Wednesday 31 March 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံချက်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံချက်

၂၀၁၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုဦးစီး အစည်းအဝေးက အာဏာသိမ်းစစ်အုပ်စု(နအဖ)မှ ထုတ်ပြန်သည့် တရားနည်းလမ်းမကျသော ရွေးကောက်ပွဲ ဥပဒေများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီ မှတ်ပုံမတင်ရေးကို ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ခြင်းသည် ပြည်သူလူထု၏ ဦးဆောင်ပါတီပီသစွာ ပြည်သူဘက်က ရပ်တည်၍ သမိုင်းဝင်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်အပေါ်တွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ အပြည့်အဝ ထောက်ခံပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များ အားလုံးကိုလည်း မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ ဆက်လက်၍ ဝန်းရံ သွားကြမည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးအတွက် …

  • တရားနည်းလမ်းကျသော ဥပဒေဘောင်အတွင်းမှ တောင်းဆိုခြင်း၊
  • နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းများဖြင့် အဖြေရှာခြင်း၊
  • တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်ကြိုးစားခြင်း

စသည့် ငြိမ်းချမ်းသော နည်းပေါင်းစုံဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

သို့ရာတွင် နိုင်ငံရေးပြဿနာများကို တရားဥပေဒေဘောင်အတွင်းမှ နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာခြင်းများကို နအဖ စစ်အုပ်စုမှ …..

  • တရားလက်လွတ် ဥပဒေပြင်ပ အကြမ်းဖက်သောနည်းများဖြင့် ဖြေရှင်းခြင်းများ၊
  • မြန်မာနိုင်ငံ၏ တရားဥပဒေ စနစ်ကို ဖျက်ဆီးခြင်း၊
  • ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်များကို ငြင်းပယ် လျှစ်လှူရှုခြင်း

စသည်တို့ကို အကြိမ်ကြိမ်ပြုလုပ်လျှက် ပြည်သူလုထု၏ အကျိုးပျက်စီးရာ၊ ပျက်စီးကြောင်းများကို ဦးတည် ဆောင်ရွက်လျှက်ရှိသည်။

ထိုကြောင့် အာဏာသိမ်း စစ်အုပ်စု နအဖကို ဆန့်ကျင်ရာတွင် မတရားသည့် ဥပဒေများကို တိုက်ပွဲ ပုံသဏ္ဍာန်မျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်သွားကြမည်ဟု ဆုံးဖြတ်ကာ ပြည်သူလူထုအားလုံးမှ တညီညွတ်တည်း ပူးပေါင်းပါဝင် ကြပါရန် တိုက်တွန်းလိုက်ပါသည်။

မြန်မာနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ


No comments: