Wednesday 19 May 2010

ရွေးကောက်ပွဲ ဆိုင်ရာ အဓိက ကြတဲ့ မေးခွန်းများ

မေး။ ရွေးကောက်ပွဲပြီးရင် အနိုင်ရတဲ့ ပါတီက ခေါင်းဆောင် (သို့) လူထု ကိုယ်စားလှယ်က နိုင်ငံရဲ့ ကံကြမ္မာကို စီရင်နိုင်မယ့် နိုင်ငံတော် အကြီးအကဲ သမ္မတ ဖြစ်လာမှာလား။

ဖြေ။ ရွေးကောက်ပွဲအပြီး အနိုင်ငံရတဲ့ ပါတီခေါင်းဆောင်(သို့) လူထု ကိုယ်စားလှယ်က နိုင်ငံတော် အကြီးအကဲ သမ္မတ ဖြစ်လာမှာ မဟုတ်ပါ။

လူထု ကိုယ်စားလှယ် မဟုတ်တဲ့လူ၊ ပြည်သူက ရွေးကောက်တာ မဟုတ်တဲ့လူ .. အဲဒီ လူကသာ သမ္မတ ဖြစ်လာမှာပါ။

..............

မေး။ ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာ အတိုက်အခံပါတီ အနေနဲ့ အစိုးရအဖွဲ့မှာ အမှားအယွင်းရှိတာကို ထောက်ပြ၊ ဝေဖန်ပြီး တိုင်းပြည်အတွက် ကောင်းတာဖြစ်ဖို့ အကြံပြုနိုင်မလား။

ဖြေ။ ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာ အတိုက်အခံပါတီ မရှိပါ။

အတိုက်အခံပါတီ မရှိတာကြောင့် သမ္မတ ပြောသမျှ ခေါင်းညိမ့်ပြီး အချိန်တန် အိမ်ပြန်လာရသော ပါလီမာန် အမတ်များသာ ရှိနေပါတော့မည်။ တိုင်းပြည်အတွက် ဘာမှ မပြောနိုင်ပါ။ လူထုက ရွေးချယ်ထားတာ မဟုတ်တဲ့ သမ္မတ ခိုင်းတာသာ လုပ်ရပါမည်။ တိုင်းပြည်ကို ဆက်လက် ဖျက်ဆီးရာတွင် တထောင့်တနေရာက ပါဝင်ကြရမည်သာ ဖြစ်ပါသည်။

......................................

မေး။ ရွေးကောက်ပွဲ အပြီး အစိုးရ အဖွဲ့ရဲ့ ရာထူးအကြီးတွေကို လက်ခံရတဲ့ ရွေးကောက်ခံ အမတ်တွေက မိခင်ပါတီ၏ ရပ်တည်ချက် ပေါ်လစီတွေကို အကောင်အထည်ဖေါ် နိုင်မလား။

ဖြေ။ ရွေးကောက်ခံ အမတ်တွေ အစိုးရ အဖွဲ့ထဲ ပါသွားရင် မိခင် ပါတီကနေ နှုတ်ထွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီရပ်တည်ချက်၊ မူဝါဒတွေကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါ။

.....................................................

မေး။ ပါလီမာန်ကနေ အထက်ပါ မကောင်းသော အဓိကကျသည့် အချက်များကို ပြဌာန်းထားသည့် ၂၀၀၈ နာဂစ် အခြေခံဥပဒေကို ပြင်ဆင်နိုင်ပါသလား။

ဖြေ။ ၇၅ % ကျော် သဘောတူမှသာ ပြင်ဆင်နိုင်ပါသည်။ ၂၅ % ဖြစ်သော ပြည်သူက ရွေးကောက်ထားခြင်း မရှိသည့် စစ်သား တမတ်သားက သဘောမတူလျှင် ပြင်ဆင်နိုင်ခြင်း မရှိသောကြောင့် ... လုံးဝ ပြင်ဆင်နိုင်ခြင်း မရှိသော ၂၀၀၈ နာဂစ် အခြေခံ ဥပဒေသာ ဖြစ်ပါသည်။

အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာထက်၊ ... အမျိုးသား ညီလာခံတွင် အခြေခံဥပဒေ ရေးဆွဲချိန်က .. ပြင်ဆင်နိုင်ရန် သတ်မှတ်ချက် ဖြစ်သော ၇၅% ကျော် ဆိုသော စကားလုံးတွင် ... ကျော် ... ကို ဖြုတ်ပြီး ၇၅% တွင် ထားရန်ကြိုးပမ်းခဲ့ရာတွင် လုံးဝ မအောင်မြင်ခဲ့ပါဟု ညီလာခံတတ်ခဲ့သော ကိုယ်စားလှယ်များ၏ ကိုယ်တွေ့ ဖြစ်ရပ်များ ရှိခဲ့ပါသည်။ ထို့ကြောင့် မူလကတည်းက ပြင်ဆင်ရန် ရည်ရွယ်ချက် မရှိသော အခြေခံဥပဒေသာ ဖြစ်ပါသည်။

ပါလီမာန်တွင် ဝင်ရောက်ပြီး အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မည်ဟု ပြောဆိုချက်များမှာ ကျောက်ဆောင်ကို ကြက်ဥနှင့် ပေါက်၍ ဖြိုရန်ကြံနေခြင်းသာ ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

No comments: