Friday 16 April 2010

ဗုံးဖောက်မှု နောက်ဆက်တွဲ နအဖ အကျိုးအမြတ်နှင့် ပြည်သူ့ခေါင်းဆောင်များအပေါ် ကျလာနိုင်မည့် အန္တရာယ်

ဗုံးပေါက်ကွဲမှု အပေါ် ဘယ်သူခွဲတယ်၊ ဘယ်သူလုပ်တယ်၊ ထိခိုက်တဲ့ လူတွေ အတွက် ဝမ်းနည်းတာတွေ အပါအဝင် ပြောဆိုနေတာတွေ မျိုးစုံပါပဲ။

ကျွန်တော်လည်း အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက် သေဆုံးရတာကို ဝမ်းနည်းမိပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေ အတွက်အကျိုးကျေးဇူး ရှိနေတာကတော့ အကြမ်းဖက် နအဖ အဖွဲ့ ဖြစ်တယ် ဆိုတာ မမေ့သင့်ပါဘူး။

ဗုံးကွဲလို့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက် သေဆုံးတော့ အားလုံးဝမ်းနည်းရတယ်။ ဖောက်တဲ့ လူကို ဒေါသ ဖြစ်တယ်။ ဒါက သဘာဝပါ။ ထုံးစံအတိုင်း မြန်မာနိုင်ငံမှာ ကွဲသမျှ၊ ပေါက်သမျှ ဗုံးတွေကို ဘယ်သူခွဲမှန်း ဘယ်တုန်းကမှ မမိခဲ့ပါဘူး။ ဒီတော့ နအဖက ထစ်ခနဲ့ရှိ နယ်စပ်က လက်နက်ကိုင်တွေလို့ စွပ်စွဲတော့တာပါပဲ။

(အဲ တခါတလေ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့ လူတွေတို့ (ဥပမာ နယ်စပ်ရောက် သံဃာတော်တွေ)၊ လက်နက်နဲ့ ပက်သက်ခြင်း မရှိတဲ့ အဖွဲ့တွေတို့ (ဥပမာ NLD-LA, BLC)၊ .... တခါတလေ သူတို့ ပြောတဲ့ ရက်တွေမှာ နယ်စပ်မှာ မရှိဘဲ အခြားတနေရာရာမှာ ရောက်နေတဲ့ အဲဒီ လူတွေက နယ်စပ်မှာ အစည်းအဝေးလုပ်ပြီး ခိုင်းတယ် ဆိုတာမျိုးတွေက အစ ရေးချင်ရာ ရေး၊ ပြောချင်ရာ ပြောနေတာ အကြောင်းအရာ အရ မှားယွင်းပြီး ထူးဆန်းနေပေမယ့် နအဖ ပါးစပ်က ထွက်တာဆိုတာ မထူးဆန်းတော့ပါဘူး။)

အခုလည်း ဒီလို ပြောချင်ရာ ပြော၊ စွပ်စွဲချင်ရာ စွပ်စွဲဦးမှာပါပဲ။ အရှက်မရှိ၊ အရေထူနေတဲ့ မျက်နှာနဲ့ စကားတွေ တောင်ရောက် မြောက်ရောက်ပြောပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ဦးမှာပါပဲ။

ဒါက ဖြစ်ရိုး ဖြစ်စဉ်တွေပါပဲ။

ဒါပေမယ့် နအဖ အတွက် အချက် ၃ ချက် မြတ်ပြီး ကျွန်တော်တို့အတွက် သတိထားရမယ့် ကိစ္စတွေကို ပြောချင်ပါတယ်။

၁။ ဗုံးဖောက်တာကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တယ်၊ ဒါကြောင့် စစ်တပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်မှုကို ယူကို ယူရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နဂိုကတည်းက အာဏာမက်ပြီး ရယူထားတဲ့ နေရာကနေ မဖယ်ရေးကို ပို ခိုင်မာအောင် ပြောမယ်။ ပါလီမန်မှာ တမတ်သား စစ်သား ပါသင့်တယ်ဆိုတာကို ပိုခိုင်မာအောင် လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။

၂။ အခု ဗုံးပေါက်တာက VIP ဆိုတဲ့ နအဖနဲ့ ပက်သက်ရာ အခွင့်ထူးခံ လူတန်းစားတွေနေရာမှာ ဆိုတော့ ... စစ်တပ်က ရာထူးရာခံ ရှိတဲ့ လူတန်းစားနဲ့ ပက်သက်သူတွေ အနည်းနဲ့အများ ထိခိုက်တာတွေ ရှိနိုင်တယ်။ ဒီတော့ ... တပ်ထဲမှာ .. ငါတို့ တွေ အချင်းချင်း စည်းရုံးပြီး အဖျက်သမားတွေကို တိုက်ပစ်ရမယ် ဆိုတဲ့ စစ်ဝါဒီ အတွေးအခေါ်နဲ့ မျက်ကန်းမျိုးချစ် Brain Wash လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။

