Tuesday, 31 July 2007

သမိုင်းထဲက ခဏ ထွက်ကြည့်ရအောင်

ဒီတစ်ခါမှာတော့ ကျွန်တော် တွေးမိတွေးရာ တွေထဲက နည်းနည်းလောက် ပြောကြည့်ချင်ပါတယ်။ ကျွန်တော်တို့ သမိုင်းတွေထဲမှာ နည်းနည်းများ အချိန်ကြာကြာနေထိုင်ပြီး ရှေ့ ခရီးကို ဆက်လက် မထွက် ကြဘူးလား ဆိုတာပါပဲ။

မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတော်ကြီး ပြောင်းလဲဖို့ရာမှာ လုပ်ဆောင်မှုတွေ၊ စိတ်ဓါတ်ရေးရာတွေ၊ အတွေးအမြင်တွေကို သုံးသပ်၊ သင်ယူ၊ ဖေါ်ဆောင် လုပ်ကိုင်ကြရမှာ ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသား အားလုံးရဲ့ တာဝန် တစ်ရပ်ဖြစ်နေတာ သေချာတဲ့ အချက် တစ်ခုပါ။

ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ အင်အားသေးတဲ့ ရန်သူမဟုတ်ပါဘူး။ လူသူ၊ လက်နက်၊ အာဏာ၊ ငွေကြေးမှာ အစစ အရာရာ ကျွန်တော်တို့ အားလုံးထက် သာလွန်နေပါတယ်။ ဒါ အမှန်တရားပါ။ အထက်ပါ အချက်တွေကို အားဖြည့်ပေးတာကတော့ သူတို့တွေရဲ့ ကောက်ကျစ်တဲ့ စိတ်ဓါတ်တွေနဲ့၊ လူမဆန် ကတိမတည်တဲ့ အရည် အချင်းတွေပါ ထပ်ပေါင်းလိုက်တော့ အင်မတန် အန္တရာယ် ကြီးတဲ့ ရန်သူ ဖြစ်နေပါတယ်။

ဒီလို အင်အားကြီး ကောက်ကျစ်တဲ့ ရန်သူကို ထိရောက်အောင် တိုက်ခိုက်နိုင်ဖို့ကတော့ သူတို့ကို မကောင်းဘူး ဆိုတာသိရုံ၊ သူတို့ကို မုန်းတီးရုံ စိတ်တစ်ခုတည်းနဲ့တော့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ကျွန်တော်တို့က ရန်သူကို ထိခိုက်အောင် တိုက်ခိုက်ရာမှာတော့ မြန်မာ နိုင်ငံရေး သမိုင်းကြောင်းကို သိထား၊ မှတ်ထား နားလည်ထားတာ အလွန်ကောင်းပါတယ်။ နားလည်အောင်လည်းလေ့လာထားရပါမယ်။

သို့သော် အဲဒီလို လေ့လာ၊ နားလည်၊ ပြောဆို ဂုဏ်ပြုနေရုံနဲ့ နိုင်ငံရေးလုပ်တယ်လို့ မခေါ်ဆိုနိုင်ဘူးလို့ ကျွန်တော် ယူဆ မိပါတယ်။ ပီပြင်တဲ့ ရန်သူလို့ မြင်ပြီး ရန်သူကို တိုက်ရိုက် ထိခိုက် အားနည်းလာအောင် တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေ လုပ်ကိုင်သင့်ပါတယ်။ ရန်သူက ဘယ်လို လှည့်ကွက်တွေသုံးတယ်၊ ဘယ်လို မာယာတွေ သုံးတယ်၊ ဘာတွေ လုပ်နေတယ်ဆိုတာ မျက်ချေ မပြတ် စောင့်ကြည့်နေသင့်သလို၊ တပြိုင်နက်ထဲမှာလည်း သူတို့ကို ဘယ်လို နည်းနဲ့ ကာကွယ်နိုင်မလဲ၊ ဘယ်လို တန်ပြန် တိုက်ခိုက်သင့်သလဲ၊ သူတို့ အခက်အခဲ ဖြစ်အောင် ဘယ်လို အကွက်တွေ ရွေ့သင့်သလို ဆိုတာပါ တပြိုင်နက် အကောင် အထည်ဖေါ်ရမှာပါ။

ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောခဲ့သလို သမိုင်းကို မ`အ´အောင် သင်ယူရတာပါ။ မြန်မာ့နိုင်ငံရေး သမိုင်းမှာလည်း နိုင်ငံရေး သမိုင်းကြောင်းကို မ`အ´ အောင်၊ လေ့လာ မှတ်တမ်းတင်သင့်ပါတယ်။ သို့သော် မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြောနေတာ၊ သမိုင်းကြောင်းကို လေ့လာ ဂုဏ်ပြုနေကြတာဟာ နိုင်ငံရေးအတွက် တိုးတတ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအတွက် လုပ်သင့်တာတွေကတော့ နအဖတွေ ဘယ်လိုနည်းနဲ့ အရှုံးပေးသွားအောင် လုပ်မလဲဆိုတာကို ရှာဖွေ၊ စဉ်းစား လုပ်ကိုင်နေရမှာဖြစ်ပါတယ်။ နအဖကို တိုက်ခိုက်ရာမှာလည်း တစ်သံတည်း၊ လှုပ်ရှားမှု တစ်ခုတည်း ပုံစံနဲ့ ပြည်တွင်းပြည်ပ လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ ရာလည်း အရေး အလွန်ကြီးပါတယ်။

ဒါကြောင့် သမိုင်းထဲက သင်ခန်းစာတွေ အတွေ့ အကြုံတွေကို ယူပြီး ရန်သူ နအဖကို` စောင့်ကြည့်ရဦးမယ်´ ဆိုတဲ့ စကားတွေကို ပြောနေတာထက်၊ နအဖကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကို အမြဲတွေးခေါ် စဉ်းစား အင်အား စုစည်းနေရမှာပါ။ ပြည်တွင်း ပြည်ပ လှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ ဘက်က ညီညီညွတ်ညွတ်နဲ့ တစ်သံတည်း ထွက်အောင် လုပ်ပြီး ကောက်ကျစ်တဲ့ ရန်သူကို ရင်ဆိုင်နိုင်အောင်၊ ကျွန်တော်တို့တွေ သမိုင်းထဲက ခဏ ထွက်ကြည့်ကြရအောင်လား ခင်ဗျာ။

ရုပ်ဖျက်ထားသူနှင့် တွေ့ခြင်း

ရွှံ့ ထဲမှာ ထိုင်နေသူ တစ်ယောက်ကို ကျွန်တော်တွေ့ပါတယ်။ သူ့မျက်နှာကို ရုပ်ဖျက်ထားတယ်။

`ခင်ဗျား မျက်နှာကို ဘာလို့ ရုပ်ဖျက်ထားတာလဲ´
သူက သက်ပြင်းချပြီး ဖြေတယ်။
`မျက်နှာ ပျက်စရာတွေ ရှိနေလို့ပါ´
ခေါင်းငုံသွားရပြန်တယ်။
`ခေါင်းလည်း မဖေါ်ချင်တော့ဘူးဗျာ´
လို့ ထပ်ပြောတယ်။
`၀င်ထိုင်ပါဦးလား´
လို့ မဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ရတယ်။

တာရာမင်းဝေရေးတဲ့ စကားစုလေး တစ်ခုပါ။ အဲဒါလေးကို ကို အမှတ်တမဲ့ ဖတ်ရင်း၊ သေချာတွေးကြည့်မိလိုက်တော့ စဉ်းစားပြီး ကျေနပ်စရာ၊ စိတ် ဘ၀င်ကျစရာ၊ တွေ့တာနဲ့ ပြန်မျှပေးလိုက်တာပါ။ စာကသိပ်တော့ ရှည်ရှည်ဝေးဝေး မဟုတ်ပါဘူး။ တွေးကြည့်လျှင်တော့ အရှည်ကြီး ဆွဲဆန့်နိုင်မလား မသိ။ ဖတ်ပြီး ခံစား၊ တွေးကြည့်တဲ့ အတွေးပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။

(မှတ်ချက် ... cbox ထဲ သူများ နာမည်ကို သုံးပြီး ပေါက်တတ်ကရ ရေးတဲ့လူတွေ တွေးတတ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ရွှံ့ ထဲထိုင် မျက်နှာဖျက်ပြီး ခေါင်းမဖော်ရဲတဲ့ အဖြစ်တွေက ကင်းဝေးနိုင်ကြပါစေ။)


Wednesday, 25 July 2007

အခန်း (၁.၁၀)

ပင်လယ် ဒမြ သေးသေးလေးများ

ပင်လယ်ဒမြ သေးသေးလေးများ ဇမ်မိုနီးယန်း ပင်လယ်ထဲတွင် အလွန်ကျွမ်းကျင်ကြသူများ ဖြစ်ကြသည်။ ထိုအခြင်းအရာကို ဘယ်သူမှ မသိကြပေ၊ ... ဟုတ်ပေ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အလွန်သေးငယ်ကြသဖြင့် မည်သူမျှ သတိမထားမိခြင်း ဖြစ်၏။ သူတို့အဖို့ မြင့်မားသော လှိုင်းလုံး၊ ပြင်းထန်သော မုန်းတိုင်း၊ အားကြီးသော ရေ၀ဲဆိုတာ မရှိပေ။

သူတို့အား ကြောက်စရာ သဘာဝတွေက အံမတုနိုင်ကြပေ။ ရဲရင့်မှု အရှိဆုံး ပင်လယ်ပျော်များ ဖြစ်ကြသည်။ ကြောက်မက်ဖွယ် သဘာဝ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ပြီး သူတို့ရဲ့ ရေကြောင်းကျွမ်းကျင်မှုတွေကို ပြသဖို့ အခွင့်အလမ်းကောင်းတွေကို အမြဲရှာဖွေနေကြသူများ ဖြစ်ကြသည်။ ပင်လယ်ဒမြ သေးသေးလေးများ၏ ကျွမ်းကျင်သည့် ရေကြောင်းပညာကြောင့် ပင်လယ်ရေနက်ဝဲ ကြီးကို ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။


သူတို့သည် တတ်ကြွဖွယ် ပင်လယ် ဒမြ သီချင်းတွေကို တကြော်ကြော် အော်ဆိုပြီး၊ အံသြဖွယ်ကောင်းစွာ ရေ၀ဲတွေကို ဖြတ်ကျော်လေ့ရှိကြသည်။ ပင်လယ်ကြီးရဲ့ လှိုင်းလေတွေကို ကြည့်ရှုသည့် မျှော်စင်ပေါ်မှ အလွန်သေးငယ်သည့် မှန်ပြောင်းလေးဖြင့် ကြည့်သောအခါ ပင်လယ်ရေနက်ဝဲကြီးထဲ ကျလုနီးနီး ဖြစ်နေသာ ကျွန်ုပ်ကို သူတို့ တွေ့ရှိလိုက်ကြခြင်း ဖြစ်၏။ သာမန်အရွယ် ရှိသည့် လူများပင် တွေ့ရန်မလွယ်သည့် အချိန်တွင် ပင်လယ်ဒမြ သေးသေးလေးများက ကျွန်ုပ်ကို တွေ့ရှိခဲ့ခြင်းသည် ကျွန်ုပ်အတွက် အလွန်ကံကောင်းမှု တစ်ရပ်ပင် ဖြစ်၏။ သူတို့သည် ကျွန်ုပ်အား သင်္ဘောပေါ်သို့ ဆွဲတင်ပြီး ဆီစိမ် အ၀တ်များ ပတ်ပေးကာ ရွက်တိုင်တွင် ကြိုးနှင့်သေချာစွာ ချည်နှောင်ကြလေ၏။ ထိုအပြုအမူသည် ကျွန်ုပ်အတွက် အနည်းငယ် ထူးဆန်းသလိုဖြစ်နေသည်။

ထိုအချိန်အတွင်းမှာပင် သူတို့၏ ကြီးကျယ်သော တိုက်ပွဲကို ဆက်လက် ဆင်နွဲနေကြလေသည်။ ရွက်တိုင်များပေါ် ရှဥ့်များကဲ့သို့ ခုန်၍ တတ်လိုက် ဆင်းလိုက်ဖြင့်၊ စက်သီးများကိုဆွဲ၍ ရွက်ဖျင်များကိုလည်း တင်လိုက် ချလိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။ သူတို့ကို ကြည့်ရင်းဖြင့် ကျွန်ုပ်ပါ မူး၍လာ၏။ လူးလိမ့် ရှေ့ နောက် ပြေးနေသော သင်္ဘောနှင့် ဟန်ချက် ညီအောင် ဦးပိုင်းပြေးလိုက်၊ ပဲ့ပိုင်းပြေးလိုက်ဖြင့်လည်း ထိန်းသိမ်းဖို့ ကြိုးစားလျှက်ရှိ နေကြသည်။

သင်္ဘောဝမ်းပိုင်းထဲ ၀င်ကာ ပျောက်သွားလိုက်၊ ရေအပြည့်ဖြင့် ဖြည့်ထားသော ပုံးများဖြင့် ပြန်တတ်လာကာ သင်္ဘော ကုန်းပတ်ပေါ်ရှိ အပေါက်များမှာ ခပ်ပြင်းပြင်း ရေများကို သွန်ထုတ်ပစ်နေကြသူများလည်း ရှိသည်။ ရွက်တိုင်ကြိုးများဖြင့်လည်း ရှေ့ နောက် ခိုစီးကာ သွားလာနေကြ သူများလည်း ရှိကြသည်။ တပြိုင်နက်ထဲမှာပင် သင်္ဘော ပဲ့ထိန်းကို ကိုင်ကာ အပေါ်ရောက်လျက်၊ အောက်ရောက်လျက်ဖြင့် နပမ်းသတ်နေသည့် သူလည်း ပါ၏။ အချို့ ကား တပြိုင်နက်ဖြင့် ပင်မရွက်ကြီးကို ကြိုးများဖြင့် အားကုန်သုံး၍ မြန်မြန်ဆန်ဆန် ရွက်ဖျင်ကို တင်ကြသည်။ သို့သော် သူတို့ သီဆိုနေသော ပင်လယ်ဒမြ သီချင်းများကို တခဏလေးမျှပင် အော်ဆိုရန် မမေ့လျော့ကြချေ။ ကျွန်ုပ် မှတ်မိသလောက် ထိုသို့ ရှုပ်ထွေးနေချိန်တွင် တစ်ယောက် တစ်လေမျှ သင်္ဘောကုန်းပတ်ကို တိုက်ချွတ်နေသည်ကို မတွေ့ရပေ။

ဧရာမ ကြီးမားသော ရေများ လွမ်းမိုး ဖြန်းပက် ခံရလိုက်၊ ဘေးသို့ ဘယ်ညာ တိမ်းစောင်းသွားလိုက်၊ မိုးကောင်းကင်ကြီး တစ်ခုလုံး ကျွမ်းထိုး မှောက်ခုံ ဖြစ်လိုက်၊ မှောက်မလို ဖြစ်လိုက်ဖြင့် ယိမ်းထိုးနေသော်လည်း သင်္ဘောမှာ နစ်မြုပ်သွားခြင်း မရှိပေ။ ထိုအချိန်တွင် ကျွန်ုပ် အဖို့ ပထမဦးဆုံး အကြိမ် အဖြစ် ပင်လယ်ရေငံ၏ အရသာကို စတင် မိတ်ဆက် ခဲ့ရသည်။ ပင်လယ်ရေ၏ အရသာမှာ ကျွန်ုပ် ထင်သလောက် မဆိုးဘူးဟု ကျွန်ုပ် ထင်မိသည်။


ကျွန်ုပ်တို့ စီးလာသော သင်္ဘောမှာ တောင်ကြီး တမျှမြင့်မားလှသော လှိုင်းလုံးထိပ်ဖျားရှိ ရေလှိုင်းများကြားတွင် မျောကျစီးဆင်းလာပြီး၊ လေထဲသို မြောက်တတ်သွား သည်အထိ ရိုက်ပုတ်ခံရကာ ဟိုးအောက်ဘက် အနက်ပိုင်း အထိ သယ်ဆောင်ခြင်းကို ခံခဲ့ရသည်။ သင်္ဘောမှာ ရှေ့ တိုးနောက်ငင် ဆွဲယူ လွတ်ပစ်ခြင်းခံရလိုက်၊ ကြီးမားသော လှိုင်းခုံးထိပ်များ၏ တွန်းထိုး ရိုက်ပုတ်ခြင်း ခံရလိုက်ဖြင့် အမျိုးမျိုး ဖြစ်နေသော်လည်း ပင်လယ် ဒမြ သေးသေးလေးများက ကြောက်ရွံ့ခြင်း အလျှင်းမရှိကြပေ။ သူတို့သည် ပင်လယ်ကြီးကို ပြန်လည်အော်ဟစ်ကာ၊ ထီမထင်ဟန်ဖြင့် တံတွေးပြန်ထွေးလျက်ရှိကြသည်။ သူတို့၏ ချိတ်ကောက် လက်များဖြင့် တန်ပြန်ထိုးဆွ တိုက်ခိုက်ကြသည်။ တခဏ အကြာတွင် လျှပ်ပျက်တမျှ မြန်ဆန်သော အလျှင်ဖြင့်လှော်ခတ်ကာ ရွက်များကို ပြန်ဖွင့်ကြသည်။

လှိုင်းတစ်ချက် ပုတ်တိုင်း၊ လှေ တစ်ချက်လူးတိုင်း မည်သို့ တုန့်ပြန်ရမည်ကို သိရှိကြကာ၊ ပင်လယ်ပြင်၏ ပရိယာယ် မာယာတိုင်းကို တန်ပြန်လှုပ်ရှားနိုင်ကြသည်။ သူတို့ အားလုံးမှာ ရာထူး အတူတူ ဖြစ်သောကြောင့် မည်သူမျှ မည်သူ့ကို အမိန့်ပေး စေခိုင်းနေခြင်းမရှိကြပေ။ အံသြခြင်းကြီးစွာဖြင့် သူတို့၏ လှုပ်ရှားမှုများကို ကျွန်ုပ် အား ချည်နှောင်ထားသော ရွက်တိုင် နေရာမှ ကြည့်ရှုလျက် ရှိနေစဉ်မှာပင် အင်အားကြီးမားသော ပင်လယ်ကြီး၏ ထိုးနှက်သော လှိုင်းလုံးများကို တဖြည်းဖြည်း ဖြတ်ကျော်လာနိုင်ခဲ့သည်။ ဤသည်မှာ သူတို့၏ အားတတ်သရော်ကြိုပမ်းမှု များကို ကျေးဇူးတင်ရမည် ဖြစ်သည်။

အကယ်၍ အသင်သာ ပင်လယ်ဒမြ သေးသေးလေးတွေလောက် သေးမယ်ဆိုလျင်(ထိုစဉ်က ကျွန်ုပ် သေးငယ်သလောက် သေးမယ်ဆိုလျင်) အသင်ဟာ အခြား ကမ္ဘာ တစ်ခုမှာ နေထိုင်နေသလို ဖြစ်နေမည်ဖြစ်သည်။ တစ်စုံတစ်ယောက်က ယင်ကောင် တစ်ကောင်ကို ဖမ်းယူဖို့ ကြိုးပမ်း ခဲ့လျှင် ထိုသေးငယ်သေ သတ္တ၀ါလေးသည် အလွန်ပင် မြန်ဆန် ဖျတ်လတ်နေကြောင်း တွေ့ရမည်ဖြစ်သည်။ ရုပ်ရှင်ကား တစ်ကားကို အနှေးပြကွက်ဖြင့် ကြည့်သလို ယင်ကောင်၏ ဘက်မှ ကြည့်လျှင်ကား ဘယ်ပုံ ဘယ်ပန်း အခွင့်အလမ်းရ၍ မည်သို့ လွတ်မြောက်နိုင်သည်ကို လွယ်ကူစွာ မြင်နိုင်ပေလိမ့်မည်။ ပင်လယ်ဒမြ သေးသေးလေးတွေကား ထိုကဲ့သို့ပင် ဖြစ်သည်။ အခြား သာမန် အရွယ်ရှိသော သင်္ဘောများအတွက် ကြောက်စရာ ပင်လယ် ရေ၀ဲကြီးကား၊ သူတို့ အတွက် သာမန် ၀ဲဂယက် ငယ်တစ်ခုမျှပင် ဖြစ်နေတော့သည်။ သူတို့ အဖို့ကား မြောက်များစွာသော လှိုင်းလုံးများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် ပင်လယ် လှိုင်းလုံးများကြားတွင်လည်း အခက်အခဲမရှိ လွယ်ကူစွာ ရွက်လွှင့်နိုင်ကြသည်။ ဟာရီကိန်း မုန်တိုင်းတစ်ခုသည် မြို့ အတွင်းရှိ အဆောက် အဦးများ၊ အရာဝတ္ထုများ အားလုံးကို တိုက်ခိုက် ဖျက်ဆီးသွားနိုင်သော်လည်း သေးငယ်သော ပင့်ကူအိမ်လေးကို ဒီအတိုင်း ထားခဲ့ရမည်ဖြစ်သကဲ့သို့ ကြောက်မက်ဖွယ်ရာ ပင်လယ်ရေ၀ဲကြီးသည် ကျွန်ုပ်တို့အား မည်သို့မျှ အန္တရာယ်ပေးနိုင်စွမ်းငှာ မတတ်သာနိုင်ခဲ့ပေ။ ကျွန်ုပ်တို့၏ သေးငယ်သော အရွယ်က ကျွန်ုပ်တို့ကို အကာအကွယ် ပေးထားပြီးဖြစ်သည်။ ဤသို့ဖြင့် သေစေနိုင်လောက်သော ပင်လယ်ရေနက်ဝဲကြီးမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ရလေသည်။ ကျွန်ုပ် အတွက်ကား ထိုအရာသည် အန္တရာယ်ကြီးမားသည်ဟု ကျွန်ုပ် လုံးဝ မသိရှိ သတိမထားမိဘဲ အချိန်ကာလ အတော်ကြာပြီးသော အခါမှ အန္တရာယ် ကြီးမှန်း သတိပြုခဲ့မိသည်။ ကျွန်ုပ် တကယ် သတိပြုမိသည်မှာတော့ တဟီးဟီး မြည်ဟီးနေသော အသံကြီး တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပြီး၊ ပင်လယ် ဒမြ သေးသေးလေးများ၏ လှုပ်ရှားမှုများ တည်ငြိမ်လာသည်ကိုသာ သတိမှုမိလေသည်။

