Tuesday, 9 September 2008

ရန်ကုန်မြို့၊ လှည်းတန်းမီးပွိုင့်အနီး၊ ပေါက်ကွဲမှူဖြစ်ပွား။



ယနေ့ (၉/၉/၂၀၀၈)၊ နံနက် ၁၁း၁၅ နာ၇ီ ခန့်တွင်၊ ရန်ကုန်မြို့ လှည်းတန်း မီးပွိုင့်အနီး ပေါက်ကွဲမူုတခုဖြစ် ပွားခဲ့ပါသည်။

ရန်ကုန်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသော၊ မထသ(၄၅)၊ ယဉ်အမှတ် (၄ခ/၅၄၈၁) ခရီးသည်တင်၊ ကားတွင်တပ်ဆင်ထားသော၊ CNG ဓါတ်ငွေ့အိုး ပေါက်ကွဲမှူ ဖြစ်ပွားခဲ့ပြီး၊ မော်တော်ယဉ်အား မီးဆွဲ လောင်ခဲ့ကြောင်း သိရှိရပါသည်။

ထိခိုက်ဒဏ်ရာရရှိမှု မသိရှိရသေးသော်လည်း၊ နောက်နားတွင်၊ ကပ်လျှက်မောင်းနှင်လာသော၊ အဌားယဉ် (City Taxi E-5066) တစီးလည်း၊ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ကြောင်း၊ မျက်မြင်သက်သေတဦးပြောကြားချက် အရ၊သိရှိရပါသည်။

သူရဲကောင်း။

သတိရမိသည်များ (၄)

အမှတ်မထင် ပုံလေး တစ်ပုံကို မိတ်ဆွေ တစ်ယောက်ရဲ့ gtalk မှာ avatar အဖြစ် သုံးနေတာကို တွေ့လိုက်မိတယ်။ တစ်ကြောင်း ကာတွန်းလေးပါ။ ဒေါသထွက်နေတဲ့ မျက်နှာလေးနဲ့ ဂရပ် တစ်ခုကိုကိုင်ထားတယ်။ ဂရပ်က တစ်ခုခု ထိုးတတ်နေတာကို ပြထားတဲ့ ဂရပ် ကလေးပေါ့။ လမ်းလျှောက်နေတဲ့ ပုံစံလေး တစ်ခု။ သူ့ status က သေချာ မမှတ်မိတော့ပါဘူး။ ကုန်ဈေးနှုံးတတ်၊ ဆီဈေးကြီးလို့ ကိုမင်းကိုနိုင်တို့ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ လမ်းလျှောက် အပြီးမှာ ကုန်ဈေးနှုံးကြီးတာကို ဒေါသထွက်နေတဲ့ ပြယုဒ်။

အဲဒါလေးကို မြင်လိုက်မိတော့ ကျွန်တော့် ရင်ထဲ တစ်ခုခု လုပ်ချင်တဲ့ စိတ်တစ်ခု ထိုးထွက်လာတယ်။ ခက်တာက ကိုယ်တိုင်က တိုင်းတပါးမှာ။ ဆန္ဒဝင်ပြလို့လည်း မရ။ အတူတူ ရင်ဘောင်တန်း လမ်းလျှောက် ဖေါ်ထုတ်နိုင်စွမ်းမရှိ။ ဒါနဲ့ လန်ဒန်မှာ ဆန္ဒပြလို့ ရတဲ့ နေရာက မြန်မာသံရုံး တစ်ခုပဲ ရှိတယ်။ ဒီတော့ ကျွန်တော့် ဘဝမှာ ပထမဦးဆုံး ဆန္ဒပြပွဲ တစ်ခု လုပ်ဖို့ “စ”တွေးတော့တာပါပဲ။ ဆန္ဒပြဖို့ ဘာတွေ လိုအပ်လဲ၊ ဘာတွေ လုပ်ရလဲ ဆိုတာတွေ မသိ။ ကိုယ်တိုင်လည်း တခါမှ ဆန္ဒပြပွဲတောင် ဝင်ပါဖူးတာ မဟုတ်။ အဲဒါမှ အခက်။

လန်ဒန်မှာ ဆန္ဒပြပွဲ လုပ်နေကြ အတွေ့အကြုံ ရှိပြီးသား ဖြစ်တဲ့၊ လုပ်လေ့ လုပ်ထလည်း ရှိတဲ့ မြန်မာတွေ ဦးဆောင်တဲ့ BDMA-UK ရုံးခန်းသွားပြီး အဲဒီက လူတွေနဲ့ တိုင်ပင် ဆန္ဒပြဖို့ စီစဉ်နဲ့ပေါ့။ ကွန်ပြူတာရိုက် ဖုန်း ဆက်တာတွေနဲ့ ရှုပ်နေတာပါပဲ။ တစ်ခါမှ မလုပ်ဖူးတဲ့ လူတစ်ယောက်အတွက် လွတ်လပ်တဲ့ တိုင်းပြည်မှာ စည်ကားတဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ရဖို့ စီစဉ်တာ ထင်သလောက် မလွယ်သေးပါလား။ အဲ .. ခက်တာက လန်ဒန်ရောက် မြန်မာတွေ အဲဒီ အချိန်က ဆန္ဒပြဖို့ စိတ်မဝင်စားကြသေးတာပဲ။

ဒီတခါလည်း စာက တောင်ရောင် မြောက်ရောက် ဖြစ်နေပြန်ပါပြီ။ တကယ် ပြောချင်တဲ့ အရာက၊ အဲဒီ ရုံးခန်းမှာ ကွန်ပြူတာ သုံးရင်း၊ မေးလ်စစ်ရင်း ခုန ပုံကလေးကို ထပ်တွေ့လိုက်ရတယ်။ ဒါနဲ့ အဲဒီ မိတ်ဆွေကို မေးလိုက်မိတော့တယ်။ အဲဒီ ပုံကို မူရင်း ဘယ်သူဆွဲတာလဲ ဆိုတော့၊ သူလည်း အခြားလူဆီက ကူးထားတာ၊ အဲဒီ လူကို မေးပေးမယ် ဆိုတာနဲ့ မေးရင်းမြန်းရင်း နောက်ဆုံး မူရင်း စသုံးတဲ့ လူကို တွေ့ပြီပေါ့။ နာမည်တော့ ရပြီ။ လူတော့ မသိသေးဘူး။ ဒါနဲ့ မိတ်ဆက်ခိုင်း၊ add ခိုင်းနဲ့ အလုပ်ရှုပ်လိုက်တာ .. ။

အခု မြန်မာပြည်ထဲမှာ ကုန်ဈေးနှုံးကြီးမြင့်လာတာကို ပြည်သူ့ကိုယ်စား လောင်စာဆီဈေး ချပေးဖို့ တောင်းဆိုနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား သူရဲကောင်းများ၊ ကုန်ဈေးနှုံးကျဆင်းရေး အဖွဲ့ဖြစ်တဲ့ ကိုထင်ကျော် အပါ အဝင် ပြည်သူ့သားကောင်းရတနာများ၊ အခြားသော ရဲရင့်သော မျိုးချစ် ပြည်သူလူထုများကိုယ်စား ဂုဏ်ပြုဖို့ logo လေး တစ်ခုလောက် ကျွန်တော်လုပ်ချင်လို့။ အဲဒါ ခင်ဗျားကူညီပေးနိုင်မလားလို့ မေးမိလိုက်တော့ .. ဝမ်းသာ အားရပါပဲ ချက်ချင်းကို ကူညီပေးတယ်။

သူကလည်း အဲဒီ logo ပုံလေးကို အခြား သူ့ မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို အကူအညီထပ်တောင်း ပြီဆွဲခိုင်းလိုက်တာ ပုံကလေး တစ်ပုံ ထွက်လာတယ်။ ပထမတွေ့ခဲ့တဲ့ ပုံကို အခြေခံပြီး modify လုပ်ထားတာ။ logo ပုံလေးကို ရပြီဆိုတော့ ရရခြင်းမှာ အခြားမိတ်ဆွေ ဘလော့သမားတွေ အားလုံးကို ဆက်သွယ်ပြီး ဂုဏ်ပြုတင်ပေးဖို့ လိုက်ပြောလိုက်တာ၊ မထင်မှတ်ပါပဲ သံဃာတွေ အမြောက်အများ ဆန္ဒ ထွက်ပြတဲ့ အချိန်မတိုင်ခင်အထိ အဲဒီ logo လေးက အင်တာနက်သုံးတဲ့ လူတွေကြားမှာ လက်ခံပြီး အတူတကွ ဂုဏ်ပြုပေးကြနဲ့။ ဘလော့တွေ အပါအဝင် အခြား အင်တာနက် သုံးနေတဲ့ မြန်မာပြည်သူတွေအားလုံး ညီညွတ်စွာ ဂုဏ်ပြုကြတာ ကြည်နူးမိပါရဲ့။

စက်တင်ဘာ လှုပ်ရှားမှုနဲ့ အတူ နအဖ မတရားတာ လုပ်တာတွေကို ခေါင်းငုံ ခံမနေဘဲ ပြန်လည်တုံပြန် ဆန္ဒပြတဲ့ ကြားမှာ အဲဒီ logo လေးက မေ့မရတဲ့ သတိရမိသည်များ ထဲက တစ်ခုဖြစ်နေပါတော့တယ်။ အောက်က ပုံလေးပါ။

၂၀၀၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာလတွေရဲ့ မြန်မာပြည် ဖြတ်သန်းခဲ့တဲ့ မေ့မရတဲ့ သမိုင်းမှာ အမှတ်တမဲ့ မှတ်တမ်းလေး တစ်ခု အဖြစ် ကျန်ရစ်ခဲ့တဲ့ ပုံလေးဟာ သတိရမိသည်များရဲ့ တစိတ်တပိုင်းပါပဲ။

အော် ဒါနဲ့ စကားမစပ် လန်ဒန် စံတော်ချိန် ၂၀၀၇ ခုနှစ် သြဂတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီမှ ၁၃ နာရီအထိ ၊ကျွန်တော့ ဘဝ ပထမဦးဆုံး ဆန္ဒပြပွဲမှာ ကိုထင်ကျော်တို့နဲ့ အတူတူ တပြိုင်နက် ဆန္ဒပြရန် ကြံစည်ပြီး သံရုံးရှေ့သွားပြီး တသွေးထဲ ဖြစ်ကြောင်း ပြတဲ့ ပွဲမှာ ကျွန်တော် အပါ အဝင် မြန်မာလူမျိုး ၆ ယောက် သံရုံးမှာ ဆန္ဒပြခဲ့ကြောင်းနှင့် အတူ လာရောက် စောင့်ရှောက်ပေးခဲ့တဲ့ ရဲအရေအတွက်က ၅ ယောက်ဖြစ်ပါကြောင်း သတိရမိသည်များတစ်စိတ် တပိုင်းပဲပေါ့။

အိမ်ပြန်ရောက်တော့ ကြားလိုက်ရတဲ့ သတင်းကတော့ မြန်မာနိုင်ငံမှာ ၂၁ ရက်နဲ့ ၂၂ ရက် အကူး သူခိုး စစ်တပ် ဦးဆောင်တဲ့ နအဖ ထုံးစံအတိုင်း သူခိုးများ ကျင်လည်ရာ ည ၁၂ နာရီ ကျော် အချိန်မှာ ၈၈ မျိုးဆက်သူရဲကောင်း ၁၅ ယောက် အိမ်ကို ခွေးများ ဝိုင်းရံပြီး ဥပဒေမဲ့၊ ဖမ်းဝရမ်း မပါ ခေါ်သွားလိုက်ကြတာ အခုဆို ၁ နှစ်ကျော်ခဲ့ပြီပေါ့။

သူရဲကောင်း ၁၅ ယောက်ရဲ့ နာမည်တွေကတော့
၁။ ကိုမင်းကိုနိုင်၊
၂။ ကိုကိုကြီး၊
၃။ ကိုပြုံးချို၊
၎။ ကိုမင်းဇေယျာ၊
၅။ ကိုမြအေး၊
၆။ ကိုကျော်မင်းယု (ကိုဂျင်မီ)၊
၇။ ကိုဇေယျ၊
၈။ ကိုကျော်ကျော်ထွေး (ကိုမာကီး)၊
၉။ အံဘွယ်ကျော်၊
၁၀။ ကိုပဏ္ဏိထွန်း၊
၁၁။ ကိုဇော်မင်း၊
၁၂။ ကိုဇော်ဇော်မင်း၊
၁၃။ ကိုသက်ဇော်၊
၁၄။ ကိုဥာဏ်လင်း၊
၁၅။ ကိုရင်ထွန်း

တို့ ဖြစ်ကြ ကြောင်းပါ။

သတိရမိသည်များ အပိုင်း (၅) ဆက်ပါဦးမည်။

လေစားစွာဖြင့်
ကိုထိုက်

Saturday, 6 September 2008

DESPERATE ACT BY LEADER OF USDA AND MAYOR OF YANGON.

Yangon Division Union Solidarity and Development Association (USDA) members were briefed by every belonging Township General Secretary that they should avoid associated with former Military Intelligent personnel. They are the most undesirable enemies of the State and all USDA members should exercise with caution to monitor their movement.

Additional to above briefing, USDA members were also warned that present Military Affairs Security personnel are not to be trusted and do not pass any important information to them. Like that kind of policy is only can make by either U Aung Thaung or Brigadier General Aung Thein Lin (Mayor of Yangon) as no one else has direct influence to USDA in Yangon.

Most probably, the main suspect is Aung Thein Lin as his case of stealing the money from disaster relief fund was revealed by said Military Security Organization. He is shamelessly steal the goods destined for poor and suffered but still not holding the responsibility but blaming other parties. Another possibility is those two organizations are acted together discredit the USDA.

Reported by Thu Ye Kaung.


ကြံမိကြံရာထင်ရာစိုင်းနေကြတဲ့၊ ကြံ့ဖွတ်ခေါင်းဆောင်နဲ့ ရန်ကုန်မြို့တော်ဝန်။

ရန်ကုန်တိုင်း အတွင်းရှိမြို့နယ် အသီးသီးမှ၊ ကြံ့ဖွတ်အဖွဲ့ဝင်တွေကို ယခင် တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းများနှင့် အပေါင်းအသင်းမလုပ်ကြရန်၊ ၄င်းတို့ဟာ တိုင်းပြည်ရဲ့ မငြိမ်သက်မှုတွေကို နောက်ကွယ်မှ မီးထိုးပေးနေတဲ့ အဓိက ရန်သူဖြစ်ကြောင်းနှင့် ၄င်းတို့အား သတိထား စောင့်ကြည့်နေကြရန် ကြံ့ဖွတ် ခေါင်းဆောင်ပိုင်းက ညွှန်ကြားထားကြောင်း သိရပါသည်။

ပိုမို စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ စစ်ထောက်လှမ်းရေးဟောင်းများကို သာမက၊ ယခု လက်ရှိတာဝန်ယူထားတဲ့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲဝင်တွေနဲ့လည်း ပေါင်းသင်းဆက်ဆံမှု မပြုလုပ်ရန်၊ မည်သည့် သတင်းအချက်အလက်များကိုမှ ပံ့ပိုးမှု မပြုလုပ်ရန်နှင့် ၄င်းတို့အား သတိထား ဆက်ဆံကြရန် ဖြည့်စွက်မှာကြား လမ်းညွှန်မှုပြုထားသည့် အချက်ဖြစ်သည်။

အဖြစ်နိုင်ဆုံး အခြေအနေ (၂) ရပ်ရှိကြောင်း၊ အမည်မဖော်လိုသူ ကြံ့ဖွတ် ထိပ်တန်း အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

(၁) မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းကို၊ လေဘေး ရန်ပုံငွေ အလွဲသုံးစားမှုကြောင့် ၊တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင်များက၊ ခေါ်ယူစစ်ဆေးမှုကို မကျေနပ်ခြင်း။

(၂) လက်ရှိ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးရာ အဖွဲ့ဝင်များက၊ ယခင် တပ်မတော် ထောက်လှမ်းရေးဟောင်းများ အကြံဥာဏ်ယူလျက် ကြံ့ဖွတ်အသင်းအား လျှို့ဝှက်စွာ ထောက်လှမ်း သတင်းစုဆောင်း နေမှုကို၊ မကျေနပ်ခြင်း။

သူရဲကောင်း။

ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံး နေ့များ (၁)

ညမင်းသား

ဘုရားတရားသံဃာ(အစစ်)အား ရိုသေမြတ်နိုးစွာ ကန်တော့ပါ၏ဘုရား


ယခုအချိန်သည် သာသနာခုနှစ်အားဖြင့် ၂၅၀၀ ကျော်ခဲ့ပြီ၊ သာသနာ တစ်ဝက်ကျိုးလာသည်နှင့်အမျှ ဘုရားသာသနာသည်လည်း အဖက်ဖက်မှ ဆုတ်ယုတ်လျှက် ရှိသည်၊ ယနေ့ နအဖခေတ်မှာကား အဆိုးဆုံးပင်ဖြစ် သည်။ ရတနာသုံးပါးထဲတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာရတနာသည် ကွယ်လုဆဲဖြစ်နေပါသည်။

အဆိုးဆုံးဟုပြောရလောက်အောင် ခေတ်အဆက်ဆက် ဘယ်မင်းဘယ် ပုဂ္ဂိုလ်မှ မလုပ်ခဲ့ဖူးသော သံဃာအပေါင်းကို အတုဆိုပြီးရိုက်သတ် လိုက်ခြင်းပင်။ ပညာကျော် နအဖကားအတုနဲ့အစစ်ကို ဘယ်လိုခွဲလိုက် သည်မသိပါ၊ ပြည်သူတွေကြားမှတော့ အတုအစစ် ပြသာနာသည် တော်တော်ကြီးဂယက် ရိုက်ခတ်သွားခဲ့ပါသည်။

တချို့ပြည်သူများဆိုလျှင် မိမိတို့တစ်သက်လုံး ထိုင်ကန်တော့ ကိုးကွယ် လာခဲ့သော ရဟန်းတော်များသည် နအဖ၏ အတုစာရင်းထဲပါသွားသဖြင့် ဘာမှအကျိုးမရှိဖြစ်ကုန်လေ၏။ ထို့ကြောင့် ပြည်သူတွေ သံဃာ အစစ်အမှန်ကို ကိုးကွယ်ဆည်းကပ် ခွင့်ရအောင် ဒီပုဂ္ဂိုလ်တွေက သံဃာအတုဖြစ်ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ သံဃာအစစ်တွေပါဆိုပြီး နအဖ ဘက်က ဆက်လက်ဆောင်ရွက် ပေးသင့်ပေသည်။

နအဖ သည် အတုကို ဖော်ထုတ်ခဲ့ပြီး အစစ်ကိုတော့ မဖော်ထုတ်ခဲ့ပေ၊ အတုနဲ့အစစ် ကိုဘယ်လိုခွဲခြားကြမလဲ။ ရေသန့်ဗူးနဲ့ပစ်လို့ မှန်နှစ်ချပ် ကွဲသွားတာကို မကျေမနပ်ဖြစ်ပြီး အရေးယူပေးဖို့ တောင်းဆိုတဲ့ သာသနာပိုင်ကို သံဃာ အစစ် လို့ခေါ်ဆိုနိုင်မလား၊ ဒါမှမဟုတ် စစ်အစိုးရအလိုကျ ဆောက်ရွက်ပေးနေတဲ့ သူတွေကိုပဲ သံဃာအစစ်လို့ သတ်မှတ်ခဲ့မယ်ဆိုရင် ပြည်သူတွေ အကျိုးကို လိုလားတဲ့ သူတွေကိုရော သံဃာလို့ မသတ်မှတ်တော့ဘူးလား နအဖကား ရည်ရွယ်ချက်ရှိရှိ သံဃာကို သင်းကွဲလိုက်လေပြီ။ ဘယ်ပုဂ္ဂိုလ်တွေက ငါ့ဟာသံဃာအစစ်ပါလို့ လက်မထောင်ပြီး ကြွေးကြော်ဝံ့ပါသလဲ၊ သာသနာ ထက်ဝက် ကျိုး လာသည်နဲ့အမျှ ရဟန်း အရေခြုံမျှသာ ဖြစ်သော ဒုဿီလရဟန်း (ရဟန်းနဲ့တူသောအရာဆိုလို့ အ၀ါရောင်မျှသာရှိသော ပုဂ္ဂိုလ်) တို့ တိုးတက် များပြားလာလိမ့်မည်၊ ဒါဟာ အမှန်တရားပါဘဲ အခြားတစ်ဖက် မှာလဲ မြတ်သောရဟန်းအကျင့်ကို ကျင့်နေသည့်အပြင် သတ္တ၀ါတို့၏ ကောင်းကျိုးကိုဆောင်ရွက် ပေးနေသော သံဃာပုဂ္ဂိုလ်မြတ် တွေဟာလည်း လက်ညိုး ထိုးမလွဲအောင် ရှိနေပါသေးသည်။

ဤသို့ နအဖ၏ ပယောဂကြောင့် သာသနာညှိုးနွမ်းနေချိန်တွင် ဦးကျော်ဟိန်းသည် မြင့်မြတ်သော ရဟန်းဘ၀ကိုခံယူပြီး သတ္တ၀ါတွေရဲ့ အကျိုးကိုဆောင်ရွက် ပေးမည်ဟု ကြားသိရသောအခါ ကျွန်တော် အလွန်ဝမ်းသာမိပါသည်။ သို့သော် ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းရေးတွင် သဘောမကျစရာ အချက်တွေကို ကျွန်တော်တွေ့လာရပါသည်။ သူတောင်းစား တစ်ယောက်နှင့် တိုင်းပြည်ကို စွန့်ပြီးရဟန်းပြုလာသော ဘုရင်တို့တွင် အကျိုးဖြစ်သော ရဟန်းဖြစ်လာခြင်းသည် အတူတူပင်ဆိုငြားလူ အများ၏ စိတ်ဝင်စားမူသည် တူညီလိမ့်မယ် မဟုတ်ပါ၊ ထိုနည်းတူစွာ ယနေ့ ပေါ်ပြူလာခေတ်တွင် ရုပ်ရှင်နယ်ပယ်၌ ထင်ရှားကျော်ကြားနေသော ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းမှူကို လူ့အများ စိတ်ဝင်စားလျှက်ရှိသည်။ သည်တွင် ကျွန်တော် ပြောရပေတော့မည်။ ဦးကျော်သည် မိမိ ရဟန်းပြုခြင်းကို ကြေငြာ မောင်းထုနေသည်ဟု ကျွန်တော်ရိုးရိုးလေးမြင် သည်၊ ဦးကျော်၏ ရဟန်းပြုခြင်းသည် ထင်ပေါ်ကျော်ဇောခြင်းကို လိုချင်လို့လား၊ ရဟန်းပြုခြင်းသည်ကား သာမန်လူပုဂ္ဂိုလ်တို့ မကျင့် နိုင်သော မြင့်မြတ်သည့် အကျင့် ကိုကျင့်ရန်နှင့် မိမိ၏ ကိလေသာကိုပယ်သတ်ရန်။

ရည်ရွယ်ချက် -- ရဟန္တာ အရိယာ ပုဂ္ဂိုလ်ဖြစ်ရေးပင်။ ဤကား ဘုရားအကြိုက်၊

ရဟန်းပြု ရခြင်းကိုဘန်းပြပြီး လူအများ စိတ်ဝင်စားအောင်ရုပ်ရှင်ရိုက်သလိုမျိုး Action များနဲ့လူလုံး မပြသင့်ဟု ထင်ပါသည်။ ခုသတင်းစာ၊ စာစောင်များ၌ ဦးကျော်၏ နောက်ဆုံးနေ့များဆိုပြီး ခဏခဏတွေ့ နေရတော့ ဦးကျော် သေတော့မလားလို့တောင် လူတွေက ပြောနေကြပြီ။

အကျိုးမျှော်တဲ့ စပွန်ဆာတွေကလည်း ပွဲလန့်တုန်း ဖျာခင်း မီးလောင်ရာ လေပင့် လုပ်နေကြသည်ဟု ကျွန်တော်မြင်သည်။ ဒါတွေကိုထားပါတော့ ဦးကျော်သည် စိတ်အကြောင်းဆွေးနွေးခန်းဆိုပြီးတော့ လူတွေနှင့် တရုန်းရုန်း လုပ်နေသည့်အပြင် ယခုနောက်ဆုံး မြန်မာပြည် တပတ်ပတ်ပြီး တရားပွဲများကျင်းပမည်ဟု သိရပါသည်။

ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ပြီး ဘယ်တရားကိုဟောပြောမှာဘာလဲ။ ကျွန်တော် သတိပြုမိတဲ့ ပထမတစ်ချက်က ဦးကျော်ပြောခဲ့သော “ကျွန်တော်ဟာ လောဘကင်းတဲ့ လူတယောက်” ဟုဆိုခဲ့ခြင်းမှာ ပုထုဇဉ် လူသားတစ်ယောက်မျှသာ ဖြစ်သေးတဲ့ ဦးကျော်အတွက် ဒါဟာအများကြီး စဉ်းစားစရာပါ။ ပုထုဇဉ် လူသားတစ်ယောက်ကို လောဘကင်းပြီလို့ တကယ်တမ်း ပြောလို့ရပါသလား၊ ဦးကျော်လောက်ကို ထားဦး ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ အရာအားလုံးကို စွန့််ပြီးတောထွက်ပါတယ်၊ သာမန်အမြင်အရဆိုရင်တော့ ဒါဟာလောဘကင်းပြီလို့ ထင်စရာပါ၊ မဟုတ်ပါဘူးဗျ လောဘနောက်ကိုလိုက်တာပါ၊ မိမိလိုချင်တဲ့ ဘုရားဆိုတဲ့အရာနောက်ကိုလိုက်တာ..၊ အဲဒီမှာ လိုချင်တဲ့ ဘုရားမဖြစ်တော့ ဒေါသတွေဖြစ်ခဲ့ပါတယ်၊ အဲဒီလိုလောဘ၊ဒေါသနဲ့ပဲ ခြောက်နှစ်လုံးလုံး တရားအမှန်ကို ရှာမတွေ့ခဲ့ပါဘူး၊

ဟုတ်ပါပြီ.. ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို လောဘ၊ ဒေါသ၊ မောဟ၊ တဏှါ၊ ရာဂ ကင်းပြီလို့ ပြောနိုင်ပါသလဲ.. ရဟန္တာအရိယာမဖြစ်သေးသမျှ ဘယ်ပုဂ္ဂိုလ်ကိုမှ လောဘကင်းပြီဟု မပြောနိုင်ပါဘူး။

ကျွန်ုပ်တို့ အလှူအတန်း လုပ်ခြင်းသည် လောဘကို ပယ်သတ်ရန်မျှသာ၊ လူတယောက် ဘာမှ မလိုချင်ခြင်းသည် ဘာမှ မရှိခြင်းကြောင့်သာ၊ လောဘကို အမြစ်ပြတ်ပယ်သတ်ပြီး၍ကား မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် လောဘစိတ်များသည် တဒင်္ဂမျှ ငုတ်လျှိုးနေခြင်းသာဖြစ်သည်၊ တကယ်လို့ အကြောင်း တိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင် သူတို့၏ လောဘစိတ်များဟာ ဒိုင်းခနဲ့ ပွင့်ထွက်လာတတ်ပါတယ်…

လောဘ စိတ်ကလေး ပယ်သတ်တာလောက်ကို ထားပါတော .. ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေတောင်မှ ငါ ဟာအရိယာ ပုဂ္ဂိုလ်မြတ်ပါလို့ ဘာကြောင့် မကြွေးကြော်ကြပါသလဲ….

ကျေးဇူးတင်ပါသည်….

ဒုတိယပိုင်းမျှော်….

ညမင်းသား

Monday, 1 September 2008

နိုင်ငံတော် အဓိပ္ပါယ် သတ်မှတ်ချက် အကြောင်း

ကျွန်တော် စိတ်ထဲမှာ ပြောချင်နေသော စကားလုံးနဲ့ အကြောင်းအရာ တစ်ချို့ ရှိနေပါတယ်။ မပြောဖြစ်ဘဲ နေမိတဲ့ အကြောင်းကတော့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ဆိုတာ ကိုယ်ပြောချင်ရာကို သူတပါးကို မထိခိုက်ပဲ လွတ်လွတ်လပ်လပ် ပြောနိုင်ရမယ်လို့ နားလည်ထားမိလို့ပါ။ အခုတော့ ပြောကြည့်လိုက်ပါဦးမယ်။ ပြောချင်တာတွေကတော့ စကားလုံး အဓိပ္ပါယ် သတ်မှတ်ချက်တွေပါ။

အမြဲလိုလို ကြားနေရတဲ့ စကားလုံးကတော့ .... နိုင်ငံတော် ... တဲ့။

နိုင်ငံတော် ........ အဲဒီ နိုင်ငံတော် ဆိုတာ ဘာကို ရည်ညွန်းတာလဲ ဆိုတာ သတိထားမိပါရဲ့လား။.... ကျွန်တော် ပြောမယ်ဗျာ၊ ..... ကျွန်တော်တို့ မြန်မာနိုင်ငံက လူတိုင်း အဲဒီ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို သေချာ နားမလည်ကြဘူး။

သန်းရွှေက နိုင်ငံတော် ဖြစ်လိုဖြစ်၊ ဘာမဟုတ်တဲ့ စစ်ဗိုလ်လောက်က မယက ဥက္ကဌဖြစ်တော့ သူပြောချင်ရာ ပြောတာကို လူတွေက နိုင်ငံတော်က ပြောတာလို ဖြစ်လိုဖြစ်နဲ့။ ဘာလဲ နိုင်ငံတော် ဆိုတဲ့ အဓိပ္ပါယ်။ စာတတ်ပေတတ် အတွေ့အကြုံ ရှိ ပညာရှင်တွေ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို ခက်ဆစ် အဓိပ္ပါယ် ဖွင့်ပေးကြပါဦးဗျာ။

ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်အညို ပျက်စေမှု ပေါ့။ ဟုတ်ပါတယ်။ အဲဒီ အမှုနဲ့ တရားဆွဲခံရမယ်ဆို ထောင်ကျဖို့က သေချာတယ်။ လူသတ်မှုကမှ လွတ်ရင် လွတ်နိုင်တယ်။ အဲဒီ အမှုက မလွတ်တာသေချာတယ်။

... အဲဒီ နိုင်ငံတော်ကို အကြည်ညို ပျက်စေစေမှုမှာ တကယ် တရားဆွဲခံရတဲ့ လူတွေကြည့်တော့ ... သန်းရွှေ သမီး မင်္ဂလာဆောင်ခွေ ကြည့်မိလို့ ဆိုတဲ့ လူတောင် ပါသေးတယ်။ သန်းရွှေ သမီး မင်္ဂလာဆောင်တာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာလား။ ဒါဆို မင်္ဂလာဆောင်တဲ့ အဲဒီ သတို့သမီးက နိုင်ငံတော်လား ... ဒါမှ မဟုတ် ... နိုင်ငံတော်အကြည်အညို ပျက်စရာ ဘာတွေများ ရိုက်ပြထားပါလိမ့်။ (အသက် ၁၈ နှစ်အောက် မကြည့်ရ ခွေများ ရိုက်ထားလား မသိ။)

ကိုဇာဂနာလို လူမျိုးကိုလည်း နိုင်ငံတော် အကြည်အညို ပျက်စေမှုတဲ့။ မုန်တိုင်း ဒုက္ခသည်တွေကို ကူညီတာ၊ သူ့ဘာသာ ဘုရားစာရွတ် မေတ္တာပို့ လမ်းလျှောက်တဲ့ သံဃာတော်တွေကို ဆွမ်းကပ်တာလည်း နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုပဲလား။ ဒီတော့ နိုင်ငံတော်ဆိုတာ အခု လောလောဆယ် လူတွေ သတ်မှတ်ထားပုံကို ကြည့်ရင်

နိုင်ငံတော် ဆိုသည်မှာ ... သန်းရွှေနှင့် ဆွေမျိုး တစ်စု အပါအဝင်၊ စစ်ဝတ်စုံ ဝတ်ထားသော ရာထူး အတန်ငယ် ရှိသော လူပုဂ္ဂိုလ် အားလုံးကို ဆိုလို ပါသည် ... လို့ ကလေးတွေကို စာအော်ကျတ်ခိုင်းရမလို ဖြစ်နေပြီ။

နိုင်ငံတော်ဆိုတဲ့ စကားလုံးကို မိမိ ပါးစပ်က မထွက်ခင် ငါဆိုလိုချင်တာ ဘာလဲ ဆိုတဲ့ အဓိပ္ပါယ်ကို သေချာ စဉ်းစားစေချင်ပါတယ်။ သေချာ သိမှ တိကျမှ သုံးစေချင်ပါတယ်။ နအဖက မတရားဥပဒေ လုပ်ပြီး ပြောချင်ရာ ပြောပေမယ့် ကိုယ်တွေကလည်း အဲဒီ မတရားတဲ့ အသုံးအနှုံးအတိမ်အနက်ကို သေချာ မတွေးမိဘဲ အလွယ်တကူ နအဖ ပြောတဲ့ အတိုင်း လိုက်လံ သုံးဆွဲခြင်းအားဖြင့် နအဖလူမိုက်ကို အားပေးဖြစ်ရာ ရောက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

ဒေါ်အောင်ဆန်းစုကြည်နှင့် ပက်သက်၍ ကွယ်လွန်သည်မှာ မဟုတ်ကြောင်း

အထူးသတင်း

သတင်းစကားများ ထွက်နေကြသော အန်တီစု အစာငတ်ခံ ဆန္ဒပြပြီး ကွယ်လွန်သွားပြီ ဆိုသော သတင်းမျာ လုံးဝ မဟုတ်ပါ။ ဒီနေ့ နေလည်က မိနစ် ၃၀ ခန့် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အန်တီစုမှာ အနည်းငယ် ပိန်သွားပြီး ပင်ပန်းနေကြောင်းနှင့် ခဏမျှ အနားယူရန်လိုကြောင်း သာပြောကြားခဲ့ကြောင်း ဦးကြည်ဝင်းမှ ပြောခဲ့ပါသည်။

ကိုထိုက်

သတိရမိသည်များ (၃)

လောင်စာဆီဈေးတွေ တတ်လို့ ပြည်သူပြည်သား အားလုံး စိတ်ညစ်နေချိန်မှာ ဘလော့ သမားတချို့လည်း ဘယ်မှာ အငြိမ်နေနိုင်ပါ့။ ပြည်သူတွေထဲက ပြည်သူပဲလေ။ ဘလော့ ရေးနေတဲ့ လူတွေ ဆိုတာ ဘာသားနဲ့ ထုဆစ်ထားတာမို့လို့လဲ။ အိမ်က မုန့်ဖို့းနဲ့ အင်တာနက် ကဖေးမှာ ဝင်ရေးတဲ့လူနဲ့၊ ကိုယ့်အလုပ်နဲ့ ကိုယ်၊ ကိုယ့်ငွေ ကိုယ်ရှာပြီး ဘလော့ပေါ်မှာ သိသမျှ အရာရာ ဝေမျှပေးနေတော့၊ ဆီဈေးတတ်လို့ ကုန်ဈေးနှုံး ကြီးလာတာကို မြင်နေကြားနေရတော့ မြင်သမျှ ရေးမိနဲ့ပေါ့။ ကိုယ်တိုင်လည်း ခံနေရတာကိုး။

