင် ကိုသိန်းထွန်းနှင့် မခင်လှတို့ ဇနီးမောင်နှံ နေထိုင်ကြသည်။ သူတို့ ညားကာစ ကတည်းက ကျွန်တော့် အခန်း၏ ဘေးတွင်ရှိသော အခန်းလွတ်ကို ပြောင်းရွှ့ နေထိုင်လာသည်မှာ၊ ယခု သားဦးလေး အောင်အောင်ပင် ၀ူးဝူးဝါးဝါးဖြင့် ချစ်စရာ တုံပြန်ပြောဆိုတတ်သော အရွယ်သို့ ရောက်လာပြီ်ဖြစ်သည်။ သားဦးလေး ဖြစ်သဖြင့် သားလေးကြီးလာလျှင် ဘာဖြစ်လာမလဲဟူသော မေးခွန်းဖြင့် ဇနီးမောင်နှံနှစ်ယောက် မကြာခဏ အငြင်းပွားကြသည်။

ထိုအခါ ကျွန်တော်က လူတတ်ကြီးလုပ်ပြီး အကြံတစ်ခုဝင်ပေးရာ သူတို့ ဇနီးမောင်နှံမှလည်း ”ဟာ.. သိပ်ကောင်းတဲ့ အကြံပေါ့” ဟု ဆိုကြပြီး ထိုအကြံအစည်ကို စတင် အကောင်အထည် ဖေါ်ကြလေသည်။

ကျွန်တော်ပေးသောအကြံမှာ -
”ဒီလိုဗျ…အောင်အောင့်ကို အခန်းထဲမှာထား၊ ပြီးရင် သူ့ အနားမှာ ကစားစရာ ဆေးထိုးအပ်၊ ပိုက်ဆံတစ်ရွက်၊ ပန်းသီးတစ်လုံး၊ အင်ဂျင်နီယာတွေ ဆောင်းတဲ့ဦးထုပ်တစ်လုံး၊ အဲဒါတွေချထားလိုက်ပေါ့ဗျာ။ ကျွန်တော်တို့က အခန်းဝကနေ သူ့ကို ချောင်းကြည့်တာပေါ့။ သူကောက်ယူပြီး အကြာကြီး ကစားတဲ့ အရာက သူကြီးလာရင် စိတ်ဝင်စားမဲ့ အရာပဲပေါ့ဗျာ။” ကျွန်တော့် စာရင်းက-
ဆေးထိုးအပ်…………….…………...ဆရာဝန်
ပိုက်ဆံ……………………….………စီးပွားရေးသမား
အင်ဂျင်နီယာဦးထုပ်………………….အင်ဂျင်နီယာ
ပန်းသီး……………………………….စိုက်ပျိုးရေးသမား အစရှိတာတွေပေါ့
မခင်လှက ”အဲ တရားစာအုပ် တစ်အုပ်ပါ ထည့်ပေးတာလိုက်ပါလား၊ ဒါဆို ဘာသာရေးကို ရိုသေကိုင်းရှိုင်းတဲ့ သူလည်း ဖြစ်ချင်ဖြစ်နေမှာ။” ဟု ၀င်ရောက် ဖြည့်စွက်၏။ ထိုနောက် အကြံအတိုင်းပြုလုပ်၍ ချောင်းကြည့်ကြရာ ကိုသိန်းထွန်းထံမှ ရုတ်တရက် အာမေဋ္ဋိတ်သံကို ကြားလိုက်ရသည်။

“ဟောဗျ”

မျက်လုံးပြူးလျှက် မိမိနဖူးကိုရိုက်ကာ နောက်သို့ယိုင်ပြီး အခန်းနံရံကို ကိုသိန်းထွန်းတစ်ယောက် မှိ၍ထားရ၏။ သူ၏ ချစ်ဇနီး မခင်လှမှာလည်း ”ဘာများလဲ၊ ရှင်ဘာကိုတွေ့လိုက်လို့လဲ။” ဟု ဘေးမှ တတွတ်တွတ် မေး၍နေလေတော့သည်။

ကျွန်တော်တို့ တွေလိုက်ရသည်မှာ အောင်အောင်သည် ဘယ်ကဘယ်လို ရလာသည် မသိသော သေနတ်ကို ခါးတွင် ထိုးလျှက် ပိုက်ဆံကို အိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ ထိုနောက် တရားစာအုပ် ပေါ်တက်ထိုင်ကာ ပန်းသီးကို ကောက်ယူ၍ စားပြီးလျှင် ခါးထဲမှ သေနတ်ကို ထုတ်ယူကာ တွေ့ကရာသို့ တဒိုင်းဒိုင်း ပစ်နေလေ၏။ ထိုမြင်ကွင်းကို မြင်သောကြောင့် ကိုသိန်းထွန်း နဖူးရိုက်၍ မှတ်ချက်ချလိုက်သည်မှာ-

“ဒီကောင် ကြီးလာရင် နအဖ စစ်ဗိုလ်ချုပ်လုပ်မှာ” တဲ့ဗျာ။

Wednesday, 4 July 2007

မိုးခိုငှက်

Monday, 2 July 2007

ညောင်နှစ်ပင် အခြေခံဥပဒေမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ

ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အစိုးရ အကြီးအကဲများ၏ အကျင့်ပျက် လာဘ်စားမှုများကို လက်ရှိပြုလုပ်နေသော အမျိုးသားညီလာခံမှ ကာကွယ်ပေးနိုင်လုံးဝ ရှိ၊မရှိ ဆိုသောအချက်မှာ မြန်မာနိုင်ငံသား အားလုံး၏ အရေးကိစ္စတစ်ခု ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော အာဏာရှင် အစိုးရအကြီးအကဲများ၏ တိုင်းပြည်၏ဘဏ္ဍငွေများကို အလွဲသုံးစားပြုလုပ်ကာ အကျင့်ပျက်လာဘ်စားမှုများကို ပညာရှင်များက လေ့လာ မှတ်တမ်းပြုစုထားကြပါသည်။

အစိုးရ အကြီးအကဲ များ၏ အကျင့်ပျက်ခြင်းများ

အစိုးရလူကြီးများ၏ နိုင်ငံပိုင်ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ခြင်း၊ သြဇာဏာအာကို အသုံးပြု၍ ကိုယ်ကျိုး ရှာခြင်းများအား ကလပ်တိုခရေစီ(Kleptocracy=ကိုယ်ကျိုးရှာခိုးယူသောစနစ်) အုပ်ချုပ်ရေးစနစ် ဟူသော စကားလုံး အသစ်ဖြင့် ခေါ်တွင်ကြသည်။ ကလပ်တို ခရေစီတွင် အစိုးရ ၀န်ထမ်းအကြီးအကဲများက တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များ (ဥပမာ ... သစ်၊ သဘာဝ ဓါတ်ငွေ့၊ တွင်းထွက်ရတနာ ... စသော အရာများ(သို့) အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ)ကို ကိုယ်ကျိုး အတွက် အသုံး ပြုကြသည်။ ထို့အပြင် အစိုးရကြီးအကဲများသည် တိုင်းပြည်ကို ဟန်ပြပြုပြင် တည်ဆောက်ခြင်းများ ပြုလုပ်ပြပြီး နိုင်ငံတကာ အကူအညီများရယူကာ ၄င်းငွေကြေးများကိုအလွဲသုံး ပြုလုပ်ကြသည်။

အကျင့်ပျက် အာဏာရှင်များ အုပ်ချုပ်မှုအောက်တွင် နိုင်ငံအတွင်း ပြည်သူလူထု အများစုသည် အခက်အခဲ အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်ကြရသည်။ လူမှုနေထိုင်ရေးစနစ်များ၊ တရားဥပပေဆိုင်ရာ စနစ်များသည်လည်း အကျင့်ပျက် အာဏာရှင်လက်အောက်တွင် အစိတ်စိတ် အမွှာမွှာ ပျက်စီးတတ်သည်။ ထို့အပြင် သူ၏ ကိုယ်ကျိုးစီးပွား ရှာဖွေရာ ခရီးလမ်းတလျှောက် တိုင်းပြည်၏ စီးပွားရေး လူမှုရေး ကိစ္စ အ၀၀အားလုံးတွင် လုံးဝ လှစ်လှူရှုထားလေ့ရှိသည်။

