Sunday 18 April 2010

ဤသို့သော အချက်များကြောင့် ရွေးကောက်ပွဲ ဝင်သင့်ပါတယ်ဟု .....

မကြာခင် အကြမ်းဖက်သမား နအဖ စစ်အုပ်စုမှ ကျင်းပတော့မည် ဖြစ်သော ရွေးကောက်ပွဲနှင့် ပက်သက်၍ မျိုးစုံဝေဖန်ကြတဲ့ အထဲက နအဖ ရွေးကောက်ပွဲအတွက် စပေ့စ်(space) တို့၊ ဘာမှ မရှိတာထက် ရှိတာ ပိုကောင်းတယ်တို့ ဆိုတာတွေကို လူအတော်များများက တုန့်ပြန်ပြောဆိုကြပြီးနောက် ... အထက်ပါ အတွေးအခေါ်များဟာ အကြမ်းဖက်သမား နအဖရဲ့ ရွေးကောက်ပွဲကို NLD က မဝင်ဘူးလို့ ဆုံးဖြတ်ပြီးတဲ့ ကာလမှာ အသုံးမဝင် ရေးပန်းမစား၊ လူထုနဲ့ နိုင်ငံအတွက် အလုပ် လုပ်နေတဲ့ လူတွေကြားမှာ တိုးမပေါက်နိုင်တော့ပါဘူး။

ဒါပေမယ့် အခု နောက်ထပ် ပြောလာတဲ့ စကားအချို့ရှိလာနေပါသေးတယ်။

အဲဒီပြောတာတွေထဲက ပထမ အချက်ကတော့ ....

နအဖရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုရင် သူတို့ရဲ့ ရွေးကောက်ပွဲ ဥပဒေများအရ ပြည်သူလူထုရဲ့ ၅၁ % မဲလာမပေးအောင် ဆန့်ကျင် တိုက်ပွဲဝင်နိုင်မယ်ဆိုရင် သပိတ်မှောက်တာ အောင်မြင်နိုင်မယ်။ ရွေးကောက်ပွဲ ပျက်မယ်ပေါ့။

ဒါပေမယ့် ဒီလို အောင်မြင်အောင် တိုက်ပွဲဝင်နိုင်ဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ ဒီလို မဖြစ်နိုင်တဲ့အခါ ကိုယ့်လူတွေက ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင် နအဖရဲ့ လူတွေပဲ ပါလာတဲ့အခါ ရွေးကောက်ပွဲဥပဒေအရ ပြိုင်ဘက်မရှိရင် အဲဒီဒေသရဲ့ နအဖလူကို မဲပေးစရာ မလိုဘဲ သူ့အလိုလို ရွေးချယ်ပြီးသွားဖြစ်သွားလိမ့်မယ်။ လူထုကလဲ ပြိုင်ဘက်မရှိတဲ့ အဲဒီ နအဖ လူတွေကိုပဲ ပေးရတော့မယ်။ အဲလိုဆိုရင် ကိုယ့်ဘက်က ဆုံးရှုံးမှု ဖြစ်သွားမယ်။ ပါလီမန်မှာ နအဖ လူတွေပဲ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ဘက်က လူတွေ ဝင်ပြိုင်သင့်ပါတယ်တဲ့။

နောက် ဒုတိယ အချက်မှာတော့ .....

၁၉၉၀ ရွေးကောက်ပွဲကြောင့် NLD ကို လူထုက ရွေးချယ်ခဲ့တယ်။ SNLD လိုတိုင်းရင်းသားပါတီများ၊ အခြားသောပါတီများနှင့် ခေါင်းဆောင်များကို လူထုက မဲပေးပြီး ရွေးချယ်ခဲ့တယ်။ ဒါကြောင့် အခု ရွေးကောက်ပွဲကို အသုံးပြုပြီး လူထုခေါင်းဆောင်တွေကို ရွေးသင့်ပါတယ်ဆိုတာမျိုး။

နောက်ဆုံး တတိယ အချက်မှာတော့ ......

ရွေးကောက်ပွဲ မလုပ်ဘဲ နအဖက ဒီအတိုင်း ဆက်သွားရင် ဒီမိုကရေစီ ရနိုင်မလား၊ မရနိုင်ဘူးလား။ .... တကယ်လို့ ရွေးကောက်ပွဲနဲ့ ပထမ တကြိမ်မှာ ဒီမိုကရေစီ မရနိုင်သေးရင်တောင်မှ ရွေးကောက်ပွဲတွေ ၅ နှစ်တခါ လုပ်ပြီး လူထုက ရွေးသွားတဲ့ အခါမှာ ဒီမိုကရေစီကို သွားနိုင်ပါတယ်တဲ့။

ကဲ .... ဟုတ်ပါ့မလား မောင်ကာဠုရယ် လို့ ကျွန်တော့် အဘိုး ငယ်ငယ်က ပြောဖူးတဲ့ ဇာတ်ပွဲထဲက လေသံပုံစံနဲ့ မေးလိုက်ချင်ပါတော့တယ်။ (နောက်များမှပဲ အဲဒီလို ပြောခဲ့တာတွေဟာ နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ၂၀၀၈ နာဂစ် အခြေခံဥပဒေတွေနဲ့ပဲ ဘာကြောင့် မဖြစ်နိုင်သလဲဆိုတာ ရေးပါဦးမယ်။)

ကိုထိုက်

4 comments:

victorOway said...

