Thursday, 9 August 2007

အမျိုးသား ညီလာခံ အခြေခံမူ ၁၀၄ ချက်

အမျိုးသားညီလာ၏ အခြေခံမူ ၁၀၄ ချက် နှင့် ၄င်းတို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို မြန်မာလူမျိုးတိုင်း လက်ရှိတိုင်းပြည်၏ အခြေအနေအရ သိသင့်သည် ထင်သောကြောင့် အပိုင်း ၄ ပိုင်းခွဲ၍ ကျွန်တော်တင်လိုက်ပါသည်။ ယခု အပိုင်းသည် နောက်ဆုံး အပိုင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ အနာဂါတ် ကံကြမ္မာကိုအာဏာသိမ်း စစ်အစိုးရ အနေဖြင့် ဤအမျိုးသားညီလာခံကို ယခုကဲ့သို့ လုပ်ချင်တိုင်းလုပ်ပြီး ရေးဆွဲချင်တိုင်း ရေးဆွဲ၍ မရပါ။ နိုင်ငံ၏ အခြေခံဥပေဒသည် တဖက်သက် စိတ်ကူးယဉ်ပြီးရေးဆွဲနေပါက တကယ်တမ်း နစ်နာမည်မှာ ကျွန်တော်တို့၏ မိခင်တိုင်းပြည်နှင့် ပြည်သူများ အားလုံးပင်ဖြစ်သည်။ (ထိုအထဲတွင် တပ်မတော်ပါ ပါဝင်သည်။) တိုင်းပြည်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသွားမည့် လူများကတော့ တပ်မတော်ကို အလွဲသုံးစားလုပ်နေသော အာဏာရှင် လူတန်းစား တရပ်သာ ဖြစ်ကြောင်း ဤအခြေခံမူ ၁၀၄ ချက်က သက်သေပြနေသည်ဖြစ်သည်။

မြန်မာ ပြည်သူတရပ်လုံး မတရားသည်ကို မတရားဘူးဟု သိရှိနိုင်ရန် အခြေခံမူ များကို ကျွန်တော် တတ်နိုင်သည့်ဘက်မှ စာပြန်ရိုက်၍ တင်ပြပေးခဲ့ခြင်းဖြစ်ပါသည်။ (သေချာဖတ်ကြပါရန် နှိုးဆော်ချင်ပါသည်။) ဤ မတရားမှုများကို မတရားဘူးဟု သိရှိကာ မတရားမှုများကို မိမိတို့ တတ်နိုင်သည့်ဘက်မှ တစ်ထောင့်တစ်နေရာ (အနည်းဆုံး အာဏာရှင်များ၏ ဘောလုံးကွင်း နိုင်ငံရေးပွဲများ လုပ်ကြသည့်အခါ မထောက်ခံခြင်း (သို့) ကန့်ကွက်ခြင်းဖြင့်) ပါဝင်၍ တော်လှန်ကြပါရန်လည်း တိုက်တွန်းချင်ပါတယ် ခင်ဗျာ။

ကိုထိုက်



အပိုင်း (၄)

( ) မြေ၊ ရေ၊ လေ သယံဇာတပစ္စည်းများနှင့် စပ်လျဉ်းပြီး - -

-၈၇- ( ) နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။

-၈၈- ( ) နိုင်ငံတော်သည် နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေပြဌာန်းမည်။

-၈၉- ( ) နိုင်ငံတော်သည် နိုင်ငံသားများ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဌာန်းချက်နှင့် အညီခွင့်ပြုမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၈၇- ၈၈- ၈၉) အရ သယံဇာတ အားလုံး၏ ပိုင်ရှင်မှာ မြေကြီးသာလျှင်ဖြစ်ပါသည်။ ပြည်ထောင်စု ဆိုသည်မှာ ပြည်နယ်များကို စုပေါင်းဖွဲ့စည်းထားသောကြောင့် ယင်းသယံဇာတ ပစ္စည်းများကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ စုပေါင်းပိုင်ဆိုင်ပေသည်။ ထို့ကြောင့် ထိုသယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲပါက မူလပိုင်ရှင်ဖြစ်သော ပြည်နယ်အာဏာပိုင်များကို အကျိုးခံစားခွင့် ရရှိစေရန် ဥပဒေတွင် အတည့်အလင်းပြဌာန်း ပေးထားရမည်။
သယံဇာတ ဆိုသည်မှာ မိမိမျိုးဆက် တစ်ခုတည်းအတွက်သာမဟုတ်ဘဲ နောင်သားစဉ်မျိုးဆက်များ အတွက်ပါဖြစ်သောကြောင့် ထုတ်ယူသုံးစွဲရာတွင် အကန့်အသတ်ဖြင့် ထုတ်ယူသုံးစွဲရမည်။

( ) ရွေးကောက်တင်မြောက်ခြင်းနှင့် စပ်လျဉ်းပြီး - -

-၉၀- ( ) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိရမည်။

-၉၁- ( ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားချက်များနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု အခြေခံမူများချမှတ်ပါတယ်။

( ) နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းပြီး - -

-၉၂- နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျ ဖွဲ့စည်းနိုင်ရန် လိုအပ်သည့် ဥပဒေပြဌာန်း ဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။
အခြေခံမူ (၉၂) အရ လူတိုင်းသည် မိမိ၏အခွင့်အရေး၊ ယုံကြည်ချက်ပေါ်တွင် မူတည်၍ လွတ်လပ်စွာ ပါတီထူထောင်ခွင့်ရှိသည်။ အများအတွက်အကျိုးမပြုသော ပါတီများသည် အစိုးရကိုယ်တိုင်မှ ဖျက်သိမ်းရန်မလိုဘဲ သူ့အလိုကျပျောက်ကွယ် သွားမည်။ ပါတီ များလွန်းလျှင် အလွန်အကျွံ ဒီမိုကရေစီ ဖြစ်ခြင်းနှင့် ပါတီနည်းလွန်းလျှင် အာဏာရှင် ဖြစ်သွားနိုင်ခြင်းကို နိုင်ငံတော်မှ ထိန်းညှိပေးရမည်။

( ) အရေးပေါ်ကာလနှင့် စပ်လျဉ်းပြီး - -

-၉၃- ( ) တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကိုနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု၌ အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် သက်ဆိုင်သည့်ဥပဒေပြု အခွင့်အာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့် အညီ နိုင်ငံတော်သမ္မတက သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

-၉၅- ( ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာ အာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၉၃) (၉၄) (၉၅) အရ နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံ့အာဏာကို ရယူသုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားသည်။ စစ်အာဏာသိမ်းခြင်းကို တရားဝင် ပြဌာန်းပေးထားခြင်းကြောင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။ တကယ်တမ်း အရေးပေါ် အခြေအနေ ပေါ်ပေါက်ခဲ့သော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စုလွှတ်တော်နှင့် ညှိနှိုင်းရမည့် အပြင် ပြည်ထောင်စုလွှတ်တော် အပေါ်တွင် သစ္စာစောင့်သိရပေမည်။ ဗဟိုအစိုးရ အနေဖြင့် ပြည်နယ်များ၏ ကိစ္စရပ်များအပေါ် မလိုအပ်ဘဲ ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် ပြဌာန်းပေးရမည်။

( ) နိုင်ငံခြားရေးနှင့် စပ်လျဉ်းပြီး - -

-၉၆- ( ) နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဖက်မပျက် ပေါင်းဖက်းဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။

-၉၇- ( ) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။

-၉၈- ( ) နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၉၈) အရ မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု ဆိုရာ၌ လက်ရှိမြန်မာ့ပင်လယ် ထွက်ပေါက်နှင့် ကိုကိုးကျွန်းများပေါ်ရှိ တရုတ်စစ်ဖက်ဆိုင်ရာ တပ်စခန်းများကို ဖျက်သိမ်းရမည်။ တရုတ် အားကိုးမှု ကင်းရှင်းစေရမည်။

( ) ပြစ်မူ ပြစ်ဒဏ်နှင့် စပ်လျဉ်းပြီး

-၉၉- ( ) မည်သည့် ပြစ်မူဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့်မရှိ။

-၁၀၀- ( ) လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဌာန်းခွင့်မရှိဟု အခြေခံမူများ ချမှတ်ပါတယ်။

( ) သဘာဝ ပတ်ဝန်းကျင်နှင့် စပ်လျဉ်းပြီး

-၁၀၁- နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်ဟု အခြေခံမူ ချမှတ်ပါတယ်။
အခြေခံမူ (၁၀၁) အရ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောက်ရှောက်ရမည့်အပြင် သစ်တောသယံဇာတများကို ထုတ်ယူရာတွင် အကန့်အသတ်ဖြင့်ထုတ်ယူရမည်။ လက်တွေ့အားဖြင့် သက်ဆိုင်ရာ စစ်တိုင်းမှုးများနှင့် အပေါင်းအသင်းစီးပွားရေးသမားများ စည်းကမ်းမဲ့ ထုတ်လုပ်နေသောကြောင့် ပြုန်းတီးနေပြီဖြစ်သော မြန်မာ့သစ်တောများကို တတ်ကျွမ်းသော ပညာရှင်များအား အချိန်မှီ ခေါ်ယူ၍ ထိန်းသိမ်းစောင့်ရှောက်ရမည်။

( ) အထွေထွေပြဌာန်း ချက်များနှင့် စပ်လျဥ်းပြီး

-၁၀၂- ( ) မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။
ဗမာစာသည် နိုင်ငံတော်၏ ရုံးသုံးစာဖြစ်သော်လည်း သက်ဆိုင်ရာလူမျိုးစုများ၏ စာကိုလည်း သက်ဆိုင်ရာလူမျိုးစုများ သင်ကြားခွင့်ရှိအောင် ပြဌာန်းပေးရမည်။

-၁၀၃- ( ) နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဌာန်းရာတွင်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြားဥပဒေများပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွန်များဖြစ်သည်။

-၁၀၄- ( ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဌာန်းသည့် ဥပဒေများသည်လည်းကောင်း၊ ပြည်ထောင်စုတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်ချုပ်အုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မူဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မူ ရှိ၊ မရှိ စီစစ်ခြင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်ချုပ်မူရ စီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမူများကို ကြားနားဆုံးဖြတ်ခြင်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကအပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး တစ်ရုံးကို ဖွဲ့စည်းမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

အားလုံးအပေါ် ခြုံငုံသုံးသပ်ချက်

( က ) သမိုင်းဝင် ပင်လုံစာချုပ်ကြီး ပေါ်ပေါက်ခဲ့သောကြောင့်သာ ပြည်ထောင်စုကြီး ဖြစ်လာခြင်းဖြစ်သည်။ ထိုပင်လုံစာချုပ်၏ အနှစ်သာရမှာ ( ) တန်းတူ၊ ( ) ပြဌာန်း၊ ( ) ခွဲထွက် ဟူ၍ ဖြစ်သည်။


