Tuesday 31 July 2007

သမိုင်းထဲက ခဏ ထွက်ကြည့်ရအောင်

ဒီတစ်ခါမှာတော့ ကျွန်တော် တွေးမိတွေးရာ တွေထဲက နည်းနည်းလောက် ပြောကြည့်ချင်ပါတယ်။ ကျွန်တော်တို့ သမိုင်းတွေထဲမှာ နည်းနည်းများ အချိန်ကြာကြာနေထိုင်ပြီး ရှေ့ ခရီးကို ဆက်လက် မထွက် ကြဘူးလား ဆိုတာပါပဲ။

မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတော်ကြီး ပြောင်းလဲဖို့ရာမှာ လုပ်ဆောင်မှုတွေ၊ စိတ်ဓါတ်ရေးရာတွေ၊ အတွေးအမြင်တွေကို သုံးသပ်၊ သင်ယူ၊ ဖေါ်ဆောင် လုပ်ကိုင်ကြရမှာ ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသား အားလုံးရဲ့ တာဝန် တစ်ရပ်ဖြစ်နေတာ သေချာတဲ့ အချက် တစ်ခုပါ။

ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ အင်အားသေးတဲ့ ရန်သူမဟုတ်ပါဘူး။ လူသူ၊ လက်နက်၊ အာဏာ၊ ငွေကြေးမှာ အစစ အရာရာ ကျွန်တော်တို့ အားလုံးထက် သာလွန်နေပါတယ်။ ဒါ အမှန်တရားပါ။ အထက်ပါ အချက်တွေကို အားဖြည့်ပေးတာကတော့ သူတို့တွေရဲ့ ကောက်ကျစ်တဲ့ စိတ်ဓါတ်တွေနဲ့၊ လူမဆန် ကတိမတည်တဲ့ အရည် အချင်းတွေပါ ထပ်ပေါင်းလိုက်တော့ အင်မတန် အန္တရာယ် ကြီးတဲ့ ရန်သူ ဖြစ်နေပါတယ်။

ဒီလို အင်အားကြီး ကောက်ကျစ်တဲ့ ရန်သူကို ထိရောက်အောင် တိုက်ခိုက်နိုင်ဖို့ကတော့ သူတို့ကို မကောင်းဘူး ဆိုတာသိရုံ၊ သူတို့ကို မုန်းတီးရုံ စိတ်တစ်ခုတည်းနဲ့တော့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ကျွန်တော်တို့က ရန်သူကို ထိခိုက်အောင် တိုက်ခိုက်ရာမှာတော့ မြန်မာ နိုင်ငံရေး သမိုင်းကြောင်းကို သိထား၊ မှတ်ထား နားလည်ထားတာ အလွန်ကောင်းပါတယ်။ နားလည်အောင်လည်းလေ့လာထားရပါမယ်။

သို့သော် အဲဒီလို လေ့လာ၊ နားလည်၊ ပြောဆို ဂုဏ်ပြုနေရုံနဲ့ နိုင်ငံရေးလုပ်တယ်လို့ မခေါ်ဆိုနိုင်ဘူးလို့ ကျွန်တော် ယူဆ မိပါတယ်။ ပီပြင်တဲ့ ရန်သူလို့ မြင်ပြီး ရန်သူကို တိုက်ရိုက် ထိခိုက် အားနည်းလာအောင် တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေ လုပ်ကိုင်သင့်ပါတယ်။ ရန်သူက ဘယ်လို လှည့်ကွက်တွေသုံးတယ်၊ ဘယ်လို မာယာတွေ သုံးတယ်၊ ဘာတွေ လုပ်နေတယ်ဆိုတာ မျက်ချေ မပြတ် စောင့်ကြည့်နေသင့်သလို၊ တပြိုင်နက်ထဲမှာလည်း သူတို့ကို ဘယ်လို နည်းနဲ့ ကာကွယ်နိုင်မလဲ၊ ဘယ်လို တန်ပြန် တိုက်ခိုက်သင့်သလဲ၊ သူတို့ အခက်အခဲ ဖြစ်အောင် ဘယ်လို အကွက်တွေ ရွေ့သင့်သလို ဆိုတာပါ တပြိုင်နက် အကောင် အထည်ဖေါ်ရမှာပါ။

ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောခဲ့သလို သမိုင်းကို မ`အ´အောင် သင်ယူရတာပါ။ မြန်မာ့နိုင်ငံရေး သမိုင်းမှာလည်း နိုင်ငံရေး သမိုင်းကြောင်းကို မ`အ´ အောင်၊ လေ့လာ မှတ်တမ်းတင်သင့်ပါတယ်။ သို့သော် မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြောနေတာ၊ သမိုင်းကြောင်းကို လေ့လာ ဂုဏ်ပြုနေကြတာဟာ နိုင်ငံရေးအတွက် တိုးတတ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအတွက် လုပ်သင့်တာတွေကတော့ နအဖတွေ ဘယ်လိုနည်းနဲ့ အရှုံးပေးသွားအောင် လုပ်မလဲဆိုတာကို ရှာဖွေ၊ စဉ်းစား လုပ်ကိုင်နေရမှာဖြစ်ပါတယ်။ နအဖကို တိုက်ခိုက်ရာမှာလည်း တစ်သံတည်း၊ လှုပ်ရှားမှု တစ်ခုတည်း ပုံစံနဲ့ ပြည်တွင်းပြည်ပ လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ ရာလည်း အရေး အလွန်ကြီးပါတယ်။

ဒါကြောင့် သမိုင်းထဲက သင်ခန်းစာတွေ အတွေ့ အကြုံတွေကို ယူပြီး ရန်သူ နအဖကို` စောင့်ကြည့်ရဦးမယ်´ ဆိုတဲ့ စကားတွေကို ပြောနေတာထက်၊ နအဖကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကို အမြဲတွေးခေါ် စဉ်းစား အင်အား စုစည်းနေရမှာပါ။ ပြည်တွင်း ပြည်ပ လှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ ဘက်က ညီညီညွတ်ညွတ်နဲ့ တစ်သံတည်း ထွက်အောင် လုပ်ပြီး ကောက်ကျစ်တဲ့ ရန်သူကို ရင်ဆိုင်နိုင်အောင်၊ ကျွန်တော်တို့တွေ သမိုင်းထဲက ခဏ ထွက်ကြည့်ကြရအောင်လား ခင်ဗျာ။

2 comments:

ရွက်ဝါ said...

သမိုင်းထဲဝင်ပြီး လေ့လာကြည့်ရအောင် လုပ်ပါဗျာ။ ဒါမှ ဆရာကြီးဒေါက်တာသန်းထွန်း ပြောသလို မအတဲ့လူတွေဖြစ်လာမှာပေါ့။ ခေါင်းစဉ်နဲ့စာသားက လွဲနေသလားလို့။ " အမှန်တရားက အင်အားပဲ " ဆိုတဲ့ စကားအတိုင်းဆိုရင်၊ ကိုယ်တိုင်ကလည်း အမှန်တရား ဘက်ကရပ်တည်နေရင် ရန်သူက ဘယ်လောက်ပဲ အားကြီးကြီး၊ ဘယ်လောက်ပဲ ကောက်ကျစ်ကောက်ကျစ် တနေ့ အောင်မြင်ရမှာပေါ့ဗျာ။ သမိုင်းထဲကိုဝင်ပြီး ပညာယူတာလည်း လုပ်ရမှာပေါ့။

ကိုထိုက် said...

အခုလို မှတ်ချက်ဝင်ပေးတာ ကျေးဇူးတင်ပါတယ်..ခင်ဗျာ။ ကျွန်တော်က သမိုင်းကြောင်းတွေ့ လေ့လာတဲ့ နေရာမှာရပ်မနေဘဲ လက်ရှိလုပ်သင့်တဲ့ အရာတွေကို တတ်စွမ်းသလောက် လမ်းသစ် ဖေါ်ဆောင် လုပ်ကိုင်ကြဖို့ တိုက်တွန်းနှိုးဆော် တာပါ။ သမိုင်းကြောင်းပဲ ပြောနေပြီး ခရီးမရောက်မှာ စိုးရိမ်မိလို့ပါ။ မမြဲတဲ့ လောကမှာ သူ့ထက် အင်အားကြီးခဲ့တဲ့ အင်ပါယာကြီးတွေ ပြိုကျခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အချိန် အထိ စောင့်နေရမှာလဲ ...? သမိုင်းကြောင်းကို ပြောဆိုငေးမော မနေပဲ၊ သမိုင်းကြောင်းကိုသင်ပြီး အခု လုပ်သင့်တာတွေ လုပ်ကြမှ နောင်မျိုးဆက်သစ်တွေ အတွက် တာဝန်ကျေတဲ့လူ ဖြစ်ချင်လို့ ခင်ဗျာ။