Friday, 24 June 2011

အုပ်ချုပ်ရန် အခွင့်အရေး ပေးသည် နှင့် တော်လှန်ရန် အခွင့်အရေး

“အုပ်ချုပ်ရန် အခွင့်အရေး ပေးသည်။” (Consent of the Governed) ဒီစကားစုကို သဘောကျ နေခဲ့မိပါတယ်။

အုပ်ချုပ်သူ လူတန်းစားက ပြည်သူလူထုကို သူတို့ သဘောအတိုင်း အုပ်ချုပ်နိုင်တာ မဟုတ်ဘဲ၊ ပြည်သူလူထုက အခွင့်အရေးပေးမှ အုပ်ချုပ်နိုင်သည်။ လိုအပ်လျှင် အဲဒီ အခွင့်အာဏာကို ပြည်သူလူထုက အချိန်မရွေး ပြန်လည်ရုတ်သိမ်းနိုင်ခွင့် (သို့) တော်လှန်ရန် အခွင့်အရေး (Right to Rebel) ရှိတယ်။

ဒီစကားလုံးတွေကတော့ နိုင်ငံရေး သဘောတရားတွေကို ရေးသားခဲ့တဲ့ ဂျွန်လော့ခ် (John Locke -1632 – 1704) ရဲ့ စကားစုတွေ ဖြစ်ပါတယ်။ သူဟာ ထင်ရှားတဲ့ နိုင်ငံရေး တွေးခေါ်ပညာရှင် ဖြစ်သလို အခုလက်ရှိ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံ စနစ်တွေမှာ သူ့ရဲ့ အတွေးအခေါ်တချို့က အဓိက နေရာမှာ ရှိပါတယ်။

အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြေငြာစာတမ်းရဲ့ ထင်ရှားတဲ့ စကားစု တစ်ခု ဖြစ်တဲ့ "Life, Liberty and the pursuit of Happiness" ဆိုတဲ့ စကားစုဟာ ဂျွန်လော့ခ်ရဲ့ စကားစု တစ်ခုပါပဲ။ ဒီလို နိုင်ငံကြီးတွေက လက်ဆွဲပြုလုပ် ကျင့်သုံးရတဲ့ နိုင်ငံရေး သဘောတရား တွေးခေါ် ယူဆ ချက်တွေကို သိရှိထားဖို့ လိုအပ်တယ် ထင်ပါတယ်။

“အုပ်ချုပ်ရန် အခွင့်အရေး ပေးသည်။ (Consent of the Governed) ဆိုတဲ့ သဘောတရားကတော့ လူသားတွေရဲ့ သဘာဝ ဖြစ်တဲ့ အပြည့်အဝ လွတ်လပ်ခွင့်ကနေ တိုင်းပြည်၊ နိုင်ငံတွေကို တည်ထောင်ရတဲ့ မူလ ရည်ရွယ်ချက်ကို ပြန်လည် ရည်ညွန်းတာပါပဲ။

တိုင်းပြည်၊ နိုင်ငံတွေ မဖြစ်ပေါ်ခင် “လူသား သဘာဝ အခြေအနေ (State of Nature)” ဆိုတာကို အရင် ကြည့်ကြရအောင်။

လူသားတိုင်းမှာ လွတ်လပ်ခွင့် အပြည့်အဝ ရှိတယ်။ ကိုယ်လုပ်ချင်ရာကို လုပ်လို့ရတယ်။ ကိုယ့်ပိုင်ဆိုင်ခွင့်ကို ကိုယ့်ဘာသာ ကာကွယ်လို့ရတယ်။ လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ စားသောက်၊ နေထိုင်ခွင့် အပြည့်အဝ ရှိတယ်။ ပြောရရင် လွတ်လပ်ခွင့် ၁၀၀ % ပေါ့။

ဒါပေမယ့် တဖြည်းဖြည်းကြာလာတော့ ၁၀၀ % လွတ်လပ်ခွင့် အခွင့်အရေးအရ “အဆင်မပြေမှု (inconvenience)” တွေလည်း ဖြစ်လာတော့တယ်။ ဥပမာ လူတစ်ယောက်ကနေ အခြားလူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တစ်ခုခုကို အနိုင်ကျင့် ရယူမူဖြစ်လာနိုင်တယ်။ အဲဒီလို အနိုင်ကျင့်ခံရတဲ့ ကိစ္စအတွက် လွတ်လပ်စွာ ပြန်လည်တရားစီရင်ခွင့် ရှိပေမယ့် .. မတရားမူကို ဘယ်သူက အရေးယူပေးနိုင်မလဲ။ အနိုင်ကျင့်ခံရသူဘက်က အားနည်းနေလို့ နောက်တစ်ယောက်က ဝင်ရောက် အရေးယူပေးမလား။ ဒါဆိုရင် ဘယ်သူမှားလို့ ဘယ်သူ မှန်တယ် ဆိုတာကို ဘယ်လို ဆုံးဖြတ်မလဲ။ နောက်ဆုံးတော့ မတရားမူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘဲ “လူသား သဘာဝ အခြေအနေ (State Of Nature)” ဟာ “အဆင်မပြေမှု (inconvenience)” တွေ များလာပါတော့တယ်။

အဲဒီ အခါမှာ လူသားတွေဟာ “လူသား သဘာဝအခြေအနေ (State Of Nature)” ကနေ “နိုင်ငံရေး လူ့အဖွဲ့အစည်း (Political Society)” အဖြစ်ကို ပြောင်းလဲလာပါတော့တယ်။

ဒီအပြောင်းအလဲ အတွက် “လူထု သဘောတူညီချက် (Social Contrast)” ဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ လူထုသဘောတူညီချက်ဟာ လူသားတစ်ဦးခြင်းစီနဲ့ သူနေထိုင်ရာ နိုင်ငံရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြားက ဆက်ဆံမှုအတွက် ထားရှိတဲ့ သဘောတူညီချက်ပါ။

“လူထု သဘောတူညီချက် (Social Contrast)” ထဲမှာ ပါရှိတာတွေကတော့ ပြည်သူလူထုဟာ သူတို့ရဲ့ ၁၀၀ % ရှိတဲ့ လွတ်လပ်ခွင့်တွေကို တရားမျှတမှု ဥပဒေအတွက် လူ့အဖွဲ့အစည်းရဲ့ လက်ထဲမှာ လဲလှယ်လိုက်တာဖြစ်ပေမယ့် .. အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရန် အခွင့်အရေးကိုတော့ ပြည်သူလူထုက ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်း တစ်ခုလုံးဟာ အများသဘောတူညီချက်အရသာ ပြုမူနေထိုင်ရမှာ ဖြစ်တယ်။

အစိုးရရဲ့ အဓိက တာဝန်က လူသားတွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ အများစုရဲ့ အကျိုးကို ဆောင်ရွက်ဖို့ အဓိက ရည်ရွယ်ရပါတယ်။ ဒါကြောင့် အုပ်ချုပ်သူ အစိုးရက ကိုယ်တိုင်က မတရားမှုတွေကို ကျူးလွန်လာရင် (ဒါမှ မဟုတ်) အများပြည်သူရဲ့သဘောထားကို ဆန့်ကျင်လာရင် ဖြုတ်ချပိုင်ခွင့် ရှိသလို၊ အဲဒီလို ဖြုတ်ချတာကို အင်အားသုံး နှိမ်နှင်းတာတွေ ပြုလုပ်လာရင်တော့ ပြည်သူလူထုက တော်လှန်ပိုင်ခွင့် (Right To Rebel) ရှိပါတယ်။ အဲဒီ အချက်အတွက် ထင်ရှားတဲ့ ဥပမာ တစ်ခုကတော့ အမေရိကန် နိုင်ငံမှာ လူတိုင်း တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးထားရတာပါပဲ။ ဘာလို့လဲဆိုတော့ အစိုးရက မတရားဖိနှိပ် အုပ်ချုပ်မှု ရှိလာရင် ပြည်သူထူထုက ပြန်လည် ကာကွယ်နိုင်အောင် လက်နက်ကိုင်ဆောင်ခွင့် အခွင့်အရေးကို အခြေခံဥပဒေကနေ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

ကိုထိုက်

Monday, 11 April 2011

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာရေး


မြန်မာပြည်မှာ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ရဲ့ သမ္မတပြောလိုက်တဲ့ မိန့်ခွန်းက ခုတလော လူပြောများလာပါတယ်။


"အစိုးရသစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာအောင် လုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ အဲဒီလို ဖြစ်နိုင်ဖို့အတွက် အစိုးရ လုပ်ငန်းများဟာ ပွင့်လင်းမှု ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီပြီး အားလုံး ပါဝင်နိုင်မှု ရှိရမယ်၊ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိရမယ်။" (သမ္မတ ဦးစိန်းစိန်)

ဦးသိန်းစိန် ပြောတာတွေကလည်း ပြောတာပေါ့။ တကယ်တန်း အဲဒီလို ပြောတာတွေဖြစ်တဲ့ ."ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာအောင် လုပ်ဆောင်ဖို့" ဆိုတာတွေအတွက် သမ္မတရာထူးယူထားတဲ့ လူက ပြောတိုင်း ဖြစ်လာတဲ့ အရာမဟုတ်ဘူးဆိုတာ ပြောတဲ့သူကိုယ်တိုင် သိဖို့ကောင်းတယ်။ အဲလို အစိုးရဖြစ်လာဖို့ဆိုရင် "ပါလီမာန်(ဥပဒေပြု အာဏာ)၊ အစိုးရအဖွဲ့အစည်း(အုပ်ချုပ်ရေးအာဏာ)၊ တရားရေးဌာန(တရားစီရင်ရေး)" အဲဒီ ၃ ရပ်လုံးသီးခြားစီ လုပ်ကိုင်နိုင်ဖို့ ရေးဆွဲထားတဲ့ အခြေခံဥပဒေ တိုင်းပြည်မှာ ရှိဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေမှာ အဲဒီအချက်တွေနဲ့ ပြည့်စုံပါရဲ့လားဆိုတာ .. မိန်ခွန်းပြောတဲ့ သမ္မတက သေချာ ဆန်းစစ်ရဲ့လားဆိုတဲ့ သံသယ ဖြစ်မိပါတယ်။

ပထမ တချက်အနေနဲ့ အားကောင်းတဲ့ အတိုက်အခံမရှိအောင် ရွေးကောက်ပွဲမှာ အစီအစဉ်တကျ နည်းမျိုးစုံနဲ့ တားမြစ်ထားတဲ့ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ ပါလီမာန် (ဥပဒေပြု အာဏာ)ကနေ အတည်ပြုလာမယ့် ဥပဒေတွေဟာ "တရားမျှတပါရဲ့လား၊ သန့်ရှင်းပါရဲ့လား၊ လူတစ်စုကိုပဲ ကိုယ်စားပြုတဲ့ ဘက်လိုက်မှုဆိုတာတွေ ကင်းနိုင်ရဲ့လား၊ ပြည်သူ့ကောင်းကျိုးကို ဖြစ်ပေါ်လာစေမှာလား" ဆိုတဲ့ မေးခွန်းတွေကို ဦးသိန်းစိန် အရင်ဖြေသင့်ပါတယ်။

ဒုတိယ အချက်အနေနဲ့ ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ အနိုင်ယူထားပြီး ရလဒ်အဖြစ် ပေါ်ထွက်လာတဲ့ သမ္မတက နိုင်ငံရဲ့ "တရားစီရင်ရေးအာဏာ" ရှိမယ့် တရားသူကြီးချုပ်ကို တိုက်ရိုက်ရွေးချယ် ခန့်ထားနိုင်ခွင့်ရှိသလို၊ အချိန်မရွေးလည်း ရာထူးကနေ ထုတ်ပယ်ပိုင်ခွင့်ရှိနေပါတယ်။ ဒီအချက်ဟာ တိုင်းပြည်အတွက် အန္တရာယ်အင်မတန်ကြီးတဲ့ အချက်ဖြစ်သလို သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်လာဖို့အတွက် အဓိက တားဆီးနေတဲ့ အချက်ဖြစ်နေတယ်ဆိုတာ မိန့်ခွန်းမပြောခင် သမ္မတအနေနဲ့ သေသေချာချာ စဉ်းစားသင့်တယ်ထင်ပါတယ်။ (ဥပမာ အစိုးရ အဖွဲ့အစည်း (ဒါမှမဟုတ်) သမ္မတက ဥပဒေ ချိုးဖေါက်တာလုပ်ရင် တရားသူကြီးချုပ်က အရေးယူလို့ မရတော့ပါဘူး။) ဘာလို့လဲဆိုတော့ အဲဒီ တရားသူကြီးချုပ်ကို သမ္မတက အချိန်မရွေး ဖြုတ်လို့ ရနေလို့ပါပဲ။ .. သမ္မတရဲ့ ဥပဒေ ချိုးဖောက်မှုတွကို အရေးမယူမယ့် တရားသူကြီးချုပ်ကိုပဲ ရွေးချယ်ခန့်မှာ ဖြစ်နေလို့ပါပဲ။ တရာစီရင်ရေးနဲ့ ဥပဒေရေးဆွဲရေးလုပ်ရာမှာလည်း တရားသူကြီးချုပ်က သမ္မတ မျက်နှာကို ကြည့်ပြီး လုပ်ရမှာ ဖြစ်တာကြောင့် .. သမ္မတနဲ့ အစိုးရအဖွဲ့ကို မထိခိုက်မယ့် ဥပဒေတွေကို ရေးဆွဲပါတော့မယ်။ ဒီအခါ တိုင်းပြည်ဟာ ပြည်သူလူထုကို အန္တရယ်ပေးမယ့် "state terrorism" ဖြစ်လာပါတော့မယ်။ အစိုးရအဖွဲ့အစည်းကို အရေးယူလို့ရမယ့် တရားစီရင်ရေး စနစ် မရှိတာကြောင့် သန့်ရှင်းတဲ့ အစိုးရဖြစ်လာစရာ လမ်းမရှိပါဘူး။ ဒါကြောင့် လက်ရှိ အခြေခံဥပဒေအရ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ပေါ်ပေါက်လာရေး ဆိုတဲ့ စကားလုံးကို ပြောနိုင်ဖို့ ဦးသိန်းစိန်က ဘယ်လို အချက်မျိုးနဲ့ ထောက်ပံ့ပြောဆိုနေလဲ ဆိုတာမေးဖို့ လိုလာပါတယ်။

အုပ်ချုပ်ရေး အာဏာ အပိုင်းမှာလည်း ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေအရ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။ နောက်ပိုင်းမှ ထပ်မံ ဆွေးနွေးပါ့မယ့်။

လေးစားစွာဖြင့်
ကိုထိုက်

Saturday, 2 April 2011

သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်း မသိသော ပါလီမာန်



မြန်မာနိုင်ငံမှာ အခုဆိုရင် နအဖကနေ မွေးထုတ်ပေးလိုက်တဲ့ ပါလီမာန်ဆိုတာကြီး ပေါ်လာပါပြီ။ အဲဒီပါလီမာန်ကနေ တိုင်းပြည်ကို စီမန်ခန့်ခွဲ အုပ်ချုပ်သွားမယ်တဲ့။ ပါလီမာန်မှာ ဝင်ထိုင်နေတဲ့ လူတွေကတော့ ပြည်သူကိုယ်စားပြု အမတ်မင်းတွေ။ ပြည်သူလူထုကို ဦးဆောင်လမ်းပြ အုပ်ချုပ်စီမံသွားမယ့် ပြည်သူ့ကိုယ်စားလှယ်တွေ၊ လူကြီးလူကောင်းတွေ၊ တိုင်းပြည်ရဲ့ ဒိတ်ဒိတ်ကျဲ ပညာတတ်တွေနဲ့ တချိန်က ကိုယ့်ဘာသာ နိုင်ငံတော်လို့ ခေါ်နေတဲ့ စစ်ဘောင်းဘီချွတ် ပုဂ္ဂိုလ်ကြီးတွေပါဝင်တဲ့ တတ်ရောက်နေတဲ့ ပါလီမန်ကြီးပါပဲ။

ဒီတော့ ကျွန်တော်လည်း မြန်မာနိုင်ငံသား တစ်ယောက်ပီပီ စိတ်ဝင်စားမိတယ်။ ဝမ်းသာအားရပေါ့။ လူကြီးလူကောင်းတွေ တတ်ရောက်ဆွေးနွေးရာ ပါလီမာန်ကြီးရဲ့ ဓါတ်ပုံတွေကိုလည်း စိတ်တဝင်တစားကြည့်မိတယ်။

တွေ့ပါပြီဗျာ။ ပါလီမာန် အသစ်စက်စက်ကြီးရဲ့ အစည်းအဝေးခန်းမကြီးမှာ အမြင်မတော်တာကို စမြင်ရတော့တာပဲ။

ပါလီမာန် ဥက္ကဌရဲ့ ရှေ့တည့်တည့်မှာ ချထားတဲ့ ဘာမှန်းညာမှန်း မသိတဲ့ အချောင်း(ဘင်ခရာ တီးဝိုင်းမှာတော့ အဲဒီလို အချောင်းမျိုးကို အရှေ့ဆုံးက လူက ဂီတသံစဉ်အတွက် အချက်ပြဖို့ သုံးတယ်။ "ကျိုင်း" လို့ ခေါ်တယ်ထင်တယ်။) ကြီးကို တွေ့မိတော့တာပါ။ (အထက်ပါ ပုံကို ကြည့်ပါ။)

တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများ ခင်ဗျာ ... အဲဒီ အချောင်းကြီးက ဘာအတွက် အဲဒီမှာ ချထားတာလဲ ဆိုတာ ရှင်းပြပေးစေချင်ပါတယ်လို့သာ မေးခွန်းမေးချင်နေမိတယ်။ "သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်းမသိ" သော လူပုဂ္ဂိုလ်များက တိုင်းပြည်အုပ်ချုပ် နေကြတယ် ထင်ပါတယ်။

ဗြိတိသျှ ပါလီမာန်မှာ အဲဒီလို အချောင်းမျိုးကို ပါလီမန် အစည်အဝေး ခန်းမမှာ ချထားတာကို မြင်ပြီး ငါတို့ ပါလီမာန်မှာလည်း အဲဒီ အချောင်းကြီး ချထားမှ ပါလီမာန်နဲ့ တူမယ်ထင်ပြီး ချထားပုံရပါတယ်။ အမေရိကန် လွှတ်တော်မှာ အဲဒီအချောင်း မရှိပါဘူး။ အဲဒီ အချောင်းကြီးကို ဘာအတွက် ချထားတာလဲဆိုတာ တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းတွေ သိပုံ မရပါဘူး။ တိုင်းပြည်တော့ တိုးတတ်ကြီးပွားဦးမယ့် လက္ခဏာပါပဲ။

ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် ရှိပါတယ်။ ပြီးတော့ စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီးရှိပါတယ်။ ဒီတော့က တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင်မကြီးရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေးတိုင်းအတွက် ဘုရင်မကြီးက မတတ်ရောက်နိုင်ပါဘူး။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား အဲဒီ အချောင်းကြီးကို ပါလီမာန်မှာ ချထားတာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် အဲဒီ အချောင်းကြီးကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ ဒါ ဗြိတိသျှ ထုံးစံပါ။

နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေမှာ အဲဒီအချောင်းကြီးကို ပါလီမာန်မှာ ထားရှိပါတယ်။

အမေရိကန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီလို အချောင်းကြီး ပါလီမာန်မှာ မရှိပါဘူး။ ပြင်သစ်ပါလီမာန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီအချောင်းကြီး မရှိပါဘူး။ ဂျာမနီမှာလည်း အဲဒီ အချောင်းကြီး မရှိပါဘူး။

တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများခင်ဗျာ ... ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့ ပါလီမာန်မှာ ဘာလို့ အဲဒီ အချောင်းကြီး ချထားရတာပါလဲ။ ... ဒါမှ မဟုတ် ဗြိတိသျှ ကိုလိုနီအဖြစ် တိုင်းပြည်ကို အမတ်မင်းတို့ လက်ထက်ရောက်မှ အလိုလို သတ်မှတ်နေတာလားဆိုတာတော့ ...

လေးစားစွာဖြင့်
ကိုထိုက်

Wednesday, 2 March 2011

တောင်သူလယ်သမားတွေအတွက် နစ်နာမှု

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၊ ..

ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒုက္ခဆိုးတွေကို စတင်မွေးဖွားလိုက်တဲ့ နေ့ရက် တစ်ရက်ဆိုရင် မှားမယ်မထင်ပါဘူး။ စစ်တပ်ထဲက စစ်ခေါင်းဆောင် အာဏာရှင် ဦးနေဝင်းက မြန်မာပြည်ကို ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ နေ့ဖြစ်ပြီး .. အဲဒီနေ့က စလို့ မြန်မာပြည်ဟာ စစ်ကျွန်ဖြစ်ခဲ့ပါတော့တယ်။

ကွန်မြူနစ် သောင်းကျန်းသူတွေ တိုင်းပြည်ကို အဖျက်အမှောက်လုပ်တယ် ပြောပြီး ကွန်မြူနစ် မကောင်းကြောင်းကို ပြောနေပေမယ့် လက်တွေ့မှာတော့ တရုတ်ပြည်ကို မော်စီတုန်းကို အတုခိုးပြီး လယ်သမားတွေကို စည်းရုံးဖို့နဲ့ အာဏာသိမ်းပြီး အောင်ပွဲခံတယ်ဆိုတဲ့နေ့မှာ တရားဝင် အခန်းအနား ကျင်းပနိုင်ဖို့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ဆိုပြီး သတ်မှတ်ခဲ့တာပါပဲ။

တရုတ်ပြည်မှာက မော်စီတုန်းက လယ်သမားလူတန်းစားကို စည်းရုံးပြီး ၁၉၃၄ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အာဏာရ ချန်ကေရှိတ် အစိုးရကို စတင်တော်လှန်ခဲ့ပြီး အောင်မြင်မှုတို့ရခဲ့ပါတယ်။ ချန်ကေရှိတ်ကတော့ ပြည်မကြီးကနေ ဆုတ်ခွာရပြီး နောက်ဆုံး တိုင်ဝမ်ကျွန်းမှာ တိုင်ဝမ်နိုင်ငံကို တည်ထောင်သူဖြစ်ခဲ့ပါတယ်။

အဲဒီလို တရုတ်ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မော်စီတုန်းကို အားကျခဲ့ပြီး ဦးနေဝင်းကလည်း တောင်သူလယ်သမား ကဏ္ဍဟာ အရေးပါတယ်ဆိုပြီး တောင်သူလယ်သမားနေ့ကို တီထွင်ခဲ့တာ သက်သက်ပါပဲ။ ပြီးတော့ ဆိုရှယ်လစ် သမ္မတနိုင်ငံ တည်ထောင်မယ် ဆိုပြီး ၁၉၇၄ အခြေခံဥပဒေကို အတင်းအတည်ပြုပြီး မြန်မာပြည်ကို ဘောင်ဘီချွတ် အာဏာရှင် အဖြစ်စတင် အုပ်ချုပ်ပါတော့တယ်။

တရုတ်ပြည်မှာ မော်စီတုန်းက တောင်သူလယ်သမားတွေကို စည်းရုံးပြီး တော်လှန်ရေးကို အောင်မြင်ခဲ့တာ ဖြစ်ပေမယ့် .. သူရဲ့ မှားယွင်းတဲ့ စီမံမှုတွေကြောင့် လူ သန်းပေါင်း ၂၀ ကျော် အငတ်ဘေးနဲ့ သေတာကိုတော့ သင်ခန်းစာ မယူခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ လူအများဆုံး သတ်တယ်ဆိုတဲ့ ဟစ်တလာထက် သူသတ်ခဲ့တဲ့ လူဦးရေးက ပိုများပါတယ်။ ဟစ်တလာက တိုက်ရိုက် သတ်ခဲ့တာ ဖြစ်ပြီး သူကတော့ သွယ်ဝိုက်ပြီး လူအများဆုံး သတ်ခဲ့သူပါ။

မော်စီတုန်းရဲ့ အာဏာရယူပုံကိုပဲ အတုယူခဲ့ပြီး … တိုင်းပြည်ဒုက္ခရောက်ပုံကို သင်ခန်းစာမယူခဲ့တဲ့ ဦးနေဝင်းက မြန်မာပြည်ကို မော်စီတုန်းရဲ့ လုပ်ကိုင်ပုံအတိုင်း တရုတ်ပြည် အုပ်ချုပ်ရေး ပုံစံကို အသက်သွင်းပြီး တိုင်းပြည်ကို ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတော် တည်ထောင်မယ်ဟေ့ ဆိုပြီး ကြေငြာကာ ပျက်စီးခြင်းများစွာကို စတင်ပါတော့တယ်။

မော်စီတုန်းက စုပေါင်းလယ်ယာ၊ စုပေါင်းလုပ်ကိုင် ဆိုပြီး ၅ နှစ် တိုင်းပြည် တိုးတတ်ရေး စီမံကိန်းကို ချမှတ်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းရဲ့ လွဲမှားမှုတွေကြောင့် ၅ နှစ်စီမံကိန်းရဲ့ ပထမ ၃ နှစ် ၁၉၅၈-၁၉၆၁ ခုနှစ်မှာပဲ စီမံကိန်းပျက်စီးပြီး လူသန်းပေါင်း ၂၀ ကျော် သေခဲ့ရတာပါ။ ဒါကို လုံးဝ သင်ခန်းစာ မယူဘဲ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတဲ့ ဦးနေဝင်ဟာ ဆိုရှယ်လစ်စီမံကိန်းတွေ ရေးစွဲပြီး ပြည်သူတွေပိုင်တဲ့ လုပ်ငန်းတွေကိုပဲ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး အစိုးရကနေ အတင်းအဓမ္မဝင်ရောက် သိမ်းယူပြီး စီးပွားရေး စနစ် စတင် အရှိန်ရကာစ မြန်မာပြည်ရဲ့ စီးပွားရေး စနစ်ကို တချက်ထဲနဲ့ ရိုက်ချိုးပြီး အမှောင်ထုထဲရောက်အောင် မြန်မာပြည်ကို ဆွဲခေါ်သွားခဲ့တာပါပဲ။

တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ တောင်သူလယ်သမားနေ့ကို သတ်မှတ်ပေးတယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ခံပေမယ့် … စေတနာဆိုး ဖြစ်ရပ်ဆိုးတွေရဲ့ ကြမ္မာနောက်ဆက်တွဲအဖြစ်နဲ့ တောင်သူလယ်သမားနေ့ စတင်ဖြစ်ပေါ်လာခဲ့တာကတော့ မြန်မာပြည်အတွက်ရော တောင်သူလယ်သမားတွေ အတွက်ပါ ဝမ်းနည်းစရာ ဖြစ်နေရပါတယ်။

မြန်မာပြည်အမှောင်ထုထဲ စတင်ဝင်ရောက်တဲ့နေ့၊ ဒါမှ မဟုတ် အာဏာရှင်စနစ် စတင် အမြစ်တွယ်တဲ့နေ့ဟာ တောင်သူလယ်သမားနေ့နဲ့ ထပ်တူဖြစ်နေခဲ့ရတတာဟာ တောင်သူလယ်သမားတွေအတွက် နစ်နာမူကြီး တစ်ခု အနေနဲ့ပဲ သတ်မှတ်ချင်ပါတော့တယ်။

လေးစားစွာဖြင့်

ကိုထိုက်

(မြန်မာ့ သမိုင်းကြောင်းအရ ဦးနေဝင်းနဲ့ မော်စီတုန်းတို့ရဲ့ လုပ်ပုံကိုင်ပုံ အကြမ်းဖျင်းကို တင်ပြခဲ့ခြင်းသာဖြစ်ပါတယ်။ ကျွန်တော် တင်ပြမှုတွေမှာ မှားယွင်းမှု တစုံတရာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်စွာ အမှားပြင်ပေးကြပါ ခင်ဗျာ။)