အခြေအနေများ အစစ အရာ တည်ငြိမ်လာပြီးနောက် သူတို့ အားလုံး ကျွန်ုပ်ကို ၀ိုင်းရံ လာကြကာ၊ ကြိုးဖြေပေးကြသည်။ ထိုနောက် ကျွန်ုပ်အား အထူးတဆန်း ၀ိုးဝန်းကြည့်ရှုနေကြသည်။ ကျွန်ုပ်ကလည်း သူတို့ အား ပြန်၍ ငေးကြောင်ကြောင် ဖြင့်ကြည့်နေမိသည်။

ပင်လယ် ဒမြ သေးသေးလေးတွေကား သူတို့၏ နာမည် မှည့်ခေါ်ထားသည့် အတိုင်း အတော့်ကို သေးကွေးကြသည်။ ၆ လက်မ ခန့်ရှည်သော ပင်လယ်ဒမြ သေးသေးလေး တစ်ယောက်သည် သူတို့ အမျိုးအနွယ်တွင် အလွန်ကြီးမားသောသူ တစ်ယောက် ဖြစ်နေ၏။ ပင်လယ်ထဲတွင် သင်္ဘောသေးသေးလေးဖြင့် ရွက်လွှင့်နေသော သူများကား၊ သူတို့ အတွက် တိုက်ခိုက် သိမ်းပိုက်နိုင်မည့် သေးငယ်သော အရာများကို ရှာဖွေကြရသည်။ သို့သော် ဖြစ်နိုင်ချေ အလွန်းနည်း၏ .... တကယ်လည်း မဖြစ်နိုင်ပေ။ အမှန်ကို ပြောရသော် ပင်လယ်ဒမြ သေးသေးလေးများသည် သူတို့၏ ရွက်လွှင့်သောသမိုင်း တလျှောက်တွင် တစ်စုံတစ်ခုခုကို မည်သည့်အခါကမှ ဖမ်းမိသည် မရှိပေ။ လောင်းလှေလေး တစ်စီးမျှပင် မရခဲ့ဘူးပေ။

တစ်ခါ တရံတွင် မဆင်မခြင်ဖြင့် ပင်လယ်ကူး သင်္ဘောကြီးများကို တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော် သူတို့၏ ကြိုးစားအားထုတ်မှုကား ဖြစ်နေကြအတိုင်း ထိုသင်္ဘောကြီးများမှ သတိပင် မမူမိဘဲ ဖြတ်ကျော်သွားကြသည်သာ ဖြစ်၏။ ဤ မဆင်မခြင်သော ပင်လယ် ဒမြသေးသေးလေးတွေကား သူတို့၏ ကြိုးတပ်ထားသော ချိတ်များဖြင့် သင်္ဘောကြီးများကို ပစ်ချိတ်ကြသည်။ ထိုအခါ သူတို့အား ထိုသင်္ဘောကြီးက ဆွဲသွားလေရာ နောက်ဆုံး သူတို့ လက်လျော့သည့် အချိန်အထိ ဆွဲပါလျက်ရှိသည်။ ထို့အပြင် သူတို့၏ သေးငယ် နုနယ်သော အမြှောက်များဖြင့် ပစ်ခတ်လေ့ရှိသော်လည်း အမြှာက်ဆံများမှာ ကိုက်အနည်းငယ်ခန့်တွင် ရေထဲသို့ အန္ထရယ်ကင်းစွာ ကြရောက်တတ်သည် မြဲသာ ဖြစ်၏။

ထိုသို့ တစ်ခါမျှ တိုက်ခိုက် လုယက်၍ ရရှိကြသည် မရှိသောကြောင့်၊ ပင်လယ်ဒမြ သေးသေးလေးများသည် သူတို့ လွယ်လွယ်ကူကူ ဖမ်း၍ရလေ့ရှိသော ပုစွန်သေးသေးလေးများ၊ ငါးသေးသေးလေးများနှင့် ပင်လယ် ရေညှိများကို စား၍ အသက်မွေးတတ်ကြသည်။ အခက်အခဲ မျိုးစုံနှင့် ကြုံတွေ့ရသော်လည်း သူတို့ကား ဒီအတိုင်း ပင်လယ်ထဲတွင် မျောပါနေသော တွယ်ရာမဲ့ သတ္တ၀ါလေးများ အဖြစ် မည်သည့်အခါမှ မဖြစ်ခဲ့ပေ။

ပင်လယ် ဒမြ သေးသေးလေးများတွင် လက် ( ၂ ) ဖက် အစား သေးငယ်သော သံချိတ်လေးများ ပါရှိ ကြပြီး၊ ခြေ ( ၂ ) ဖတ် အစား စားပွဲ ခြေထောက်များကဲ့သို့ သစ်သား ငုတ်များ ပါရှိကြသည်။ သူတို့၏ မျက်စိကို ကာသည့် မျက်လုံးကာ တစ်ဖက်မပါရှိသော သူတစ်ယောက်ကိုမှ ကျွန်ုပ် မမြင်ဖူးချေ။ ပထမသော် မဆင်မခြင်ဖြင့် ဒမြတိုက်ရန်ကြိုးစားသဖြင့် တိုက်ပွဲတွင် ရခဲ့သော ဒဏ်ရာများ ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း၊ နောင်တွင် သိခဲ့ရသည်မှာ သူတို့ အားလုံး ဦးထုတ် တစ်လုံး၊ နှုတ်ခမ်းမွှေးများနှင့် မွေးကတည်းက ဒီအတိုင်း ပါလာခဲ့ကြသည်သာ ဖြစ်ကြ၏။


ဆက်ရန်

Monday, 23 July 2007

အမျိုးသား ညီလာခံနဲ့ တရားစီရင်ရေး

တိုင်းပြည် တစ်ပြည်ရဲ့ အသက်ဟာ တရားဥပဒေ ဖြစ်ပါတယ်။ သို့သော် နအဖရဲ့ အမျိုးသား ညီလာခံကနေ ဘယ်လို တရားစီရင်တဲ့ ဥပဒေမျိုး ပေါ်ပေါက်လာနိုင်မလဲ။ အဲဒီ တရားရေးရာ ကိစ္စရပ်တွေကို သိရှိနိုင်ဖို့ ဦးအောင်ထူးတင်ပြသွားတဲ့ ဆောင်းပါးကို ဒီမှာ ပြန်တင်လိုက်ပါတယ်။

ပြုပြင်ပြောင်းလဲမူများ ဆွေးနွေးမရနိုင်တဲ့ အမျိုးသားညီလာခံ


၂၀၀၇ အမျိုးသားညီလာခံ ပြန်စရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲမှုတွေရှိမယ်လို့  ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောဆိုလိုက်တဲ့အပေါ် မြှော်လင့်ချက်ထားကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်လို့ သိရတယ်၊ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စေတနာနဲ့ ရိုးရိုးသားသား မျှော်လင့်ကြတာ မိမိတို့ရဲ့ ဆန္ဒပါ။ တကယ်လက်တွေ့မှာ ဘယ်လောက်အထိ ပြင်ခွင့်။ ဖျက်ခွင့် ရနိုင် မရနိုင် ဆိုတာကို အချက်အလက်နဲ့ သုံးသပ်ဖို့ လိုအပ်လာပါတယ်။

ပြင်တယ်ဆိုတဲ့ နေရာမှာ အဓိကကျတဲ့ ပင်မကျောရိုးနဲ့ အဓိကမကျတဲ့ အကိုင်းအခက်တွေဆိုပြီး နှစ်ပိုင်းခွဲခြားနားလည်ဖို့ လိုပါလိမ့်မယ်။ အဓိကမကျတဲ့ အကိုင်းအခက်တွေကို ပြင်ခွင့်ပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ဘဏ္ဍာရေးကော်မရှင် ဖွဲ့တဲ့နေရာမှာ ဘယ်သူတွေပါဝင်သင့်တယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘယ်လိုကိစ္စတွေမှာ အခွန်ကောက်ခံခွင့်ရသင့်တယ်။ ပြည်ထောင်စု အစိုးရ၀န်ကြီးတွေကို ဘယ်လိုရွေးချယ်ခန့်အပ်သင့်တယ်၊ စစ်ကြေငြာတဲ့ကိစ္စနဲ့ စစ်ရပ်တဲ့ကိစ္စတွေမှာ လွှတ်တော်ရဲ့ အတည်ပြုချက်တွေကို ဘယ်လိုရယူသင့်တယ်၊ နိုင်ငံသားတွေဟာ ဘယ်လိုတာဝန်တွေ ထမ်းဆောင်သင့်တယ် ဆိုတာမျိုးတွေနဲ့ အလားတူ ကိစ္စရပ်ပေါင်း မြောက်များစွာတွေမှာ အတောမသတ်နိုင်တဲ့ ဆွေးနွေးမှုတွေကို ခွင့်ပြုပြီး ပြင်ဆင်ခွင့်ပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ အဲသလို ကိစ္စရပ်မျိုးတွေအပေါ်မှာ ဆွေးနွေးရင် မြစ်ကို အလျားလိုက် ကူးသလိုမျိုးဖြစ်နေလို့ဘာမှ ခရီးရောက်မှာ မဟုတ်တဲ့အပြင် ဒီလို အချက်တွေအပေါ်မှာ ပြင်ဆင်ခွင့်ရတာကို ကြေနပ်ဝမ်းသာပြီး နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်လို့ကတော့ ငါးပါးသာမက သံဃာစင်ပါ မှောက်မဲ့ကိန်း ဆိုက်သွားနိုင်ပါတယ်။

အမျိုးသားညီလာခံပုံစံ နဲ့ဆက်သွားနေမယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိက ကျတဲ့ ပင်မကျောရိုးတွေကို နအဖက ပြင်ခွင့် ပေးဖို့ လုံးဝ မဖြစ်နိုင်ပါ။ သာဓက အားဖြင့် ပြောရမယ်ဆိုရင် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုမှာ တပ်မတော်က တာဝန်ယူမယ်ဆိုတဲ့ မူအပေါ်မှာ အခြေခံပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍသုံးရပ်စလုံးမှာ ပြည်ထောင်စု အဆင့်မှာရော တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်တွေ တလျှောက်လုံးမှာပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချုပ်ကိုင်လွှမ်းမိုးခွင့်ပေးထားတဲ့ ကျောရိုးတွေကို အမျိုးသားညီလာခံအတွင်းမှာ ပြင်ခွင့်ပေးရန်လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတာ ဆက်လက် တင်ပြပါ့မယ်။

အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးဆိုတဲ့မူကို အမျိုးသားညီလာခံက ချမှတ်ခဲ့ တာမဟုတ်ဘူး ဆိုတာကို သတိပြုရပါလိမ့်မယ်၊ န၀တ။ နအဖ ရဲ့ အမိန့်အမှတ် (၁၃။၉၂) နဲ့ (၁၉၉၂) ခုနှစ်အောက်တိုဘာလ (၂) ရက်နေ့မှာ ချမှတ်ခဲ့တာဖြစ်တယ်၊ ဒါကြောင့် နအဖရဲ့ အမျိုးသားညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ။ မည်သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်ဖြစ်စေ တက်ဆွေးနွေးပါစေ။ အထက်မှာ တင်ပြတဲ့ အဓိကကျတဲ့ ပင်မကျောရိုးကို အမျိုးသားညီလာခံ ဘောင်ထဲကနေ ပြင်ဆင်ခွင့် မရှိ။ ပြင်ဆင်လို့လဲရမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုပါလိမ့်မယ်။

ပြင်စေချင်ရင် နအဖက အမျိုးသားညီလာခံ မစတင်ခင်မှာ သီးခြားကြေညာချက်တခု သို့မဟုတ် နောက်ထပ် အမိန့် တခုထုတ်ပြီး မူလ ထုတ်ပြန်ထားတဲ့ အမိန့်ကို ပယ်ဖျက်ပေးရမှာ ဖြစ်တယ်၊ အခုအချိန်အထိ ဘာတခုမှ ပယ်ဖျက်ပေးတာ၊ အမိန့် အသစ်တခုထုတ်ပြန်တာ မတွေ့ရခြင်းအားဖြင့် နအဖဟာ သူ့ရဲ့ နဂိုမူလ မူနဲ့လမ်းကြောင်းအတိုင်းပဲ ဆက်သွားမယ် ဆိုတာ ရှင်းနေပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကကျတဲ့ ပင်မကျောရိုးကို အမျိုးသားညီလာခံဘောင်ထဲကနေ ပြင်လို့မရနိုင်ဘူးဆိုတာ နောက်ထပ် သာဓက တခုပြပါဦးမယ်။ နောင်ကို တိုင်းပြည်အတွင်းမှာ လူမျိုးတခုနဲ့ အခြားတခု အကြားမှာဖြစ်စေ၊ လူအုပ်စုတစုနဲ့ အခြားတစု အကြားမှာဖြစ်စေ၊ အုပ်ချုပ်တဲ့ အစိုးရနဲ့ အုပ်ချုပ်ခံရတဲ့ လူထုအကြားမှာဖြစ်စေ ပြဿနာ ဖြစ်ပွားရင် လက်နက်ကိုင်ပြီး တိုက်ခိုက်ကြတာတွေ မလုပ်ကြတော့ဘဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့သဘောထား ရှိကြပြီး အဲသလို ငြိမ်းချမ်းစွာဖြေရှင်းလို့ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေက အုတ်မြစ်ချ စေချင်တယ်ဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်တရပ်ကို ထူထောင်ရပါလိမ့်မယ်။

တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေကို လေ့လာကြည့်ပါ၊ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ ဖော်ဆောင်ချင်တယ်ဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်၊ အနည်းဆုံးတော့ ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်ရဲ့ ကြပ်မတ် ထောက်ကူမှု ရှိဖို့လိုပါတယ်၊ ဒီလို တရားစီရင်ရေးမျိုး မရှိဘူးဆိုရင် ဒီမိုကရေစီဟာ ဘယ်တော့မှ လက်တွေ့ဖြစ်မလာနိုင်ပါဘူး။ ဒီမိုကရေစီ အမည်ခံယူထားပြီး အာဏာရှင်တွေရဲ့ အသုံးချခံ တိုင်းပြည်သာ ဖြစ်သွားနိုင်ပါတယ်။

ထိုနည်း အတူပါပဲ ဈေးကွက်စီးပွားရေး စနစ်အောင်မြင်စေချင်ရင်၊ အပြည့်အ၀ လွတ်လပ်မှု မရှိတောင် အနည်းဆုံးတော့ ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်ရှိဖို့ လိုအပ်ပါတယ်၊ ဒီလို တရားစီရင်ရေး စနစ်မျိုးရှိခဲ့တဲ့ အတွက် ထိုင်းနိုင်ငံဟာ (၁၉၉၆) ခုနှစ် အထိ စစ်တပ်အာဏာသိမ်းမှုတွေ မကြာခဏ ကြုံတွေ့ခဲ့ရသော်လဲ တရားစီရင်ရေးကနေ ဈေးကွက်စီးပွားရေးကို ပံ့ပိုးပေးနိုင်ခဲ့တယ်၊ (၁၉၉၇) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပြီးနောက်မှာလဲ တရားရုံးသုံးရုံးစနစ်ကို ချမှတ်ကျင့်သုံးနိုင်ခဲ့တဲ့အတွက် အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အလွဲသုံးစား လုပ်မှုတွေအပေါ် အတိုင်းအတာ အတော်များများ ကြပ်မတ် အရေးယူနိုင်ခဲ့တယ်။

မြန်မာနိုင်ငံမှာတော့ ဒီလို ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်ကို ချမှတ်ကျင့်သုံးနိုင်ခဲ့ခြင်းမရှိဘဲ၊ တရားစီရင်ရေး စနစ်တခုလုံးနီးပါးကို နအဖ အာဏာ ပိုင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချတာ ခံခဲ့ရတာကြောင့် ဈေးကွက် စီးပွားရေးရယ်လို့ (၁၉၈၈) ခုနှစ်ကစပြီး ကမ္ဘာက သိအောင် ကြေညာခဲ့ပေမဲ့ ဘာတခုမှ အောင်မြင်မှုမရတာ တွေ့ရပါလိမ့်မယ်။ စင်္ကာပူက ရင်းနှီးမြုပ်နှံနေတဲ့ ကုမ္ပဏီတွေ အမြောက်အများ မြန်မာနိုင်ငံထဲကနေ ရုပ်သိမ်းထွက်ခွာသွားကြတာဟာ အတိုက်အခံ ဒီမိုကရေစီ နိုင်ငံရေး သမားတွေက စီးပွားရေး ပိတ်ဆိုလို့မဟုတ်ပါဘူး။ စင်္ကာပူက ရောင်ခြည်ဦး ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို နအဖက အတင်းအဓမ္မ သိမ်းယူပေမဲ့ တရားစီရင်ရေးက ဘာမှ အကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့အပေါ် စိတ်ပျက်ပြီးထွက်သွားကြတာသာဖြစ်ပါတယ်။

လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတဲ့ မူကျအောင် အမျိုးသားညီလာခံမှာ ဆွေးနွေးကြည့်ကြပါစို့။ အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ် သုံးစွဲတဲ့ သမ္မတက တရားသူကြီးချုပ်ကို ခန့်ခွင့်မရှိဘူး ဆိုတာကို ထောက်ပြဖို့ လိုအပ်လာပါတယ်၊ (၁၉၄၇) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတုန်းကလို သမ္မတမျိုးက ခန့်စေချင်တယ်ဆိုရင် သမ္မတကို အုပ်ချုပ်ရေးအာဏာပေးလို့မရဘူး။ အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမဲ့ ၀န်ကြီးချုပ်ကို ဖန်တည်းပေးရမယ်။ အဲသည် ၀န်ကြီးချုပ်ဟာ ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်တဲ့အပြင် ယေဘုယျအားဖြင့် လွှတ်တော်ထဲမှာ အနိုင်ရ နိုင်ငံရေးပါတီတွေ အနက်က အမတ်နေရာ အများဆုံးရသူ ဖြစ်ရမယ်။

သည်လိုမျိုးဖြစ်ဖို့ဆိုရင် ၀န်ကြီးချုပ်နဲ့ အုပ်ချုပ်တဲ့ ကျောရိုးကို ပြန်လည်ပြောင်းနိုင်ဖို့ နအဖ ရဲ့ ဖွဲ့စည်းပုံမူတွေကို အစအဆုံး ပြင်ရပါမယ်။ သမ္မတ ကို အုပ်ချုပ်ရေးအာဏာပေးလို့ မဖြစ်တော့ဘူး။ သည်လိုဆိုရင် နအဖက ပြင်ခွင့်ပေးလိမ့်မယ်လို့ မြှော်လင့်နိုင်ပါ့မလား။

သမ္မတက အုပ်ချုပ်ရေးအာဏာကို အပြည့်အ၀ချုပ်ကိုင်တဲ့ စနစ်အောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေးကို ချမှတ်ဖော်ဆောင်လို့ရနိုင်တာလဲ ရှိပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာလို တရားသူကြီးချုပ်တွေကို အမည်စာရင်းတင် သွင်းခွင့်ရှိတဲ့ သမ္မတမျိုး ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်ဖို့ ဆိုရင်တော့ လူထုက ကိုယ်ကြိုက်တဲ့ သမ္မတကို တိုက်ရိုက်မဲပေးပြီး ရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးရပါလိမ့်မယ်။

နအဖ ဖွဲ့စည်းပုံမူမှာ ဖော်ပြထားတဲ့ နည်းလမ်းနဲ့ သမ္မတရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ စနစ်မဟုတ်တာကြောင့် သမ္မတဟာ လူထုရဲ့ ထိမ်းချုပ်မှုအောက်ကနေ လွတ်ကင်းနေလို့ ဖြစ်ပါတယ်။ ဒီလို သမ္မတက တိုင်းပြည်အုပ်ချုပ်ရေးအာဏာကို အပြည့်အ၀ ကျင့်သုံးမယ်။ ပြီးတော့ တရားသူကြီးချုပ်ကို ခန့်ထားမယ် ဆိုရင် တရားစီရင်ရေးဟာ အုပ်ချုပ်ရေးရဲ့ လက်အောက်ကို ရောက်သွားတော့မှာ အသေအချာဖြစ်ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးကို ချမှတ်ကျင့်သုံးနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အရေးကြီးတဲ့ ပင်မကျောရိုးတရပ်ဖြစ်တဲ့ သမ္မတ ရွေးချယ်တင်မြှောက်တဲ့ စနစ်ကို ပြင်မယ်ဆိုရင်လဲ သူနဲ့ဆက်စပ်နေတဲ့ အခြားကဏ္ဍတွေကိုလဲ အစအဆုံး တောက်လျှောက်ပြင်ဖို့ လိုပါလိမ့်မယ်။ ဒီကိစ္စ ဘယ်လောက်ခက်ခဲမယ် ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။

ဝန်ကြီးချုပ်စနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မှာဖြစ်စေ၊ သမ္မတ စနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မှာဖြစ်စေ၊ ၀န်ကြီးချုပ်က ဒါမှမဟုတ် သမ္မတက တရားသူကြီးချုပ်တွေကို အမည်စာရင်း တင်သွင်းလာပြီဆိုရင် အဓိက စီစစ်ရတာက ပါလီမန် သို့မဟုတ် လွှတ်တော် ဖြစ်ပါတယ်။ တရားသူကြီးချုပ်လောင်းတွေရဲ့ ကိုယ်ရေးရာဇ၀င်၊ တရားစီရင်ရေး လုပ်ငန်းအတွေ့အကြုံ၊ ဥပဒေပညာကျွမ်းကျင်မှု ပုဂ္ဂိုလ်ရေး သန့်ရှင်းမှု စတာတွေကို အသေးစိတ် စီစစ်ကြရပါတယ်။ သည်လို စီစစ်ပြီးမှ အတည်ပြုချက် ပေးကြရတာပါ။ အဲသလို စီစစ်တဲ့ ပုဂ္ဂိုလ်တွေဟာလဲ လူထုကရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ သူတွေ ဖြစ်ကြရတယ်။ လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရသူတွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်မျိုးက စီစစ်မှသာ တိုင်းပြည်အတွက် အားကိုးလောက်တဲ့ တရားသူကြီးချုပ်တွေ ရဖွယ် ရှိပါတယ်။ သည်လို လွှတ်တော်မျိုးဖြစ်အောင် နအဖရဲ့ အမျိုးသားညီလာခံကနေ မူတွေကို ပြန်လည်ပြုပြင်ရေးဆွဲဖို့ဆိုတာ လက်တွေ့ ဘာမှဖြစ်နိုင်ဖွယ် မရှိပါဘူး။ နအဖ ချမှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံမူများကို သူ့ရဲ့ အမျိုးသား ညီလာခံကနေ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းမယ်ဆိုရင် ပြည်သူလူထု အကျိုးရှိဖို့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် အနိမ့်ဆုံးအားဖြင့် ဘက်မလိုက်တဲ့ တရားစီရင်ရေး စနစ်ကို သည်ပင် ချမှတ်ကျင့်သုံးနိုင်ဖွယ် မရှိတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။

Sunday, 22 July 2007

ကိုယ်ကျင့်တရား

လူတွေမှာ ကိုယ်ကျင့်တရား မကောင်းလျှင် တိုင်းပြည်ပျက်တတ်တယ်။

အထက်က စာကြောင်းဟာ အဆက်အစပ် မရှိ ပြောလိုက်တာလို့ တွေးထင်မိနိုင်ပါတယ်။

ကမ္ဘာ့မြေပြင်ပေါ်က ပထ၀ီဝင်အရ သတ်မှတ်ထားတဲ့ အ၀န်းအ၀ိုင်း တစ်ခုကို နိုင်ငံတစ်နိုင်အဖြစ် ခေါ်ဝေါ်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံဆိုတာ သက်ရှိ သက်မဲ့ သတ္တ၀ါတွေနဲ့ ဖွဲ့စည်းထားတာပါ။ သက်မဲ့တွေကို အကြောင်းအရာ၊ အချက်အလတ် ကွဲပြားမှုအပေါ်မှာ မူတည်ပြီး တန်ဖိုးသတ်မှတ်ကြပါတယ်။ လူသား ဖြစ်တည်ခြင်းရဲ့ တန်ဖိုးကိုတော့ ကိုယ်ကျင့်တရားနဲ့ သတ်မှတ်ကြပါတယ်။ အခြား အချင်းအရာနဲ့ လူတွေကို တိုင်းတာခြင်းတွေဟာ ခဏတာ တန်ဖိုး(သို့မဟုတ်) ပုံရိပ်ယောင်တန်ဖိုးတွေကိုသာ ရရှိနိုင်ပြီး တကယ့် တန်ဖိုး အစစ်ကိုတော့ မရနိုင်ပါဘူး။ လူသားတွေရဲ့ တန်ဖိုး အစစ်ကိုတော့ ကိုယ်ကျင့်တရားဆိုတာနဲ့သာ တိုင်းတာ ရရှိနိုင်ပါတယ်။

လူအတော်များများဟာ အခြေခံ ကိုယ်ကျင့်တရားရဲ့ သဘောတရားကို ကောင်းမွန်စွာ သိရှိကြတယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်နေကြပါတယ်။ ကျွန်တော် အပါအ၀င်ပေါ့။ သို့သော် ကိုယ်ကျင့်တရားကို သေသေချာချာ အသေးစိပ် သရုပ်ခွဲကြည့်လိုက်လျှင် ဘာသာရေး၊ ယဉ်ကျေးမှု၊ ရှေးရိုး အစဉ်အလာ ယုံကြည်မှု၊ အရှက်အကြောက် ဆိုတာတွေ ရောထွေးနေတာကို တွေ့နိုင်ပါတယ်။

ဘယ်လို အကြောင်းအရာတွေပဲ ခေါ်ခေါ် အခြေခံအနေနဲ့ကတော့ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးပေးမှုနဲ့၊ သူ့အကျိုး ကိုယ့်အကျိုး ဖြစ်တည် ဆောင်ရွက်ခြင်းတို့အပေါ်မှာ လူ့ကိုယ်ကျင့်တရားကို တည်ဆောက်ကြရပါတယ်။ ဒီတော့ ကျွန်တော်တို့ ယုံကြည်နေတဲ့ အခြေခံ လူ့ကိုယ်ကျင့်တရားဆိုတာတွေကို ကျွန်တော်တို့ ဘယ်လောက် သိရှိ ဆောက်တည်နေကြပါသလဲ။ ကိုယ်ကျင့်တရားမှာ အနည်းဆုံး မုသား မပြောခြင်းနဲ့ အဒိန္နာဒါနာ မကျုးလွန်ခြင်းကို ကျွန်တော် အဓိက ထည့်သွင်းချင်ပါတယ်။

ဒီနေရာမှာ ဘုရား အဆုံးအမ၊ တရားတော်တွေကို ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ဒီနေ့ လူ့ဘောင်လောကမှ အနည်းဆုံး လိုအပ်နေတဲ့ ကိုယ်ကျင့်တရားထဲက လိမ်လည်ခြင်းနဲ့ ခိုးယူခြင်း ဆိုတာကိုသာ အဓိက ဇောင်းပေး ဆွေးနွေးခြင်လို့ပါပဲ။

ပါဠိ စကား မုသား ရဲ့ အဓိပ္ပါယ်က လိမ်ညာခြင်း၊ အမှန်ကို မပြောခြင်းလို့ အများ သိကြပါတယ်။ လူတွေ လိမ်လည်ခြင်းကို ကျူးလွန်ကြတာ အကြောင်း ၂ မျိုးရှိပါတယ်။
၁။တစ်ခုခုကို ဖုံးကွယ်ချင်လို့
၂။မရှိတာကို အရှိလုပ်ချင်လို့ပါ။

သာမန်နေ့စဉ် လူ့ပတ်ဝန်းကျင်မှာ လိမ်တဲ့ အကြောင်းအရာတွေ တွေ့နေကြားနေရတာ အများရှိနေပါတယ်။ ဒီနေရာမှာ လိမ်လည်ခြင်းကိုပုံစံ ၂ မျိုးနဲ့ ထပ်ခွဲလို့ ရပါသေးတယ်။ ကျွန်တော်ကတော့ မုသားနဲ့ မုသားဖြူ ဆိုပြီးတော့ ခွဲခြားခေါ်ဝေါ်ကြည့်ပါတယ်။

ဆရာဝန်က နောက်ရက် အနည်းငယ်အတွင်းမှာ သေမယ်လို့ သိထားတဲ့ လူနာကို မကြာခင် သက်သာလာမှာပါလို့ နှစ်သိမ့်ရတဲ့ မုသားကို မုသားဖြူလို့ ခေါ်ပြီး၊ ကိုယ်ကျိုးစီးပွားအတွက် အရည်အသွေး မပြည်မီတဲ့ တံတားတစ်စင်း ဘယ်လို ပစ္စည်းကောင်းတွေနဲ့ ဘယ်လို ခိုင်ခန့်အောင် ဆောက်ပါတယ်လို့ ပြောပြီး မကြာမတင်မှာပဲ ပြိုကျမယ့် တံတားအကြောင်းကို အကောင်းအဖြစ် အမွှန်းတင်နေတဲ့ အင်ဂျင်နီယာရဲ့ မုသားကိုတော့ မုသားလို့ပဲ ကျွန်တော် ခေါ်ကြည့်ပါတယ်။

မုသားဖြူ အမျိုး အစားကို ကျူးလွန်သူအား ကိုယ့်ကျင့်တရားပျက်သည်လို့ ထည့်သွင်း ပြောဆိုခြင်း မပြုနိုင်ပါ။ သို့သော် အခြား မုသားမျိုး ကျူးလွန်လျှင်တော့ ကိုယ်ကျင့်တရား ပျက်ယွင်း တတ်ပါတယ်။

အဒိန္နာဒါနာကတော့ ခိုးယူခြင်းလို့ အများက သိကြပါတယ်။ ခိုးယူတာကတော့ သိသာ ပါတယ်။ သူတပါး ပစ္စည်း ဥစ္စာ၊ အများပိုင် ပစ္စည်းဥစ္စာ စတာတွေကို ပိုင်ရှင်မသိ၊ ခွင့်မပြုဘဲ မိမိ အကျိုးအတွက် ကိုယ်ပိုင် အဖြစ် ရယူတာကို ခိုးယူခြင်းလို့ သတ်မှတ်ကြပါတယ်။

လူတစ်ယောက် ကိုယ်ကျင့်တရား ကောင်း၊ မကောင်းကို အခြေခံအားဖြင့် အထက်ပါ အချက်တွေနဲ့ တိုင်းတာနိုင်ပါတယ်။
လိမ်ပြောခြင်းနဲ့ ခိုးယူခြင်းလောက်မှ မဆောက်တည်နိုင်တဲ့ လူတစ်ယောက်မှာ ကိုယ်ကျင့်တရားဆိုတာ မရှိတော့ပါဘူး။ လူ့တန်ဖိုးလည်း မရှိနိုင်တော့ပါဘူး။ တိုင်းပြည်မှာ လူလိမ်များ၊ ခိုးသူများ ပေါများလာလျှင်ဖြင့် တိုင်းပြည်ပျက်စီးနိုင်ပါသည်။ အထူးသဖြင့် တိုင်းပြည်ကို အုပ်ချုပ်သူ လူတန်းစားက ကိုယ်ကျင့်တရား ပျက်ယွင်းနေလျှင်ဖြင့် ထိုတိုင်းပြည်သည် အစစ၊ အရာရာ ဆုတ်ယုတ်ပြီး အဖတ်ဆယ်၍ မရနိုင်ပါ။ ထိုကြောင့် ကိုယ်ကျင့်တရားပျက်လျှင် တိုင်းပြည်ပျက်တတ်သည်ဟု အထက်မှာ ဆိုခဲ့ရခြင်းဖြစ်ပါတယ်။

တိုင်းပြည်အတွက် သာမက တစ်ဦးခြင်းစီရဲ့ လူ့တန်ဖိုး၊ ဘ၀ အောင်မြင်မှု စတာတွေ အတွက်လည်း ကိုယ်ကျင့်တရားဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဘ၀ရဲ့ တိုက်ပွဲတွေမှာ ကိုယ်ကျင့်တရားနဲ့ စစ်မှန်စွာအောင်နိုင်သူ အဖြစ် ရယူနိုင်ခြင်းက အကောင်းဆုံး အောင်နိုင်ခြင်းပါ။

ကျွန်တော်တို့ အနေနဲ့ ကိုယ်ကျင့် တရားဆိုတဲ့ အခြေခံ လူ့စည်းမျဉ်းတွေကို ဘယ်လောက် ဆောက်တည် နေထိုင်ကြပါသလဲ။ များများဆောက်တည်စရာ မလိုတဲ့ အထက်ပါ အခြေခံ အချက် ၂ ချက်ကိုသာ ကိုယ့်ကျင့်တရား အဖြစ် ဆောက်တည် နေထိုင်ကြမယ်ဆိုလျှင်ဖြင့်၊ လောကုတ္တရာ အရေး အရာအတွက် နားမလည်၊ မကျွမ်းကျင်သော်လည်း၊ လောကီရေးရာမှာတော့ တန်ဖိုးရှိတဲ့ လူသား အဖြစ်ကို ရယူနိုင်မှာတော့ အသေအချာ ဖြစ်ကြောင်းပါ။

ကိုထိုက်

Friday, 20 July 2007

ဝေးဆိပ်သင့် အလွမ်း

ရှင်သန်ခြင်းတွေ
အနားသတ်မဲ့
စိမ်းလန်းခဲ့ရတယ်။
သိမ်းထားဖူးသော ဓါတ်ပုံလေး
ဆေးသားမပြယ်ပါနဲ့ဦးကွယ်။
အငွေ့ပြန်လွယ်တဲ့ ဒြပ်ထုတွေကြားမှာ
လွင့်မျောနေလိုက်တာ
ရာသီတစ်ခုစာ ကျဉ်းမြောင်းသွားမှ
လမ်းကြောင်းဦးလှည့်ခဲ့ရတယ်။

Wednesday, 18 July 2007

အာဇာနည်နေ့

`သား... မပြေးနဲ့၊ ငြိမ်ငြိမ်နေ၊ အသံ မထွက်နဲ့။´

ပြေးပြီး ဆော့ကစားနေတဲ့ ကောင်လေးတစ်ယောက်ကို ၁၉ ဂျူလိုင်ရဲ့ မနက် ၁၀ နာရီကျော်အချိန်လောက်မှာ အဘိုးကြီး တစ်ယောက်ကလှမ်းပြောလိုက်တယ်။

ကောင်လေးက မျက်လုံး အ၀ိုင်းသားနဲ့ ထိုင်ခုံမှာ ထိုင်နေတဲ့ အဘိုးရဲ့ ဘေးနား ကပ်သွားပြီး ရပ်နေလိုက်တယ်။ လက်ထဲက ကစားစရာ ကားလေးကို ကိုင်ပြီး အဘိုးလက်ကို ဆွဲထားလိုက်တယ်။ အဘိုးက တိုးတိုးနေဆိုတဲ့ သင်္ကေတဖြစ်တဲ့ လက်ညှိုးကို ပါးစပ်နားကပ်ပြီး ကောင်လေးကို ပြတယ်။ ကောင်လေးလည်း အဘိုးမျက်နှာကို ကြည့်နေလိုက်တယ်။

အရေး အကြောင်းတွေ ရှိနေတဲ့ အဘိုးအိုရဲ့ မျက်နှာမှာ တည်ကြည်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်း ၊ယူကျုံးမရခြင်းနဲ့ ကောင်လေး အဓိပ္ပါယ်ထုတ်လို့မရတဲ့ အခြားအရာတွေ မျက်နှာပေါ်မှာ တွေ့ရတာမို့ ခါတိုင်း အဘိုးက ငြိမ်ငြိမ်နေပြောရင် နားမထောင်ဘဲ လုပ်ချင်ရာ လုပ်တဲ့ ကောင်လေးဟာ အဘိုးရဲ့ မျက်နှာ အသွင် အပြင်ကြောင့် အသာငြိမ်နေလေရဲ့။

ဖွင့်ထားတဲ့ ရေဒီယိုက လွမ်းဆွတ်ဖွယ် သီချင်းသံတွေ ခဏ ရပ်သွားပြီး ဥသြသံတွေ ထွက်လာချိန်မှာတော့ အိမ်နောက်မှာ ဟင်းချက်နေတဲ့ အဘွားအိုရဲ့ ခုတ်ထစ် လှီးချွတ်နေတဲ့ အသံတွေ ထိတ်သွားတယ်။ နဂိုထဲက အသံ မထွက်တဲ့ အဘိုးအိုက ပိုပြီး တိတ်ဆိတ်သွားတယ်။ အိမ်ရှေ့ က ကားကို စက်ဖုံးလှန်ပြီး အလုပ်လုပ်နေတဲ့ လူတစ်ယောက်ကလည်း လုပ်လက်စအလုပ်တွေ ချပြီး အသာအယာ ရပ်လိုက်တယ်။ သူ့မျက်နှာမျာလည်း ၀မ်းနည်းတဲ့ အရိပ်တွေနဲ့။

လောကတစ်ခုလုံး ငြိမ်သက်သွားသလို ခံစားနေရပေမယ့် အိမ်ရှေ့ က စာကလေး ငှက်ကလေးတွေကတော့ ကျလီ၊ ကျီကျီနဲ့ အသံတွေ ထွက်နေရှာတယ်။


`ဟေ့ကောင်၊ မင်း ကော်ဖီ သောက်မလား´ လို့ အခန်းဖော် သူငယ်ချင်းက လှမ်းမေးသံကြားလိုက်တော့မှ အတွေးထဲက မှုံဝါးတဲ့ အရိပ်တွေ ပျောက်ကွယ်သွားတော့တယ်။

ဟုတ်ပါတယ် အဲဒီ အတွေးထဲက ကျွန်တော် မြင်နေခဲ့တဲ့ ကလေးငယ်ဟာ ကျွန်တော် ကိုယ်တိုင် ဖြစ်နေပြီး၊ ကျွန်တော့် အဘိုး၊ အဘွားနဲ့ ဦးလေးတို့ အိမ်မှာရှိနေတဲ့ နှစ် ၂၀ ကျော်က ၁၉ ဂျူလိုင်ရဲ့ မနက်ခင်းတစ်ခုပါ။ ကျွန်တော် သူငယ်ချင်းကို ခေါင်းအသာယမ်းပြလိုက်တယ်။ ပြတင်းပေါက်ကနေတဆင့် မြင်ရတဲ့ အဝေးက ကျွန်တော်ချစ်တဲ့ တိုင်းပြည်ရှိမယ်လို့ ထင်ရတဲ့ အရပ်ကို မှန်းစပြီး အခုနေတဲ့ အိမ်ရဲ့ ဧည့်ခန်းထဲကနေ လွမ်းလွမ်းဆွတ်ဆွတ်နဲ့ တိတ်တဆိတ်ထိုင်နေတဲ့ ကျွန်တော်ပါ။ ထိုင်ရာက ထပြီး အာဇာနည်နေ့ သီချင်းတွေ နားထောင်ဖို့ ဖွင့်လိုက်ရင်း ကျွန်တော် ဆက်တွေးနေမိတယ်။

`တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်´

သီချင်းသံတွေနဲ့ အတူ ကျွန်တော့် အတွေးတွေ ပျံလွင့်နေတယ်။ အာဇာနည်တွေ လုပ်ကြံခံရတဲ့နေ့၊ လွန်ခဲ့တဲ့ နှစ် ၆၀ က ၁၉ ဂျူလိုင်၊ တိုင်းပြည်ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု၊ တိုင်းပြည်အလှည့်အပြောင်းနဲ့ ပြည်သူတွေအတွက် အစားထိုးမရတဲ့ နစ်နာမှု၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး ပြိုလဲခဲ့တဲ့နေ့ ................ အဲဒါ အာဇာနည်နေ့တဲ့။

အဘိုးအိုရဲ့ ဘေးနားမှာ ကစားစရာ ကားကလေးကို ကိုင်ရင်း ကောင်လေးကမေးနေတယ်။

`ဘိုးဘိုး ဘာကြောင့် အခုနက အဲဒီလို တိတ်သွားရတာလဲ . . .ဟင်။´

`အာဇာနည်နေ့ပေါ့ သားရယ်၊ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေအတွက် ၀မ်းနည်းတဲ့ အနေနဲ့ ဂုဏ်ပြုပြီး တိတ်တိတ်နေပေးကြတာ။´

`အာဇာနည်ဆိုတာ ဘာလဲ´

အဘိုးအိုက အိပ်ကပ်ထဲနှိက်ပြီး ပိုက်ဆံ တစ်ရွက် ထုတ်လိုက်တယ်။

`ဒါ ဘယ်သူလဲ သားသိလား´ ၊ ပိုက်ဆံပေါ်က ပုံကို ပြပြီး ကြင်ကြင်နာနာမေးလိုက်တယ်။ ကောင်လေးက
`ဗိုလ်ချုပ်အောင်ဆန်း´
အဘိုးအိုက ပြုံးလိုက်ပြီး `ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူရဲကောင်းတွေ သေဆုံးသွားတဲ့နေ့ကို အာဇာနည်နေ့လို့ ခေါ်တာပေါ့´

`မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန်သဘော။

မသိ၍ထင်
မမြင်၍ပြော
သူ့ဝိညာဉ်မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ် စိတ်စော။´

ဗိုလ်ချုပ်အောင်ဆန်း လို့နာမည်ပေးထားတဲ့ ဆရာကြီးမင်းသုဝဏ်ရေးတဲ့ ကဗျာလေးကို အဘိုးအိုက ရွတ်နေတယ်။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ သခင်မြ၊ ဒီးဒုတ် ဦဘချို၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ အားလုံး ကျဆုံးခဲ့ရတယ်။

`သား၊ ဗိုလ်ချုပ်ကို သိတယ် မဟုတ်လား၊ အင်္ဂလိပ် လက်အောက်က လွတ်အောင် လုပ်ပေးတဲ့ အာဇာနည်ကြီးလေ၊ သူ့လိုပဲ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သူရဲကောင်းကြီးတွေ ဂျူလိုင်လ ၁၉ ရက်မှာ အားလုံးကိုသေနတ်နဲ့ ပစ်ခံရလို့ သေသွားကြတာ၊´

`ဘယ်သူတွေ ပစ်သွားတာလဲ၊ ဘိုးဘိုး။´
`မသမာတဲ့ လူတစ်စုက သတ်သွားတာပေါ့ . . . သားရယ်၊´
`အဲဒီလူတွေကို မဖမ်းဘူးလား´
`ဖမ်းတာပေါ့၊ ပြီးတော့ သေဒဏ် ပေးလိုက်ကြတယ်´
`နည်းတောင် နည်းသေးတယ်၊ သူများကို မဟုတ်တာလုပ်တဲ့ လူတွေ သေကြပလေ့စေ။´
အဘိုးအိုက သူ့ရင်ခွင်ထဲ ကလေးကို ဖက်ထားလိုက်ပြီး ခေါင်းကို ပွတ်ကာ
`သား . . . အဲဒီလို မပြောရဘူး။ သမိုင်းဆိုတာ သင်ခန်းစာယူပြီး၊ နောက် အဲဒီလို အမှားတွေ မလုပ်အောင် ပြုပြင်ရတယ်၊ အမုန်းတရားတွေ မထားရဘူး´
ကလေးငယ်က ဘာမှ မပြောပဲ အဘိုးရဲ့ ရင်ခွင်ထဲမှာ ငြိမ်နေလေရဲ့။


`မော်ကွန်းလဲ ထိုးလောက်တဲ့မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်´
သီချင်းသံက ဆက်ပြီး ပျံလွင့်နေတယ်။ အတိတ်က အဘိုး ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပါယ်ကို မသိခဲ့ပေမယ့် အခုတော့ နားလည်နေပါပြီ။
`သမိုင်း သင်ခန်းစာ ယူပြီး အမှားတွေ ထပ်မဖြစ်အောင် လုပ်၊ အမုန်းတရားတွေ မထားရဘူတဲ့။´

အဘိုးပြောခဲ့တာကို နားမလည် လက်မခံခဲ့မိတဲ့ ကျွန်တော်ဟာ အခုမှ ကောင်းကောင်း သဘောပေါက်တတ်နေခဲ့ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ပေးခဲ့ရုံမကပဲ၊ လူတွေအတွက် ရင့်ကျတ်တဲ့ သင်ခန်းစာတွေ၊ အမုန်းမပွားတဲ့ အတွေးအခေါ်တွေကို အသက်ပေးပြီး ပြည်သူတွေကို လမ်းပြ သင်ပေးသွားခဲ့တာပါလား။

အခု အနှစ် ၆၀ ပြည့် အာဇာနည်နေ့မှာ အာဇာနည်ကြီးတွေကို ငြိမ်သက်စွာ ဂုဏ်ပြုရင်း၊ သူတို့ ပြခဲ့တဲ့ လမ်းအတိုင်း အမုန်းမပွားပဲ အာဇာနည်ကြီးတွေ အရ ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ပြည်သူတွေ စစ်မှန်စွာ ခံစားနိုင်အောင် တတ်စွမ်းသလောက် အစွမ်းကုန် လုပ်ဆောင်ပါ့မယ်လို့ သန္ဓိဌာန်ချရင်း အလေးပြုလိုက်ပါတယ်။
ကိုထိုက်

Sunday, 15 July 2007

ဝက်ဝံပြာ အခန်း ၁.၀၀

(ကျွန်တော် ကပ္ပတိန် ၀က်ဝံပြာရဲ့ အမှာစာကို စာမြည်းအဖြစ် ပြန်ဆိုပြီးသော အခါ စိတ်ဝင်စားသူ အချို့ ကို တွေ့ရသဖြင့် တတ်နိုင်သလောက် အခန်းဆက်ပုံစံဖြင့် ဤစာအုပ်ကို ကျွန်တော့်ရဲ့ ဒီဘလော့မှာ ရေးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကပ္ပတိန် ၀က်ဝံပြာရဲ့ ၁၃ နှစ်ပိုင်း တစ်ပိုင်း ဘ၀ကို စတင်၍ အခန်းဆက် ဖတ်ရှုနိုင်ကြောင်းပါ..ခင်ဗျာ။ စာရေး အလွန်နှေးသော ကျွန်တော့်ကို တတ်နိုင်သမျှ နားလည်ပေးပါလို့လည်း တောင်းပန်ပါရစေ။

ဒီစာကို အပျော်တမ်းရေးတာ ဖြစ်တာကြောင့် မူလပိုင်ရှင်ထံမှ ခွင့်မတောင်းရသေးပါ။ ထို့ကြောင့် ကျေးဇူးပြု၍ အခြားနေရာများတွင် ကူးယူဖေါ်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မူရင်း ပိုင်ရှင်မှ ကန့်ကွက်ခဲ့လျှင်လည်း အချိန်မရွေး ဖျက်ပစ်ပြီး ဘာသာပြန်ခြင်းကို ချက်ချင်း ရပ်တန့်မည် ဖြစ်ပါသည်။
ကိုထိုက်)

ကျွန်ုပ်၏ ပထမ ဘ၀ (သို့မဟုတ်) ပင်လယ် ဒမြ အသေးစား



ထူးဆန်းသော မွေးဖွားခြင်း


လူတိုင်းရဲ့ ဘ၀မှာ မွေးဖွားခြင်းဆိုတာနဲ့ စတင်ခဲ့ကြပါတယ်။ အဲဒီ အထဲမှာ ကျွန်ုပ် မပါဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လောကကြီးထဲကို ကျွန်ုပ် ဘယ်လို စတင် ၀င်ရောက်လာခဲ့သလဲ ဆိုတာ ကျွန်ုပ်ကိုယ်တိုင် မသိခဲ့လိုပါပဲ။ အခြေခံ ဖြစ်နိုင်ခြေရှိတာက၊ ရေလှိုင်း ထိပ်ပေါ်က ရေမြှုပ်တွေပေါ်မှ မွေးဖွားလာခဲ့တာသော်လည်းကောင်း၊ ပင်လယ် ခရုခွံ တစ်ခုထဲကနေ ပုလဲတွေလို မွေးဖွားလာခဲ့တာသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု ဖြစ်နိုင်တာကတော့ ကောင်းကင်ထဲက ကြယ်တွေ ကြွေကျ လာခဲ့သလို လောကထဲ ၀င်ရောက်လာ ဖြစ်နိုင်ပါသေးတယ်။

တကယ်တန်းမှာ ကျွန်ုပ်ကိုကျွန်ုပ် သေချာစွာ သိခဲ့တာကတော့ ပင်လယ်ပြင်ထဲ စွန့်ပစ်ခံထားရတယ် ဆိုတဲ့ အချက်ပါပဲ။ ကျွန်ုပ် ပထမဦးဆုံး မှတ်မိခဲ့တာကလည်း ကြမ်းတမ်းတဲ့ ပင်လယ်ရေလှိုင်းတွေကြားထဲက သစ်ကြားသီးအခွံလေးထဲ တစ်ကိုယ်တည်း အ၀တ်အစားမပါဘဲ မျောလွင့်နေတယ် ဆိုတာပါ။ အဲဒီ အချိန်တုန်းကတော့ ကျွန်ုပ်ဟာ အရမ်းကို သေးတဲ့ ပိစိကွေးလေးပေါ့။

နောက်ထပ်တစ်ခု ကျွန်ုပ်မှတ်မိသေးတာကတော့ အသံတစ်သံပါ။ ကျယ်လောင်စွာ မြည်ဟီးနေတဲ့ အသံ။ ခင်ဗျားတို့ ငယ်ငယ်ကလည်း အရာဝတ္ထုတွေဟာ အလွန်ကြီးမားကြတယ်လို့ ထင်မှတ်ကြတယ် မဟုတ်လား၊ ဒါပေမယ့် အခု အချိန်မှာ ကျွန်ုပ်ကောင်းကောင်းကြီး သိခဲ့တာကတော့ ကျွန်ုပ်ကြီးမားတယ်လို့ ထင်မှတ်ခဲ့တာ မဟုတ်ဘဲ အဲဒီ အသံကြီးဟာ အမှန်တကယ်ကို ကမ္ဘာပေါ်မှာ အကျယ်ဆုံး အသံကြီး ဆိုတာပါပဲ။

ပင်လယ် ရေနက်ဝဲ

အသံထွက်လာရာ နေရာကတော့ ပင်လယ် သမုဒ္ဒရာ ခုနှစ်စင်းထဲမှာ အကျယ်လောင်ဆုံး၊ အကြီးမားဆုံးနှင့် ကြောက်စရာ အကောင်းဆုံး ရေနက်ဝဲကြီး တစ်ခုကနေ ထွက်ပေါ်လာနေခြင်းဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ သစ်ကြားသီးခွံလေးက အထက်အောက် လွန့်လူးကာ အလွန်ကြောက်ရွံဖွယ်ကောင်းသော ပင်လယ်ရေနက်ဝဲကြီးထဲ ဦးတည်၍ သွားနေသည်ကို ကျွန်ုပ်လုံးဝ သိနိုင်စွမ်း မရှိခဲ့ပါ။ ကျွန်ုပ်အတွက်မူကား အလွန်ကြီးမားသော ပလုံစည်မြည်သံ သာဖြစ်နေ၏။ ပင်လယ် ဟင်းလင်းပြင်ထဲက နားကွဲလုမတတ် ကျယ်လောင်သော အသံကြီးရှိရာသို့ ဦးတည်သွားနေသော သစ်ကြားသီးအခွံထဲဝယ် အ၀တ်မပါဘဲ လဲလျောင်းနေရတာသည် သဘာဝအတိုင်း ဖြစ်လေ့ဖြစ်ထရှိသော အရာတစ်ခု အဖြစ်သာ ထင်မှတ်နေခဲ့သည်။

အသံကား ကျယ်သထက် ကျယ်လာပြီး၊ သစ်ကြားသီးခွံလေးမှာလည်း ပိုမိုကြမ်းတမ်းစွာ လွန့်လူးနေ၏။ သို့သော် ကျွန်ုပ်မှာကား ရေနက်ဝဲကြီး၏ ဆွဲဆောင် ခေါ်ယူမှုနောက် ရှည်ကြာစွာ လိုက်ပါ စီးမျောခဲ့သောကြောင့် မည်သို့မှ သတိမထားမိပေ။ ကျွန်ုပ်၏ ကမ္ဘာ့ အသေးဆုံးသင်္ဘောလေးသည် အသူရာ ချောက်တမျှနက်၍ တစ်မိုင်ခန့် ကျယ်ပြန်သော အ၀န်းရှိသည့် အော်မည်သံကြီးရှိရာ ဦးတည် ကခုန်သွားနေလေတော့သည်။

ပင်လယ်ထဲတွင် ယခုကဲ့သို့ မျှော်လင့်ချက် ကင်းမဲ့သော အကျပ်အတည်းမျိုးနှင့် ရင်ဆိုင်နေရပါက မည်သူ တစ်ဦးတစ်ယောက်မှ တည်ငြိမ်စွာ နေနိုင်မည် မဟုတ်ပါ။ ပင်လယ်ပျော် သင်္ဘောသားတိုင်းက ဤပင်လယ်နက်ဝဲ ကြီးနှင့် တတ်နိုင်သမျှ ဝေးဝေးနေကြသည်။ အကယ်၍ တစ်ယောက်ယောက်က ကျွန်ုပ်အား ကယ်ဆက်ရန် ကြိုးစားခဲ့မှုကား သူ၏ သင်္ဘောအား ရေ၀ဲကြီး၏ သမုဒ္ဒရာ ကြမ်းပြင်သို့တိုင်အောင် စုပ်ယူခြင်းကို ကျွန်ုပ်နှင့်အတူ ခံရမည်ဖြစ်သည်။

ယခု အခါတွင် ကျွန်ုပ်၏ သစ်ကြားသီးခွံလေးသည် သူ၏ ၀င်ရိုးပေါ်တွင် စတင်၍ လည်ပတ်စ ပြုနေပြီး၊ သမုဒ္ဒရာကြီးရဲ့ ဝေ့၀ိုက်နေသော ကြီးမားသည့် ငရဲမင်းကြီး၏ အစာအိမ်ထဲသို့ ချင်းနင်း ဆင်းသက်နေသည်။ ကျွန်ုပ် အတွက်မူကား စိုးရိမ်ပူပန်မှုကင်းစွာဖြင့် ကောင်းကင်ထဲရှိ လည်ပတ်နေသော ကြယ်များကိုကြည့်လျက် ပင်လယ်နက်ဝဲကြီး၏ အသံကိုနားထောင်၍ အေးအေးချမ်းချမ်းရှိနေ၏။

ထိုအချိန်မှာ ပင်လယ်ဒမြ သေးသေးလေးတစ်ယောက် သီဆိုလိုက်သော နားလည်ရန် ခက်ခဲသည့် ထူးထူးဆန်းဆန်း သီချင်းသံကို ကြားလိုက်ရလေသည်။

ဆက်ပါဦးမည်။

ကိုထိုက်


အမျိုးသား ညီလာခံ

ပြောလို့ မပြီးနိုင်တဲ့ မြန်မာနိုင်ငံသား အားလုံးရဲ့ ရှေ့ ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေ အကြောင်းအရာကတော့ အခု နအဖက လုပ်နေတဲ့ အမျိုးသား ညီလာခံပါပဲ။

အမျိုးသား ညီလာခံဆိုတာကို မြန်မာနိုင်ငံသားတွေ ဘယ်လို့မျိုး အခြေခံ အဓိပ္ပါယ်ဖွင့်ပါသလဲ၊ အမျိုးသားညီလာခံရဲ့ အဓိရည်ရွယ်ချက်ဘာလဲ၊ ပြည်သူတွေက ဘယ်လို သဘောထားလဲ၊ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အနာဂါတ်အတွက် ဘယ်လို အာမခံချက် ပေးနိုင်မှာလဲ စတာတွေက ကျွန်တော်တို့ ပြည်သူတွေအတွက် အရေးကြီးတဲ့ မေးခွန်းတွေပါပဲ။

အထက်ပါ အဓိပ္ပါယ်တွေကို ပြည်သူအားလုံးသေချာစွာ နားလည် သဘောပေါက်ထားသင့်ပါတယ်။ နအဖက ပြောနေသလို အမျိုးသားညီလာခံကြီး ပြီးတော့မယ်၊ ပြီးရင် နိုင်ငံထဲမှာတရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ပြည်သူ့ ရပိုင်ခွင့်တွေကို အမျိုးသား ညီလာခံက ထွက်လာမယ့် အခြေခံဥပဒေက အာမခံနိုင်ပါ့မလား ဆိုတာတွေက အလွန်အရေးကြီးပါတယ်။ နအဖ ယာယီ ၀န်ကြီးချုပ်တာဝန် ယူထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောသလို အမျိုးသားညီလာခံကြီး ပြီးတာနဲ့ ဥုံဖွ ဆိုသလို အထက်ပါ အခွင့်အရေးတွေ ရောက်မလာနိုင်တာကတော့ အသေအချာပါပဲ။

သို့သော် နအဖ ဆိုဒ်ဝါးတွေကတော့ အမျိုးသား ညီလာခံကြီးပြီးတာနဲ့ အဲဒီလို ဥုံဖွ ဒီမိုကရေစီ နိုင်ငံထဲ ဆိုက်ရောက်လာတော့မယောင် နည်းမျိုးစုံနဲ့ ၀ါဒတွေ ဖြန့်နေကြပါတယ်။


အမျိုးသား ညီလာခံကို ပြည်သူတွေ ဘယ်လို အဓိပ္ပါယ်ဖွင့်ပါလဲ၊

အတော်များတဲ့ ပြည်သူလူထုကတော့ နအဖလူကြီးတွေက တွေ့ကရာလူတွေ လျှောက်ခေါ် ပြီးတော့ ဟိုကိုယ်စားလှယ်၊ ဒီကိုယ်စားလှယ် နာမည်တပ်ကာ မှော်ဘီဘက်က ညောင်နှစ်ပင်ဆိုတဲ့ နေရာမှာ ဇိမ်ခံတဲ့ ကာရာအိုအေခန်းမ၊ ဆံပင်ညှပ်ဆိုင်၊ အနှိပ်ခန်းတွေမှာ ဇိမ်ခံပြီး လူတစ်စု ပြောချင်ရာ ပြောနေတာကို အမျိုးသား ညီလာခံလို့ သတ်မှတ်ထားကြပါတယ်။

အမျိုးသား ညီလာခံရဲ့ ရည်ရွယ်ချက်ကဘာလဲ

အမျိုးသား ညီလာခံရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထု အများစုကတော့ မသိပါဘူး။ ညပိုင်း ရုပ်မြင်သံကြားမှာ ပြတဲ့ ကိုရီးယားကားလောက်တောင် ပြည်သူလူထု အများစုက စိတ်မ၀င်စားလို့ ရည်ရွယ်ချက်သိဖို့ကတော့ အတော့်ကို ဝေးပါတယ်။ စိတ်လုံးဝ မ၀င်စားကြပါဘူး။

အမျိုးသားညီလာခံကို ကျင်းပပေးတဲ့ နအဖ၊ အထဲမှာ ၀င်ရောက်ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူတွေက အမျိုးသား ညီလာခံရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ပုံတွေက ကွဲလွဲကြပါတယ်။

နအဖကတော့ သူတို့ရဲ့ အာဏာကို တရားဝင်ပြဌာန်းနိုင်အောင် အမျိုးသား ညီလာခံကို ကျင်းပရခြင်းလို့ ရည်ရွယ်ပါတယ်။

အထဲက ကိုယ်စားလှယ်လို့ ခေါ်ဝေါ် သတ်မှတ်ထားတဲ့ လူတွေကိုတော့ ၂ မျိုး ၂ စား တွေ့ရပါတယ်။

၁။နအဖ စိတ်ကြိုက်ရွေးထားတဲ့ ဘုမသိ၊ ဘမသိ ကိုယ်စားလှယ်တွေကတော့ နအဖ မဆန့်ကျင်ရေးကို ရည်ရွယ်ပါတယ်။ ဆန့်ကျင်လျှင် ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီး၊ လက်ရှိ ရနေတဲ့ အခွင့်အရေးတွေကို အားလုံး ရပ်တန့် ဒုက္ခရောက်သွားနိုင်တာကြောင့် အမျိုးသား ညီလာခံ တတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင် အခွင့်အရေး ရရှိရေးကို ရည်ရွယ်ပါတယ်။ (အားလုံးကို မဆိုလိုပါ၊ သို့သော် အရေအတွက် များပါတယ်။)

၂။တိုင်းရင်းသား ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ အမျိုးသား ညီလာခံမှာ သူတို့အတွက် အထူးအခွင့်အရေး ရနိုင်ဖို့ ရည်ရွယ်ပါတယ်။ မရလျှင် လက်နက်ပြန်ကိုင်ပြီး၊ နယ်စပ်ပြန်ရန် ရည်ရွယ်ပါတယ်။

ပြည်တွင်း ပြည်ပက မြန်မာ့နိုင်ငံရေး စိတ်ဝင်တစား လုပ်နေတဲ့ လူတွေက အမျိုးသားညီလာခံရဲ့ ရည်ရွယ်ချက်က နအဖရဲ့ လှည့်ကွက် ဖြစ်တာကြောင့် တစ်ချို့ က ဆန့်ကျင်ဖို့ ရည်ရွယ်ကြပြီး၊ တစ်ချို့က ပူးပေါင်းပါဝင်ပြီး လုပ်ကိုင်ရမယ်လို့ ရည်ရွယ်နေကြပါတယ်။

တိုင်းပြည်ရဲ့ ရှေ့ ရေး အနာဂါတ်ကောင်းမွန်လာဖို့ကို အမျိုးသားညီလာခံက ဘယ်လောက် အာမခံပါသလဲ ဆိုတာကတော့ အထက်ပါ အမျိုးသား ညီလာခံမှာ တတ်ရောက်ကျင်းပနေတဲ့ ကိုယ်စားလှယ်လို့ ခေါ်ဝေါ်ထားသူတွေရဲ့ ရည်ရွယ်ချက် ကသိသာနေပါတယ်။

ပြည်သူလူထု အများစုကို ကိုယ်စား မပြုပဲ၊ အထက်ပါ ရည်ရွယ်ချက်တွေရှိတဲ့ ကျင်းပသူ နအဖနဲ့ တတ်ရောက်ပါဝင်နေတဲ့ ကိုယ်စားလှယ်တွေရဲ့ ရည်ရွယ်ချက်တွေက အမျိုးသား ညီလာခံနေ ယာယီ ၀န်ကြီးချုပ်ပြောခဲ့သလို ဥုံဖွနဲ့ ဒီမိုကရေစီ ရယူပေးနိုင်မယ်ဆိုတာကတော့ ....... ။

ကိုထိုက်


Friday, 13 July 2007

ပညာရေးနှင့် သုတေသန

ဒီတစ်ခါတော့ ဖတ်ထားသလောက် ပညာရေး အကြောင်းလေးတွေ နှီးနွယ်ပြီး ပြောကြည့်မလားလို့ ဆိုပြီး ပညာရေးမှာ သုတေသနက အရေးကြီးပုံကို သိသလောက် ရေးကြည့်ပါမယ်။ ပညာရေး အကြောင်းပြောရင် ပညာရေးနဲ့ အတူ မရှိမဖြစ် အကြောင်းအရာကတော့ သုတေသန လုပ်ငန်းပါပဲ။ ဘယ်နေရာမှာမဆို သုတေသနက အသက်လောက် အရေးပါတယ်ဆိုတာ အားလုံး သိကြပါတယ်။ နိုင်ငံတစ်ခု တိုးတတ်ဖို့ အတွက် ပညာရေးက မရှိမဖြစ် အရေးပါသလို၊ ပညာရေးအတွက်လည်း ပညာရေးသုတေသနကလည်း ပညာရေးအတွက် အသက်ပါပဲ။

ကျွန်တော်တို့ နိုင်ငံမှာ science ကို သိပ္ပံ၊ arts ကို ၀ိဇ္ဇာလို့ ဘာသာပြန် သတ်မှတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော် ရှုပ်အောင် ပြောတာမဟုတ်ပါဘူး။ science နဲ့ arts ဆိုတာကို အဲဒီလို အကြမ်းဖျင်း သတ်မှတ်လိုက်တာကတော့ ယေဘုံယျ မှန်ကန်ပေမယ့် တစ်ခုခြင်းဆီမှာ နောက်ကွယ်က လေးနက်တဲ့ အဓိပ္ပါယ် တွေ ရှိနေပါတယ်။ နှစ်ခုလုံးကို ပညာလို့ အခြေခံ သတ်မှတ်ကြပါတယ်။

Science ရဲ့ မူလ အဓိပ္ပါယ်က knowing of knowing လို့ခေါ်ဆိုပါတယ်။ သိတာကို သိချင်းပါ။ ဒီတော့ science ဆိုတာ သိခြင်း(knowledge)လို့ ခေါ်လို့ရပါတယ်။ သိတယ်၊ တတ်တယ်ဆိုတာ ပညာပါပဲ။ ဒါပေမယ့် သူက တကယ်တမ်းမှာ သိခြင်း (knowledge) နဲ့ နည်းနည်း ကွဲပါတယ်။ ကွဲပြားတာက စွဲမှတ်ယုံကြည်ခြင်း၊ မဆင်ခြင်ဘဲ နားလည်ခြင်းဆိုတာတွေနဲ့ ကွဲပြားတဲ့ သိခြင်းပါပဲ။ တကယ်တန်း science မှာ knowledge နဲ့ ကွာခြားသွားစေတာကတော့၊ စူးစမ်းခြင်း၊ လေ့လာခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်ခြင်းတွေ ပေါင်းစပ်ထားပါတယ်။ စနစ်တကျ လေ့လာခြင်းကိုက science ရဲ့ အသက်ပါပဲ။

Arts ကို ၀ိဇ္ဇာ လို့သတ်မှတ်ခဲ့ရာမှာ စတင်ခေါ်ဝေါ်ကတည်းက နည်းနည်း ကွဲလွဲမှုတွေရှိခဲ့ပါတယ်။ ၀ိဇ္ဇာကို အင်္ဂလိပ်-ပါဠိ အဘိဓါတ်မှာ knowledge-learning၊ scholarship၊ science-wisdom လို့ ပြန်ဆိုထားပါတယ်။ ဒီတော့ ၀ိဇ္ဇာဆိုတာလည်း science ပါပဲ။ နှစ်ခုလုံးကတော့ သိခြင်း၊ တတ်ခြင်း ဆိုတဲ့ ပညာတွေပါပဲ။ အဲဒီစကားလုံး နှစ်မျိုးလုံးကို ဘယ်လိုပဲခေါ်ခေါ် သိမှု၊ တတ်မှု ပညာတွေပါပဲ။

ပညာနှစ်ခုလုံးမှာ သိခြင်း၊ တတ်ခြင်း သာမက ပြောင်းလဲခြင်းဆိုတဲ့ အဓိပ္ပါယ်တစ်ခု ကပ်နေပါသေးတယ်။ ပညာတို့မည်သည် အမြဲတမ်း တိုးတက်
ပြောင်းလဲနေပါတယ်။ ပြောင်းလဲနေတဲ့ အခြေအနေ အရပ်ရပ်မှာ ပြောင်းလဲနေတဲ့ သဘောတရားတွေကို အမီလိုက်နိုင်ဖို့ ပညာရေးမှာ သုတေသန လုပ်ငန်းတွေ မရှိမဖြစ် လိုအပ်ပါတယ်။

