တိုင်းပြည်ရဲ့ အနာဂတ်သည် ကလေး ကစားစရာ မဟုတ်ပါ
အခု ၂၀၀၈ နှစ်ကုန်ခါနီးပြီဆိုတော့ .. မကြာခင် ကျယ်ကျယ်လောင်လောင် ပြောဆို ဆွေးနွေးလာတော့မယ့် ကိစ္စ တစ်ခုကို ကျွန်တော် သတိထားမိနေတယ်။ အဲဒါကတော့ “၂၀၁၀ ရွေးကောက်ပွဲ” ဆိုတဲ့ ကိစ္စပါပဲ။
ကျွန်တော်တို့ သာမန် ပြည်သူလူထုကတော့ လက်နက်ကိုင် သောင်းကျန်းသူ အကြမ်းဖက်သမား နအဖက ခပ်တည်တည် လူရာသွင်း လုပ်မယ်ဆိုတဲ့ အဲဒီ ရွေးကောက်ပွဲ ဆိုတာကို ပြတ်သားစွာ ကန့်ကွက်ကြောင်း တိကျ ပြတ်သားစွာ ပြောလိုပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတစ်ခွန်းကို quote ပြန်လုပ်လိုက်ပါတယ်။
အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲ ရလဒ်ဆိုရင် လစ်လျူရှုလိုက်။
လိုချင်တဲ့ ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ် ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ် နဲ့ ကစားရာ ရောက်ပါလိမ့်မယ်။
တိုင်းပြည်ရဲ့ အနာဂါတ်ဆိုတာဟာ ကစားရမယ့် အရာ မဟုတ်ပါဘူး။
တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့် အရာသာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ဘဲ တောက်ရေးကောက်ပွဲ အသစ် ကျင်းပရေးကို NLD က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။(၁၉၉၈ မေလ ၂၈ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းမှ)
တပြိုင်နက်ထဲမှာပဲ ကိုကျော်မင်းယု (ကိုဂျင်မီ) ပြောခဲ့တဲ့ စကား တစ်ခွန်းကိုလည်း ထပ်မံ ဖေါ်ပြလိုက်ပါတယ်။
နိုင်တဲ့သူ တရားကြေးဆိုပြီးတော့ ကျည်ဆံနဲ့ သမိုင်း ရေးချင်ကြသလား၊
ဟောဒီ ကျောင်းသား မျိုးဆက်ကုန်မှ အဲဒီ တရားကို မင်းတို့ရမယ်၊
နိုင်တဲ့ သူ တရားကြေးဆိုပြီးတော့ အမြှောက်တွေနဲ့ တရားရေးချင်ကြသလား
ကောင်းကင်ပေါ်က မိုးစက်တွေ ခြောက်ခမ်းမှ အဲဒီ သမိုင်းကို မင်းတို့ရမယ်၊
တရားတဲ့သူသာ နိုင်ကြေး …. ဟေ့ ….။(ကိုကျော်မင်းယု (ခ) ဂျင်မီ - ၁၉ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်)
တရားတဲ့သူသာ နိုင်ကြေးပါပဲ။
သောင်းကျန်းသူ နအဖက ဘယ်လိုပဲ သေနတ်ပြပြီး နိုင်အောင် လုပ်လုပ် ဒီနေရာမှာ တစ်ခုတော့ ပြောလိုက်မယ် .. “မင်းတို့ မတရားတာ လုပ်သ၍ ကမ္ဘာမြေကြီးပေါ်မှာ လူသား ဆိုတဲ့ လူမျိုးနွယ်ကုန်မှ မင်းတို့ အနိုင်ရမယ်ဆိုတာ မှတ်ထားလိုက်ပါ။”
လေးစားစွာဖြင့်
ကိုထိုက်