၃။ အခု နောက်ဆုံး အချက်ကတော့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အတွက်၊ အများအတွက် စတာတွေကို လုပ်ကိုင်နေတဲ့ လူတွေ အန္တရယ် ရှိလာနိုင်တဲ့ အချက်ပါပဲ။

အဲဒါကတော့ နအဖ လုပ်လာမယ့် လူဖမ်းပွဲကြောင့်ပါပဲ။

အခုလို အချိန်မှာ သူ့တို့ မဟုတ်တာ လုပ်တာကို မဟုတ်တာ လုပ်တယ်ဆိုပြီး ဥပဒေဘောင်ထဲက ပြောမယ့်လူ၊ အများက လေးစားကြည်ညိုနေတဲ့ လူတွေကို ဖမ်းဖို့ ဂွင်(ခွင်) ဖြစ်လာတာပါပဲ။

လူလေးစားခံရပြီ အများအကျိုးအတွက်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ အန္တရာယ် ဖြစ်လာလို့နေပါပြီ။ ဥပမာ ... အဘ ဦးဝင်းတင်လို လူမျိုးကအစ၊ မဖြူဖြူသင်း၊ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်၊ တနိုင်ငံလုံးမှာ ရှိတဲ့ NLD အဖွဲ့ခွဲ ခေါင်းဆောင်များ၊ အနယ်နယ် အရပ်ရပ်က ကလေးစစ်သားကိစ္စ၊ မတရား လုပ်အားပေးခံရတဲ့ ကိစ္စတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ NLD အဖွဲ့ဝင်များတွေ ... အဲဒီ လူတွေ အားလုံး မတရားဖမ်းခံရမယ့် အန္တရာယ်နဲ့ နီးလာနေပြီလို့ မြင်နေရလို့ပါပဲ။ (ထင်ရှားသော ဥပမာ ... လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်က ဦးမြင့်အေးကို ထင်ရှားတဲ့ သက်သေ မရှိဘဲ ဗုံးခွဲမှုနဲ့ ထောင်နှစ်ရှည် ချထားတဲ့ ဖြစ်ရပ်ပါ။)

နအဖက အထက်ပါ ပုဂ္ဂိုလ်တွေကို သူတို့ အကျိုးစီးပွား ပျက်ပြားအောင် လုပ်နေတယ် ဆိုပြီး ဖမ်းချင် နေတာ ကြာပါပြီ။ ဗုံးပေါက်တယ် ဆိုရင်တော့ နအဖအတွက် အဲဒီလူတွေကို ထောင်နှစ်ရှည် ဖမ်းလို့ရမယ့် အမြတ်ထွက်လာလို့ နေတယ် ဆိုတာ အားလုံး သတိထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုထိုက်

4 comments:

santun said...

ဗုံးကွဲတယ်၊ လူတွေသေတယ်၊ ဒဏ်ရာရကြတယ်၊ဒီလိုပေးဆပ်ရသူတွေက
ပြည်သူလူထုပါ၊ ဗုံးကွဲလို့ လူသေတာဘယ်ရှု့ဒေါင့်ကကြည့်ကြည့်မကောင်းဘူး၊

ဗုံးကိုခွဲနိုင်တာလက်နက်ကိုင်အဖွဲ့အစည်းမှခွဲနိုင်တယ်၊ လက်နက်မကိုင်ထားတဲ့ NLD မခွဲနိုင်ဖူး၊ တစညမခွဲနိုင်ဘူး၊ လက်နက်ကိုင်ထားတာ အကြမ်းအားဖြင့် ၂ ဦးပဲရှိတယ်၊ ၁) အစိုးရ ကိုယ်တိုင် ၂) လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ။
အစိုးရကကြေညာချက်ထဲမှာ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေ ကလုပ်တာလို့စွပ်စွဲတယ်၊