ပညာဆိုတာ သင်္ဘောတစ်စီးလိုပါပဲ။ ကျောက်ချပြီး ဒီအတိုင်းရပ်နေလို့ မရပါဘူး။ သွားနေရပါတယ်။
အဲဒီ သင်္ဘောကြီးကို မောင်နှင်ဖို့ရာ လောင်စာနဲ့ အလားတူတဲ့ သုတေသနတွေ လိုအပ်ပါတယ်။ သုတေသန မရှိပဲ နေလို့ ပညာကြီးပဲ ရပ်တည်လို့ မရပါဘူး။ နိုင်ငံတကာ ထိပ်သီး တက္ကလိုလ်ကြီးတွေမှာ သုတေသနတွေကို ဘာသာရပ်ဆိုင်ရာအလိုက် အများကြီး လုပ်ကြပါတယ်။ ငွေကြေး အထောက် အပံ့ အတွက်လည်း တတ်နိုင်ကြပါတယ်။ နောက်ပြီး သုတေသနကို အားပေးတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်လည်း အခြေအနေလည်း ရှိကြပါတယ်။

သုတေသနကို အားမပေးတဲ့ ပတ်ဝန်းကျင်ကြောင့် ခေတ်နောက်ကျန်ခဲ့တဲ့ နိုင်ငံတွေ အများကြီးပါပဲ။ အထင်ရှားဆုံးတိုင်းပြည်ကတော့ ရုရှားပါပဲ။ တရားဝင်သဘောအရ သုတေသနရှိတယ်လို့ ပြောနိုင်ပေမယ့်၊ တကယ်တမ်းမှာ ဗဟို ချုပ်ကိုင်မှု စနစ်အရ ပညာရှင်တွေဟာ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ လုပ်စေချင်တာတွေကိုသာ လုပ်ပေးနေရတဲ့ ပတ်ဝန်းကျင်ဖြစ်နေတာကြောင့် တိုးတတ်သင့်သလောက် မတိုးတတ်တော့ပါဘူး။

တိုးတတ်တဲ့ နိုင်ငံတွေက နာမည်ကြီး တက္ကသိုလ်ကြီးတွေမှာတော့၊ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်။ ကိုယ်မှားရင် ကိုယ်ခံ၊ ကိုယ်ဖြစ်ရင် ကိုယ်စံပါပဲ။ အမှား၊ အမှန်တွေ လုပ်ကြရာမှာတော့ ဘယ်ပညာရှင်မှ လူ့ဘောင်လောကကြီး ပျက်သွားအောင် မလုပ်ကြပါဘူး။ လူ့လောကကြီးလည်း အကျိုးရှိမယ်၊ မိမိလည်း အကျိုးရှိမယ့် အလုပ်တွေကိုသာ လုပ်ကြပါတယ်။ တက္ကသိုလ်တွေကလည်း အဲဒါမျိုးတွေသာ လက်ခံပါတယ်။ သဘာဝ အထိန်း အကျောင်းတွေလည်း ရှိပါတယ်။

ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ဆိုပေမယ့်၊ စည်းမဲ့ကမ်းမဲ့ မဟုတ်ပါဘူး။ သဘာဝ အထိန်းအကျောင်းတွေနဲ့ပါ။ အစဉ်အလာ အထိန်း အကျောင်းတွေနဲ့ပါ။ ပညာရှင်တွေကြားမှာ၊ ပညာရှင်တွေရဲ့ စိတ်ဆိုတာလည်း အထိန်းအကျောင်း တစ်ခုပါပဲ။ ဒီအချက်တွေကြောင့် အမြော်အမြင်ကြီးတဲ့ အုပ်ချုပ်သူ အစိုးရတွေက ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပညာရေးဆိုင်ရာ သုတေသနတွေ လုပ်ခွင့်ပေးကြပါတယ်။

ဒီနေ့ခေတ် အစစအရာရာ တိုးတတ်နေတဲ့ နိုင်ငံတွေမှာ ပညာရေးက နောက်ကွယ်ကနေ အဓိက ကြိုးကိုင်နေပြီး၊ တိုးတတ်ကောင်းမွန်တဲ့ ပညာရေးမှာ သုတေသနက နောက်ကွယ်ကနေ ကြိုးကိုင်နေတာမို့၊ ကျွန်တော်တို့ နိုင်ငံတော်ကြီး ပြန်လည် တည်ဆောက်ရာမှာ မရှိမဖြစ် မေ့ချန်ထားလို့ မရတဲ့ သုတေသနဆိုတာကို မေ့ကျန်ခဲ့မှာ စိုးရိမ်မိတာကြောင့် ဒီစာလေးကို ရေးပြီး တတ်သလောက်၊ မှတ်သလောက် တင်ပြလိုက်ရကြောင်းပါ ... ခင်ဗျာ။

ကိုထိုက်

Wednesday, 11 July 2007

ကပ္ပတိန် ၀က်ဝံပြာရဲ့ ဘ၀ပေါင်း ၁၃ နှစ်ပိုင်း တစ်ပိုင်း

ကျွန်တော့်ရဲ့ ဘလော့မှာ နိုင်ငံအရေးတွေနဲ့ ပြည်နှက်လာလို့ တိုင်းပြည်အတွက်လည်းတစ်စိတ်တပိုင်း ပါသလို အခြား ရောက်တတ်ရာရာလေးတွေလည်း ပါဝင်လာနိုင်အောင်လို့ ကျွန်တော် အခု အားရင် ဖတ်နေတဲ့ စိတ်ဝင်စားဖွယ် ဖတ်လို့ကောင်းတဲ့(ကလေးစာပေ) စာအုပ်တစ်အုပ်ကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော် ဘာသာပြန်ဖို့လည်း စဉ်းစားနေပါတယ်။ အတည်တွေထဲက စိတ်ကြည်လင်စရာလေး တစ်ခု အဖြစ်ပေါ့။ လွယ်တော့ မလွယ်ဘူး စာမျက်နှာပေါင်း ၇၀၀ ကျော်ပါတဲ့စာအုပ်တစ်အုပ် ဖြစ်နေတယ်။ သို့သော် ကြိုးစားပြီး တတ်သလောက် မှတ်သလောက် ဘာသာပြန်ကြည့်မယ်လို့ တွေးထားပါတယ်။

ကျွန်တော် စာအုပ်ဆိုင်တစ်ဆိုင်မှာ မွှေနှောက်ပြီး ဖတ်ကောင်းရာရာ စာအုပ်တွေရှာဖွေနေတုန်း အရောင်းရဆုံး စာအုပ်စာရင်းထဲမှာ ဒီစာအုပ်က ပါလာတာနဲ့ လှန်လှော ဖတ်ကြည့်မိလိုက်တာ။ စာအုပ်ရဲ့ အမှာစာ(foreword) ကို ဖတ်ကြည့်မိတာနဲ့ စိတ်ဝင်စားသွားလို့ ဆက်ဖတ်ဖို့ ၀ယ်လာလိုက်မိတယ်။ အမှာစာကိုက စိတ်ဝင်စားဖွယ်ရာပါပဲ။ ထုံးစံအတိုင်း စာရေးဆရာ၊ (သို့) အခြား ပုဂ္ဂိုလ်တစ်ယောက်က ရေးထားတဲ့ အမှာစာ မဟုတ်ဘဲ၊ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင် ၀က်ဝံပြာ က ရေးထားတဲ့ အမှာစာဖြစ်နေတယ်။ အခု စာမြည်း အဖြစ် သူ့ရဲ့ အမှာစာကို ဒီမှာ ဘာသာပြန်လိုက်ပါတယ်။ စိတ်ဝင်စားတဲ့ လူတွေ ဖတ်ချင်ရင် စာအုပ်နာမည်က The 131/2 lives of Captain Bluebear ဖြစ်ပါတယ်။ စာရေးဆရာကတော့ Walter Moers ပါ။

အောက်မှာ သူ့စာအုပ်ထဲက အမှာစာပါ။

အမှာစာ

ကျွန်ုပ် ၀က်ဝံပြာမှာ ကျင်လည် ကျက်စားခဲ့တဲ့ ဘ၀ပေါင်း ၂၇ ခု ရှိပါတယ်။ ဒီစာအုပ်ထဲမှာတော့ ဘ၀ပေါင်း ၁၃ နှစ်ပိုင်း တစ်ပိုင်းကို ရေးထားပြီး၊ ကျန်တဲ့ အပိုင်းတွေကို ချန်လှပ်ထားတယ်။ ၀က်ဝံတစ်ကောင်မှာ ကိုယ်ပိုင် လျှို့ ၀ှက်ချက်တွေ ရှိတယ်လေ။ ဘာပဲပြောပြော အဲဒီလို လျှို့ ၀ှက်ထားတာကိုက အဲဒီ ၀က်ဝံကို ဆွဲဆောင်မှု၊ လျှို့ ၀ှက် ဆန်းကျယ်မှုတွေအပြည့်နဲ့ စိတ်ဝင်းစားမှုတွေ တိုးလာစေခဲ့တာ... မဟုတ်လား။

လူတွေက ကျွန်ုပ်ကို မကြာခဏမေးကြတယ်၊ ငယ်ငယ်တုန်းက ဘာတွေဖြစ်ပျက် တွေ့ကြုံခဲ့သလဲ ဆိုတာတွေပေါ့။ ကျွန်ုပ်ဖြေခဲ့တာက ... အရင်တုန်းက အစစ အရာရာ အားလုံး အခုထက် များပြား ထူးခြား ဆန်းပြားတယ်။ ဟုတ်တယ် .... အခု မရှိတော့တဲ့ ထူးဆန်း လျှို့ ၀ှက်တဲ့ ကျွန်းတွေ၊ နိုင်ငံတွေ နဲ့ ပြီးတော့ ကုန်းမပိုင်းကြီး တစ်ခုလုံး အရင်က ရှိခဲ့ဖူးတယ်။ ကြီးမား ကျယ်ပြန့်တဲ့ သမုဒ္ဒရာကြီးရဲ့ လှိုင်းလုံးတွေ အောက်မှာ အဲဒီ အရာတွေ အားလုံး လဲလျောင်း နစ်မြုပ်နေကြတယ်။ အရှုံးမပေးပဲ တစ်နေ့ထက် တစ်နေ့ တရိပ်ရိပ် တဖြည်းဖြည်း မြင့်တတ်လာနေတဲ့ အဆုံးအစ မရှိတဲ့ သမုဒ္ဒရာ ရေလှိုင်းကြီးတွေအောက်မှာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာ မြေကြီးဟာ တစ်နေ့မှာ လုံးဝ နစ်မြုပ်သွားလိမ့်မယ်။ အဲဒါကြောင့် ကျွန်ုပ် ယခု လက်ရှိမှာ ပင်လယ် ရေမျက်နှာပြင်ထက် အများကြီးမြင့်တဲ့ တောင်ကမ်းပါး တစ်ခုပေါ်မှာ ဆောက်လုပ် ဆိုက်ကပ်ထားတဲ့ ပင်လယ်ကူး သင်္ဘောကြီးထဲမှာ နေနေတယ်လေ။ အရှေ့ မှာ ဆိုခဲ့တဲ့ ရေအောက်နစ်မြုပ်သွားတဲ့ ကျွန်းတွေ၊ တိုင်းပြည်တွေ၊ သတ္တ၀ါကြီးတွေနဲ့ အံသြစရာတွေကို ပြောပြမှာပါ။

ကျွန်ုပ်လိမ်လည်ပြီး ပြောတာ မဟုတ်ပါ(ကျွန်ုပ်ဟာ လိမ်တတ်သူ တစ်ယောက် မဟုတ်ကြောင်းကို လူတိုင်းသိကြပါတယ်။) ကျွန်ုပ်ရဲ့ ၁၃ နှစ်ပိုင်း တစ်ပိုင်း ဘ၀တွေက ရင်ခုန်စရာ စိတ်ဝင်စားမှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပင်လယ်ဒမြ သေးသေးလေးတွေ၊ မင်စာတွေ၊ မှော်ပင့်ကူတွေ၊ ပေါက်တတ်ကရ ပြောတတ်တဲ့ ရေလှိုင်းတွေ၊ ဦးနှောက် ၇ လုံးနဲ့ ပညာရှိ အစရှိတာတွေနဲ့(ဒီနေရာမှာ ၀က်ဝံပြာပြောတဲ့ ထူးခြားဆန်းပြားတဲ့ စကားလုံးတွေ အများကြီးပဲ၊ တချို့ စာလုံးတွေက အဘိဓါန်ထဲမှာ မရှိတဲ့ နာမည်တွေ ဖြစ်နေပြီး၊ စာအုပ်ကို အစ အဆုံး ဖတ်ပြီးမှ သိနိုင်မယ့် စာလုံးတွေ ဖြစ်နေတာကြောင့် ဘာသာ မပြန်နိုင်သေးပါ။) နောက်ဆုံး အသက် ဘေးအန္တရာယ်က
ကပ်ပြီးမှ လွတ်ခဲ့ရတာတွေ အားလုံးကို ဘယ်လို သတ်မှတ်ကြမလဲ။ ဒါတွေနဲ့ ကျွန်ုပ်ကိုယ် ကျွန်ုပ် ရှေ့ ဆက် တွယ်ကပ် မနေသင့်တော့ပါဘူး။

အဲဒီနေ့တွေကို ပြန်တွေးမိရင် လွမ်းဆွတ်တမ်းတ စရာတွေ အပြည့်နဲ့ပေါ့။ ဒါပေမယ့် ဘ၀ ဆိုတဲ့ နာရီကတော့ နောက်ပြန်လှည့်လို့ ရနိုင်တာမှ မဟုတ်တာ။ နှမျောတသစရာကောင်းနေပေမယ့် ဒါဟာ မျှတတဲ့ မပြောင်းလဲနိုင်တဲ့ သဘာဝတရား တစ်ခုပါပဲ။ ဆောင်းဦး ရာသီနှောင်းပိုင်းမှာ ဆောင်းရာသီက ချဉ်းနင်းဝင်ရောက် လာနေပြီ။ ငွေလ၀န်းလို အေးမြတဲ့ နေမင်းက ကျွန်ုပ်ရဲ့ တောင်ကမ်းပါးစွန်းအောက်က အေးစက်နေတဲ့ မီးခိုးရောင် ပင်လယ်ပြင်ထဲ နစ်မြုပ်နေပြီး၊ လေထဲမှာလည်း နှင်း ရဲ့ အနံအသက်တွေ ရနေပြီ။ အဲဒါတွေသာမက လေထဲမှာ ဟိုးအဝေးက မီးရှုးမီးပန်း ဖေါက်လိုက်တဲ့ အငွေ့ အသက်တွေလည်း ရောပြွန်းနေတယ်။ သူတို့က စွန့်စားမှု အငွေ့ပါတဲ့ သစ်ဂျပိုးခေါက် အနံ ပျံပျံကို သယ်ဆောင်လာကြတယ်။ အဲဒီ အနံ့နောက်က စွန့်စားဖို့ အရာတွေဆီ ကျွန်ုပ် အမြဲတမ်း လိုက်သွားလေ့ရှိပေမယ့် ဒီနေ့တော့ အခြား အရေးကြီးတာတွေ လုပ်ဖို့ ရှိနေသေးတယ်။ သားစဉ် မြေးဆက်တွေအတွက် ကျွန်ုပ် မှတ်တမ်းတွေ ထားရှိရမယ်။ နှင်း-မင်စာလေးတွေက သူတို့ရဲ့ စွတ်ဆိုတဲ့ လက်ချောင်းလေးတွေနဲ့ ကျွန်ုပ်ရှိတဲ့ အခန်းငယ်ရဲ့ ကြမ်းတွေထဲကနေ ကျွန်ုပ်ခြေထောက်ကို လာရောက် ဆုပ်ကိုင်နေကြတယ်။ မမြင်ရတဲ့ ရေခဲ-မှော်ဆရာမလေးတွေကလည်း ပြတင်းတံခါးတွေပေါ်မှာ နှင်းခဲပုံလေးတွေ ရေးဆွဲနေကြလေရဲ့ ။ ဒါက ကျွန်ုပ်ရဲ့ အနှစ်သက်ဆုံး ရာသီဥတုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးရွက်ခတ်ပြီး နှပ်ထားတဲ့ ရေနွေးတစ်အိုးနဲ့ အတူ၊ ဆေးတံထဲ ဆေးဆုံ ၁၃ နှစ်ပိုင်း တစ်ပိုင်းစာ ဖြည့်၊ ပေါင်မုန့် ၁၃ နှစ်ပိုင်း တစ်ပိုင်းကို ယိုသုတ်ထားပြီး၊ ချွန်ထားတဲ့ ခဲတံ ၁၃ နှစ်ပိုင်းတစ်ပိုင်းနဲ့ ကျွန်ုပ်ရဲ့ ကျင်လည်ခဲ့တဲ့ ဘ၀ပေါင်း ၁၃ နှစ်ပိုင်း တစ်ပိုင်းကို စတင် မှတ်တမ်းတင်ဖို့ အကောင်းဆုံး မဟုတ်ပါလား။ ထင်ရှားတဲ့ သူရဲကောင်းတို့ အားထုတ် ကျင်လည်ခဲ့တဲ့ မှတ်တမ်းတစ်ခု စတင်ပြုစုနေပြီလို့ ဆိုနိုင်မလား မသိ။ ကျွန်ုပ် အရင်က ပြောခဲ့သလိုပါပဲ၊ အရင် နေ့ရက် ဟောင်းတွေက အစစ အရာရာ အခုထက် များပြား ထူးခြား ဆန်းပြားတယ်၊ စွန့်စားခန်းတွေလည်း အပြည့်ပေါ့၊ ဟုတ်တယ် သိပ်ကို သေချာတာပေါ့။

ကပ္ပတိန် ၀က်ဝံပြာ

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက် နှစ်ဆယ်ပင်၊ ပြည့်ခဲ့ပြီ။

သူ သုံးနှစ်သား၊ ဖော်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့် ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့ မူရာကို
ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြ ၀ဲကြ၊ ငရဲထ သို့
အုံကြွ မြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခ သတင်း၊ မိုးကြိုး ခွင်းသို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနည်း ခံခက်
မျက်စိ မျက်နှာ၊ ညှိုးကျရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ် သက်စစ်
သူတို့ခေတ်၌
တိုင်းချစ် ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင် ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏ သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာ ဆုံပေါင်း
ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

ဆရာ ဇော်ဂျီ

Monday, 9 July 2007

အာဇာနည်ကြီးများကို အထူးအလေးထားကာ ဂုဏ်ပြုကြပါစို့ 

(ဇူလိုင် (၁၉) ရက်နေ့ ။ ။ ခေတ်အဆက်ဆက် ပြောင်းခဲ့သော်လည်း၊
ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေသည့် သမိုင်းဝင်နေ့ ထူး ရက်တစ်ရက်)

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊
ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

ဟူ၍ မြန်မာပြည်သူလူထုတစ်ရပ်လုံး ရင်တွင်းဝယ် ကြေကွဲ ၀မ်းနည်းခဲ့ရသည်မှာ နှစ်စဉ်နှစ်တိုင်း မမေ့အပ်သော အာဇာနည်နေ့ ပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွင် ပြည်သူလူထုနှင့် တပ်မတော်အား ဦးဆောင်ကာ၊ တမျိုးသားလုံး လွတ်လပ်ဖို့  ကြိုးပမ်းပေးခဲ့သော ပြည်သူလူထုတစ်ရပ်လုံးနှင့် တပ်မတော်၏ ဖခင် အာဇာနည်ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်သည့် တိုင်းပြည်ခေါင်းဆောင်များအား အာဏာရူးအုပ်စုတစ်စုမှ လက်နက်အားကိုးဖြင့် ၀န်ကြီးများရုံး အစည်းအဝေးခန်းမ အတွင်း ၀င်ရောက်ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့မှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့  ကျဆုံးခဲ့ရကြပါသည်။

ထိုအာဇာနည်ကြီး (၉)ဦး၏ အသက်ဆုံးရှုံးမှုသည် မြန်မာနိုင်ငံသမိုင်းဝယ် ပြည်သူလူထုနှင့်တပ်မတော်သားများ အားလုံးအဖို့  ယူကြုံးမရဖြစ်ကာ အထူးကြေကွဲဝမ်းနည်းခဲ့ရသောနေ့ တစ်နေ့ အဖြစ် သမိုင်း ကဗျည်းတင်ခဲ့ပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးမှုသည် မြန်မာပြည်အနာဂတ်တွင် မိမိနှင့် မိသားစု ကိုယ်ကျိုးသာ ကြည့်သော အာဏာမက်မောသူ အာဏာရူးတို့ အတွက် ပြည်သူနှင့် တပ်မတော်တို့ ၏ မျက်နှာကို မထောက်ပဲ တိုင်းပြည် အာဏာကို မတရားရယူနိုင်စေရန် အခွင့်အလမ်းများ ရရှိစေခဲ့ပေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့ တိုင်းပြည်လွတ်လပ်ရေးအား ကိုယ်ကျိုးစွန့် ပြီး အသက်ကို ပဓာနမထားပဲ၊ စွန့် လွှတ် အနစ်နာခံကာ ကြိုးပမ်းပေးခဲ့သူများအား တိုင်းပြည်၏အမျိုးသားခေါင်းဆောင်များအဖြစ် ထိုက်တန်စွာ ဂုဏ်ပြုလေ့ ရှိကြပေသည်။

မြန်မာနိုင်ငံတွင် ယခင်ကဆိုလျှင် ဇူလိုင်(၁၉)ရက်နေ့ရောက်တိုင်း အာဇာနည်ကြီးများ ကျဆုံးချိန်၌ ဥဩဆွဲခြင်းဖြင့် နိုင်ငံတ၀ှမ်း တိုင်းသူပြည်သားများမှ ငြိမ်သက်စွာအလေးပြုကြခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင်မိန့် ခွန်းများ အား ရေဒီယိုမှထုတ်လွှင့်ခြင်း၊ စာသင်ကျောင်းများနှင့်  မြို့ နယ်ရပ်ကွက်များတွင် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ ရွတ်ဆိုပွဲ၊ စာစီစာကုံးရေးသားမှုပြိုင်ပွဲများ ကျင်းပခြင်းတို့ ကို နှစ်စဉ်မပျက် ပြုလုပ်ခဲ့ကြသော်လည်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီ မှ မတရားအာဏာ သိမ်းပိုက်သည့် အချိန်မှ စတင်ကာ၊ ယခုလက်ရှိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ကောင်စီ ဟု အမည်တပ် ထားသော နအဖသည် ပြည်သူနှင့် တပ်မတော်၏ ဂုဏ်ကျေးဇူးကို မထောက်ပဲ မိမိကိုယ်ကျိုးတခုတည်းကိုသာ ကြည့်လျက် အာဇာနည်နေ့ အား မေ့ပျောက်ရန် ကြိုးပမ်းလျက်ရှိသည်။