အကျင့်ပျက် လာဘ်စားသော အာဏာရှင်များက တိုင်းပြည်အား အောက်ပါ အချက်များကို ပြုလုပ်၍ သူတို့၏ စီးပွားရေး ဥစ္စာများကို ခိုင်မာအောင် တိုင်းပြည်အတွင်း လုပ်ဆောင်ကြသည်။

  • တိုင်းပြည်အတွင်း ဒီမိုကရေစီ စနစ်မရှိအောင် ပြုလုပ်ခြင်း(သို) ဒီမိုကရေစီဟု အမည်ခံသော်လည်း ဒီမိုကရေစီ စံများ အမှန်တကယ် မရှိအောင် ပြုလုပ်ခြင်း
  • လူမှုရေး အဖွဲ့အစည်းများ နည်းပါးလာစေခြင်းနှင့် အစိုးရ၏ လုပ်ပိုင်ခွင့်၊လုပ်ဆောင်ချက်စသည်များကို စောင့်ကြည့်မှတ်တမ်းတင်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)များ မရှိစေခြင်း
  • တစ်နိုင်ငံလုံးရှိ မဲပေးနိုင်သည့် နိုင်ငံသားတိုင်းအား မဲပေးနိုင်အောင် ဆောင်ရွက်ပေးမှု မရှိခြင်း၊
  • နိုင်ငံ၏ ဥပဒေ အားနည်းအောင် ပြုလုပ်ခြင်း
  • ပြည်သူများအား မိမိတို့ကဲ့သို့ အကျင့်ပျက်တတ်လာအောင် ပြုလုပ်ခြင်း
  • တရားရေး ဌာနတွင်း တတ်သိနားလည်သူ အရေအတွက် နည်းအောင် ဆောင်ရွက်ခြင်း
  • တရားသူကြီးများ၏ တရားဥပဒေအတိုင်း ဆုံးဖြတ်နိုင်ခြင်းအား နှောက်ယှက်ခြင်း
  • အလုပ်သမားများ၏ အခွင့်အရေးများအား ကာကွယ်ပေးမှုမရှိခြင်း
  • စနစ်တကျ ခွဲခြမ်း စိတ်ဖြာ အုပ်ချုပ်မှု အားနည်းခြင်း
တို့ ဖြစ်ပါသည်။ Ref; wiki

အထက်ပါ အချက်များသည် မြန်မာနိုင်ငံအတွင်း လက်ရှိ အုပ်ချုပ်နေသော အာဏာရှင်များ ကျင့်သုံးလျက်ရှိနေသော အချက်အလတ်များပင်ဖြစ်သည်။

ယခု ကျင်းပနေသော အမျိုးသားညီလာခံတွင် အထက်ပါ အချက်များကို တရားဝင် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်နိုင်စွမ်းရှိအောင် အခြေခံဥပဒေဖြင့် အကာအကွယ်ရယူရန်သက်သက်သာ
ကြိုးပမ်းနေကြပါသည်။ ထိုကြောင့် ညောင်နှစ်ပင် အမျိုးသားညီလာခံမှ ပေါ်ထွက်လာမည့် အခြေခံဥပဒေကို မြန်မာပြည်သူများမှ အတည်ပြုပေးလိုက်လျှင် တိုင်းပြည်အတွင်း အကျင့်ပျက် လာဘ်စားသော အစိုးရ လူကြီးများကို တရားဝင် အကျင့်ပျက်နိုင်အောင် ခွင့်ပြုပေးရာ မည်သကဲ့သို့ ပြည်သူများအား ဆင်းရဲမွဲတေ ကျပ်တည်းမှုဘောင် ထဲသို့ ထာဝရ သွပ်သွင်းရာရောက် မည်ဖြစ်သဖြင့် တာဝန်သိသော ပြည်သူတစ်ယောက် အနေဖြင့် နအဖ၏ ညောင်နှစ်ပင် ညီလာခံကို ကန့်ကွက်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