ကဲ အဲဒီ အထဲက ကိုမိုးတိမ်ကလည်း သူ့အတွေ့အကြုံကို ရေးထားတာတွေ ရှိပါတယ်။ သူရေးထားသမျှ ကတော့ အောက်မှာ ဖတ်ကြည့်ပါဦး၊ ခေါင်းစဉ်က တော့ “ရန်ကုန်မှာ ဒီလို ဒီလို” တဲ့။ (ရေးတဲ့ ရက်ဆွဲကတော့ သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇)
တနေ့ညက ခေါင်းတွေကိုက်ပြီး မျက်ရည်ပူတွေကျနေလို့ မနေ့က ရုံးခွင့်ယူပြီး မျက်စိဆရာဝန်သွားပြရတယ်။ မနက် ၁၀ နာရီလောက် အိမ်ကနေထွက်ပြီး ရွှေဘုံသာလမ်းကိုသွားဖို့ ကားဂိတ်ကိုထွက်လာခဲ့တယ်။ ဒီအချိန်ဆိုအတော်ပဲ ကားသိပ်မကျပ်တော့ဘူး။ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတယ်။ ခါတိုင်းဆို ကားပေါမှပေါ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်။ ကားတွေ Gas မရပြန်ဘူးထင်တယ် လို့တွေးမိတယ်။ ဒါက ဖြစ်လေ့ဖြစ်ထတစ်ခုမို့ လူတိုင်းသိနေတယ်လေ။ တစ်ခါတစ်လေ ကားတွေကို Gas ဆိုင်က ထည့်မပေးနိုင်လို့ ကားတွေမထွက်ရဘူး ညလုံးပေါက် တန်းစီပြီး စောင့်ရတယ်။ အဲ့ဒီလိုနေ့တွေ မှာဆိုရင် ကားတွေရှားတယ်။ Gas ရှိတဲ့ကားတွေလောက်ပဲ ထွက်တယ်။ ဒီနေ့လည်း ဒီလိုပဲထင်တယ်လို့ ..... တွေးမိတယ်။ တွေးနေရင်း ကားရောက်လာပြီ .. “ဆူးလေ .. ဆူးလေ ... လာလာချောင်တယ် ... ကားတွေမထွက်ဘူးနော် ... ကားရှားတယ် .. မစောင့်နဲ့ .. စောင့်ရင်းနဲ့မှတ်တိုင်နဲ့ ညှားသွားဦးမယ်” .. စပယ်ရာတွေက အဲ့လို ..ပေါက်ကရတွေ ... ငါထင်တာ မှန်နေပြီလို့မှတ်လိုက်တယ်။ ကားတွေ မထွက်ဘူးတဲ့ ..... ကားပေါ်ရောက်တော့ ထုံးစံအတိုင်း မြို့ထဲဆိုတော့ ၁၀၀ ပေါ့။ ၂၀၀ တန်ပေးလိုက်တယ် .... “အကို ဘယ်လဲ ... ” “အေး ... လမ်း ၃၀ ကို” .... “အကို .... တစ်ယောက် ၂၀၀ နော်”တဲ့ ... ကျွန်တော်အံ့သြသွားတယ်။ “အောက်ဆိုဒ်ကားလား၊ လိုင်းကားမဟုတ်ဘူးလား” လို့မေးတော့ အကိုမသိဘူးထင်တယ် ... ညက CNG ထည့်ရတဲ့ ဈေးတက်လို့ ကားခတွေလည်း နှစ်ဆ တက်ကုန်ပြီ” .. “အမ် .. ဟုတ်လား .... ဘယ်လောက်တောင် တက်သွာလို့လဲ .. ”လို့မေးတော့ “၅ ဆ .. အကို .. ၅ ဆ ... အရင်က အိုး ၁၀လုံး ၅၀၀၀ ပေးရတယ် ... အခု ၃၀၀၀၀ ပေးရတယ် ... စဉ်းစားတာကြည့်ပေတော့ဗျာ” “ဒါတင်မဟုတ်ဘူးအကို ဓါတ်ဆီဆိုရင် အရင်ဆိုင်ထည့်ဈေး ၁၂၀၀ ... အခု ၃၀၀၀ ဖြစ်သွားပြီ၊ ညစ်တယ်ဗျာ ကျွန်တော်တို့ကော ခရီးသည်တွေပါ ဒုက္ခရောက်ကုန်တာပေါ့” “အဲ့ဒါကြောင့် မနေ့ညက ဒုက္ခတွေရောက်လိုက်ကြတာ ပြောမနေနဲ့ တန်းစီထားတဲ့တချို့ကား တော်တော်များများတွေဆို အုံနာအိမ်ကို ပြန်မောင်းသွားကြတယ်။ CNG မထည့်တော့ဘူး၊ ဒါကြောင့်ဒီနေ့ ကားရှားနေတာပေါ့။ ယာဉ်ကြီးတွေ တော်တော်များများ မထွက်ကြဘူး၊ အိမ်မှာ ဒီအတိုင်းထိုးထားပြီး အခြေအနေစောင့်ကြည့်နေကြတာ၊ ကျွန်တော့်ကားတောင် လက်ကျန်လေးရှိနေလို့ ထွက်ဖြစ်တာ”လို့ ကျွန်တော့်ကို ပြောပြတယ်။ သူ့မျက်နှာမှာလည်း မကျေနပ်တဲ့အရိပ်အရောင်တွေ သန်းနေတယ်တာ ကျွန်တော်တွေ့လိုက်တယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အဲ့ဒီအရိပ်ကြီးစိုးမိုးနေတာ ကြာပါပြီ။ ထမင်းတနပ်စားရဖို့အရေး ရုန်းကန်နေရတဲ့ဘ၀မှာ ဒီလိုပဲ အောင့်အီးပြီး အစိုးမိုးခံနေကြတယ်။ .... ကျွန်တော်တော်တော် တုန်လှုပ်သွားတယ် .. ဘာတွေဖြစ်ကုန်ပြီလဲ ..... မြန်မာနိုင်ငံမှာ ပေါများလှတဲ့ သဘာဝဓါတ်ငွေ့တွေ ဈေးတက်ကုန်ပြီတဲ့ ... ဖြစ်နိုင်သလား .. ဖြစ်နိုင်ပါတယ် .. ဘာလို့မဖြစ်နိုင်ရမှာလဲ ... CNG တွေကို အစိုးရက နိုင်ငံခြားကို ရောင်းစားနေတော့ ပြည်သူတွေ ငတ်ပြီပေါ့။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပါပဲ .... မြန်မာနိုင်ငံမှာ သဘာဝ ရေမြေဓါတ်ခံကောင်းတော့ စိုက်ပျိုးရေး၊ မွေးမြူရေး/ရေလုပ်ငန်းတွေ အောင်မြင်ထွန်းကားတာ လူတိုင်း အသိပါပဲ အခုဆိုရင် ... ကောင်းပေ့ဆိုတဲ့ ပုဇွန်တွေ၊ ငါးတွေ၊ စပါးတွေ၊ သာမက .. ကြက်သွန်နီကိုတောင် နိုင်ငံခြားကို တင်ပို့ပြီးရောင်းနေကြပြီဆိုတော့ ဘယ်မှာလဲ ပြည်သူတွေစားဖို့။ လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားပဲပို့တော့မှာပေါ့ ပြည်တွင်းမှာ ဘယ်ရောင်းတော့မှာလဲ။ မြန်မာနိုင်ငံက ပြည်သူတွေ ငတ်ပြီပေါ့။ အဲ့ဒီလို အငတ်ခံလို့ အကျိုးကျေးဇူးခံစားရရင် မပြောလိုပါဘူး။ အခုဟာက ဘာမှကိုဖြစ်မလာတာ။ အခုချိန် အိမ်ရှင်မတွေ “ဈေးသွားရင် ရှူဆေးတွေယူသွား၊ နှလုံးရောဂါသည်တွေကို ဈေးမသွားခိုင်းပါနဲ့” ဆိုတဲ့ သတိပေးချက်တွေကို ရုပ်မြင်သံကြားတွေမှာ အသိပေးသင့်နေပြီ။ ဈေးထဲသွားရင် ဘုရားတနေရတယ်။ အေးပေါ့လေ .... လိမ္မော်ခြံပိုင်ရှင်က လိမ္မော်သီးအကောင်း မစားရဘူးဆိုတဲ့ စကားလို့ဖြစ်နေပြီ။ ဘယ်စားရမလဲ .. အကုန်ရောင်းစားတာကိုး။ ဒါပေမယ့် ဒီအချက်တွေကြောင့် မြန်မာနိုင်ငံဟာ သူများထက်မနှိမ့်ဘူးဆိုပြီးတော့ ကိုယ်ကိုကိုယ်ဖြေသိမ့်မိတယ်ဗျာ ... ငယ်ငယ်တုန်းက အဖိုးပြောလို့ ကြားဖူးတဲ့ ဟာသ ပုံပြင်လေးတစ်ပုဒ်ကြောင့်ပါ .. ပုံပြင်လေးက ဒီလို ..