Wednesday, 23 February 2011

ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် တခုခု ကျင်းပကြရအောင်

လူသတ်သမား သန်းရွှေခေါင်းဆောင်တဲ့ လက်နက်ကိုင် အကြမ်းဖက် အုပ်စု (နအဖ စစ်အုပ်စု)ရဲ့ အမျိုးမျိုး နှိပ်စက်မူကို ခံနေရတဲ့ မြန်မာပြည်မှာ ပြည်သူလူထု တရပ်လုံးက တဖြည်းဖြည်းနဲ့ ကျပ်တည်း၊ ရှားပါးလာပြီး .. ပြည်သူလူထုရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်လာရပြီး နောက်ဆုံးမှာ ပျော်ပွဲ၊ ရွှင်ပွဲဆိုတာတွေ တော်တော်လေး နည်းပါးလာပါတယ်။ လွတ်လပ်ရေးနေ့လို နေ့မျိုးမှာတောင် လွပ်လွပ်လပ်လပ် ပျော်ရွှင်ရတဲ့ ပျော်ပွဲရွှင်ပွဲ ဆိုတာ ရှာမတွေ့တော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ကြုံရတဲ့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ရတဲ့ နှစ်သစ်ကူး သင်္ကြန်လိုကာလမျိုး၊ ဘာသာရေးနဲ့ သက်ဆိုင်ပြီး ကြည်နူးပျော်ရွှင်ရတဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်လို ပွဲမျိုးတွေမှာတောင် ပျော်စရာ ရွှင်စရာတွေ ရှားပါးလာခဲ့တာ အားလုံး အသိပါပဲ။

ဒီတော့ ဒီနေ့က စပြီး ပျော်ပွဲ ရွှင်ပွဲ တခု အတွက် ကြိုတင်ပြီး စုစည်း စဉ်းစားထားကြရအောင်ပါလား။ ဗုဒ္ဒဘာသာရဲ့ ဘာသာရေး အမြင်နဲ့ ကြည့်ရင်တော့ သိပ်ပြီး မကိုက်ညီပေမယ့် … “ကိလေသာတော့ ကုန်သွားပြီ။ ဒါပေမယ့် တဏှာတော့ ကျန်သေးတယ်” လို့ဆိုပြီး နောက်ပြောင်ပြောကြတဲ့ သာမန်လူသားတို့၏ သဘာဝ သရုပ်အတိုင်း … သာမန်လူသား တစ်ယောက် ဖြစ်နေသေးတော့ …..

မြန်မာပြည်မှာ သန်းရွှေ သေရင်(ဘယ်လို သေသေ) သေတဲ့ နေ့အတွက် ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် တခုခု ကျင်းပကြရအောင်

လို့ စဉ်းစားထားမိတာ ကြာပါပြီ။

သန်းရွှေတို့ အုပ်စု နှိပ်စက်တာကြောင့် ပြည်သူတွေရဲ့ ဘဝတွေ၊ သွေးတွေ၊ မိဘ တွေရဲ့ မျက်ရည်တွေ၊ ငိုကျွေးနေရတာတွေနဲ့ နှိုင်းယှဉ်ရရင်တော့ ဒီလို ပျော်ပွဲရွှင်ပွဲ လုပ်မယ်လို့ စဉ်းစားမိတာ တရားတယ်လို့ ထင်ပါတယ်။ အဲဒီ ဘဝတွေ၊ သွေးတွေ၊ မျက်ရည်တွေ အတွက် ကျေကျေနပ်နပ်နဲ့ တခဏတာ ပျော်ပွဲလေး တခု လုပ်ချင်ရုံပါပဲ။

မိတ်ဆွေတို့ရော ဘယ်လို မြင်ပါသလဲ။

ခင်မင်စွာဖြင့်

ကိုထိုက်

Saturday, 8 January 2011

Sunday, 12 December 2010

ကျပျောက်နေခဲ့သော အိမ်အပြန်ညများ

နေလုံးကြီးက မကြာခင် ပျောက်ကွယ်ပါတော့မယ်။ ဟိုးအဝေး အနောက်ဘက်တ နေရာမှာတော့ တိမ်ကိုမဖောက်နိုင် တော့တဲ့ နေရောင်တချို့တော့ ရှိနေပါသေးတယ်။ သည်အတိုင်းဆို မြူဆိုင်းနေတဲ့ ရခိုင်ရိးမရဲ့  တနေရာမှာတော့ မှောင်မိုက် နေလောက်ပါပြီ။

