Monday 17 May 2010

သေချာတဲ့ ပေတရာ

တခါတုန်းက ရွာတစ်ရွာမှာ ကိုပေတရာ ဆိုတဲ့ လူတစ်ယောက် ရှိတယ်တဲ့။

အဲဒီ ကိုပေတရာမှာ အကျင့်တစ်ခုရှိတယ်။ သူ့အကျင့်က ဘာမဆို လက်တွေ့မဟုတ်ရင် လက်ခံလေ့မရှိဘဲ၊ ကိုယ်တွေ့၊ လက်တွေ့မှ ယုံကြည် လက်ခံတဲ့ လူတစ်ယောက်ပေါ့။

ဒါကြောင့်ပဲ သူ့ကို ရွာမှာ "သေချာတဲ့ ပေတရာ" ဆိုပြီး နာမည်တွင်နေတော့တာပါပဲ။

ညနေခင်း တစ်ခုမှာ ရပ်ရွာအရေး အစည်းအဝေးတစ်ခုကို ရွာဦးကျောင်းမှာ ပြုလုပ်ခဲ့ပြီး အပြန်မှာ အခြားလူတွေနဲ့ အတူ မပြန်ဘဲ .... မြန်မယ် ထင်တဲ့ ဖြတ်လမ်းကနေ အခြားရွာသားတွေ အားလုံးနဲ့ ခွဲထွက်ပြီး ကိုပေတရာ တစ်ယောက် အိမ်ကို ပြန်လာခဲ့ပါတယ်။

ဒီလို အပြန်လမ်းပေါ်မှာ လမ်းလျှောက်လာရင်း လမ်းပေါ်မှာ ခွေးချေးပုံလို့ ထင်ရတဲ့ အပုံတစ်ခုကို တွေ့လိုက်တော့ ..... ကွေ့ရှောင် ခွကျော်ပြီး ဆက်လျှောက်သွားမယ်ပေါ့။ အဲ .. ဒါပေမယ့် လက်တွေ့ မဟုတ်ရင် မယုံတဲ့ ဗီဇက ပေါ်ထွက်လာတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတုန်းကတော့ ဒီရွာ၊ ဒီလမ်းမှာပဲ ကိုပေတရာက အခုလို မှောင်ရီပျိုးပြ အချိန်မှာ ခွေးချေးပုံ တစ်ခုကို သတိမထားမိလိုက်လို့ တတ်နင်းမိခဲ့သေးတယ်။ ကိုပေတရာတင် မကပါဘူး၊ အဲဒီ အချိန်က သူနဲ့ အတူ လမ်းလျှောက်လာတဲ့ အခြားရွာသားတွေပါ တတ်နင်းမိခဲ့သေးတာပဲလေ။ ဒီတခါမှာတော့ ခွေးချေးပုံ ဟုတ်၊ မဟုတ်ဆိုတာ ထဲထဲဝင်ဝင် စနစ်တကျ စုံစမ်းမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

ဒါနဲ့ အဲဒီ ခွေးချေးပုံကို သေသေချာချာ ကြည့်တယ်။ လေ့လာတယ်။ သုံးသပ်တယ်။

အလင်းရောင်က မရှိတော့တဲ့ အချိန်ဆိုတော့ မက်တပ်ရပ် ကြည့်ရတာ ခွေးချေးပုံလို့တော့ ထင်ပေမယ့် မသေချာဘူး။ ဒါနဲ့ သေချာ ခါးကိုင်းပြီး ကြည့်တယ်။ လေ့လာပြန်တယ်။ သုံးသပ်ပြန်တယ်။

ခွေးချေးပုံလို့ ထင်တော့ ထင်တယ်။ ဒါပေမယ့် ဒါလည်း မသေချာဘူး။

သေချာတဲ့ ပေတရာပဲလေ။ ... သိတယ် မဟုတ်လား။ မသေချာရင် မယုံကြည်။ ဒီတော့ သေချာအောင်တော့ လုပ်ရမယ်။

သေချာမှ ကျေနပ်တာ ဆိုတော့ .... လမ်းမမှာ အဲဒီ ခွေးချေးပုံကို ကုန်းနမ်းကြည့်တယ်။ ဖြစ်ချင်တော့ နေ့လည်လောက်ကတည်းက စွန့်သွားခဲ့တဲ့ ခွေးချေးပုံ ဖြစ်မယ် ထင်တယ်။ နေ့အပူချိန်ကလည်း ပြင်းထားတော့ အပေါ်ယံက နည်းနည်း ခြောက်နေပုံရတယ်။ ဒီတော့ အနံ့က ထွက်ပေမယ့် ဒီလောက် မသေချာပြန်ဘူး။