အစိုးရစွပ်စွဲသလိုတိုင်းရင်းသားတွေလုပ်တယ်လို့စဉ်းစားကြည့်ရအောင်၊
ဘာလို့လုပ်တာလဲ၊ ဘာဖြစ်လို့ ဒီအချိန်သင်္ကြန်တွင်း ကိုရွေးပြီးလုပ်တာလဲ၊ ဘာဖြစ်လို့လူများများသေကြေဒဏ်ရာရအောင်လုပ်ရလဲ၊ ဘာဖြစ်လို့ နေပြည်တော်မှာမလုပ်ပဲရန်ကုန်မှာလုပ်တာလဲ၊ စဉ်းစားစရာတွေအများကြီးပေါ်လာတယ်၊
နေပြည်တော် က ဗိုလ်ချုပ်တွေရဲ့သင်္ကြန်မဏ္ဍပ်မှာ ဗုံးကွဲလို့ ထိပ်ပိုင်းဗိုလ်ချုပ်တွေသေကုန်တယ်ဆိုရင် သူတို့အတွက်အကျိုးရှိသေးတယ်၊ အခုတော့
ဒီလိုဗုံးခွဲမှု့မျိုးကို ဗမာတွေရဲ အခါတွင်းမှာလုပ်တာ၊ ဗမာလူမျိုးတွေရဲ့ ဒေါသထွက်မှု့၊ ပြည်သူလူထုရဲ့ဆန့်ကျင်မှု့ကိုခံရမယ်၊ ဒီလိုလုပ်လို့ဘာအမြတ်ရမှာလဲ၊ ဘာမှမရနိုင်ဘူး၊ ဒါကိုတိုင်းရင်းသားလက်နက်ကိုင်တွေမတွေးမိဘဲရှိမယ်မထင်ဘူး၊ နောက်ပြီး သင်္ကြန်တွင်းဆိုတာ ဖေါက်ခွဲပြီး ရှောင်တိမ်းဖို့ ခရီးလမ်းပန်းသာ တဲ့အချိန်မဟုတ်ဘူး၊ အထူးသဖြင့်ဒီနှစ်ပိတ်ရက်တွေဆက်နေလို့ ရထား၊ ကား ခက်ခဲတဲ့အချိန်စက်သုံးဆီဝယ်ရခက်ချိန်ကိုရွေးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေလုပ်တယ်ဆိုတာ မဖြစ်နိုင်ဖူးလို့တွေးမိတယ်၊

ဒါဖြင့် အစိုးရလုပ်တယ်လို့တွေးကြည့်ရအောင်၊
ဘာလို့လုပ်တာလဲ၊
အစိုးရအနေနဲ့လုပ်ရင် ၁) လူထုတွေရဲ့ဒေါသ၊နာကြည်းမှု့ ကို တစ်နေရာမှာအသုံးချလို့ရနိုင်တယ်၊ ၂) တိုင်းရင်းသားလက်နက်ကိုင်တွေကိုတိုက်ရင် အကြောင်းပြကောင်းတယ်၊ ( ဥပမာ ဝ ကိုတိုက်ဖို့ ဆင်ခြေကောင်း justification တရုတ်ကြီးကိုပေးနိုင်တယ်) ၃) အတိုက်အခံတွေကိုနှိမ်နင်းဖို့ နဲ့မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ဖို့ အသုံးချနိုင်တယ်၊
ဒါဖြင့်ဘာဖြစ်လို့အခါတွင်းကိုရွေးပြီးလုပ်တာလဲ၊
၁) အခါတွင်းမှာလုပ်မှ လူတွေပိုပြီးဒေါသထွက်မယ်၊
၂) ပြည်ပမီဒီယာအချို့နဲ့ ဝက်ဆိုက်အချို့ တွေနားနေအိပ်နေ တဲ့အချိန်မှာ ကိုယ့်မီဒီယာကိုအသုံးချပြီး လူထုဒေါသကိုလှုံဆော်နိုင်မယ်၊ အစိုးရမီဒီယာတွေဒီတစ်ခါသတင်းထုတ်ပြန်တာရုံးရက်ရှည်ပိတ်ထားတဲ့ သင်္ကြန်တွင်းကြီးမှာတောင်တော်တော်မြန်ဆန်တိကျတာအံ့သြစရာကောင်းလွန်းတယ်၊ အထူးသဖြင့်ဒီလိုသတင်းမျိုးမှာထည့်သင့်မထည့်သင့်အမိန့်ခံရတာကြန့်ကြာတတ်တဲ့ သတင်းမျိုး၊ အမိန့်မရဘဲသတင်းထဲထည့်မိရင် ပြဿနာတက်နိင်တဲ့သတင်းမျိုးဖြစ်ပါတယ်၊

ဒီဖြစ်စဉ်ကိုပြန်ကြည့်ကြရအောင်၊ - ဗုံးကွဲတာ၁၅။၎။၁၀ ရက်နေ့ ညနေ၃နာရီကျော်ကျော်လောက်ဖြစ်ပါတယ်၊
- ညနေ၆နာရီ မြန်မာအသံနဲ့ ရုပ်မြင်သံကြားသတင်းမှာ အကျယ်တဝင့်ပါလာသလိုအစိုးရရဲ့(သို့) အစိုးရနဲ့နီးစပ်တဲ့ အင်တာနက်ဝက်ဆိုက်တွေမှာ ချက်ချင်းဆိုသလိုဖေါ်ပြတာတွေ့ရတယ်၊
- တဆက်တည်းအစိုးရဝက်ဆိုက်တွေမှာ ဗုံးကွဲမှု့ ကို ကန့်ကွက်ရှုံ့ချ တဲ့ကွန်မင့်တွေနဲ့ နောက်နေ့သတင်းစာတွေမှာ ပြစ်တင်ရှုံ့ချတဲ့ သတင်းဆောင်းပါးအရှည်ကြီးကိုဖေါ်ပြလာတာတွေ့ရပါတယ်၊