ကိုထိုက်

Sunday, 1 July 2007

အမျိုးသားညီလာခံကို ပြည်သူတွေ အတည်ပြုရန် သင့်၊ မသင့်

ကျွန်တော်ဟာ နိုင်ငံရေး ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားပြီး တွေးကြည့်သိမိသလောက် ပြောကြည့်၊ ရေးကြည့်တာပါ။ ညောင်နှစ်ပင် အမျိုးသားညီလာခံက ထွက်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကို ပြည်သူတွေ အတည်ပြုဖို့ သင့်၊ မသင့်ဆိုတာ ပြည်သူတွေရဲ့ ကိုယ်ပိုင် သဘောထား အမြင်တွေ ဖြစ်ရမှာပါ။ အခု ဒီစာထဲမှာတော့ တကယ်လက်တွေ့ ဖြစ်နေတဲ့ အမျိုးသား ညီလာခံဆိုင်ရာ အချက် အလက်တွေကို သိသလောက် အမှန်ဆုံး၊ အနီးစပ်ဆုံး တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ၁၄ နှစ်ကြာကျင်းပနေခဲ့သော အမျိုးသား ညီလာခံကြီး ပြန်စမယ်ဆိုတဲ့ အသံတွေနဲ့ အတူ ပြောစရာ တိုင်ပင်စရာ ဆွေးနွေးစရာ၊ သတိပြုစရာ အချက်တွေ အများကြီးတွေ့လာရပါတယ်။

ဝန်ကြီးချုပ် ဆိုပြီး အာဏာရယူထားသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်က ဇူလိုင်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်မှာ ညောင်နှစ်ပင် အမျိုးသားညီလာခံကို ပြန်လည်ကာ ကျင်းပမည်ဖြစ်ကြောင်းနှင့် ယခု အကြိမ် ညီလာခံသည် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း၊ အဆိုပါ ညီလာခံပြီးလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲကာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည်။ အဲဒီနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ အသစ်တစ်ရပ် ကျင်းပပြီး၊ ပြည်သူ့လက်ထံကို အာဏာ အပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

အထက်ပါ သတင်းနှင့်အတူ အမျိုးသား ညီလာခံကျင်းပရေး ဥက္ကဌမှ ချမှတ်ပြီးသော အချို့အသေးစိပ် အခြေခံအချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖြည့်ဆွက်ခြင်း၊ ပယ်ဖျက်ခြင်း တွေပြုလုပ်သွားမယ်လို့ ပြောပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကောလဟာလ သတင်းတွေနဲ့ နအဖရဲ့ စိတ်ဓါတ် စစ်ဆင်ရေး(ဆိုဒ်ဝါး)ကနေ NLD ကို နောက်ဆုံး အကြိမ် ညီလာခံမှာပါဝင်နိုင်အောင် ဖိတ်ခေါ်ပါတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ (တကယ်တန်းမှာ NLD ကို နအဖမှ တရားဝင် ပြောဆိုချက် လုံးဝမရှိပါဟု သိရပါသည်။)

အစတည်းက ယဉ်သကိုး ဆိုသလို မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေ လောကတဲမှာ အထက်ပါ သတင်းတွေက တော်တော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။

အမျိုးသား ညီလာခံ ကျင်းပတဲ့ နအဖရဲ့ မူလ ရည်ရွယ်ချက်က ဘာလဲ၊ နအဖတွေက ပြောလာခဲ့တဲ့ စကားတွေကို ဘယ်အတိုင်း အတာအထိ ကတိတည်ခဲ့ဘူးသလဲ၊ NLD ကို ညီလာခံမှာ တကယ်ပါဝင် စေချင်ရင် ဘာကြောင့် တရားဝင် ဖိတ်ခေါ်တာမျိုး၊ NLD နဲ့ နှစ်ဖက် အသေးစိပ် ဆွေးနွေးတာမျိုး မလုပ်ရတာလဲ စတဲ့ အချက်တွေက ပထမဦးစွာ မေးရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။