“ဟိုး ... လွန်လေပြီးသောအခါက .. ရွာတစ်ရွာမှာ သူဠေးသား မောင်သာဆိုတာရှိသတဲ့။ သူဟာ နာမည်နဲ့လိုက်အောင်ကို အစစအရာရာ သူများထက်သာချင်တာ။ သူနဲ့အနီးအနားက ရွာသူဌေးသားတွေ ကိုလည်း လိုက်ပြိုင်၊ ရွာက လူတွေကိုလည်းလိုက်ပြိုင် .. ပြိုင်စရာမရှိရင်တောင်မှ ငါအိမ့်က သူများအိမ်တွေထက် မြင့်တယ်လို့ ၊ ငါ့အိမ်ကခွေးက အမြီးပိုဖြောင့်တယ်လို့ ကြံဖန်ဂုဏ်ယူတတ်တဲ့လူမျိုး။ တစ်နေ့တော့ .... သူတို့ရွာမှာ ၀မ်းရောဂါကပ်ဆိုက်ပါလေရော .. တစ်ရွာလုံး ၀မ်းလျှောတာ ...။ သမားတော်က အဲ့ဒီရွာမှာ တစ်ယောက်တည်းရှိတာ။ အဲ့ဒီတော့သမားတော်လည်း လက်မလည်ဘူးပေါ့။ ဒီလိုအချိန်တွေမှာ လူတိုင်းဟာ ဒီရောဂါ .. ကုတော့လည်း ဒီဆရာ .. သောက်ရတော့လည်း ဒီဆေးဆိုတော့ မောင်သာတစ်ယောက် သူများထက်မသာတော့ဘူးပေါ့။ လူတွေကလည်း ပြောကြတယ် “မောင်သာတစ်ယောက်တော့ ဒီတစ်ခါ မသာနိုင်တော့ပါဘူးကွာ”ဆိုပြီးတော့လေ။ အဲ့ဒီအချိန်မှာ မောင်သာဟာ အကြံအိုက်သွားတယ် .. “မဖြစ်ချေပြီး ငါကာလရှည်ကြာ ထိန်းသိမ်းခဲ့တာ ဂုဏ်ပုဒ်ပျက်ဆီးသွားလို့ မဖြစ်ဘူး ... တစ်ခုခု ကြံဦးမှ”ဆိုပြီးတော့တွေးတော့ .... ခဏကြာတော့ မောင်သာတစ်ယောက်ထပြီး ဆေးမြီးတိုဆိုင်ကိုသွားတယ် .. “ကျွန်တော့်ကို ၀မ်းလျှော ဆေးလေးရောင်းပေါးပါ”လို့ပြောတယ် .. ဆိုင်ရှင်က တအံ့တသြနဲ့ “အလိုမောင်သာ .. ဘာလိုပ်ဖို့တုန်း .. အခုချိန်မှာ တစ်ရွာလုံး ၀မ်းရောဂါ ကပ်ဆိုးဖြစ်နေချိန်မှာ ၀မ်းလျှောဆေးက ဘာလုပ်ဖို့တုန်း” .. “ရောင်းမှသာ ရောင်းစမ်းပါ ... လုပ်စရာရှိလို့ပေါ့ဗျာ ....” လို့ပြောတော့ ဆိုင်ရှင်က ရောင်းပေးလိုက်တယ်။ “အင်း .. မောင်သာကတော့ ဘာတွေ အဆန်းတကြယ် လုပ်ဦးမလဲမသိဘူး”လို့တွေးရင်းနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ကျတော့ ရွာထဲမှာ ထူးထူးဆန်းဆန်း သတင်းကြားလိုက်ရတယ်။ “မောင်သာ သူများထက် သာသွားပြန်ပြီ”တဲ့ .. “ဘာတွေသာသွားပြန်တာတုန်း လုပ်စမ်းပါဦး”လို့ မသိတဲ့လူတွေမေးကြတော့ သိတဲ့လူက “ဒီလိုဗျာ မိတ်ဆွေတို့ရဲ့ ... မောင်သာလေ .. မောင်သာ .. ကြံကြံဖန်ဖန်ဗျာ .. ကျုပ်တို့ရွာကပ်ဆိုက်တာ ကလေးကအစ ဘယ်သူမှ မလွတ်တာ အကုန်အသိပဲလေ ..” “ဟုတ်တယ်လေ .. အဲဒါဘာဖြစ်လို့တုန်း .. မိတ်ဆွေရ” .. “သိပ်ဖြစ်တာပေါ့ဗျာ .. အဲ့ဒီလိုဖြစ်တော့ မောင်သာတစ်ယောက် သူများထက် မသာနိုင်တော့ဘူးလေ .. ဒီရောဂါ ၊ ဒီဆရာ ၊ ဒီဆေးပဲမဟုတ်လား .. အဲ့ဒီတော့ သူက သူ့ဂုဏ်ပုဒ်မပျက်အောင်ဆိုပြီးတော့ ၀မ်းနှုတ်ဆေးတွေသွားဝယ်တယ် .. ပြီးတော့ အိမ်က သူ့ခွေးကိုဝမ်းနှုတ်ဆေးတွေကျွေးတယ် .. သူကိုယ်တိုင်လည်းသောက်တယ် .. ဒါကြောင့် မနေ့က တစ်ညလုံး ၀မ်းလျှောတာ သမားတော်တောင် ခုချိန်ထိမအိပ်ရဘဲ ကုနေတုန်းဗျာ့ .. သူ့အိမ်က ခွေးကိုရောပေါ့ဗျာ .... လူကမထနိုင် အားအင်ချို့နေတာတောင်မှ သူ့ကိုသွားသတင်းမေးတဲ့သူတွေကို ပြောလိုက်သေးတယ် .. “အခုတော့ ငါသာသွားပါပြီ”တဲ့ဗျာ .. ” ... “ဟိုက် .. သေစမ်း .......”
ပုံပြင်လေးကတော့ ဒါပါပဲကွယ် အကြောင်းတိုက်ဆိုင်လို့ပြောပြတာပါ .. အခုတော့ ငါတို့ ရန်ကုန်မှာလည်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ကားခတွေမြင့်တက်နေတဲ့အတွက် သူများနိုင်ငံနှင့်မခြား သာနေပါတော့သည်လို့ မှတ်ချက်ချရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။ စိတ်အခန့်မသင့်တာလေးတွေပါ ခွင့်လွတ်ကြပါကုန် ........ စကားစပ် ကျွန်တော် အပြန်ကျတော့ ရွှေဧည့်သည်အခြေအနေသိရအောင်လို့ အောက်လမ်းမှာ သွားစောင့်စီးတာ ... ဟီး ရွှေဧည့်သည်လည်း ဘယ်ခံနိုင်မတုန်းဗျာ ... ကားခတော့မတက်ဘူးတဲ့ .. ဒါပေမယ့် ... မတ်တပ်တွေရောအကုန်လက်ခံတယ်တဲ့ .. ဒါဆို ရိုးရိုးလိုင်းကားနဲ့မခြားဖြစ်သွားပြီပေါ့ဗျာ ......
စာအရေးအသားက ရှင်းပါတယ်။ ရှင်းဆို မြင်သလို ရေးတာကိုး။ .... ပြည်သူလူထုထဲက ပြည်သူ တစ်ယောက်ဖြစ်တဲ့ ဘလော့သမားတစ်ယောက်ရဲ့ အမြင်နဲ့ လောင်စာဆီ ဈေး ထိုးတတ်သွားတဲ့ အပေါ်ကို တွေ့ရသမျှ ရိုးရိုး သားသား တင်ပြထားတာပဲလေ။

မြန်မာ့ သမိုင်းရဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ လူသတ်ပွဲမတိုင်ခင်မှာ ဖြစ်နေတဲ့ ဖြစ်ရပ် သမိုင်းကို ထင်ဟပ်စေခဲ့တဲ့ ပို့စ်တွေ ထဲက ခင်မင်ရတဲ့ ကိုမိုးတိမ်ရဲ့ ကိုယ်တွေ့တစ်ခု ဖြစ်ခဲ့လို့ မှတ်သားဖွယ်ရာ သတိရမိသည်များထဲက တစ်ခုပေါ့။

အော် .. မေ့တော့မလို့ ကိုမိုးတိမ်ရဲ့ ဘလော့ လိပ်စာက http://shwemoetain.blogspot.com ဖြစ်ပြီး၊ ဘလော့ နာမည်က “မိုးတိမ်၏ ဘာညာသာရကာ နေကြာ ကွာစိ” ပါတဲ့ .. ခင်ဗျာ။

သတိရမိသည်များ အပိုင်း (၄) ကိုဆက်ပါဦးမယ်။

လေးစားစွာဖြင့်
ကိုထိုက်