( ) တန်းတူး။ ။အမျိုးသားနိုင်ငံရေး တန်းတူညီမျှမူရှိရေး(ဗမာတစ်ကျပ် - ရှမ်းတစ်ကျပ်)
(
) ပြဌာန်း။ ။ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊
( ) ခွဲထွက်။ ။ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုရန် - - - ဖြစ်သည်။

( ) ညောင်နှစ်ပင် အမျိုးသားညီလာခံတွင် အခြေခံ ဥပဒေရေးဆွဲရေးအတွက် ချမှတ်ထားသော ဦးတည်ချက် ( ) ရပ်သည် လမ်းလွဲသို့ ဦးတည်နေပါသည်။ ပြည်သူလူထုသည် သမိုင်းတောင်းဆိုချက်အရ အလိုရှိနေသည်မှာ ( ) ပါတီစုံ ဒီမိုကရေစီနှင့် ( ) စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်သည်။ ချမှတ်ထားသော ဦးတည်ချက်နှင့် အခြေခံမူ ( ၁၀၄ ) တို့သည် - - -

( ) တပ်မတော်က အာဏာကို ချုပ်ကိုင်ထားမည့် အချုပ်အချယ်ခံ ဒီမိုကရေစီဖြစ်သည်။
( ) ပြည်ထောင်စုမဟုတ်ဘဲ တစ်ပြည်ထောင် စနစ်( သို့ ) တိုင်းနှင့် ပြည်နယ်သာ ဖြစ်သည်။
ဤသည်ကား စစ်အာဏာရှင် မဟာဗမာနိုင်ငံတော် တည်ထောင်ခြင်းဖြစ်၍ ပြည်သူအားလုံး တပြေးညီနစ်နာမည်။ တိုင်းရင်းသား လူမျိုးများအဖို့ ခေါင်းမဖေါ်နိုင်သည့် ဘ၀မျိုးကျဆင်းသွားလိမ့်မည်။

( ) ညီလာခံ ဖွဲ့စည်းထားပုံသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သည်။ တကယ်ဖြစ်သင့်သည်မှာ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသောကိုယ်စားလှယ်များကို အမာခံထားပြီး အခြားကိုယ်စားလှယ်များကို အရံထား၍ ဖွဲ့စည်းရမည်။ ယခု ဖွဲ့စည်းထားသည်မှာ ဖြစ်သင့်သည်နှင့် ပြောင်းပြန်ဖြစ်နေပါသည်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမျိုးတွင်မှ မရှိသောဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ဖြစ်သည်။

( ) ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ နှစ်ပေါင်း ( ၄၀ ) ကျော်ကြာ အာဏာရှင် စစ်အစိုးရသည် လက်တွေ့အားဖြင့် အာဏာယူထားသော အစိုးရ (De Facto Government) အဆင့်သာရှိရာ လက်ရှိ တစ်ဖက်စောင်းနင်းရေးဆွဲနေသော အခြေခံမူ အတည်ဖြစ်သွားပါက နောင်နှစ်ပေါင်း (၄၀၀) အထိ တရားဝင် အစိုးရ (De jure Government)အဖြစ် ဆက်လက် အာဏာ တည်မြဲသွားမည်ကို တိုင်းရင်းသား ပြည်သူလူထုကြီး ရှင်းလင်းစွာ သိမြင်ဖို့ အရေးကြီးပါသည်။ ယခုအချိန်အခါသည် တိုင်းပြည်ချောက်ထဲသို့ ကျရန် လက်နှစ်လုံးသာလိုပါတော့သည်။ ထိုကြောင့် ချောက်ထဲမကျအောင် အချိန်မီ ကာကွယ်ရပေမည်။ ချောက်ထဲသို့ ကျသွားပြီးလျှင် ပြန်တတ်ဖို့ မလွယ်ကူကြောင်း နိုင်ငံရေး သတိရှိဖို့လိုမည်။

( ) ပြည်သူလူထု အနေဖြင့် အမျိုးသားညီလာခံတွင် ချည်ပြီးတုတ်ပြီး ဖြစ်နေသည့်တိုင်အောင် နောက်ဆုံး ရုန်းကန်ထွက်နိုင်သည့် အခွင့်အရေးရှိပါသေးသည်။ ဤသည်မှာ `လူထု ဆန္ဒခံယူပွဲ´ ဖြစ်ပါသည်။ အခြေခံဥပဒေကို အာဏာပိုင်များက အပိုင်စီးထားရေးအတွက် ကြံဖွတ်လူတစ်စုကို အသုံးပြု၍ ဘောလုံးကွင်း ဒီမိုကရေစီနည်းဖြင့် အတည်ပြုရန်ကြိုးပမ်းကြပေလိမ့်ဦးမည်။ ထိုအစည်းအဝေးပွဲများကို တတ်ရောက်ခြင်း မပြုမိအောင် ရှောင်ကျဉ်ခြင်းဖြင့် ရန်သူအားပေး မလုပ်မိကြစေရန် အရေးကြီးပါသည်။ ထိုသို့ ဘောလုံးကွင်း ဒီမိုကရေစီမျိုးကိုလည်း ကမ္ဘာကလက်ခံမည် မဟုတ်ပေ။ သို့ဖြစ်ရာ လူထု ဆန္ဒ ခံယူပွဲကို မလွှဲမသွေ လုပ်ရပေမည်။ ပြည်သူလူထုက ထို အခွင့်အရေးကို လက်မလွတ်တမ်း အသုံးချနိုင်ရန် လိုအပ်ကြောင်း ယခုကပင်ကြိုတင်၍ အသင့်ပြင်ထားကြရလိမ့်မည်။

( ) လွတ်လပ်ရေး သက်တမ်းနှစ် ( ၆၀ ) တိုင်ရှိခဲ့ပြီဖြစ်သော်လည်း ဗမာ အပါအ၀င် တိုင်းရင်းသား အပေါင်းတို့သည် နယ်ချဲ့ အင်္ဂလိပ် ကျွန်ဘ၀မှ ပခုံးပြောင်းကာ စစ်တပ်၏ ကျွန်ဘ၀အောက် ရောက်ခဲ့ရပါသည်။ အဖိနှိပ်ခံ ပြည်သူများအနေဖြင့် မိမိတို့ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနိုင်ရေးအတွက် တစ်ဦး တစ်ယောက်ချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ လူမျိုး အသီးသီးအလိုက်သော်လည်းကောင်း၊ တောင်တန်းမြေပြန့် မခွဲခြားဘဲ စုပေါင်းလက်တွဲခြင်းဖြင့် လာမည့်လူထု ဆန္ဒခံယူပွဲတွင် ဆန့်ကျင် ကန့်ကွက်မဲပေးနိုင်ခြင်းသည် မိမိအခွင့်အရေးအတွက်သာမက နောင်မျိုးဆက်အတွက်ပါ ကာကွယ်သမှုပြုရာရောက်သည်။

( ) ညောင်နှစ်ပင်ညီလာခံသည် ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး၏ ကံကြမ္မာကို ဖန်တီး၍ ချောက်ထဲသို့ တွန်းချနေခြင်းကို ကာကွယ်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မကြာမီကျင်းပတော့မည့် လူထု ဆန္ဒခံယူပွဲတွင် တစ်ခဲနက် ကန့်ကွက်မဲများ ထည့်ပေးရန်သာ ဖြစ်ပါကြောင်း တပ်လှန့်နိုးဆော်လိုက်ရပါသည်။

(မြန်မာနိုင်ငံသူ နိုင်ငံသားများ မိမိကံကြမ္မာမိမိ ဖန်တီးနိုင်ကြပါစေ။)
စစ်မှန်သောနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည် ကျွန်ုပ်တို့ နိုင်ငံသား အားလုံး၏
အဓိက တာဝန်ဖြစ်သည်။

စ၀်ပြည်ငြိမ်း (မောသျှမ်းပြည်)
attack2007@gmail.com

အမျိုးသား ညီလာခံ အခြေခံမူ ၁၀၄ ချက်

အပိုင်း( ၃ )

( ) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ တာဝန်များနှင်းစပ်လျဉ်းပြီး

-၄၄- ( ) တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူအားလုံးသည် နိုင်ငံသားဖြစ်သည်။ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူများသည် နိုင်ငံသားများ ဖြစ်သည်။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသား အဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း ဖြစ်မည်။

-၄၅- ( ) နိုင်ငံသားတိုင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှမူ အခွင့်အရေး၊ လွတ်လပ်မူ အခွင့်အရေး၊ တရားမျှတမူ အခွင့်အရေး စသည်တို့ ခံစားခွင့်ရှိမည်။

-၄၆- ( ) တရားရုံးခွင့်ပြုချက် မရရှိက နိုင်ငံသားတစ်ဦးကို -၂၄-နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရ။

-၄၇- ( ) နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မူ မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးတို့ကို စောင့်ထိမ်းရန် တာဝန်ရှိသည်။

-၄၈- ( ) နိုင်ငံသားတိုင်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည်။

-၄၉- ( ) နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်နှင့်အညီ စစ်ပညာသင်ကြားရန် တာဝန်ရှိမည်။

-၅၀- ( ) နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်နှင့်အညီ စစ်မူထမ်းရန် တာဝန်ရှိမည်။

-၅၁- ( ) ပြည်သူတို့ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

-၅၂- ( ) နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များကို ထိရောက်ခိုင်မာ ပြည့်စုံစေရန် လိုအပ်သော ဥပဒေ ပြဌာန်းမည်ဟု အခြေခံ မူများချမှတ်ပါသည်။

( ) တိုင်းရင်းသားများနှင့် စပ်လျဉ်းပြီး

-၅၃- ( ) နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမူတို့ကို ဖွံ့ဖြိုးတိုးတတ်စေရန် ကူညီဆောင်ရွက်မည်။

-၅၄- ( ) နိုင်ငံတော်သည် တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတတ်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။

-၅၅- ( ) နိုင်ငံတော်သည် တိုးတတ်ဖွံ့ဖြိုးမူ နည်းပါနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမူစီးပွားရေး တိုးတတ်ဖွံ့ဖြိုးမူအတွက် ကုညီဆောင်ရွက်မည်ဟု အခြေံမူများ ချမှတ်ပါသည်။
အခြေခံမူ (၅၃) (၅၄) (၅၅) အရ စာပေ၊ စကား အနုပညာ ယဉ်ကျေးမူတို့သည် တိုင်းရင်းသားများ၏ အသက်ဖြစ်သည်။ ၄င်းတို့ကို ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားများ၏ မူလတာဝန်ဖြစ်သည်။ ဗဟို အစိုးရ အနေဖြင့် ကူညီဆောင်ရွက်မည်ဟု အပြောသက်သက် မဖြစ်စေဘဲ လက်တွေ့ဦးစီးဆောင်ရွက်ရပေမည်။
လက်ရှိနိုင်ငံတော် အာဏာပိုင်များ၏ ဆောင်ရွက်ချက်သည် ဗမာလူမျိုးတို့၏ စကား၊ စာပေနှင့် ယဉ်ကျေးမူတို့ကို ရှေ့ တန်းတင်ထားသော်လည်း တိုင်းရင်းသားတို့၏ စာပေ ယဉ်ကျေးမူတို့ကို မှေးမှိန်အောင် ပြုလုပ်နေကြပါသည်။ ဥပမာ - နယ်စပ်ဒေသများအထိ ဗမာစာကိုသင်ကြားနိုင်ရန် မူလတန်းကျောင်းများ ဖွင့်လှစ်ရန်ကြိုးစားပြီး ဒေသခံတိုင်းရင်းသားဘာသာ၊ စာပေ ထွန်းကားရေးကို ဖိနှိပ်ဟန့်တားနေသည်မှာ အထူးပြောဖွယ်မရှိပါ။
ယဉ်ကျေးမူဆိုရာ၌လည်း လက်ရှိကျင်းပနေသော ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများသည် ဗမာ့သုခုမ၊ အနုပညာထွန်းကားရေးကို လုပ်ဆောင်နေသည့် အပြင် တိုင်းရင်းသား ယဉ်ကျေးမူတို့ကို ၀ါးမြိုလျက်ရှိသောကြောင့် တိုင်းရင်းသား၊ စကား၊ စာပေ၊ ယဉ်ကျေးမူ ထွန်းကားရေးတို့ကို အခြေခံဥပဒေတွင် လေးနက်စွာ ဖေါ်ပြထားရပေမည်။

( ) တောင်သူလယ်သမား များနှင့် စပ်လျဉ်းပြီး

-၅၆- ( ) နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဌာန်းဆောင်ရွက်ရမည်။

-၅၇- ( ) တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲ သီးနှံများ သင့်တင့် မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။
အခြေခံမူ (၅၆) နှင့် (၅၇) အရ စိုက်ပျိုးရေးနိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအဖို့ ကျေးဇူးရှင်တောင်သူဦးကြီးများကို ကူညီဆောင်ရွက်မည်ဆိုသည့် အသုံးအနှုံးအစား ဦးစီးဆောင်ရွက်ပေးမည်ဟု ဖေါ်ပြရပေမည်။ တောင်သူလယ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းပေး၍ ညှိနှိုင်းဆောင်ရွက်ရမည်။

( ) အလုပ်သမားများနှင့် စပ်လျှင်းပြီး

-၅၈- နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ဥပဒေများ ပြဌာန်းဆောင်ရွက်မည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၅၈) အရ အဓိက လူတန်းစားဖြစ်သော အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် အခြေခံ အလုပ်သမား သမ္မဂများကို ဖွဲ့စည်းခွင့်ပေး၍ အလုပ်သမားရေးရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးရမည်။

( ) အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စပ်လျဉ်းပြီး

-၅၉- နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်မည်ဟု အခြေခံမူ ချမှတ်ပါတယ်။
အခြေခံမူ (၅၉) အရ နိုင်ငံတော်သည် ခေတ်မီနိုင်ငံတော်ဆီသို့ လျှောက်လှမ်းနေသောကြောင့် တတ်သိပညာရှင်များ၏ အကျိုးကို အားပေးချီးမြှောက်ရမည့်အပြင် ဘ၀လုံခြုံရေးကိုလည်း ကာကွယ်ပေးရမည်။

( ) နိုင်ငံ့ ၀န်ထမ်းများနှင့် စပ်လျဉ်းပြီး

-၆၀- ( ) နိုင်ငံ့ ၀န်တမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်။
အခြေခံမူ (၆၀) အရ အမျိုးသာနိုင်ငံရေးဟု အပေါ်ယံအားဖြင့် မြင်ရသော အချို့ ကိစ္စများသည် ပါတီနိုင်ငံရေးဘက်သို့ ယိမ်းယိုင်သွားလေ့ရှိသဖြင့် ဤကဲ့သို့သော အခြေခံမူမျိုးကို ရှောင်ရှားရမည်။ သို့မှသာ ဒီမိုကရေစီနီုင်ငံတော်၏ ၀န်ထမ်းကောင်းများ အဖြစ် ပီပြင်လာစေမည်။

-၆၁- ( ) နိုင်ငံတော်သည် နိုင်ငံ့ ၀န်ထမ်းများ၏ လုပ်ငန်းခွင် အာမခံချက်ရရှိရေး၊ စားဝတ်နေမူ ဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီး ၀န်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမူ သက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

() အမျိုးသားရင်ကျေးမှုနှင့်စပ်လျဉ်းပြီး - -

-၆၂- နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။
အခြေခံမူ (၆၂) အရ အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ ဗမာသာမက တိုင်းရင်းသားအားလုံးကို ဆိုလိုသည်။ ထို့ကြောင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများကိုလည်း ကာကွယ်ပြဌာန်းပေးရမည်။

( ) ပညာရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်းပြီး - -

-၆၃- ( ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်မည်။

-၆၄- ( ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများက ပါဝင်ဆောင်ရွက်နိုင်အောင် လိုအပ်မည့်ဥပဒေ ပြဌာန်းဆောင်ရွက်မည်။

-၆၅- ( ) နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်း ပညာရေးစနစ်ဖော်ဆောင်မည်။
အခြေခံမူ (၆၅) အရ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြားစေရန် ပြဌာန်းပေးရမည်။

-၆၆- ( ) နိုင်ငံတော်သည် ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ကို ဖော်ဆောင်မည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

( ) စိုက်ပျိုးရေးနှင့် စပ်လျဉ်းပြီး - -

-၆၇- နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းမည်ဟု အခြေခံမူချမှတ်ပါတယ်။