တပ်မတော်ကို ခုတုံးလုပ်ကာ ပြည်သူ့ အာဏာကို မတရားလိမ်လည် ရယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုမှာလည်း ၄င်းတို့  ချယ်လှယ်နေလိုက်ချိန်တွင် ကျဆုံးလေပြီးသော အမျိုးသားအာဇာနည်ကြီး များအား အလေးထားဂုဏ်ပြုခြင်းများကို မှန်မှန်ကန်ကန် ပြုလုပ်ရန်ဝေးစွ၊ တပ်မတော်နှင့် ပြည်သူလူထု၏ လွတ်လပ်ရေး သမိုင်းမှန်ကိုလည်းကောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းကိုလည်းကောင်း ဖျောက်ဖျက်ရန် ကြိုးစားးလျက်ရှိပေသည်။

အဆိုပါ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းတွင် လှုပ်ရှားမှုခဲ့မှုများအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အထူးတလည် ဖော်ကျုးခြင်း မရှိသည့်အပြင်၊ မူလကတည်းက တည်ရှိနေခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး များ၏ ပုံရိပ်လွှာများအား တဖြည်းဖြည်းချင်း ပျောက်ကွယ်စေရန် လုပ်ဆောင်လျက် ရှိပေသည်။

အာဇာနည်ကြီးများ၏ ရုပ်ကလာပ်တည်ရှိရာ အာဇာနည်ကုန်းဗိမာန်တွင် ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများ
ဖြစ်ကြသည့် သမ္မတ၊ ၀န်ကြီးချူပ်၊ ၀န်ကြီးများသည် အာဇာနည်နေ့ ရောက်တိုင်း နိုင်ငံတော်အခမ်းအနားဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဂုဏ်ပြု ဦးညွတ်လေ့ရှိခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပြည်သူနှင့် တပ်မတော်၏ ခေါင်းဆောင်ကြီးများအား ဟန်ဆောင်ဂုဏ်ပြု ရန်အတွက် သာမန်လက်အောက်ငယ်သား ၀န်ကြီးအဆင့်မျှကိုသာ စေလွှတ်ကာ ၀တ်ကျေတန်းကျေ ဆောင်ရွက်မှုသာ ပြုလုပ်လျက်ရှိနေပေသည်။ ၄င်းကိုယ်တိုင် သွားရောက်အလေးပြု ဂါရ၀ပေးခြင်းမရှိပေ။

တိုင်းသူပြည်သားများမှ ကျဆုံးလေပြီးသော အာဇာနည်ကြီးများအား သွားရောက်အလေးထားဂုဏ်ပြုရန်အတွက် အာဇာနည်ကြီးမျာ၏ ရုပ်ကလပ်ရှိရာ အာဇာနည်ဂူဗိမာန်သို့ လွတ်လပ်စွာသွားရောက်ခွင့်ကို နအဖမှ ချုပ်ချယ် တားမြစ်ထားခြင်းမှာလည်း၊ လက်ရှိတိုင်းပြည်အာဏာကို တရားမ၀င်ရယူထားသော မိမိကိုယ်ကျိုးတခုတည်းသာ ကြည့်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျဆုံးလေပြီးသော ပြည်သူနှင့် တပ်မတော်၏ ခေါင်းဆောင် အာဇာနည်ကြီးများအပေါ် မထေမဲ့မြင်ပြုလုပ်ချက် ဖြစ်ရုံသာမက၊ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် အသက်စွန့် လွှတ်ခဲ့ကြသော အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကိုလည်း စော်ကားရာလည်း ရောက်ပါသည်။

ယခုအခါတွင် နောင်လာနောက်သား မျိုးဆက်သစ်များမှာ ကျဆုံးသွားသော အာဇာနည်ကြီး (၉)ဦးအကြောင်းအား သိရှိရန်ဝေးစွ၊ မြန်မာ့တပ်မတော် စတင်ထူထောင်ခဲ့သူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပင်လျှင် သေချာစွာမသိရှိကြတော့သော အခြေအနေသို့ ရောက်ရှိလာသည်ကို ရင်နင့်ဖွယ် တွေ့ ရှိရပါသည်။

သို့ ဖြစ်ပါ၍ တပ်မတော်နှင့်ပြည်သူတို့ ၏ ဖခင် အာဇာနည်ခေါင်းဆောင်ကြီး များအား အထူးလေးစားဂုဏ်ပြုသော အားဖြင့်၎င်း ၊ တိုင်းပြည်လွတ်လပ်ရေး အတွက် ကြိုးပမ်းပေးခဲ့ကြသော အာဇာနည်ကြီးများ၏ ကျေးဇူးကို သတိရ အောင့်မေ့သောအားဖြင့်၎င်း၊၊

၁။ မကြာခင်ကျရောက်မည့် အာဇာနည်နေ့  ဇူလိုင်လ (၁၉)ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီတွင် မိမိတို့  ရောက်ရှိရာဒေသ၌ ငြိမ်သက်စွာ အလေးပြုကြပါရန်၊

၂။ လာမည့် ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့ တွင် အဖြူရောင် အင်္ကျီများဝတ်ဆင်ပြီး၊ ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် အနက်ရောင်ဖဲပြားများ ရင်ဘတ်တွင် ထိုးခြင်း ပြုလုပ်ကြပါရန်၊

၃။ ဤအာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ကြီးများအား ရည်ရွယ်ပြီး ဘာသာရေးဆိုင်ရာ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ကြပါရန်၊

၎။ အများပြည်သူ မြင်သာသောနေရာများနှင့် မိမိတို့ မော်တော်ယာဉ်များတွင် အာဇာနည်ကြီးများ၏ ဓါတ်ပုံများနှင့် ၀မ်းးနည်းခြင်းအထိမ်းအမှတ် ပန်းစည်းလေးများ ချိတ်ဆွဲခြင်း ပြုလုပ်ကြပါရန်။

၅။ တပ်မတော်နှင့် ပြည်သူလူထုခေါင်းဆောင်အာဇာနည်ကြီးများ၏ မော်ကွန်းဝင် သမိုင်းကို ဖုံးကွယ် ဖျောက်ဖျက်ခြင်း ပြုလုပ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုအား ကန့် ကွက် သောအားဖြင့် (ပြည်သူ့  ငွေကြေး များဖြင့် အလွဲသုံးစားလုပ်ကာ ပိုင်ဆိုင်လျက်ရှိသော) ၄င်းတို့ ၏ စားသောက်ဆိုင်များ လုပ်ငန်းများအား အာဇာနည်နေ့ မှ စတင်ကာ လုံးဝအားပေးခြင်း မပြုလုပ်ကြဘဲ ဆန့် ကျင်သပိတ်မှောက် ကြပါရန်၊

အမျိုးသားရေး စိတ်ဓါတ် အပြည့်ဖြင့် မိမိတို့ ၏ဆန္ဒများအား ထုတ်ဖေါ် ပြသကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။


ပြည်တွင်းပြည်ပ မြန်မာလူငယ်များ

Sunday, 8 July 2007

ကိုမင်းကိုနိုင်ရဲ့ ညီလာခံအပေါ် သဘောထား မေးမြန်းချက်

ညောင်နှစ်ပင် ညီလာခံနဲ့ ပက်သက်တဲ့ သတင်း အင်တာဗျူးတွေထဲမှာ ကိုမင်းကိုနိုင်ပြောသွားခဲ့တဲ့ မှတ်သားလောက်စရာ သဘောထားနဲ့ ရပ်တည်ချက်တွေကို အောက်မှာ တွေ့နိုင်ပါတယ်။ နားထောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

Get this widget | Share | Track details

Saturday, 7 July 2007

ပြည်တွင်းပြည်ပ မြန်မာလူငယ်များ၏ ကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်း


သို့

ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား

၆ ၊ ၇ ၊ ၂၀၀၇

ညောင်နှစ်ပင်ညီလာခံကို နောက်ဆုံးအကြိမ်အဖြစ် လာမည့် ၁၈ ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ၄င်းညီလာခံတွင် ချမှတ်ပြီးခဲ့သော အသေးစိတ် အခြေခံမူများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ လုပ်သွားမည်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခဲ့ပါသည်။

၁၄နှစ်တာ ကမ္ဘာ့အချိန်အကြာမြင့်ဆုံး စိတ်ကြိုက်ရေးဆွဲခဲ့သော်လည်း အမှားမကင်းသေးဘဲ ပြင်ဆင်၊
ဖြည့်စွက်၊ ပယ်ဖျက်ရမှာတွေ ထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်စားလှယ်တော်ကြီးများက
အချိန် ကြာမြင့်စွာ ဆွေးနွေးအတည်ပြုခဲ့သည့် အချက်များအတွက် စဉ်းစားစရာများ ဖြစ်ပေါ်လာသလို အာမခံချက် မရှိသေးကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။ ၄င်းဖွဲ့စည်းပုံကို အတည်ပြုပြီးနောက် ၁၀နှစ် အတွင်း ပြင်ဆင်ခြင်းမပြုရဟု ထည့်သွင်းထားခြင်းမှာ မှန်ကန်မှုရှိပါမည်လား ဟု မေးခွန်းထုတ်စရာ ဖြစ်လာပြီး၊ ဤကန့်သတ်ချက်ကြောင့် ပေါ်ပေါက်လာမည့် မလိုလားအပ်သော အကျိုးဆက်များကိုလည်း မည်သူက တာဝန်ခံပါမည်နည်းဟု ထပ်မံ၍ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

ဤသို့သော အမှားများကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ပြည်သူများက အပြုသဘောဖြင့်လည်း ဝေဖန်ထောက်ပြခြင်း မပြုရဟု ဥပဒေထုတ်၍ တားမြစ်ထားသော်လည်း ယခုကိုယ်စားလှယ်တော်ကြီးများက ပြုလုပ်ထားရစ်ခဲ့မည့် ကိစ္စများ၏ အကောင်း အဆိုး အကျိုးဆက်များကို အမွေအဖြစ် စံစား၊ ခံစားရမည်မှာ ကျွန်ုပ်တို့ လူငယ်များပင် ဖြစ်ပါ၍ ဖွဲ့စည်းပုံတွင် ထည့်သွင်းသင့်သည့် ( သို့မဟုတ်) ထည့်သွင်းရန်မလိုအပ်သည့် အချက်များကို အချိန်မလွန်ခင် ကိုယ်စားလှယ်တော်ကြီးများအား ဝေဖန် ထောက်ပြလိုက်ရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများတွင် ပြဿနာများစွာ ရှိနေပါသည်။ ထိုပြဿနာများ အဘယ့်ကြောင့်ဖြစ်ရသည်ကို သေချာစွာ ဆန်းစစ်ကြည့်ပါလျှင် ကိုယ်ကျင့်စာရိတ္တပျက်ယွင်းခြင်းက အခြေခံအကြောင်းရင်း ဖြစ်နေသည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများ၌ ပြဿနာ ပေါ်ပေါက်မှု နည်းနိုင်သမျှနည်းပါးစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သေချာစီစစ် ရေးဆွဲ ရပါသည်။ ထိုကဲ့သို့ ရေးဆွဲရာတွင် ရွေးကောက်ပွဲမှ အနိုင်ရ၍ တာဝန်ထမ်းဆောင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များတွင် အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားခဲ့သူများ မပါဝင်လာစေရန် လည်းကောင်း၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အာဏာအလွဲသုံးစား လုပ်ပြီး အကျင့်ပျက်
ခြစားသူများ ဖြစ်မသွားစေရန်လည်းကောင်း၊ အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားသူများ ဖြစ်သွားလျှင်လည်း ချက်ခြင်းသိရှိကာ အရေးယူ အပြစ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးမျိုးသော ထိန်းချုပ်ကန့်သတ်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သေသေချာချာ တွက်ချက်ပြီး ထည့်သွင်း ရေးဆွဲကြ ပါသည်။

ယခု ၁၄နှစ်တာ အချိန်ယူရေးဆွဲနေသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အနိုင်ရ ကိုယ်စားလှယ်များ တာဝန်မထမ်းဆောင်မီနှင့် တာဝန်ထမ်းဆောင်ပြီး ကာလတို့တွင် ၄င်းတို့ မိသားစုများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးစာရင်းပြုစု၍ တိုင်းပြည်ကို ကြေငြာခြင်းများ၊ တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် စာနယ်ဇင်းနှင့်
သတင်း မီဒီယာများ၊ အစိုးရ၏ လာဘ်စား အကျင့်ပျက်မှုများအား စောင့်ကြည့်သည့် အစိုးရမဟုတ်သော
လွတ်လပ်သည့် အဖွဲ့အစည်းများ စသည်တို့၏ စောင့်ကြည့်ဖေါ်ထုတ်မှုကို ခွင့်ပြုခြင်းများ၊ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံ မဖြစ်စေရန် တွက်ချက်ကန့်သတ်ခြင်းတို့ကို ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါသည်။

ဤကဲ့သို့ ထိန်းချုပ်ကန့်သတ်ထားသည့် ဥပဒေအချက်အလက်များကို ထည့်သွင်း ရေးဆွဲထားခြင်း မရှိ၍ နောင်တချိန်တွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတို မိသားစု၊ ဖိလစ်ပိုင်သမ္မတ မားကို့စ်၊ မြန်မာဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ယခုနောက်ဆုံး ထိုင်းဝန်ကြီးချုပ် သက်ဆင် တို့ကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်လာ
ပါက ပြည်သူများအလွန်ကို နစ်နာဆုံးရှုံးရပါလိမ့်မည်။

ဦးနေ၀င်းနဲ့ သူ့ရဲ့ မဆလပါတီကြောင့် တိုင်းပြည်ကမောက်ကမဖြစ်ရသည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောခဲ့သောစကားက သက်သေခံနေပါသည်။

ယခု ညောင်နှစ်ပင်ညီလာခံ မပြီးသေးသောကာလမှာပင် အဖွဲ့သားအားလုံးပိုင် လက်ကိုင်ဖုန်း ၁၀လုံးကို တစ်ဦးတည်းပိုင်အဖြစ် ရောင်းစားသောသူ၊ ငွေအရှုပ်အရှင်း အမှုဖြင့် ထောင်ဒဏ် နှစ်ကြိမ် ကျခံထားရသောသူ စသည်တို့က နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်မည် ဖြစ်လာ နေကြပါသည်။

ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အဖွဲ့က ငွေလိုချင်သောအခါ ကုန်သည်စီးပွားရေးသမားများကို ခေါ်ယူ၍ ကုလားထိုင်ပေါ်ထိုင်ခိုင်းပြီး အာဏာအလွဲသုံးစားပြု၍ ငွေတောင်းခဲ့သည်များကိုလည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို တာဝန်ခံထားသည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်းပင်လျှင် ဆယ်စုနှစ်တစ်ခု ကြာသည့်တိုင်အောင် မသိရှိခဲ့ရပေ။ သိရှိသောအခါတွင် အာဏာလျှော့ယူရန် ငြင်းဆန်၍ အမိန့်မနာခံသည် အထိ ဖြစ်ခဲ့ရသည့် သာဓကများရှိပါသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် အတွင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြောင်း ပေါ်ပေါက်လာပါက ကျူးလွန်သည့် ပြစ်မှုပေါ်အခြေခံ၍ ထိုက်သင့်သော အပြစ်ဒဏ် (အမြင့်ဆုံးအဆင့် သေဒဏ်အထိ ) ကျခံရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲပါရန် တောင်းဆိုအပ်ပါသည်။

အကယ်၍ အောက်ပါအချက်များ ဖြစ်ပေါ်လာလျှင် မည်သို့ဖြေရှင်းရမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားပါရန်ကိုလည်း အလေးအနက်တောင်းဆိုအပ်ပါသည်။

ဖွဲ့စည်းပုံမှအပ်နှင်းထားသော များလှသည့်လုပ်ပိုင်ခွင့်အာဏာများဖြင့် ကာကွယ်ရေးဦးစီးချုပ်သည်
ပြည်သူ့လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင်


- မိမိသမီး၏မင်္ဂလာဆောင်တွင် စိန် လက်ဖွဲ့ပေးမည့်သူများကို လာဘ်ယူ၍ ရွေးချယ်ခြင်း၊

- ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးကို လာဘ်ပေး၍ အရည်အချင်းရှိကြောင်း ထောက်ခံစာ ယူထား
သူများကို ရွေးချယ်ခြင်း၊

- ပါရဂူဘွဲ့ယူပြီးရင် ရိုးရိုးဘွဲ့ ဆက်တက်နိုင်အောင် ကြိုးစားကြဆိုသော အရည်အချင်း မရှိသော၊ ဆင်းရဲမွဲတေ
နေတဲ့သူတွေသာ ကျောင်းဆရာ လုပ်စားကြတာလို့ နှိမ်ချစော်ကားစွာပြောတတ်၍ လူ့ယဉ်ကျေးမှု နားမလည်
သော၊ ယခုခေတ်ကာလတွင် မိသားစုတစ်စု တစ်လ ၅၀၀၀ကျပ်နဲ့ ထမင်းစားလို့ ရသည်ဟု လိမ်လည်ပြော
တတ်သော လူစားမျိုးများကို ပညာရေးဝန်ကြီးများအဖြစ်ခန့်ထားသကဲ့သို့ ကိုယ်စားလှယ်များကိုရွေးချယ်ခြင်း၊

- မိမိသမီး စီးလာသော လိုင်စင်မဲ့ကားကို တာဝန်နှင့် ဥပဒေအရ တားဆီးစစ်ဆေးသော ယာဉ်ထိန်းရဲကို
အလုပ်မှ ဖြုတ်ပစ်ခြင်း၊

- ကာကွယ်ရေးဦးစီးချုပ်၏ သမီးများက ပုဂံနှင့် မန္တလေးတို့တွင် ဈေးသည်များထံမှပစ္စည်းများကို ငွေမရှင်းပဲ
လုယက်ယူငင်ခြင်း၊

- နိုင်ငံ့လက်ရွေးစင်များပင်လျှင် ၀န်ကြီးထံ ခွင့်တောင်းပြီးမှ သုံးခွင့်ရသော နိုင်ငံပိုင် အားကစားကွင်းကို မိမိ၏ မြေးကို အပျော်ကစားစေခြင်း၊

- အခြေခံဝန်ထမ်းများ ထမင်းမစား၊ အ၀တ်မ၀တ်ဘဲ စုဆောင်းလျှင်ပင် နှစ်ပေါင်း သုံး လေးရာ စုရမည့် ငွေပမာဏကို မိမိ၏မြေး မွေးနေ့ တစ်ရက်စာအတွက် သုံးစွဲနိုင်ခြင်း၊

- မိမိလစာ၏ နှစ်ပေါင်း ၆၀၊ ၇၀ စာကို ရွှေတိဂုံဘုရား၊ ဗုဒ္ဓဂါယာတို့၌ လှူဒါန်းနေနိုင်ခြင်း၊

- တပ်မတော်ခေတ်မီရေး စီမံကိန်းများအတွက် လက်နက်ဝယ်ယူရာတွင် အမှန်တကယ် ၀ယ်ယူသင့်သည်ကို မ၀ယ်ယူဘဲ မိမိ၏သားမက် ပွဲခရသော ကုမ္ပဏီမှ ၀ယ်ယူခြင်း၊

- စနစ်တကျ လေ့ကျင့်ထားပြီး တာဝန်ထမ်းဆောင်နိုင်သူများရှိပါလျှက် အသက် ၆၀ ပြည့်ပြီးသော်လည်း ရာထူးမှ အနားမယူဘဲ အာဏာအလွဲသုံးစားလုပ်၍ သူတစ်ပါးရရှိမည့် ရာထူးအာဏာကို ဖြတ်လမ်းမှရယူခြင်း၊

- ပြည်ထဲရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို မိမိ၏ လက်ကိုင်ဒုတ်အဖြစ် အသုံးချကာ မိမိသမီး၏ မင်္ဂလာဆောင်အခွေ ကြည့်မိသူများကို နိုင်ငံတော်အကြီးအကဲကို အကြည်ညိုပျက်အောင် လုပ်မှုဖြင့် ဖမ်းဆီး ထောင်ချခြင်း၊

- ဗုဒ္ဓဘာသာကို အလွန်ညစ်ညမ်းစွာ ပျက်လုံးထုတ်ထားသော အငြိမ့်ခွေများကို ထုတ်လုပ်ဖြန့်ချီခွင့်ပေးထား
၍၊ ဗုဒ္ဓကို အကြည်ညိုပျက်အောင် လုပ်ကိုင်ခွင့်ပြုထားခြင်း၊

- မင်းကျင့်တရား ၁၀ ပါး တရားတော်ကို ဟောကြားခွင့်ပိတ်ပင်ခြင်းဖြင့် ထေရဗုဒ္ဓ သာသနာကို ရည်ရွယ်
ချက်ရှိရှိ အကွက်ချ၍ ဖျောက်ဖျက်ခြင်း၊

- နိုင်ငံတော်အကြီးအကဲကာကွယ်ရေးဦးစီးချုပ်က ဗုဒ္ဓထက် မြတ်သည် ဟု ပြည်သူများလက်ခံလာစေရန် အစီအစဉ်ရှိရှိ အကွက်ချလုပ်ဆောင်ခြင်း၊

- တပ်မတော်အတွင်းမှ ဥပဒေကျူးလွန်သူများကို နောက်ဆုံးအတည်ပြုအမိန့်ချမှတ်၍ အပြစ်ပေးနိုင်သော ကာကွယ်ရေးဦးစီးချုပ်သည် သူနှင့်သူ၏မိသားစုများ အထက်ပါအတိုင်းကျူးလွန်ခဲ့သော ပြစ်မှု ရာဇ၀တ်မှုများကို မိမိကိုယ်ကို မှန်ထဲကြည့်၍ အမှုမှကွင်းလုံးကျွတ်လွတ်စေဟု ဆုံးဖြတ်ခြင်း၊

- အခြားသောသူများကိုလည်း ကျူးလွန်ထားသည့် အမှုချင်း၊ အပြစ်ဒဏ်ချင်းတူသော်လည်း တစ်ဦးကို ဌာနပြောင်းပေး၊ တစ်ဦးကို အငြိမ်းစားပေး၊ တစ်ဦးကို ထောင်ထဲပို့၊ တစ်ဦးကို နိုင်ငံတော်စရိတ်ဖြင့် ထမင်းကျွေး ထားခြင်းများ ပြုလုပ်၍ ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း စသည့် အာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်
ကျင့်စာရိတ္တပျက်ပြားနေခြင်းတို့ ဖြစ်ပါသည်။