နအဖရဲ့ အမျိုးသား ညီလာခံဆိုတာကို အဲဒီ အမျိုးသား ညီလာခံ ကိုယ်တိုင်ကိုက ဘယ်လောက်အထိ တရားဥပဒေနဲ့ ညီညွတ်သလဲ၊ အထဲမှာ ရေးဆွဲတဲ့ ဥပဒေပြုရေး၊ တရား စီရင်ရေး အပိုင်းတွေက ဘယ်လောက် အထိ မျှတသလဲ၊ ပြည်သူကို ဘယ်လောက် အထိ အကျိုးပြုသလဲ ဆိုတာတွေကို အရင် လေ့လာရမှာ ဖြစ်ပါတယ်။ တရား ဥပဒေဆိုတာ တိုင်းပြည်ရဲ့ အသက်ပါပဲ။ တိုင်းပြည်ထဲက ပြည်သူတွေ အဲဒီ အမျိုးသား ညီလာခံက ထွက်လာတဲ့ အခြေခံ ဥပဒေတွေကို ပြည်သူတွေက တစ်သက်လုံး လိုက်နာရမှာ ဖြစ်နေလို့ပါပဲ။

အမျိုးသားညီလာခံကို စတင် ကျင်းပစဉ်က ပြည်သူ့ကိုယ့်စားလှယ်တွေပါဝင် ခဲ့ပေမယ့်၊ ယခုအခါ အမျိုးသား ညီလာခံမှာ ပါဝင်ဆွေးနွေးတဲ့ လူတွေရဲ့ အများစုသည် ပြည့်သူ့ ကိုယ်စားလှယ်တွေ မဟုတ်တော့ပါဘူး။ တရားမ၀င် အစိုးရဖြစ်တဲ့ နအဖနဲ့ နအဖ အကြိုက် လူတွေ၊ လက်နက်ကိုင်ထားပြီး နအဖနဲ့ ယာယီ အပစ် အခတ်ရပ်ထားတဲ့ အဖွဲ့တွေသာ ပါဝင်လာနိုင်ခဲ့တာကို တွေ့နေရပါတယ်။ ထိုကဲ့သို့ ပြည်သူ့ကိုယ်စားလှယ် မဟုတ်သော လူတွေက ပြည်သူကို ကိုယ်စားပြုမယ့် အခြေခံ ဥပဒေကို ရေးဆွဲကြမယ်ဆိုတာကို တွေ့နေရပါတယ်။ ပြည်သူတွေရဲ့ ကံကြမ္မာကို ပြည်သူ့ ကိုယ်စားပြုတဲ့ လူတွေမပါပဲနဲ့ ရေးဆွဲကြမယ့် သဘောဖြစ်နေပါတယ်။ အဲဒီ ညီလာခံက တရားဝင်ပါသလား...။

ပြည်သူတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စည်းရုံး ပြောဆိုခွင့်တွေ ပေးမယ်လို့ ထည့်သွင်း ရေးဆွဲပါတယ်။ သို့သော် အထက်ပါ အချက်တွေကို ခွင့်ပြုဖို့ရာမှာ လက်ရှိ တည်ဆဲ ဥပဒေကို မချိုးဖောက်ရင် ခွင့်ပြုမယ်လို့ ရေးဆွဲထားပါတယ်။ ဆိုလိုတဲ့ သဘောက လက်ရှိတည်ဆဲ မတရားတဲ့ ဥပဒေတွေကို ပြည်သူတွေက လိုက်နာရမယ်။ နိုင်ငံမှာ အကြီးအကဲလုပ်တဲ့ လူတွေရဲ့  မတရားတဲ့ အမိန့် အာဏာတွေကို လိုက်နာရမယ်။ ပြီးမှ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ရှိမှာ ဖြစ်ပါတယ်။ ပြည်သူတွေ လိုချင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်တွေရဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး၊ လက်ရှိ မတရားတဲ့ ဥပဒေတွေကို တရားဝင် ပြဌာန်းလိုက်ရုံ သက်သက်သာ ဖြစ်နေပါတယ်။ မတရားတဲ့ ဥပဒေဆိုတာ .... ဥပမာ လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၄၈ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ ၁၉၆၂ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ၊ ၁၉၇၅ နိုင်ငံတော်လုံခြုံရေး ဥပဒေ စတာတွေကို လုံးဝ အတည် ပြုပေးလိုက်ရမှာ ဖြစ်နေပါတယ်။