( ) စက်မှုလက်မှုနှင့် စပ်လျဉ်းပြီး - -

-၆၈- နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းမည်ဟု အခြေခံမူချမှတ်ပါတယ်။

( ) အလုပ်အကိုင်နှင့် စပ်လျဉ်းပြီး - -

-၆၉- နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။

( ) မိခင်၊ ကလေး၊ အိုမင်းမစွမ်းသူများနှင့် စပ်လျဉ်းပြီး - -

-၇၀- ( ) နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသာများအားကြည့်ရှုစောင့်ရှောက်မည်။

-၇၁- ( ) နိုင်ငံတော်သည် မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျှောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကိုအခမဲ့သင်ယူနိုင်စေရန် စီမံဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။
အခြေခံမူ (၇၁) အရ တပ်မတော်သားများသည် လစာငွေ၊ ယူနီဖောင်း၊ ရိက္ခာ အပြည့် အ၀ရရှိသောကြောင့် အခြားဝန်ထမ်းများထက် အခွင့်အရေးပိုမို ရရှိပြီးသားဖြစ်သည်။ အခွင့်အရေးပိုမိုပေးခြင်းအားဖြင့် ၀န်ထမ်း အကြား စိတ်ဝမ်းကွဲပြားစေမည့် အန္တရာယ်ကို ဖြစ်စေပါသည်။

( ) လူငယ်နှင့် စပ်လျဉ်းပြီး - -

-၇၂- နိုင်ငံတော်သည် လူငယ်များအား မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်မည်ဟု အခြေခံမူ ချမှတ်ပါတယ်။

( ) ဘာသာ၊ သာသနာရေးနှင့် စပ်လျဉ်းပြီး- - -

-၇၃- ( ) ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်တို့နှင် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ၊ သာသနာရေးတွင်လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိရမည်။

-၇၄- ( ) ဘာသာ၊ သာသနာရေးဆိုင်ရာ ကိုးကွယ်တည်ဆောက်မှုနှင့် ဆက်စပ်နေစေကာမူ ထိုသို့ဆက်စပ်နေသော စီးပွားရေး၊ ဘဏ္ဌာရေး၊ နိုင်ငံရေးနှင့် အခြားလောကီရေးဆောင်ရွက်မှုတို့ကို အထက်ပါအခွင့်အရေးတွေ မပါဝင်စေရ။

-၇၅- ( ) ထိုသို့လွတ်လပ်သောအခွင့်အရေးများကို ပေးထားသော်လည်း ပြည်သူ့ အကျိုးကိစ္စ၊ ပြုပြင်ရေးကိစ္စ တို့အတွက် နိုင်ငံတော်၏ဥပဒေပြုခြင်းကို မတားမြစ်ရ။

-၇၆- ( ) ဗုဒ္ခဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသ နှင့် ပြည့်စုံသည့် ဘာသာ၊ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။

-၇၇- ( ) နိုင်ငံတော်သည် အစ္စလမ် ဘာသာသာသနာ၊ ခရစ်ယာန် ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသောကိုးကွယ်ရာ ဘာသာသာသနာများဟူ၍ အသိအမှတ်ပြုသည်။

-၇၈- ( ) နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို နိုင်ငံတော်က တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

-၇၉- ( ) နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့အပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတို့ ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူများအတွက် အပြစ်ဒဏ် ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်ဟု အခြေခံမူများချမှတ်ပါတယ်။
ဘာသာ၊ သာသနာရေးနှင့်စပ်လျဉ်း၍ ခရစ်ယာန် အများစုဖြစ်သော ကချင်တောင်တန်း၊ ချင်းတောင်တန်း၊ ကယားပြည်နယ်၊ ကရင်ဒေသ တို့တွင် လွတ်လပ်စွာကိုးကွယ်ခွင့်ပေးရမည်။ ဗုဒ္ခဘာသာကို အသုံးချပြီး အခြားသော ဘာသာများအပေါ် မဖိနှိပ်ရ၊ လက်တွေ့အနေဖြင့် ခရစ်ယာန် အများစုဖြစ်သော တိုင်းရင်းသားဒေသများတွင် ဘာသာရေးနှိပ်ကွပ်မှုများကို သင်ခန်းစာယူ၍ ကာကွယ်တားဆီးရမည်။

( ) စီးပွားရေးနှင့်စပ်လျဉ်းပြီး - -

-၈၀- ( ) နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက် စီးပွားရေးစနစ် ဖြစ်သည်
အခြေခံမူ (၈၀) အရ ဈေးကွက်စီးပွားရေးစနစ်ဆိုရာ၌ အာမခံချက်ရှိသော ဈေးကွက်စနစ်ကို ပြဌာန်းပေးနိုင်ရမည်။ သစ်သားပြားပေါ်တွင် ဆေးသုတ်ပြီး `တပ်ပိုင်မြေ´ ဟုရေးသားကာ ပြည်သူ့အိုးအိမ်၊ ခြံ မြေ လယ်ယာမြေများပေါ်တွင် စိုက်ထူ၍ ပြန်လည်ရောင်းစားသော `ခေတ်သစ်စစ်တပ် စီးပွားရေးစနစ်´ ကိုကာကွယ်ပြဌာန်း ပေးနိုင်ရမည်။


-
၈၁- ( ) နိုင်ငံတော်သည် အမျိုးသား စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမ၀ါယမအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေးအင်အားစုအားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်။


