Sunday, 9 September 2007

သပိတ်ပွဲထဲ ပါဝင် ဆင်နွဲကြပါစို့

ဦးသန်းရွှေမိသားစုပိုင်..ဂျေဒိုးနတ်စားသောက်ဆိုင်များနှင့် မြတ်ခိုင်၏ ဂျာနယ်များကို သပိတ်မှောက်နေကြ့ပီ.

သံဃာ့ဂိုဏ်း သင့်သောသူ..သံဃာ့ကိုသွေးခွဲသောသူ..ဦးသန်းရွှေ ၏မိသားစုပိုင်.ဂျေဒိုးနတ်စားသောက်ဆိုင်များ နှင့် ဆရာ ဂိုဏ်းသင့်သောသူ..မြတ်ခိုင်၏ အချစ် ဂျာနယ် နှင့်  လျှပ်တပြက် ဂျာနယ်များကို မြန်မာပြည်သူ ရဟန်း ရှင်လူုများက.မစားရေး မဖတ်ရေး.စတင် သပိတ်မှောက်နေကြပြီ ဖြစ်ပါသည်။

သင်ရော...တကယ်..မျိုးချစ်စိတ်ထက်သန်သူဖြစ်ပါက.
ဒိုးနတ်မစား..လိမ်ညာသော ဂျာနယ်မဖတ်
အေးချမ်းစွာ.လမ်းလျောက်တတ်ကြပါစေခင်ဗျား

Saturday, 8 September 2007

သံဃာတော်တွေ သပိတ်မှောက်တာ ၀ိနည်းနဲ့ ညီ၊ မညီ

မနေ့က အလုပ်ကိစ္စတွေ အပြီး အိမ်အပြန်မှာ ဘုန်းကြီးကျောင်းကို ခဏ၀င်ပြီး ဗုဒ္ဓဘာသာနဲ့ ပက်သပ်ပြီး သံဃာတော်တွေ သပိတ်မှောက် တာ ၀ိနည်းနဲ့ ညီ၊ မညီကို ဆရာတော်ထံ ကျွန်တော် လျှောက်ထား မေးမြန်းခဲ့ပါတယ်။ အဲဒီအခါ ဆရာတော်က ဘုရားဟောခဲ့တဲ့ တရားတော် အကြောင်းကို သေချာ မိန့်ကြားတော်မူခဲ့ပါတယ်။ ဆရာတော် မိန့်ကြားခဲ့တဲ့ မြတ်စွာဘုရား ဟောကြားတော်မူသော သပိတ်မှောက်ကံ ခွင့်ပြုပုံနှင့် စပ်လျှင်းပြီး ......

မြတ်စွာဘု၇ား ဟောကြားတော်မူခဲ့သော ၀ိနယ ပိဋိက စူဠ၀ဂ္ဂပါဃဠိတော်လာ သပိတ်မှောက်ကံ ခွင့်ပြုပုံမှာ

အထခေါ ဘဂ၀ါ ဘိက္ခူ တေနဟိ ဘဂဝေ သံဃော ၀ဍ္ဎဿ လိစ္ဆ၀ဿ ပတံ နိကုဇ္ဇတု၊ အသမ္ဘောဂံ သံဃေန ကရာတု။ အဌိဟိဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတဿ ဥပါသကဿ ပတ္တော နိကုဇ္ဇိတဗ္ဗော။ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ၊ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ။ ဘိက္ခူနံ အာဝါသာယ ပရိသက္ကတိ။ ဘိက္ခူ အက္ကောသတိ ပရိဘာသတိ၊ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတီတိ၊ ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ၊ ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ၊ သံဃဿ အ၀ဏ္ဏံ ဘာသတိ။ (၂၆၃)

(ဘာသာပြန်) ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပသကာအား သပိတ်မှောက်ခြင်းကို ပြုအပ်၏။
  1. ရဟန်းတို့ကို လာဘ်မရအောင် အားထုတ်ခြင်း
  2. ရဟန်းတို့ကို အကျိုးမဲ့ ဖြစ်အောင် အားထုတ်ခြင်း
  3. ရဟန်းတို့ကို နေရာမရအောင် အားထုတ်ခြင်း
  4. ရဟန်းတို့ကို ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း
  5. ရဟန်းတို့ကို အခြင်းခြင်း ကွဲပြားအောင် ဂုံးတိုက်ခြင်း
  6. ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း
  7. တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း
  8. သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း တို့ဖြစ်ကြသည်။

ယခု နအဖတို့၏ လုပ်ရပ်များကို ကြည့်ပြီး သပိတ်မှောက်ကံ ဆောင်သင့်၊ မသင့်ကို ကျွန်တော်တို့ ချိန်ထိုးကြည့်ပြီး ၀ိနည်းတော်နှင့် ညီ၊ မညီ ကြည့်ကြရအောင်

















ဤ သတင်းစာပါ အချက်များကို ကြည့်ခြင်းအားဖြင့်ပင် သံဃာတော်များမှ သပိတ်မှောက်ကံ ဆောင်ကြမည်ဆိုလျှင် ၀ိနည်းတော်နှင့် ညီကြောင်းတွေ့ရသည်။ အကြောင်းများမှာ...
မကွေးတိုင်း ပခုက္ကူမြို့ အကျောင်းတိုက် အချို့ရှိ သံဃာတော်များ ဆန္ဒပြမည်ဟု ကြားသဖြင့် တာဝန်ရှိသူများက စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက် လျှော်ထား ထိန်းသိမ်းခဲ့ရာ လက်ခံပဲ ......................... ထပ်မံ ဆန္ဒပြသဖြင့် သေနတ်ပစ်ဖောက် ခြောက်လှန့်ခဲ့ရကြောင်း

အဲဒီမှာတင် မြတ်စွာ ဘုရား ဟောခဲ့သော တရားတော်၏ စတုတ္ထမြောက် အချက်အရ သပိတ်မှောက်ကံဆောင်နိုင်ပါသည်။ သူတို့၏ သတင်းစာထဲတွင်ပင် အထင်ကရ ခြောက်လှန့်ခဲ့ရသည်ဟု သုံးနှုံးထားသည်မှာ ၀န်ခံချက်ဖြစ်သည်။

နောက်တနေ့တွင်လည်း အခြားသံဃာတော်များကို အဆိုပါကြောင်းများသို့ ပင့်ဆောင်သွားပြီး သံဃာထု အကြား သွေးကွဲအောင် လူအင်အားသုံးပြီး ဂုံးချောစကားများ ဆိုခဲ့ကြောင်း သူတို့ရေးသော သတင်းစာများအရ ကောက်ချက်ချနိုင်လေသည်။ ထိုအချက်သည် မြတ်စွာဘုရား တရားတော်၏ အချက် ၅ ကို ကျူးလွန်ကြကြောင်း ထင်ရှားသည်။

နောက်ဆုံးတွင် ထိုသံဃာများက ဆန့်ကျင်ဘက် အဖွဲ့အများနှင့် ပူးပေါင်း၍ တိုင်းပြည်ကို ဆူပူမူ ဖြစ်အောင် လုပ်ဆောင်သည်ဟု ရေးသားထားခြင်းမှာ သံဃာတော်များ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောခြင်းဆိုသော အချက် နံပါတ် ၈ ကို ကျုးလွန်ထားပြန်လေသည်။

ထိုအပြင် သံဃာတော်များကြားတွင် မြို့နယ် သံဃ နာယကနှင့် စာသင်သား သံဃာတော်များ အကြားတွင် သံဃာသင်းကွဲအောင် သာသနာတော်ကို ဖျက်ဆီးသည့် အမူများကို ဆောင်ရွက်ခဲ့ကြကြောင်း သူတို့၏ သတင်းစာအရ အထင် အရှားပင်ဖြစ်သည်။

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် နအဖ၏ တဖက်သက် သတင်းစာများထဲတွင်ပင် သူတို့၏ တိုင်းပြည်သာသနာကို ဖျက်ဆီးလိုကြောင်း အရိပ်၊ နိမိတ်များ ပြဆို ရေးသားထားခဲ့ရုံမျှမက သံဃာထု တစ်ရပ်လုံးကို ဆော်ကားရာရောက်သဖြင့် သံဃာတော်များ သပိတ်မှောက်ကံဆောင်ပါက မြတ်စွာဘုရား၏ ၀ိနည်းတော်နှင့် ညီကြောင်း သုံးသပ်လိုက်ရပါသည်။

(ယခု ဆောင်းပါးသည် နအဖ၏ သတင်းစာတွင်ပါရှိသော အချက်များကိုသာ မူတည်၍ ၀ိနည်းနှင့် ချိန်ထိုးခြင်းသား ဖြစ်ပါသည်။ အပြင်သတင်းများနှင့်ပါ ချိန်ထိုးရလျှင် ထို့ထက် ပိုဆိုးမည်ဆိုတာ အားလုံး အသိပင်ဖြစ်ပါသည်။)