သေချာတဲ့ ပေတရာ ပဲလေ။ ဒီထက် သေချာအောင် လုပ်ကြည့်ရတော့မှာပေါ့။ အဲလို မဟုတ်ရင် ရွာကလူတွေက ယုံကြည်စွာနဲ့ အနှစ် ၂၀ ကျော်လုံး ယုံကြည်စွာ ပေးအပ်ထားတဲ့ သေချာတဲ့ ပေတရာ ဆိုတဲ့ နာမည်နဲ့ ယုံကြည်မှုတွေ အလကား ဖြစ်ကုန်မှာ။ ဒီတော့ ဒီရွာသားတွေရဲ့ ယုံကြည်ကိုးစားမှုကလည်း ရထားပြီးသားဆိုတော့ ကဲ .. ဒီဟာကတော့ ခွေးချေးပုံ ဟုတ်မဟုတ် သေချာအောင် စုံစမ်းရမယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာကလည်း ရှိပြီးသား မဟုတ်လား။ အခြား နည်းနဲ့ သေချာအောင် စစ်ဆေးဖို့ နည်းလမ်းမှ မရှိတော့တာ။ ဒါနဲ့ပဲ ထဲထဲဝင်ဝင်ကို စုံစမ်းဖို့ ပြင်ဆင်လိုက်ပါတော့တယ်။

အဲဒီ ဆုံးဖြတ်ချက်အရပဲ .... သေချာအောင် ခွေးချေးပုံကို လက်နဲ့ တို့ပြီး ကလော်ကြည့်လိုက်တယ်။

ပြီးတော့ လက်ကို နမ်းကြည့်တယ်။

ပြီးတော့ လျှာနဲ့ တို့ ကြည့်တယ်။

ဒီလို ထဲထဲဝင်ဝင် အတွင်းအထိ ဝင်ရောက် လေ့လာပြီး သကာလမှာတော့ သေချာတဲ့ ကိုပေတရာ တစ်ယောက် ခိုင်ခိုင်မာမာ သိသွားခဲ့ပါပြီ။ ဒါဟာ ခွေးချေးပုံပါပဲတဲ့။

ဒီတော့မှ ... ဒါ ခွေးချေးပုံပဲ .. သေချာသွားပြီလို့ ဆုံးဖြတ်ချက် ချနိုင်လိုက်တယ်။

ဆုံးဖြတ်ချက် ချပြီး သကာလ၊ လက်မှာ ပေနေတာတွေကို ခေါင်းနဲ့ ပွတ်၊ ပုဆိုးနဲ့ သုတ်ပြီး ရွာရဲ့ လမ်းလေးအတိုင်း အမှောင်ထဲကနေ သေချာတဲ့ ပေတရာ တစ်ယောက် အောင်မြင်တဲ့ ချေလှမ်းကျဲကြီးတွေနဲ့ အိမ်ရှိရာကို ဆက်လျှောက်လာခဲ့ပါတော့တယ်။

..........................

ပုံပြင်ကလေးကတော့ ဒါပါပဲဗျာ။ မကြာခင် ကျင်းပမယ့် ခွေးချေးပုံ ပွဲကြီးမှာလည်း ထဲထဲဝင်ဝင်လေ့လာပြီး လျှာနဲ့ မတို့မိချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ .... ခွေးချေးပုံကို မြင်ရုံနဲ့တင် ခွေးချေးပုံ ဖြစ်ကြောင်း သိလာနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

(စာကြွင်း .... ယခင်က ကြားခဲ့ဖူးပြီး မည်သူမည်ဝါ ရေးခဲ့ ပြောခဲ့သည် မသိသော ပုံပြင် ကျောရိုးကို ယူပြီး လက်ရှိ အချိန်ကာလနဲ့ ကိုက်ညီအောင် ပြင်ဆင် ရေးသားထားခြင်း ဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။)

2 comments:

Unknown said...

ကြိုးစားပါ.. ဘလောဒ်ကို ပြစ်မထားပါနဲ့

yangonlover said...

I like this Ko Htike.. Well done xxx