-
၈၂- ( ) နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။
အခြေခံမူ (၈၂) အရ အပြောထက်အလုပ်ကသာ ပဓါနကျပါတယ်။ လက်တွေ့အားဖြင့် ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် တိုင်းပြည်စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားသောကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့်အပြင် အာဏာပိုင်လူတချို့ နှင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများသာ ခံစားနေရသောကြောင့် သင်ခန်းစာယူ၍ ကာကွယ်တားဆီးရမည်။

-၈၃- ( ) နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်းမြှင့်ရေးနှင့် အထွေထွေအရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရူဆောင်ရွက်မည်။

-၈၄- ( ) နိုင်ငံတော်သည် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီမည်။

-၈၅- ( ) နိုင်ငံတော်သည် စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု။

-၈၆- ( ) နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ
(၈၆) အရ တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ဆိုသည့်အစား အာမခံချက်ရှိအောင် ရွှေစဘော်တင်၍ ထုတ်လုပ်သော ငွေကြေးသာဖြစ်ရမည်။ သို့မှသာ ငွေကြေးတန်ဖိုးသည် တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိမည်။

Wednesday, 8 August 2007

၈.၈.၈၈ အတွက် ကိုမင်းကိုနိုင်ရေးတဲ့ ကဗျာ

တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှ မခံ ဒေါင်းအလံဟေ့။

ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်မယ်။

Tuesday, 7 August 2007

အမျိုးသား ညီလာခံ၏ အခြေခံမူ (၁၀၄) ချက်

အပိုင်း(၂)

( င ) နိုင်ငံတော် အကြီးအကဲနှင့် စပ်လျဉ်းပြီး

-၁၉ - ( ၁ ) နိုင်ငံတော် အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်။
သမ္မတ၏ အဆင့်အတန်းကို သတ်မှတ်ရာတွင် စစ်မှုထမ်းသော ဗိုလ်ချုပ်ကြီးများကို ဦးစားပေးခြင်းမရှိစေရ။ ယခုဖွဲ့စည်းပုံအရ သမ္မတသည် စစ်ရေးတတ်ကျွမ်းရမည်ဆိုသောကြောင့် ဗိုလ်ချုပ်ကြီးများသာလျှင် သမ္မတဖြစ်ပေါ်လာရေးကို တံခါးဖွင့်ပေးထားရာရောက်ပါသည်။

-၂၀ - ( ၂ ) နိုင်ငံတော် သမ္မတကို ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်မည်ဟု အခြေခံ မူများချမှတ်ပါတယ်။

( စ ) နိုင်ငံတော် အချုပ်အခြာအာဏာ ပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်း၍

-၂၁ - ( ၁ ) နိုင်ငံတော် အချုပ်အခြာအာဏာ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်မလှန် ထိမ်းကျောင်းခြင်းတို့ ပြုသည်။

-၂၂- ( ၂ ) ထိုသို့ ပိုင်းခြားထားသည့် နိုင်ငံတော် အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အထက်ပါ အခြေခံမူ ( ၂၁ ) ( ၂၂ )သည် အုပ်ချုပ်ရေး အာဏာပိုင်များက တရားစီရင်ရေး ကဏ္ဍတွင် ၀င်ရောက်စွက်ဖက်နိုင်ရန် လမ်းဖွင့်ထားသည့် သဘောဖြစ်၍ (လုံးဝ) မှားယွင်းမှု ဖြစ်သည်။ အာဏာသုံးးရပ်သည် သီးခြား ကင်းလွတ်မှသာလျှင် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် ဖြစ်နိုင်ပါသည်။

( ဆ ) ဥပဒေပြုရေးနှင့် စပ်လျဉ်းပြီး - -

-၂၃ - ( ၁ ) နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေး အာဏာကို ခွဲဝေအပ်နှင်းမည်။

-၂၄ - ( ၂ ) ပြည်ထောင်စု လွှတ်တော်တွင် လူဦးရေကို အခြေခံရွေးချယ်တင်မြှောက်သည့် လွှန်တော်တစ်ရပ်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စာလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ် ပေါင်းနှစ်ရပ်ပါရှိသည်။

-၂၅- ( ၃ ) တိုင်းဒေသကြီး ( ၇ ) ခုတွင် တိုင်းဒေသကြီး လွှတ်တော် တစ်ရပ်စီနှင့် ပြည်နယ် ( ၇ ) ပြည်နယ်တွင် လွှတ်တော် တစ်ရပ်စီရှိသည်။

-၂၆- ( ၄ ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။

-၂၇- ( ၅ ) လျှော်ကန်သင့်မြတ်သည့် လူဦးရေ ရှိသည့် တိုင်းရင်းသား လူမျိုးများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၂၃-၂၄-၂၅-၂၆-၂၇)အရ အမည်ခံ ပြည်ထောင်စုမျိုးသာ ဖြစ်ပြီး စစ်မှန်သော ပြည်ထောင်စုမျိုး မဟုတ်ပေ။ လွှတ်တော်ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီး ( ၇ ) ခုကို ရည်ညွန်းထားသောကြောင့် မဟာဗမာ ပြည်ထောင်စုမျိုးသာ ပေါ်လွင်စေသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်လည်း တပ်မတော်မှ ရွေးချယ် ယှဉ်ပြိုင်မူ မရှိဘဲ အလိုအလျှောက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခြင်းကြောင့် အခြေခံ ဒီမိုကရေစီနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ မဟာစစ်အာဏာရှင် ပြည်ထောင်စု သဏ္ဍန်ပေါ်ပေါက်ရေးကို ဖန်တီးထားသောကြောင့် ဗမာအပါအ၀င် တိုင်းရင်းသား ပြည်သူအပေါင်း တပြေးညီ နစ်နာပေမည်။