ကိုထိုက်

သံဃာတော်များ၏ ကြေငြာချက်

Monday, 3 September 2007

စောစောအိပ်လို့ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့


ရန်ကုန်မြို့နေ လိုင်းကားကိုသာ အားကိုးအားထားပြုနေရသော အစိုးရ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကုမ္ပဏီဝန်ထမ်းများ၊ အလုပ်သမားများနှင့် နိစ္စဓူဝ သွားလာရုန်းကန် လှုပ်ရှားနေရသော လူထုအားလုံးအား အောက်ပါအတိုင်း လေးစားစွာ အကြံပြုအပ်ပါသည်။

သေရေးရှင်ရေး၊ အရေးကြီးသော လုပ်ငန်းများမှအပ၊ နိစ္စဓူဝ လှုပ်ရှားရုန်းကန် လုပ်ကိုင်နေရ သော နေ့စဉ်အလုပ်သို့ (မိမိသွားလိုရာ အလုပ်သို့) နံနက်စောစောထကာ လမ်းလျှောက်၍ သွားခြင်းကို (၅၊ ၉၊ ၀၇) ရက်နေ့မှစ၍ စုဖွဲ့၍ သွားခြင်းမျိုးမဟုတ်ဘဲ မိမိအစီအစဉ်နှင့်မိမိ လမ်းလျှောက်၍ သွားကြပါရန် ပန်ကြားအပ်ပါသည်။

လမ်းလျှောက်ခြင်းအားဖြင့်

၁။ ကျန်းမာရေးနှင့် ညီညွတ်ခြင်း

၂။ ငွေကြေး အကုန်အကျ သက်သာခြင်း( မိသားစုအတွက် အပိုဝင်ငွေ စုမိခြင်း)

၃။ အများအကျိုးအတွက် ဘ၀ကိုစွန့် အဖမ်းအဆီးခံနေရသော ဆန္ဒထုတ်ဖော်သူများကို ကရုဏာသက်ရာရောက်ခြင်း၊

၎။ ကုန်ဈေျးနှုန်းတက်ခြင်း၊ ကားခဈေးတက်ခြင်းတို့ကို မိမိကိုယ်တိုင်က လက်မခံခြင်းကို ငြိမ်းချမ်းစွာ (မိမိဘာသာ) ဆန္ဒပြခြင်း

ထိုကဲ့သို့ သဘောပိုက်ကာ နှစ်ဆင့်သွားရမည့် ခရီးကို တစ်ဆင့်သာ ကားစီး၍ ကျန်တစ်ဆင့်ကို လမ်းလျှောက်၍ သွားကြပါရန်၊ မိမိလျှောက်နိုင်သလောက်အပိုင်းကိုသာ လျှောက်ခြင်းအားဖြင့် ကိုယ်ကျိုး မဖက် ဘ၀ကိုစွန့်လွှတ်၍ အများအကျိုးအတွက် အဖမ်းဆီးခံ ဆန္ဒပြ လမ်းလျှောက်သူတို့အား လေးစားဂရုဏာသက်ခြင်းကို ပြကြပါရန် အနူးအညွတ် ပန်ကြား၊ တိုက်တွန်း၊ နှိုးဆော်လိုက်ပါသည်၊

မှတ်ချက်။ ။ ငြိမ်းချမ်းစွာ လမ်းလျှောက်ခြင်းအားဖြင့် မိမိဆန္ဒကို လွတ်လပ်စွာ ဖေါ်ထုတ်နိုင် သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဆန္ဒပြုလိုက်ပါသည်။

ယင်းအစီအစဉ်ကို နီးစပ်ရာ လုပ်ဖေါ်ကိုင်ဖက်များ၊ အိမ်နီးချင်းများမှတဆင့် ဖြန့်ဝေပေးပါ။

ငြိမ်းချမ်း(လမ်းလျှောက်နေသူတစ်ဦး)

သို့ ....... သူရ ဦးရွှေမန်း

မေးစရာ အကြောင်းလေးတွေ ပေါ်လာလို့ ဒီနေရာကနေ ကျွန်တော် တိုင်းပြည်ချစ်တဲ့၊ တပ်မတော်ကို ချစ်တဲ့ မြန်မာနိုင်ငံသား တစ်ယောက် မေးချင်တာလေးတွေကို မေးခွင့်ရမယ်လို့ မျှော်လင့်ပြီး မေးပါရစေ .... ။

မြန်မာ့တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်၊ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တပ်မတော်၊ တိုင်းပြည်အတွက် ရှေ့က ရပ်တည်ပေးတဲ့ တပ်မတော် ဆိုတာ ယုံမှား သံသယ ရှိစရာ မလိုပါဘူး။ တပ်မတော်သားတွေကလည်း ပြည်သူလူထု အတွက် အသက်ပေးထားသူများ၊ တိုင်းပြည်အတွက် အသက်ပေးထားသူများလို့ ဖြစ်ကြတယ်ဆိုတာ လူတိုင်းလက်ခံထားကြပါတယ်။

ဦးရွှေမန်းလို တိုင်းပြည်ချစ်တဲ့ တပ်မတော်သားကောင်းတွေ မြန်မာ့တပ်မတော်ထဲမှာ ဒုနဲ့ဒေး အမြောက်အများရှိတယ် ဆိုတာ ပြည်သူတွေသိကြပါတယ်။ .... ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး .... ဆိုတဲ့ ဦးရွှေမန်းရဲ့ တိကျ ပြတ်သားတဲ့ စကားလုံးတွေကို ကြားရတဲ့သူတိုင်း ကြက်သီးထလောက်ပါတယ်။ သမိုင်းတွင်စေပါတယ်။

တပ်မတော်ရဲ့ အသက်ဟာ ဘာလဲဆိုတဲ့ မေးခွန်းနဲ့ ကျွန်တော် စတင်မေးကြည့်ချင်ပါတယ် ခင်ဗျာ။ ကျွန်တော် ကိုယ်တိုင်ပဲ ဒီမေးခွန်းကို ပြန်ဖြေနိုင်တာမို့ ပြန်ဖြေကြည့်ပါမယ်။ တပ်မတော်ရဲ့ အသက်ဟာ စည်းကမ်းပါပဲ။ စစ်ကမ်းမရှိတဲ့ တပ်မတော်ဟာ အဓိပ္ပါယ်လုံးဝ မရှိပါဘူး။ ဒါဆို စည်းကမ်းဖောက်ဖျက်တဲ့ မလိုက်နာတဲ့ တပ်မတော်သားတွေကို တပ်မတော်က ဘယ်လို အရေးယူပါသလဲ ......။

ဦးရွှေမန်းဟာ အသက်အရွယ်အရ စစ်ရေးအတွေ့အကြုံအရ အဖက်ဖက်မှ ပြည့်စုံသူ တစ်ယောက်ဖြစ်ပါတယ်။ တပ်မတော်မှာ အရည်အချင်းအရ ကြည့်လိုက်လျှင် လက်ရှိတပ်မတော်ကို ခေါင်းဆောင်းသူ တစ်ယောက် ဖြစ်သင့်ပါတယ်။

ဒါကို တပ်မတော်မှာ တပ်မတော်ရဲ့ စစ်စည်းကမ်းအရ တပ်မတော်မှာ အနားယူသင့်ပြီဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဦးမောင်အေးဟာ စစ်စည်းကမ်းကို ဖောက်ဖျက်ပြီး ရာထူးမှ အနားမယူနိုင်သေးတာကို ဦးရွှေမန်းလို အရည်အချင်းရှိသူ တပ်မတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘယ်လို အရေးယူနိုင်ပါသလဲ ခင်ဗျာ ......။

နောက်တစ်ခုကတော့ လူတစ်ယောက် အနေနဲ့ လူရာသွင်း မခံရတဲ့ ဦးရွှေမန်းရဲ့ တပ်မတော်သား ဘ၀ကို ရဲရင့်သူ ခေါင်းဆောင် တစ်ယောက်က ဖိနှိပ်နေကြသူ ဦးသန်းရွှေနဲ့ ဦးမောင်အေးတို့ကို ဥပဒေအရ ဘယ်လို တရားစွဲမယ်လို့ ဦးရွှေမန်း စဉ်းစားထားပါသလဲ။ လူ့ဂုဏ်သိက္ခာ ညှိုနွမ်းရတာဟာ ရှင်လျှက်နဲ့ သေနေရတာဆိုတာကို ကျွန်တော် ကောင်းကောင်း နားလည် ကိုယ်ချင်းစာမိပါတယ်။ ဦးရွှေမန်းနောက်က အမိန့်နာခံနေရတဲ့ တပ်မတော်သားတွေရဲ့ ဘ၀တွေဟာလည်း ဒီလို ပိတ်ဆို့ခံနေရပြီး ခေါင်းဆောင်မပီသတဲ့ လူတွေ နောက်လိုက်နေရတာဟာ တပ်မတော်သားဆိုတဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းနေကြရပါတယ်။

ကျွန်တော့်အနေနဲ့ ဦးရွှေမန်းလို သူရသတ္တိပြည့်စုံသူတစ်ယောက်ရဲ့ တပ်မတော်ဂုဏ်သိက္ခာ၊ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ပိုင် ဂုဏ်သိက္ခာတွေအတွက် သေလျှက်ရှင်နေတဲ့ ဘ၀ကနေ အားလုံး အကြိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ချက်တွေကို မကြာခင် မြင်ရတော့မယ်လို့ မျှော်လင့်မိပါကြောင်း ......

လေးစားစွာဖြင့်

ကိုထိုက်

တိုင်းပြည်ရဲ့ သူရဲကောင်း မနီလာသိန်းနှင့် မိခင်မေတ္တာ

တိုင်းပြည်အပေါ်ထားတဲ့ မနီလာသိန်းရဲ့ သတ္တိနဲ့ မိခင်တစ်ယောက်ထားရှိတဲ့ မေတ္တာကို ကျွန်တော်တို့ ရင်နင့်စွာ ကြားခဲ့ရတာပါ။ အစ်မရေ ကျွန်တော် ဒီကနေ အစ်မကို လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။ အစ်မရဲ့ မျက်ရည်တွေကို ပြည်သူတွေရဲ့ လက်ခုပ်သံနဲ့ သုတ်ပေးပါ့မယ် ....

ကိုထိုက်

Sunday, 2 September 2007

၈ လပိုင်းမှာ

သူ့တယောက်ထဲကိုပဲ မွေးထားတဲ့ မိဘတွေအတွက်
သတင်းစာထဲမှာ မိသားစု တရားဟောလို့
ဒီလမ်း ဒီမြေ ဒီရေပေါ်မှာ...
အနီရောင် မပြယ်သေးတဲ့ ရောင်နီတွေ ကျန်သေးတယ်
ဒီခု ဒီနှစ် ဒီသက္ကရာဇ်တွေမှာ
ပေတရာမကတဲ့ ခြေရာတွေ ကျန်သေးတယ်
ဒို့အရေး
နေပူကြဲကြဲ အလံသဲသဲမှာ
အသံလှိုင်းကြီး ထခဲ့
အရင်တုန်းက ပိုက်ဆံတွေကို စက္ကူလုပ်လိုက်လို့ (၁၉၈၈)
အခု စက္ကူတွေကို ပြာဖြစ်အောင် လုပ်လိုက်လို့ (၂၀၀၇)
တစ်ဝမ်းနဲ့တစ်ခါး ကျိုးပျက်သွားတာချည်းပဲ၊
ဒိန်းကနဲ ဒိန်းကနဲ
သေနတ်တွေ တပြင်ပြင်နဲ့
အုပ်စုလိုက် လူပစ်သတ်ပွဲတွေကြားမှာ
အင်္ကျီ၊ ပုဆိုး၊ ထမိန်(တကိုယ်လုံး) အားလုံး အနီရောင် ခပ်ရဲရဲ ၀တ်ခဲ့ကြရ
ဝါးရင်းတုတ်တွေ တပြပြနဲ့
အုပ်စုလိုက် လူရိုက်သတ်ပွဲတွေကြားမှာ...
၈ လပိုင်းမှာ ဒီမိုကရေစီ
၈ လပိုင်းမှာ လူထုလှုပ်ရှားမှု
ကားလမ်းတလျှောက် ကုန်းကြောင်းလျှောက်လို့
လက်ခုတ်သံကြား ဦးခေါင်းမော့လို့
ဟိုဘက် ဒီဘက် လူ့ငပျက်တွေကြားမှာ
အော်ဆဲ၊ ၀င်ထိုး၊ ပုဆိုးချွတ်၊ ထမိန်ချွတ်၊ ကားပေါ်ပစ်တင်ခံကြရ
ပြည်သူ့ လက်ခုတ်သံနဲ့ ၀ါးရင်းတုတ်တွေ ကျိုးကျန်စေရမယ်
ပြည့်သူ့ဆန္ဒနဲ့ စနစ်ဆိုးကြီး မြေခစေရမယ်
ပြည့်သူ့အသံနဲ့ ဒီမိုကရေစီအလံ တင်ကြမယ်၊

၃၉ မျဉ်းပြိုင်များ

လတ်ပွတ္တာမှ သူရဲကောင်းများ လမ်းခရီးတလျောက် ဘေးကင်းပါစေ။


RFA သတင်း အရ မနက်ဖြန် ၃.၉.၂၀၀၇ တွင် လတ်ပွတ္တာမှ ရန်ကုန်သို့ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြရန် လုပ်ဆောင်နေကြသော သူရဲကောင်းများအား ကြိုဆိုပါသည်။

Saturday, 1 September 2007

အမျိုးသား ညီလာခံတဲ့

အကြိုက်နှစ်သက်ဆုံး ၅ ပုဒ်

အကြိုက်နှစ်သက်ဆုံး ၅ ပုဒ်ဆိုပြီး ကျွန်တော့်ကို တတ်လုပ်ကြတယ်။ ပထမတစ်ယောက်က ခင်မင်ရတဲ့ ပင့်ဂိုလ်း ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ လေးစားချစ်ခင်ရတဲ့ အစ်မ ခင်မင်းဇော်တို့ ၂ ယောက် ဖြစ်ပါတယ်။ (ပင့်ဂိုလ်းရေ ညည်းတတ်တုန်းက ချက်ချင်း မရေးနိုင်တာ တောင်းပန်ပါတယ်။ မအားလို့ပါ။ နောက်တခါ ညည်း `တတ်´ ရင် ခြေမကို ချိုးပေးနိုင်ဖို့ ပြင်ထားလိုက်မယ်။)

အဲဒါနဲ့ သေချာ ပြန်ကြည့်ပြန်တော့ ကျွန်တော် ဘဘော့ရေးတဲ့ သက်တမ်းကလဲ မကြာ၊ စာရေးကလဲနှေး၊ အပျင်းကလဲ ကြီးတော့ စုစုပေါင်းမှ ပို့စ် ၄၀ ပဲရှိသေးတယ်။ ဒါတောင် သူများစာတွေ ကြိုက်လို့တင်တာနဲ့ ဘာသာပြန်တာနဲ့ အသံဖိုင်တွေနဲ့ ပေါင်းလိုက်ရင် ဘာမှ မကျန်တော့ဘူး။ ဒီကြားထဲ ရေးသမျှရဲ့ အကြောင်းအရာတွေအားလုံးက နိုင်ငံရေးပဲ ဖြစ်နေပြန်တယ်။ နအဖ မတရားမှုတွေ ကြည့်ပြီး နိုင်ငံရေး သတ္တ၀ါ ဖြစ်မှန်းမသိ ဖြစ်နေတယ်။ (ဘဘော့ဂါ တစ်ယောက်ရေးတဲ့ နိုင်ငံရေး သတ္တ၀ါ ဆိုတဲ့စကားလုံးလေး ခဏ ငှားသုံးလိုက်ပါတယ်။)

အခုတော့ အကြိုက်ဆုံး ၅ ခု ဆိုတော့ ဘာကို ဘယ်လို ရွေးထုတ်ရမှန်း မသိတော့ဘူး။ ကြိုက်လို့ တင်ထား ရေးထားတာပဲလေ။ (မခင်မင်းဇော် စကား။ ဟီး .. ဟီး .. သူများစကားတွေ quote လိုက်လုပ်ရတာ လွယ်လွယ်လေးပဲ။)

ကဲ စကားရှည်နေရာက အခု အကြိုက်ဆုံး ၅ ခုကို ရွေးကြည့်မိတော့..

၁။ အလိုရှိသည် ဆုငွေ .... နဲ့ ခွေးဋီကာ
၂။ အာဇာနည်နေ့
၃။ အခန်းလွတ်
၎။ အမျိုးသား ညီလာခံ အခြေခံမူ ၁၀၄ ချက်
၅။ မိုးခိုငှက်

ဖြစ်ဖြစ်မြောက်မြောက်နဲ့ ကြိုက်တဲ့ စာလေး ၅ ခု ရွေးထုတ်မိလိုက်ပါတယ်။

ကိုထိုက်