နိုင်ငံရဲ့ ဥပဒေ ပြုခွင့် အာဏာ၊ တရားစီရင်ရေး အာဏာမှာလည်း နိုင်ငံတော် သမ္မတက လက်ဝါးကြီးအုပ်ထားပါတယ်။ အရေးမပါတဲ့ အသေးစား ကိစ္စရပ်တွေကိုသာ ပြည်နယ် အုပ်ချုပ်ရေးဌာနတွေက လုပ်ပိုင်ခွင့်ရှိပါတယ်။ နိုင်ငံတော် သမ္မတ ဆိုရာမှာလည်း စစ်ရေး အတွေ့အကြုံရှိသူကိုသာ ရွေးချယ်ရမယ်၊ ပါလီမာန်မှာ ကာကွယ်ရေး ဦးစီးချုပ်ကရွေးချယ်တဲ့ တပ်မတော်သား ၂၅% ကို လက်ခံရမှာ ဖြစ်ပါတယ်။

ဒီတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(သို့) တပ်မတော်မှာ အာဏာကြီးတဲ့ သူက နိုင်ငံတော် သမ္မတ ဖြစ်လာမှာ လုံးဝ မလွဲတော့ပါဘူး။ ဒီတော့က အာဏာရှင် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်ကို လုပ်ချင်သလို လုပ်ခွင့် ရသွားတော့မှာ ဖြစ်ပါတယ်။ လူ တစ်ယောက်တည်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ ရနိုင်ပါသလား။ ပြည်သူတွေ လိုချင်နေတာ လူက အုပ်ချုပ်တဲ့ စနစ် မဟုတ်ပဲ ကောင်းမွန်တဲ့ စနစ်က အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး စနစ်(ဒီမိုကရေစီ)ကိုသာ တောင့်တနေကြတာပါ။

ထိုကဲ့သို့ မတရားတာတွေကို အတည်ပြု လူလယ်ကျနိုင်ဖို့ နအဖရဲ့ စိတ်ဓါတ်စစ်ဆင်ရေး (ဆိုဒ်ဝါး)ကနေ NLD ကို ပါဝင်နိုင်ဖို့ ဖိတ်ခေါ်သယောင်ပြုတဲ့ သတင်းတွေကို ထုတ်နေပါတယ်။

အထက်ပါ အချက်တွေနဲ့ အမျိုးသား ညီလာခံဆိုတာကို အစက အဆုံး ကောက်ချက်ချလိုက်ရင် အခု လက်ရှိလုပ်နေတဲ့ အာဏာရှင် စနစ်ကို အမျိုးသား ညီလာခံမှာ တရားဝင် ပြဌာန်းနိုင်အောင် တစ်ဖက်လှည့် ကြိုးစားနေကြခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာ အမျိုးသားညီလာခံကို အတည်ပြု ပေးလိုက်လျှင် ပြည်သူတွေ လိုချင်နေတဲ့ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်၊ လက်ရှိ မတရား နှိပ်စက်နေတဲ့ နအဖရဲ့ အာဏာရှင်စနစ်ကို တရားဝင် လုပ်ပိုင်ခွင့် ပေးလိုက်သလို ဖြစ်သွားမှာကြောင့် ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အမျိုးသား ညီလာခံကို ထောက်ခံပေးဖို့ရာ မဖြစ်နိုင်ကြောင်းပါခင်ဗျာ။

ကိုထိုက်