( ဇ ) အုပ်ချုပ်ရေးနှင့် စပ်လျဉ်းပြီး - - -

-၂၈- ( ၁ ) နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်။
အခြေခံမူ ( ၂၈ ) အရ အုပ်ချုပ်ရေး အကြီးအကဲသည် ၀န်ကြီးချုပ်သာလျှင် ဖြစ်ရမည်။

-၂၉- ( ၂ ) နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ် ပေးသည့်အတိုင်း ခွဲဝေ အပ်နှင်းသည်။

-၃၀- ( ၃ ) ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ် အုပ်ချုပ်ရေး စသည့်တာဝန်များ ထမ်းဆောင်နိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သားများပါဝင်သည်။
အခြေခံမူ ( ၃၀ ) အရ တပ်မတော်သားများ နေရာတကာ မပါဝင်စေရပါ။ ထို့ကြောင့် အာဏာသုံးရပ်ကို သီးခြားဖြစ်နေရန် ခွဲခြားထားရမည်။

-၃၁- ( ၄ ) အထက် အပိုဒ် ( ဆ ) အပိုဒ်ခွဲ ( ၅ ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေးတွင် ကိုယ်စားလှယ်ပါဝင်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးဖြစ်လျှင် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်အုပ်ခွင့်ရ စီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသား လူမျိုးများ ရေးရာကို ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရန်ဖြစ်သည်။

-၃၂- ( ၅ ) အထက်အပိုဒ် (ဃ) အပိုဒ်ခွဲ (၅) နှင့် (၆)၊ အပိုဒ် (ဆ) အပိုဒ်ခွဲ (၅)နှင့် ဤအပိုဒ် အပိုဒ်ခွဲ (၄)ပါ ကိစ္စရပ်များကို နိုင်ငံတော်က ကော်မရှင် ဖွဲ့စည်း၍ ဆောင်ရွက်ပေးရန်ဖြစ်သည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။

(ဈ) တရားစီရင်ရေးနှင့် စပ်လျဉ်းပြီး

-၃၃- ( ၁ ) နိုင်ငံတော်၏ တရားစီရင်ရေး အာဏာကို ပြည်ထောင်စုတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားလွှတ်တော်များ အပါအ၀င် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေ အပ်နှင်းသည်။

-၃၄- ( ၂ ) ပြည်ထောင်စုတွင် ပြည်ထောင်စု တရားလွှတ်တော် တစ်ရပ်ထားရှိသည်။ ပြည်ထောင်စု တရားလွှတ်တော်သည်နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။

-၃၅- ( ၃ ) ပြည်ထောင်စု တရားလွှတ်တော်တွင် စာချွန်တော် အမိန့်များ ထုတ်ပိုင်ခွင့် အာဏာများရှိသည်။

-၃၆- ( ၄ ) တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီးတရားလွှတ်တော် တစ်ရပ်စီ လည်းကောင်း၊ ပြည်နယ်တိုင်းတွင် ပြည်နယ်တရားလွှတ်တော် တစ်ရပ်စီလည်းကောင်း ထားရှိသည်။

-၃၇- ( ၅ ) အောက်ပါ တရားစီရင်ရေးမူများ သတ်မှတ်သည်။
- ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေး
- ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့ မှောက်တွင် တရားစီရင်ရေး
- အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေးဟု အခြေခံမူများ ချမှတ်ပါတယ်။

( ည ) တပ်မတော်နှင့် စပ်လျဉ်းပြီး

-၃၈- ( ၁ ) တပ်မတော်သည် အင်အားတောင့်တင်းပြီး ခေတ်မီသည့် တစ်ခုတည်းသောတပ်မတော်ဖြစ်သည်။
အခြေခံမူ ( ၃၈ ) အရ တိုင်းပြည်အင်အား ရှိမှ သာလျှင် တပ်မတော်အင်အားလည်း အလိုအလျောက် တောင့်တင်းပေမည်။ `နွားရှေ့ ထွန်ကျူး´ ဆိုသည့် ဆိုရိုး စကားအတိုင်း တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည်မှာ `ပြဒါးတစ်လမ်း သံတစ်လမ်း´ ဆိုသည့်ဥပမာအတိုင်း ဖြစ်နေသည့်အတွက် အထူးဂရုပြုသင့်ပေသည်။

-၃၉- ( ၂ ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

-၄၀- ( ၃ ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်။
အခြေခံမူ ( ၄၀ ) အရ ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်၏ အကြီးအကဲသာ ဖြစ်ရမည်။ ပြည်ထဲရေး တပ်များ၏ အကြီးအကဲ မဖြစ်စေရ။ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ လုံခြုံရေးတပ်ဖွဲ့များမှာ တပ်မတော်မှ ပြည်သူလူထုအပေါ် လက်ဝါးကြီး မအုပ်စေရန် ဥပဒေကြောင်းအရ ဖွဲ့စည်းထားခြင်းဖြစ်သည်။

-၄၁- ( ၄ ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။

-၄၂- ( ၅ ) ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တန့် ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်။

-၄၃- ( ၆ ) တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။
အခြေခံမူ ( ၄၃ ) အရ တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန်အစား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားသော အစိုးရကို သစ္စာစောင့်သိရပါမည်။ သို့မှသာလျှင် ဒီမိုကရေစီနိုင်ငံတော်၏ တပ်မတော် အဖြစ် ပီပြင်လာပါမည်။

ဆက်ရန်