ဤသို့ မလိုလားအပ်သည့် ပြဿနာများ တိုင်းပြည်အတွင်း မဖြစ်ပေါ်စေရန် အတွက် မည်သူတစ်ဦး
တစ်ယောက်ကမှ တာဝန်ခံနိုင်မည် မဟုတ်ပါ။ အဘက်ဘက်က သေသေချာချာ တွက်ချက်၍ စစ်မှန်သည့်
ပြည်သူ့ကိုယ်စားလှယ်များက ၀ိုင်းဝန်းရေးသား ပြဌာန်းထားသော တိကျခိုင်မာသည့် ဥပဒေကသာ ပြည်သူ
များအပေါ် အာမခံချက် အပြည့်အ၀ဖြင့် တာဝန်ခံနိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ညီလာခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ညီလာခံမှ ထွက်ပေါ်လာမည့် အခြေခံ
ဥပဒေအား တိုင်းပြည်နှင့် နိုင်ငံသားတို့၏အကျိုးကို ရှေးရှု၍ အထက်ပါ အချက်အလက်များကို သေချာစဉ်းစားကာ အစိုးရ၀န်ထမ်း အကြီးအကဲများ၏ ကိုယ်ကျင့်တရားဆိုင်ရာ ထိမ်းသိမ်းသည့် ဥပဒေ အချက်အလက်များကို ထည့်သွင်း ရေးဆွဲနိုင်ရန် တင်ပြ တောင်းဆိုလိုက်ပါသည်။



ပြည်တွင်းပြည်ပမြန်မာလူငယ်များ

၇ ဂျူလိုင်

သူငယ်ချင်း တစ်ယောက် ရေးထားတဲ့ ၇ ဂျူလိုင် ကဗျာလေးတစ်ပုဒ်ကို အားလုံးနဲ့ အတူ မျှဝေ ခံစားနိုင်ဖို့နဲ့ ဒီနေ့ ၇ ဂျူလိုင်မှာ ကျဆုံးသွားခဲ့တဲ့ ရဲစွမ်းသတ္တိ အပြည့်နဲ့ ကျောင်းသားရဲဘော် အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။

ကိုထိုက်


အာဇာနည်အစွမ်း အံ့မခမ်းလျှက်။


သမဂ္ဂစိတ်၏ မွန်မြတ်စွမ်းရည်


သမဂ္ဂ အုတ်မြစ် မြေလှန်ပစ်လည်း

သမဂ္ဂ သန္ဓေ ရင်ဝယ်တည်ဆဲ ကိန်းနေမြဲ၏ ။

သမဂ္ဂ အမည် ဖျောက်ဖို့ရည်လည်း

သမဂ္ဂ စွမ်းအား ပြည့်တခွင်လုံး လွှမ်းလှို့ထား၏ ။

သမဂ္ဂ၏ သွေးစွန်းမြေကို ဖုံး ကာနေလည်း

ရဲစွေ့နီစွ သမဂ္ဂ၏ သွေးမြေဆီမှ ၀ိဥာဉ်တွေက

ရုန်းကန်ထကြွ နိုးနေကြကာ

ခွပ်ဒေါင်း အားမာန် ဖော်ကျုးဆောင်ပြ ရှိနေကြ၏ ။

သမဂ္ဂစိတ် တုံးခတ်ပိတ်ရန် ရည်ရွယ် ကြံလည်း

သမဂ္ဂ၏ ရဲရင့်မှန်လှ ဒေါင်းပျိုစိတ်က

မဟုတ် မခံ တုန့်ပြန်မြန်စွ

သမိုင်းအစဉ် ကောင်းစေ ဆန္ဒ ရှိနေကြ၏ ။

သမဂ္ဂ၀င် ကျောင်းသားတို့အား ဖိနှိပ်ထားလည်း

သမဂ္ဂ၏ ကျောင်းသူ၊ကျောင်းသား မောင်၊နှမ များက

တိုင်းပြည် လှရန် ကောင်းဖို့ရန်တွက်

အသက်ဘေးရန် မမှု ပြန်ကြ ၊

ကြောက်ခြင်းတရား ခ၀ါ ချ၍

တိုင်းပြည် ဖျက်ထား သကောင့်သား နှင့် စနစ်ဆိုးအား

တွန်းလှန်ရစ်ကြ ခေတ်အဆက်ဆက်မှသည်

ယနေ့ထိတိုင် ရှိနေကြ၏ ။

သမဂ္ဂ ပရ၀ုဏ်တ၀ိုက် ပြောင်းလဲလိုက်လည်း

သမဂ္ဂ၏ ခိုင်မြဲပုံရိပ် ထင်ဟပ်ရစ်နေ

ကမ္ဘာတည် တိုင်အောင် ရှိ၍ နေမြဲ ရှိနေမြဲ အံ့ ။

(၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ရှိ သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အအုံ အတွင်း နှင့် ကျောင်းပရ၀ုဏ်ထဲတွင် ကျဆုံးသွားကြသော ကျောင်းသူ၊ကျောင်းသား ကြီးများနှင့်တကွ ၊ မြန်မာပြည်လွတ်မြောက်ရေးသမိုင်းစဉ်တလျှောက်နှင့် ယနေ့ခေတ် အချိန်ကာလတလျှောက် မိမိတို့၏ အသက်နှင့်ဘ၀တို့ကို မွန်မြတ်သောစိတ်ထားဖြင့် ပေးလှူရစ်ခဲ့ကြကုန်သော သူရဲကောင်း အာဇာနည် အပေါင်းအား လေးမြတ်စွာ ဂုဏ်ပြု ဦးညွှတ်လျှက်)

အေးမြဇင် ၆၊၇၊၂၀၀၇

Friday, 6 July 2007

ဗိုလ်ချုပ်အောင်ဆန်း

အင်္ဂလိပ်လက်အောက်တွင် အင်္ဂလန်မှ bar-at-law ဘွဲ့ရပြီး နယ်ချဲ့ လက်အောက်တွင် အစိုးရ၀န်ထမ်း ၀င်မလုပ်ဘဲ၊ လွတ်လပ်ပြီးခေတ်ဖဆပလ လက်ထက်ရောက်မှ တရားသူကြီးချုပ် အထိ တာဝန်ထမ်းဆောင်ခဲ့သူ၊ ဗိုလ်ချုပ်တို့အား လုပ်ကြံမှုဖြင့် ဦးစောတို့အား အထူးခုံရုံးတွင် စစ်ဆေးခဲ့စဉ်က သဘာပတိ အဖြစ်တာဝန်ထမ်းခဲ့သူ တရားသူကြီးချုပ် ဦးကျော်မြင့်က သူ့ထက် ငယ်သော၊ တူအရွယ်မျှရှိသော ဗိုလ်ချုပ်အောင်ဆန်းအား လေးလေးစားစား ဆက်ဆံခဲ့ရုံမျှမက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပက်သတ်သော မှတ်ချက်ကို ဤသို့ ချမှတ်ခဲ့ဖူးပါတယ်။ သူက ဗိုလ်ချုပ် အိမ်မှာ ဗိုလ်ချုပ်နှင့် စကား အတန်ကြာပြောပြီး အပြန်မှာ ဗိုလ်ချုပ်ရဲ့ ပီအေ(တက္ကသိုလ် နေ၀င်း)ကို ပြောခဲ့တာက .......
`ဗိုလ်ချုပ်က တကယ် ရှာမှရှား ပုဂ္ဂိုလ် တစ်ဦးဖြစ်တာ အမှန်ပဲ၊ သည်လိုခေါင်းဆောင်မျိုးဟာ သမိုင်းတစ်ခေတ်မှာ ထွက်ပေါ်ခဲတယ်။ နှစ်ပေါင်း နှစ်ရာ သုံးရာ မှာတောင် ထွက်ပေါ်လာဖို့ မလွယ်ဘူး၊ ကမ္ဘာ့ သမိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလို ထူးချွန်တဲ့ ခေါင်းဆောင်မျိုးဟာနှစ်ပေါင်း ငါးရာ တစ်ထောင်မှာမှ ရှားရှားပါးပါး တစ်ယောက်တစ်လေ ပေါ်ထွက်တတ်တယ်။ အခု သူကိုယ်တိုင် နှစ်နာရီနီးပါး ပြောသွားတာတွေ ကြားရတော့ ကျုပ်ဖြင့် သူ့ကို ပိုပြီး လေးစား အထင်ကြီးသွားမိတယ်။ ဒီးဒုတ် ဦးဘချို၊ ဟင်္သတ ဦးမြ၊ သခင်မြ တို့လို လူကြီးတွေကတောင် လူငယ် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှုကို လက်ခံကြတာဟာ ဘာကြောင့်ဆိုတာလဲ အခု ကျုပ် နားလည် သဘောပေါက်မိပြီ။ ဗိုလ်ချုပ်ဟာ သူ့အသက်အရွယ်နဲ့ မလိုက်အောင် အတွေးအခေါ် အမြော်အမြင် ကြီးမားထက်မြတ်သူဖြစ်တယ်။ သူရဲ့ ဦးနှောက်ထဲမှာ ကိုယ်ကျိုးစီးပွားအတွက် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကူးမျိုး လုံးဝမရှိဘူး။ သူဟာ ရည်မှန်းချက် တစ်ခုတည်းကိုသာ အာရုံစိုက်သူ တစ်ဦးဖြစ်တယ်။ အင်္ဂလိပ်လို obsession `အော့်ဗ်ဆက်ရှင်း´ ကို မောင်ရင် နားလည်မှာပေါ့။ အဲ ဗိုလ်ချုပ်ရဲ့ စိတ်ထဲမှာ တစ်ခုတည်းသော `အော့ဗ်ဆက်ရှင်း´ (ကြီးမားသော ဆွဲလမ်းမှု)က တိုင်းပြည် လွတ်လပ်ရေးရဖို့ပဲ။ ဒါကြောင့် မောင်ရင်တို့၊ ကျုပ်တို့ နိုင်ငံသားတွေ အနေနဲ့ အခုလို အချိန်အခါမှာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးရရှိနေတာ အလွန်ကံကောင်းတယ်လို့ ဆိုရမယ်။ ၁၉၂၀ ကောလိပ်သပိတ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး သမားတွေ အမျိုးမျိုး ကြံစည်ကြိုးစားခဲ့သော်လည်း မရခဲ့တဲ့ လွတ်လပ်ရေးကို မောင်ရင့်ဆရာ ဗိုလ်ချုပ်အောင်ဆန်းက ဧကန်မုချ ရယူပေးနိုင်လိမ့်မယ်လို့ ကျုပ်ကတော့ တစ်ထစ်ချ ယုံကြည်မိတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူမတူအောင် ထူးခြားတဲ့ ခေါင်းဆောင်(National Leader Of Unique Calibre) ဖြစ်တယ် ..... လို့ ဆိုပြီး ဗိုလ်ချုပ်ကို မှတ်ချက်ပေးသွားခဲ့တယ်။


အဲဒီလို လွတ်လပ်ရေးရယူရုံ ဂုဏ်သတ္တိတွေနဲ့သာမက၊ အခုလက်ရှိ အချိန်မှာရှိတဲ့ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ဆက်လက်တာဝန်ယူ ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အဓိက ကွာခြားချက်ကတော့ ကိုယ်ကျင့်သိက္ခာပိုင်းတွေ ဖြစ်နေပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်လေး တစ်ခု အကြောင်းကို ဒီနေရာမှာ တစ်ခု ထည့်ပြီး ဥပမာ ပြောရရင်

တစ်နေ့ ဗဟန်း တာဝါလိမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်ရဲ့ အိမ်ကို ရှမ်းအမျိုးသား အဘိုးကြီး တစ်ယောက်၊ အဖေါ် လူငယ်တစ်ဦးနဲ့ အတူ ရောက်လာတယ်။ ဗိုလ်ချုပ်ရဲ့ ပီအေက ဘာကိစ္စပါလဲဆိုပြီး အရင်မေးကာ ထုံးစံအတိုင်း ဗိုလ်ချုပ်နဲ့ ပေးတွေ့ရန် သင့်၊မသင့်ကို မေးလိုက်တော့ အဘိုးကြီးက
`ဗိုလ်ချုပ်အောင်ဆန်း သုံးစွဲဖို့အတွက် လှူချင်လို့ပါ´
လို့ ပြန်ဖြေတယ်။ ထိုကြောင့် ဗိုလ်ချုပ်အကြောင်း ကောင်းကောင်းသိတဲ့ ဗိုလ်ချုပ် ပီအေက သေသေချာချာနဲ့

`ဦးကြီး ဗိုလ်ချုပ် သုံးဖို့ လှူချင်တဲ့ ဦးကြီးရဲ့ သဒ္ဓါတရားကို လေးစားပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က ဒီလို သုံးစွဲဖို့ လှူတာမျိုး လက်မခံပါဘူး။ တနည်းတော့ရှိပါတယ်။ ဦးကြီး လှူချင်သပဆိုရင် ဗဟန်း ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ်(၈) က ဖဆပလ အဖွဲ့ချုပ်ရုံးမှာ သွားလှူလို့ရပါတယ်။ ´ လို့ ရှင်းပြလိုက်ပါတယ်။

အဘိုးကြီးက လက်မခံဘဲ လွယ်အိတ်ထဲက အထုပ်တစ်ထုပ်ကို ဖွင့်ပြတယ်။ အထဲမှာ ၀င်းလတ်နေတဲ့ ရွှေချောင်းတွေရှိနေတယ်။ ပြီးတော့သူက ပြောတယ်

`ဒီလိုပါ၊ ကျုပ်က အဖွဲ့ချုပ်ကို ရောက်ခဲ့ပြီးပါပြီ၊ ရန်ပုံငွေလည်း လှူခဲ့ပြီးပါပြီ။ ဒါက ဗိုလ်ချုပ် လွတ်လပ်ရေးအတွက် လုပ်ငန်းများမှာ သုံးဖို့လှူတာပါ။ အခုဒီကိုလာတာ နိုင်ငံရေး ရန်ပုံငွေနဲ့ မဆိုင်ပါဘူး။ ဗိုလ်ချုပ်က အခု တပ်ထဲက ထွက်လိုက်ပြီး လစာဝင်ငွေ မရှိဘူး မဟုတ်လား။ ဗိုလ်ချုပ်တို့ မိသားစု ချွေတာ ခြစ်ခြုတ် စားသောက်နေရတယ် ကြားသိရပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရအောင်လုပ်ရာမှာ နောက်ဆံမတင်းရအောင် မိသားစု သုံးစွဲဖို့ ဒီရွှေလေးတွေ ကျုပ်လှူချင်လို့ပါ။ အဲဒါလေးတော့ ဗိုလ်ချုပ်ကို မေတ္တာရပ်ခံ ပေးစေလိုပါတယ်။´ လို့ ပြောတယ်။


ရှမ်းအဘိုးကြီးရဲ့ အသည်း နှလုံးထဲက လှိုက်လှိုက်လှဲလှဲ ပြောလာတဲ့ စကားကို မပယ်ချင်တာနဲ့ ဗိုလ်ချုပ်ရဲ့ ပီအေ(တက္ကသိုလ် နေ၀င်း)လည်း အားနာလာတာနဲ့ ဧည့်ခန်းထဲမှာ ခဏ စောင့်ခိုင်းပြီး ဗိုလ်ချုပ်ကို သတင်းသွားတတ်ပေးလိုက်တယ်။

သွားပြောလိုက်တာနဲ့ ထင်ထားတဲ့ အတိုင်း စကားမဆုံးခင် မျက်နှာတင်းတင်းနဲ့ အပြစ်တင်တော့တာပါပဲ။ `ငါ ဒါမျိုး လက်မခံဘူး ဆိုတာ မင်းသိသားနဲ့၊ လှူချင်ရင် ဖဆပလ အဖွဲ့ချုပ်ကို သွားလှူခိုင်းလိုက်´ ချက်ချင်း အပြစ်တင်ပါတယ်။

ဗိုလ်ချုပ်ရဲ့ ပီအေကလည်း အဘိုးကြီးပြောတာတွေကို သေသေချာချာ ပြန်ရှင်းပြပြီး၊ ဗိုလ်ချုပ်ကို အကြံ တစ်ခု ပေးလိုက်တယ်။ `ဒီလို လုပ်ရင်မကောင်းဘူးလား ဗိုလ်ချုပ်၊ သူ့စေတနာကို လေးစားပြီး အဘိုးကြီး စိတ်ကြေနပ်အောင် လက်ခံလိုက်ပါလား၊ ပြီးရင် လက်ခံရရှိကြောင်း ဗိုလ်ချုပ်က ပြေစာမှာ လက်မှတ်ထိုးပေးလိုက်။ ကျေးဇူးတင်ရှိကြောင်းကို ကျွန်တော် လက်နှိပ်စက်ရိုက်ပေးမယ်။ ဒီတော့ သူလည်း ၀မ်းသာသွားမယ်။ သူပြန်သွားတာနဲ့ ချက်ချင်းပဲ ရွှေချောင်းတွေကို အဖွဲ့ချုပ်ဘဏ္ဍရေးမှူး မြန့်မာအလင်း ဦးတင်ဆီ သွားအပ်ပေးမယ်။ ရန်ပုံငွေ အတွက် ဗိုလ်ချုပ် ပို့ခိုင်းလိုက်တာလို့ ပြောလိုက်မယ်။ ဒါဆို ဒီပြဿနာ ပြေလည်သွားနိုင်တယ်´ လို့ အကြံပေးလိုက်မှ ဗိုလ်ချုပ်က သေချာ စဉ်းစားပြီး သဘောတူခဲ့တယ်။

အဲဒါအောက်ဆင်းပြီး အဘိုးကြီးဆီက ရွှေတွေကို လက်ခံ ရယူပြီး အဘိုးကြီးကို `ကျေးဇူးတင်ပါတယ် ဦးကြီးခင်ဗျာ၊ ဦးကြီးတို့ ရှမ်းပြည်နယ် အပါအ၀င် တစ်နိုင်ငံလုံး လွတ်လပ်ရေးရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်´ လို့ ပြောပြီး စာရွက်မှာ လက်မှတ်ထိုးပေးလိုက်တယ်။

အဘိုးကြီးလည်း ၀မ်းမြောက် ၀မ်းသာနဲ့ `ဗိုလ်ချုပ် ဦးအောင်ဆန်းလို့ နာမည်ကြီးနေတာ အခုတွေ့တော့ အသက်ငယ်ငယ်နဲ့ လူငယ်လေးပါလားလို့ အံသြနေမိတယ်။ လွတ်လပ်ရေး မုချရအောင် ဗိုလ်ချုပ် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။´လို့ ပြောပြီး ဗိုလ်ချုပ်ကို လက်အုပ်ချီ ကန့်တော့ဖို့ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်လို့ ဗိုလ်ချုပ်က မနည်းဆွဲလိုက်ရတယ်။ ရှမ်းပြည်ကလူတွေက စော်ဘွားတွေကို လက်အုပ်ချီ ကန့်တော့တဲ့ အစဉ်အလာ ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

အဘိုးကြီး ပြန်သွားတာနဲ့ ချက်ခြင်းပဲ အဖွဲ့ချုပ်ကို အဲဒီရွှေတွေ သွားလှူလိုက်တော့၊ အဖွဲ့ချုပ်က အဲဒီ အဘိုးကြီး လာသွားကြောင်း၊ အဖွဲ့ကိုလည်း ရွှေတွေ လှူသွားကြောင်း၊ ဗိုလ်ချုပ်ရဲ့ အိမ်လိပ်စာကိုလည်း မေးသွားကြောင်း ပြောကြပါတယ်။

`အခုလို လုပ်လိုက်တော့ အဘိုးကြီးလည်းကြေနပ်သွားတာပေါ့။ ပြီးတော့ မောင်ရင့် ဆရာကလည်း ရှာမှရှား တိုင်းပြည် ခေါင်းဆောင်တစ်ဦးပါပဲ´လို့ မြန်မာ့အလင်း ဦးတင်က ချီးကျူးခဲ့ပါတယ်။
စာကိုး> အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း(တက္ကသိုလ် နေ၀င်း)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ကျင့် သိက္ခာကို ဖတ်ကြည့်ရင်း ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ ယခု တပ်မတော် အကြီးအကဲများရဲ့ ကိုယ်ကျင့်သိက္ခာ စောင့်သည်းမှုကို တွေးကြည့်ရင်း ဗိုလ်ချုပ် ကိုယ်စား စိတ်မကောင်း ဖြစ်နေရပါတယ်။ ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အတွက် လုပ်ဆောင်ပေးခဲ့တဲ့ ကျေးဇူးတွေနဲ့၊ ကိုယ်ကျင့် သိက္ခာကို ဒီစာနဲ့ ကျေးဇူး တတ်နိုင်သမျှ ဆပ်လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကောင်းရာသုဂတိ လားပါစေ။

ကိုထိုက်

သူလိုလူ

ဆရာမကြီး ဂျာနယ်ကျော် ဒေါ်မမလေးရဲ့ သူလိုလူ စာအုပ်ကို ဖတ်ပြီး ကျွန်တော်လည်း သူလိုလူ ဆိုတဲ့ စာလေး တစ်ပုဒ်ကို လွန်ခဲ့တဲ့ နှစ်က ရေးခဲ့ ဖူးပါတယ်။ အဲဒါ အခု ဘလော့လေး ဖြစ်လာတော့ စာအသစ်မရေးနိုင်
ခင် ရေးပြီးသားလေးတင်ပြီး ဘလော့လေးကို နည်းနည်း အသက်သွင်းလိုက်တာပါ။(၀ါ)တနည်းအားဖြင့် လူလည် ကြလိုက်တာပါ။ ကျွန်တော် တီးရှော့မှာလည်း တင်ခဲ့ဖူးပါတယ်။ သို့သော် မဖတ်ရသေးတဲ့ လူတွေ အတွက် အသစ်ဖြစ်နိုင်ပေမယ့် ဖတ်ပြီးသားလူတွေကိုတော့ ညည်းခံပါလို့ ...... ။


သူလိုလူ

“ဟောဗျ”

မျက်လုံးပြူးလျှက် မိမိနဖူးကိုရိုက်ကာ နောက်သို့ယိုင်ပြီး အခန်းနံရံကို ကိုသိန်းထွန်းတစ်ယောက် မှိ၍ထားရ၏။ သူ၏ ချစ်ဇနီး မခင်လှမှာလည်း ”ဘာများလဲ၊ ရှင်ဘာကိုတွေ့လိုက်လို့လဲ။” ဟု ဘေးမှ တတွတ်တွတ် မေး၍နေလေတော့သည်။
♦ ♦ ♦ ♦ ♦
ကျွန်တော့်အခန်းဘေးတွင် ကိုသိန်းထွန်းနှင့် မခင်လှတို့ ဇနီးမောင်နှံ နေထိုင်ကြသည်။ သူတို့ ညားကာစ ကတည်းက ကျွန်တော့် အခန်း၏ ဘေးတွင်ရှိသော အခန်းလွတ်ကို ပြောင်းရွှ့ နေထိုင်လာသည်မှာ၊ ယခု သားဦးလေး အောင်အောင်ပင် ၀ူးဝူးဝါးဝါးဖြင့် ချစ်စရာ တုံပြန်ပြောဆိုတတ်သော အရွယ်သို့ ရောက်လာပြီ်ဖြစ်သည်။ သားဦးလေး ဖြစ်သဖြင့် သားလေးကြီးလာလျှင် ဘာဖြစ်လာမလဲဟူသော မေးခွန်းဖြင့် ဇနီးမောင်နှံနှစ်ယောက် မကြာခဏ အငြင်းပွားကြသည်။

ထိုအခါ ကျွန်တော်က လူတတ်ကြီးလုပ်ပြီး အကြံတစ်ခုဝင်ပေးရာ သူတို့ ဇနီးမောင်နှံမှလည်း ”ဟာ.. သိပ်ကောင်းတဲ့ အကြံပေါ့” ဟု ဆိုကြပြီး ထိုအကြံအစည်ကို စတင် အကောင်အထည် ဖေါ်ကြလေသည်။

ကျွန်တော်ပေးသောအကြံမှာ -
”ဒီလိုဗျ…အောင်အောင့်ကို အခန်းထဲမှာထား၊ ပြီးရင် သူ့ အနားမှာ ကစားစရာ ဆေးထိုးအပ်၊ ပိုက်ဆံတစ်ရွက်၊ ပန်းသီးတစ်လုံး၊ အင်ဂျင်နီယာတွေ ဆောင်းတဲ့ဦးထုပ်တစ်လုံး၊ အဲဒါတွေချထားလိုက်ပေါ့ဗျာ။ ကျွန်တော်တို့က အခန်းဝကနေ သူ့ကို ချောင်းကြည့်တာပေါ့။ သူကောက်ယူပြီး အကြာကြီး ကစားတဲ့ အရာက သူကြီးလာရင် စိတ်ဝင်စားမဲ့ အရာပဲပေါ့ဗျာ။” ကျွန်တော့် စာရင်းက-
ဆေးထိုးအပ်…………….…………...ဆရာဝန်
ပိုက်ဆံ……………………….………စီးပွားရေးသမား
အင်ဂျင်နီယာဦးထုပ်………………….အင်ဂျင်နီယာ
ပန်းသီး……………………………….စိုက်ပျိုးရေးသမား အစရှိတာတွေပေါ့
မခင်လှက ”အဲ တရားစာအုပ် တစ်အုပ်ပါ ထည့်ပေးတာလိုက်ပါလား၊ ဒါဆို ဘာသာရေးကို ရိုသေကိုင်းရှိုင်းတဲ့ သူလည်း ဖြစ်ချင်ဖြစ်နေမှာ။” ဟု ၀င်ရောက် ဖြည့်စွက်၏။ ထိုနောက် အကြံအတိုင်းပြုလုပ်၍ ချောင်းကြည့်ကြရာ ကိုသိန်းထွန်းထံမှ ရုတ်တရက် အာမေဋ္ဋိတ်သံကို ကြားလိုက်ရသည်။

“ဟောဗျ”

မျက်လုံးပြူးလျှက် မိမိနဖူးကိုရိုက်ကာ နောက်သို့ယိုင်ပြီး အခန်းနံရံကို ကိုသိန်းထွန်းတစ်ယောက် မှိ၍ထားရ၏။ သူ၏ ချစ်ဇနီး မခင်လှမှာလည်း ”ဘာများလဲ၊ ရှင်ဘာကိုတွေ့လိုက်လို့လဲ။” ဟု ဘေးမှ တတွတ်တွတ် မေး၍နေလေတော့သည်။

ကျွန်တော်တို့ တွေလိုက်ရသည်မှာ အောင်အောင်သည် ဘယ်ကဘယ်လို ရလာသည် မသိသော သေနတ်ကို ခါးတွင် ထိုးလျှက် ပိုက်ဆံကို အိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ ထိုနောက် တရားစာအုပ် ပေါ်တက်ထိုင်ကာ ပန်းသီးကို ကောက်ယူ၍ စားပြီးလျှင် ခါးထဲမှ သေနတ်ကို ထုတ်ယူကာ တွေ့ကရာသို့ တဒိုင်းဒိုင်း ပစ်နေလေ၏။ ထိုမြင်ကွင်းကို မြင်သောကြောင့် ကိုသိန်းထွန်း နဖူးရိုက်၍ မှတ်ချက်ချလိုက်သည်မှာ-

“ဒီကောင် ကြီးလာရင် နအဖ စစ်ဗိုလ်ချုပ်လုပ်မှာ” တဲ့ဗျာ။

Wednesday, 4 July 2007

မိုးခိုငှက်

Monday, 2 July 2007

ညောင်နှစ်ပင် အခြေခံဥပဒေမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ

ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အစိုးရ အကြီးအကဲများ၏ အကျင့်ပျက် လာဘ်စားမှုများကို လက်ရှိပြုလုပ်နေသော အမျိုးသားညီလာခံမှ ကာကွယ်ပေးနိုင်လုံးဝ ရှိ၊မရှိ ဆိုသောအချက်မှာ မြန်မာနိုင်ငံသား အားလုံး၏ အရေးကိစ္စတစ်ခု ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော အာဏာရှင် အစိုးရအကြီးအကဲများ၏ တိုင်းပြည်၏ဘဏ္ဍငွေများကို အလွဲသုံးစားပြုလုပ်ကာ အကျင့်ပျက်လာဘ်စားမှုများကို ပညာရှင်များက လေ့လာ မှတ်တမ်းပြုစုထားကြပါသည်။

အစိုးရ အကြီးအကဲ များ၏ အကျင့်ပျက်ခြင်းများ

အစိုးရလူကြီးများ၏ နိုင်ငံပိုင်ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ခြင်း၊ သြဇာဏာအာကို အသုံးပြု၍ ကိုယ်ကျိုး ရှာခြင်းများအား ကလပ်တိုခရေစီ(Kleptocracy=ကိုယ်ကျိုးရှာခိုးယူသောစနစ်) အုပ်ချုပ်ရေးစနစ် ဟူသော စကားလုံး အသစ်ဖြင့် ခေါ်တွင်ကြသည်။ ကလပ်တို ခရေစီတွင် အစိုးရ ၀န်ထမ်းအကြီးအကဲများက တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များ (ဥပမာ ... သစ်၊ သဘာဝ ဓါတ်ငွေ့၊ တွင်းထွက်ရတနာ ... စသော အရာများ(သို့) အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ)ကို ကိုယ်ကျိုး အတွက် အသုံး ပြုကြသည်။ ထို့အပြင် အစိုးရကြီးအကဲများသည် တိုင်းပြည်ကို ဟန်ပြပြုပြင် တည်ဆောက်ခြင်းများ ပြုလုပ်ပြပြီး နိုင်ငံတကာ အကူအညီများရယူကာ ၄င်းငွေကြေးများကိုအလွဲသုံး ပြုလုပ်ကြသည်။

အကျင့်ပျက် အာဏာရှင်များ အုပ်ချုပ်မှုအောက်တွင် နိုင်ငံအတွင်း ပြည်သူလူထု အများစုသည် အခက်အခဲ အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်ကြရသည်။ လူမှုနေထိုင်ရေးစနစ်များ၊ တရားဥပပေဆိုင်ရာ စနစ်များသည်လည်း အကျင့်ပျက် အာဏာရှင်လက်အောက်တွင် အစိတ်စိတ် အမွှာမွှာ ပျက်စီးတတ်သည်။ ထို့အပြင် သူ၏ ကိုယ်ကျိုးစီးပွား ရှာဖွေရာ ခရီးလမ်းတလျှောက် တိုင်းပြည်၏ စီးပွားရေး လူမှုရေး ကိစ္စ အ၀၀အားလုံးတွင် လုံးဝ လှစ်လှူရှုထားလေ့ရှိသည်။

အကျင့်ပျက် လာဘ်စားသော အာဏာရှင်များက တိုင်းပြည်အား အောက်ပါ အချက်များကို ပြုလုပ်၍ သူတို့၏ စီးပွားရေး ဥစ္စာများကို ခိုင်မာအောင် တိုင်းပြည်အတွင်း လုပ်ဆောင်ကြသည်။

  • တိုင်းပြည်အတွင်း ဒီမိုကရေစီ စနစ်မရှိအောင် ပြုလုပ်ခြင်း(သို) ဒီမိုကရေစီဟု အမည်ခံသော်လည်း ဒီမိုကရေစီ စံများ အမှန်တကယ် မရှိအောင် ပြုလုပ်ခြင်း
  • လူမှုရေး အဖွဲ့အစည်းများ နည်းပါးလာစေခြင်းနှင့် အစိုးရ၏ လုပ်ပိုင်ခွင့်၊လုပ်ဆောင်ချက်စသည်များကို စောင့်ကြည့်မှတ်တမ်းတင်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)များ မရှိစေခြင်း
  • တစ်နိုင်ငံလုံးရှိ မဲပေးနိုင်သည့် နိုင်ငံသားတိုင်းအား မဲပေးနိုင်အောင် ဆောင်ရွက်ပေးမှု မရှိခြင်း၊
  • နိုင်ငံ၏ ဥပဒေ အားနည်းအောင် ပြုလုပ်ခြင်း
  • ပြည်သူများအား မိမိတို့ကဲ့သို့ အကျင့်ပျက်တတ်လာအောင် ပြုလုပ်ခြင်း
  • တရားရေး ဌာနတွင်း တတ်သိနားလည်သူ အရေအတွက် နည်းအောင် ဆောင်ရွက်ခြင်း
  • တရားသူကြီးများ၏ တရားဥပဒေအတိုင်း ဆုံးဖြတ်နိုင်ခြင်းအား နှောက်ယှက်ခြင်း
  • အလုပ်သမားများ၏ အခွင့်အရေးများအား ကာကွယ်ပေးမှုမရှိခြင်း
  • စနစ်တကျ ခွဲခြမ်း စိတ်ဖြာ အုပ်ချုပ်မှု အားနည်းခြင်း
တို့ ဖြစ်ပါသည်။ Ref; wiki

အထက်ပါ အချက်များသည် မြန်မာနိုင်ငံအတွင်း လက်ရှိ အုပ်ချုပ်နေသော အာဏာရှင်များ ကျင့်သုံးလျက်ရှိနေသော အချက်အလတ်များပင်ဖြစ်သည်။

ယခု ကျင်းပနေသော အမျိုးသားညီလာခံတွင် အထက်ပါ အချက်များကို တရားဝင် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်နိုင်စွမ်းရှိအောင် အခြေခံဥပဒေဖြင့် အကာအကွယ်ရယူရန်သက်သက်သာ
ကြိုးပမ်းနေကြပါသည်။ ထိုကြောင့် ညောင်နှစ်ပင် အမျိုးသားညီလာခံမှ ပေါ်ထွက်လာမည့် အခြေခံဥပဒေကို မြန်မာပြည်သူများမှ အတည်ပြုပေးလိုက်လျှင် တိုင်းပြည်အတွင်း အကျင့်ပျက် လာဘ်စားသော အစိုးရ လူကြီးများကို တရားဝင် အကျင့်ပျက်နိုင်အောင် ခွင့်ပြုပေးရာ မည်သကဲ့သို့ ပြည်သူများအား ဆင်းရဲမွဲတေ ကျပ်တည်းမှုဘောင် ထဲသို့ ထာဝရ သွပ်သွင်းရာရောက် မည်ဖြစ်သဖြင့် တာဝန်သိသော ပြည်သူတစ်ယောက် အနေဖြင့် နအဖ၏ ညောင်နှစ်ပင် ညီလာခံကို ကန့်ကွက်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

ကိုထိုက်

Sunday, 1 July 2007

အမျိုးသားညီလာခံကို ပြည်သူတွေ အတည်ပြုရန် သင့်၊ မသင့်

ကျွန်တော်ဟာ နိုင်ငံရေး ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားပြီး တွေးကြည့်သိမိသလောက် ပြောကြည့်၊ ရေးကြည့်တာပါ။ ညောင်နှစ်ပင် အမျိုးသားညီလာခံက ထွက်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကို ပြည်သူတွေ အတည်ပြုဖို့ သင့်၊ မသင့်ဆိုတာ ပြည်သူတွေရဲ့ ကိုယ်ပိုင် သဘောထား အမြင်တွေ ဖြစ်ရမှာပါ။ အခု ဒီစာထဲမှာတော့ တကယ်လက်တွေ့ ဖြစ်နေတဲ့ အမျိုးသား ညီလာခံဆိုင်ရာ အချက် အလက်တွေကို သိသလောက် အမှန်ဆုံး၊ အနီးစပ်ဆုံး တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ၁၄ နှစ်ကြာကျင်းပနေခဲ့သော အမျိုးသား ညီလာခံကြီး ပြန်စမယ်ဆိုတဲ့ အသံတွေနဲ့ အတူ ပြောစရာ တိုင်ပင်စရာ ဆွေးနွေးစရာ၊ သတိပြုစရာ အချက်တွေ အများကြီးတွေ့လာရပါတယ်။

ဝန်ကြီးချုပ် ဆိုပြီး အာဏာရယူထားသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်က ဇူလိုင်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်မှာ ညောင်နှစ်ပင် အမျိုးသားညီလာခံကို ပြန်လည်ကာ ကျင်းပမည်ဖြစ်ကြောင်းနှင့် ယခု အကြိမ် ညီလာခံသည် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း၊ အဆိုပါ ညီလာခံပြီးလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲကာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည်။ အဲဒီနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ အသစ်တစ်ရပ် ကျင်းပပြီး၊ ပြည်သူ့လက်ထံကို အာဏာ အပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

အထက်ပါ သတင်းနှင့်အတူ အမျိုးသား ညီလာခံကျင်းပရေး ဥက္ကဌမှ ချမှတ်ပြီးသော အချို့အသေးစိပ် အခြေခံအချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖြည့်ဆွက်ခြင်း၊ ပယ်ဖျက်ခြင်း တွေပြုလုပ်သွားမယ်လို့ ပြောပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကောလဟာလ သတင်းတွေနဲ့ နအဖရဲ့ စိတ်ဓါတ် စစ်ဆင်ရေး(ဆိုဒ်ဝါး)ကနေ NLD ကို နောက်ဆုံး အကြိမ် ညီလာခံမှာပါဝင်နိုင်အောင် ဖိတ်ခေါ်ပါတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ (တကယ်တန်းမှာ NLD ကို နအဖမှ တရားဝင် ပြောဆိုချက် လုံးဝမရှိပါဟု သိရပါသည်။)

အစတည်းက ယဉ်သကိုး ဆိုသလို မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေ လောကတဲမှာ အထက်ပါ သတင်းတွေက တော်တော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။

အမျိုးသား ညီလာခံ ကျင်းပတဲ့ နအဖရဲ့ မူလ ရည်ရွယ်ချက်က ဘာလဲ၊ နအဖတွေက ပြောလာခဲ့တဲ့ စကားတွေကို ဘယ်အတိုင်း အတာအထိ ကတိတည်ခဲ့ဘူးသလဲ၊ NLD ကို ညီလာခံမှာ တကယ်ပါဝင် စေချင်ရင် ဘာကြောင့် တရားဝင် ဖိတ်ခေါ်တာမျိုး၊ NLD နဲ့ နှစ်ဖက် အသေးစိပ် ဆွေးနွေးတာမျိုး မလုပ်ရတာလဲ စတဲ့ အချက်တွေက ပထမဦးစွာ မေးရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။

နအဖရဲ့ အမျိုးသား ညီလာခံဆိုတာကို အဲဒီ အမျိုးသား ညီလာခံ ကိုယ်တိုင်ကိုက ဘယ်လောက်အထိ တရားဥပဒေနဲ့ ညီညွတ်သလဲ၊ အထဲမှာ ရေးဆွဲတဲ့ ဥပဒေပြုရေး၊ တရား စီရင်ရေး အပိုင်းတွေက ဘယ်လောက် အထိ မျှတသလဲ၊ ပြည်သူကို ဘယ်လောက် အထိ အကျိုးပြုသလဲ ဆိုတာတွေကို အရင် လေ့လာရမှာ ဖြစ်ပါတယ်။ တရား ဥပဒေဆိုတာ တိုင်းပြည်ရဲ့ အသက်ပါပဲ။ တိုင်းပြည်ထဲက ပြည်သူတွေ အဲဒီ အမျိုးသား ညီလာခံက ထွက်လာတဲ့ အခြေခံ ဥပဒေတွေကို ပြည်သူတွေက တစ်သက်လုံး လိုက်နာရမှာ ဖြစ်နေလို့ပါပဲ။

အမျိုးသားညီလာခံကို စတင် ကျင်းပစဉ်က ပြည်သူ့ကိုယ့်စားလှယ်တွေပါဝင် ခဲ့ပေမယ့်၊ ယခုအခါ အမျိုးသား ညီလာခံမှာ ပါဝင်ဆွေးနွေးတဲ့ လူတွေရဲ့ အများစုသည် ပြည့်သူ့ ကိုယ်စားလှယ်တွေ မဟုတ်တော့ပါဘူး။ တရားမ၀င် အစိုးရဖြစ်တဲ့ နအဖနဲ့ နအဖ အကြိုက် လူတွေ၊ လက်နက်ကိုင်ထားပြီး နအဖနဲ့ ယာယီ အပစ် အခတ်ရပ်ထားတဲ့ အဖွဲ့တွေသာ ပါဝင်လာနိုင်ခဲ့တာကို တွေ့နေရပါတယ်။ ထိုကဲ့သို့ ပြည်သူ့ကိုယ်စားလှယ် မဟုတ်သော လူတွေက ပြည်သူကို ကိုယ်စားပြုမယ့် အခြေခံ ဥပဒေကို ရေးဆွဲကြမယ်ဆိုတာကို တွေ့နေရပါတယ်။ ပြည်သူတွေရဲ့ ကံကြမ္မာကို ပြည်သူ့ ကိုယ်စားပြုတဲ့ လူတွေမပါပဲနဲ့ ရေးဆွဲကြမယ့် သဘောဖြစ်နေပါတယ်။ အဲဒီ ညီလာခံက တရားဝင်ပါသလား...။

ပြည်သူတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စည်းရုံး ပြောဆိုခွင့်တွေ ပေးမယ်လို့ ထည့်သွင်း ရေးဆွဲပါတယ်။ သို့သော် အထက်ပါ အချက်တွေကို ခွင့်ပြုဖို့ရာမှာ လက်ရှိ တည်ဆဲ ဥပဒေကို မချိုးဖောက်ရင် ခွင့်ပြုမယ်လို့ ရေးဆွဲထားပါတယ်။ ဆိုလိုတဲ့ သဘောက လက်ရှိတည်ဆဲ မတရားတဲ့ ဥပဒေတွေကို ပြည်သူတွေက လိုက်နာရမယ်။ နိုင်ငံမှာ အကြီးအကဲလုပ်တဲ့ လူတွေရဲ့  မတရားတဲ့ အမိန့် အာဏာတွေကို လိုက်နာရမယ်။ ပြီးမှ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ရှိမှာ ဖြစ်ပါတယ်။ ပြည်သူတွေ လိုချင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်တွေရဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး၊ လက်ရှိ မတရားတဲ့ ဥပဒေတွေကို တရားဝင် ပြဌာန်းလိုက်ရုံ သက်သက်သာ ဖြစ်နေပါတယ်။ မတရားတဲ့ ဥပဒေဆိုတာ .... ဥပမာ လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၄၈ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ ၁၉၆၂ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ၊ ၁၉၇၅ နိုင်ငံတော်လုံခြုံရေး ဥပဒေ စတာတွေကို လုံးဝ အတည် ပြုပေးလိုက်ရမှာ ဖြစ်နေပါတယ်။

နိုင်ငံရဲ့ ဥပဒေ ပြုခွင့် အာဏာ၊ တရားစီရင်ရေး အာဏာမှာလည်း နိုင်ငံတော် သမ္မတက လက်ဝါးကြီးအုပ်ထားပါတယ်။ အရေးမပါတဲ့ အသေးစား ကိစ္စရပ်တွေကိုသာ ပြည်နယ် အုပ်ချုပ်ရေးဌာနတွေက လုပ်ပိုင်ခွင့်ရှိပါတယ်။ နိုင်ငံတော် သမ္မတ ဆိုရာမှာလည်း စစ်ရေး အတွေ့အကြုံရှိသူကိုသာ ရွေးချယ်ရမယ်၊ ပါလီမာန်မှာ ကာကွယ်ရေး ဦးစီးချုပ်ကရွေးချယ်တဲ့ တပ်မတော်သား ၂၅% ကို လက်ခံရမှာ ဖြစ်ပါတယ်။

ဒီတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(သို့) တပ်မတော်မှာ အာဏာကြီးတဲ့ သူက နိုင်ငံတော် သမ္မတ ဖြစ်လာမှာ လုံးဝ မလွဲတော့ပါဘူး။ ဒီတော့က အာဏာရှင် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်ကို လုပ်ချင်သလို လုပ်ခွင့် ရသွားတော့မှာ ဖြစ်ပါတယ်။ လူ တစ်ယောက်တည်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ ရနိုင်ပါသလား။ ပြည်သူတွေ လိုချင်နေတာ လူက အုပ်ချုပ်တဲ့ စနစ် မဟုတ်ပဲ ကောင်းမွန်တဲ့ စနစ်က အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး စနစ်(ဒီမိုကရေစီ)ကိုသာ တောင့်တနေကြတာပါ။

ထိုကဲ့သို့ မတရားတာတွေကို အတည်ပြု လူလယ်ကျနိုင်ဖို့ နအဖရဲ့ စိတ်ဓါတ်စစ်ဆင်ရေး (ဆိုဒ်ဝါး)ကနေ NLD ကို ပါဝင်နိုင်ဖို့ ဖိတ်ခေါ်သယောင်ပြုတဲ့ သတင်းတွေကို ထုတ်နေပါတယ်။

အထက်ပါ အချက်တွေနဲ့ အမျိုးသား ညီလာခံဆိုတာကို အစက အဆုံး ကောက်ချက်ချလိုက်ရင် အခု လက်ရှိလုပ်နေတဲ့ အာဏာရှင် စနစ်ကို အမျိုးသား ညီလာခံမှာ တရားဝင် ပြဌာန်းနိုင်အောင် တစ်ဖက်လှည့် ကြိုးစားနေကြခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာ အမျိုးသားညီလာခံကို အတည်ပြု ပေးလိုက်လျှင် ပြည်သူတွေ လိုချင်နေတဲ့ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်၊ လက်ရှိ မတရား နှိပ်စက်နေတဲ့ နအဖရဲ့ အာဏာရှင်စနစ်ကို တရားဝင် လုပ်ပိုင်ခွင့် ပေးလိုက်သလို ဖြစ်သွားမှာကြောင့် ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အမျိုးသား ညီလာခံကို ထောက်ခံပေးဖို့ရာ မဖြစ်နိုင်ကြောင်းပါခင်ဗျာ။

ကိုထိုက်