ဒီအချက်တွေပေါ်မှာကောက်ချက်ချရရင်တော့ ဗုံးခွဲမှု့တရားခံဟာအစိုးရလက်နက်ကိုင်အတွင်းကပဲဖြစ်ဖို့များပါကြောင်းသုံးသပ်မိသမျှကိုဝေမျှလိုက်ပါတယ်၊ မဖြစ်နိုင်ဘူးထင်ရင်လဲ အချက်အလက်နဲ့ပြန်ရေးစေလိုပါတယ်၊

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ဒီမိုသမားများ

လွမ်းဆွေရဲ့ ဘလော့က ဆောင်းပါးမှာ ဗုံးဖေါက်သတ်ဖြတ်မှုကို အားပေးထားတယ်။ အဲဒါကို မသိသလိုပြုနေမယ့်အစား.. ပွင့်ပွင့်လင်းလင်း ဒီဆောင်းပါးရှင်ကို ရှုံ့ချသင့်တယ်။ ဒီမိုဘလော့သမားအများစုက ဗုံးဖေါက်မှုကို အပြစ်မတင်လို့… ဒီမိုတွေလက်ချက်လားလို့ သံသယကြီးမားလာတဲ့အချိန်ဖြစ်နေတယ်။ တကယ်လို့ ဒီမိုသမားတွေက လုပ်ခဲ့တာဖြစ်နေရင်တော့.. ခင်ဗျားတို့တွေ စုစုစည်းစည်းနဲ့ အဲဒီအကြမ်းဖက် သမားတွေကို ဆန့်ကျင်မှဖြစ်မယ်နော်။ ကိုယ့်လူဆိုပြီး ပေါ့ပေါ့ထားလိုက်ရင်.. အကြမ်းဖက်ဝါဒီတွေ လွှမ်းမိုးတဲ့ ဒီမိုတော်လှန်ရေးဖြစ်သွားမယ်။ အဲလိုဖြစ်လို့ကတော့ နအဖက ထီပေါက်တာထက် ၀မ်းသာလိမ့်မယ်။

လေးစားလျက်
ဇော်မျိုး

Dr. Myo Chit said...

ဗုံးပေါက်လို့ အရေးရယ်အကြောင်းရယ်ဆိုရင် ရဲတွေ၊ မီးသတ်တွေ၊ ကြက်ခြေနီနဲ့ တခြား

ဝန်ထမ်းတွေပဲ အားကိုးရတာ။ သူများတွေပျော်နေချိန်မှာ ပျော်ဖို့၊ ကဲဖို့နေနေသာသာ

ယူနီဖောင်းတောင် မချွတ်ရဘူး တာဝန်ထမ်းဆောင်ရတာ လေးစားဖို့ကောင်းတယ်။

အားအားယားယား ကိုယ်တိုင်လည်း ဘာမှမလုပ်နိုင် လုပ်နေတဲ့လူတွေကိုလည်း

မိန်းမတွေလို မကောင်းထိုင်ပြောနေတာတော့ ဒီမိုကရေစီ သူရဲကောင်း ဘလော့ဂါတွေပဲ

leobrown said...

x2o က organizor တစ်ယောက်ကတော့ ဗုံးက တာဝန်လို့လက်မောင်မှာ ရေးထားတဲ့လူတွေရဲ့ ကြားထဲမှာပေါက်တာ ဘာလို့ပြည်သူတွေကိုထိသွားတယ် ဆိုတာတော့ သူလည်းမသိဘူးတဲ့ သူတို့လုံခြုံရေးအရ တပ်ထားတဲ့ ကင်မရာထဲမှာတော့ သေသေချာချာ သူတို့အနားကပေါက်တာပဲ အဲဒီအခွေကို အစိုးရအဖွဲ့တွေကိုတောင် ဖွင့်ပြလိုက်သေးတယ်။ ပထမနှစ်လုံးက အသံနဲ့ အငွေ့ပဲထွက်တယ် နောက်ဆုံးတစ်လုံးကျမှ သံစတွေထွက်လာတာတဲ့ သူကိုတောင်သံစတွေလာစိုက်သေးတယ်ဆိုပဲ။