ကိုထိုက်ရေ-
ငသန်းရွှေကတော့ ဇင်ဘာဘွေနိုင်ငံလိုမျိုးအပေါက်ချိုးနေတယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်း စစ်အာဏာရှင်မူဂါဘီနဲ့ အတိုက်အခံ
ခေါင်းဆောင်မော်ဂင်ချန်ဂရိုင်းတို့ရဲ့ နိုင်ငံရေဒပြသာနာကိုပဲ
ကြည့်လေ-မဲအရေအတွက်အရ မော်ဂင်ချန်ဂရိုင်းက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် မူဂါဘီကအာဏာမအပ် ဘူးလေ။ဒုတိယအကြိမ်ရွေးကောက်ပွဲလုပ်တော့-မော်ဂင်ချန်ဂရိုင်းက၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တဲ့အခါ-စစ်အာဏာရှင်မူဂါဘီက အရှက်မရှိ၊ပြိုင်ဘက်မရှိအနိုင်ရခဲ့တယ်။သို့ သော်လည်း နိုင်ငံရဲ့စီးပွားရေး၊လူမှုရေးတွေကမပြေလည်သွားတဲ့အပြင်ပိုလို့တောင်အကြတ်ရိုက်ခဲ့ရတယ်မဟုတ်လား။နောက်ဆုံးအာဖရိကမှာရှိတဲ့ဒေသဆိုင်ရာအသိုင်းအ၀ိုင်းကဖိအားပေးလို့ မော်ဂင်နဲ့ မူဂါဘီ အာဏာခွဲဝေရေးကိစ္စတွေမလုပ်မဖြစ်လုပ်လာရတယ်မဟုတ်ပါလား။ ငသန်းရွှေက အဲဒီလိုဂွင်ရအောင်ဖမ်းနေသလားတော့မပြောတတ်ဘူး။သို့ သော်ဝေဘန်ဘို့နဲ့ ဆင်ယှဉ်ဘို့ အတွက်ပါဘဲ။

Unknown said...

www.edenmyanmar.org








myo thein

victorOway said...

ဒီမိုကရေစီရရှိရေး အတွက်တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီအင်အားစုများအတွင်း NLDနှင့်ပတ်သက်သည့် နိုင်ငံရေးရပ်တည်ချက်များအပေါ် အမျိုးမျိုးဝေဘန်နေသည့် ဆန်ဒဆွဲ သေဘန်မှုများအပေါ် အထက်တွင်ဖော်ပြထားသောATTACHMENT File တွင် သေချာစွာဖတ်ပြီး သမိုင်းကြောင်းအရ NLDကို အသိအမှတ်မပြု၍မရကြောင်း နှင့် စည်း(၂)ဘက်တွင် ရန်သူစစ်အုပ်နှင့် မိမိဒီမိုကရေစီအင်အားစု-ဒီစည်းနှစ်ခုတည်းမှာ မိမိတို့ က တဘက်ဘက်မှာရပ်တည်ရပေမည်။ ဒီမိုကရေစီအင်အားစုဘက်ကစည်းမှာရပ်တည်မည်ဆိုလျှင် မိမိတို့ ရဲ့ နိုင်ငံရေးတပ်ဦးမှာနိုင်ငံရေးအရဦးဆောင်မည့် နိုင်ငံရေးပါတီသည်NLDပါတီပဲဖြစ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် NLDပါတီလို လူထုဘက်ကရပ်တည်သည့်နိုင်ငံရေးပါတီပြည်တွင်မှာမရှိသောကြောင့်ဖြစ်သည်။ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည့်ဖြစ်စေ-လက်ငင်းလက်တွေ့ နိုင်ငံရေးအရNLD၏သမိုင်းကြောင်းဆိုင်ရာအရ ရပ်တည်ခဲ့သည့် ရပ်တည်မှုကို အသိအမှတ်မပြု၍မရသလို၊ အသိအမှတ်မပြုခဲ့လျှင်မိမိတို့ သည် တပ်ဦးမရှိသောရပ်တည်ချက်၊ လှုပ်ရှားမှုဖြစ်နေမည်။ ထို့ ကြောင့်ဆန်ဒဆွဲဖြင့်NLDကိုကြိုက်သလိုဝေဘန်၍ရသည်။ သမိုင်းကြောင်းအရမှာတော့ သေချာစွာစနစ်တကျဆန်းစစ်လျှင် ဒီမိုကရေစီရရှိရေးအတွက် ရှေ့ တန်းခံတပ်မှာရှိနေသည့် နိုင်ငံရေးတပ်ဦးဖြစ်နေသည်ဆိုတာကတော့ယနေ့ကာလအရမည်သူမှ ငြင်းနိုင်လိမ့်မည့်ဟုမယူဆကြောင်း။

ဂျာကြီး။

Dr. Myo Chit said...

အသစ်တင်ပါဗျို့.. အသစ်ဆိုတာ ကိုယ့်ဦးနောက်ကိုယ်သုံးပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးထားတာတွေကို ပြောတာပါ။