ရခိုင်ရိုးမအလွန် ရန်ကုန်-စစ်တွေကားလမ်းနံဘေး နဲ့သိပ်မဝေးသောတနေရာမှာ ရွာလေးတရွာ တည်ရှိပါတယ်။ မရာက်ခဲ့တာကြာဆို သိပ်ကြာခဲ့ပါပြီဖြစ်တဲ့ ကျနော့် ရွာကလေးပေါ့။ ရန်ကုန်-စစ်တွေ ကားစီးပြီး မပြန်မဖြစ်ကိုပြန်ခဲ့တာပါ။ ခရီးတဆုံး ဆက်သွားလျင် စစ်တွေမြို့သို့ ရောက်ရှိသွားနိုင်ပါသော်လည်း ရွာတည်ရှိရာ ကားလမ်းတနေရာမှာပင် ခရီးကို အဆုံးသတ်ခဲ့ပါသည်။

ကားပေါ်က ဆင်းလိုက်လျင်ပဲတနေ့တညနီးနီး ကားစီးထားတာကြောင့် လူတကိုယ်လုံး ညက်ညက်ကြေ နေခဲ့ပါပြီ။ မြူတွေဆိုင်းနေလို့ မီးမှုန်မှုန်အောက်မှာ အိပ်မော ကျနေတဲ့ ရွာက လေးကို ပင် သိပ်မမှတ်မိနိုင်။မိမိဖြတ်လာတဲ့ လမ်းတလျောက်ကလည်းမဲမဲကို မှောင် လို့ပါ။ ညရဲ့ Queen လရောင်အချို့ ရှိနေပေမယ့်လည်း တချက် တချက် အော်လိုက်တဲ့ ပရစ်သံတွေက လွဲပြီး အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျက်ပါပဲ။

ခပ်ဖြေးဖြေး လျောက်လာစဉ် ရွာထိပ်က သရက်ပင်အောက် ရောက်တော့ မိုးစုန်းစုန်းချုပ်ခဲ့ပြီ။ သာယာလှလွန်းသော လရောင်ကို အဖော်ပြု၍ ခလေး တသိုက် ကစားနေကြသည်ကို တွေ့ရပါသည်။ သရက်ပင်ကြီးသည် အိုမင်း ရင့်ရော် ခဲ့ပြီဖြစ်ပါသော်လည်း ရွာကတော့ သိပ်မပြောင်းလဲ သေးပါ။ ခလေးများကလည်း ကျနော်တို့ ငယ်ငယ်ကအတိုင်း ကစားနေကြဆဲပါပဲ။ တခါကများဆို ဤအပင်ကြီး အောက်မှာပင် ကျနော်တို့ အရူးအမူး ကစားခဲ့ပါသေးသည်။ အဲဒီခေတ် အခါတုန်းက ခုခေတ်မြို့ ပြနေကလေးများလို speaking၊ computer များကို မကြားခဲ့ဖူးရုံသာမက ကြီးလာရင် ဘာလုပ်မယ်ဆိုတာလည်း တိတိကျကျ မရှိခဲ့ပါပ။ဲ လပြည့်၊ လပျောက် ညမရွေးတမ်း ကစားခဲ့ဖူးတာပါ။ သည်ရွာရိုးတလျောက်မှာလည်း ငါးရှာ၊ဖားရိုက်၊ ငှက်ပစ်၊ စသည့်အလုပ်များ ပြဲပြဲစင်အောင် နွှဲခဲ့ ဖူးပါသည်။

ကျနော်ကိုမြင်သည်နှင့် ကစားနေသော ခလေးများသည် အထူးအဆန်းသဖွယ် ၀ိုင်းကြည့်ကြပါသည်။ ခွေး ၃-၄ကောင်ကလည်း တ၀ူးဝူးထိုးဟောင်းပါသည်။ သူတို့လည်း ဘယ်မှတ်မိတော့မှာပါလဲ။ ကျနော်ရွာကနေ ဦးတည်ရာမဲ့ ထွက်လာခဲ့သည်မှာ ၁၅နှစ်လောက် ကျော်ခဲ့ပါပြီလေ။ အိမ်က မိသားစုနဲ့ အတူတူကြီးပြင်းခဲ့တဲ့ ငယ်ပေါင်း တွေမှတ်မိရင်ပဲ ကံကောင်းပါ။ ဘာရယ်မဟုတ် ခလေးများ ကစားနေသည်ကို အလွမ်းပြေခဏ ထိုင်ကြည့်ပြီးမှ အိမ်ရှိရာရွာတောင်ပိုင်းသို့ ဆက်လျောက်လာခဲ့ပါသည်။ ခလေးများရဲ့ ကစားသံ အော်ဟစ်သံများကတော့ ကျနော့်နောက်က ကပ်လိုက်လာခဲ့ပါသည်။ ကျနော့်နားထဲမှာလည်း အတော် ဝေးဝေးက တီးခတ်လိုက်သော စောင်းသံပမာ ကဲ့သို့သာယာငြိမ့်ညောင်းလှပါသည်။

အိမ်ကြီးကားအရွယ်နဲ့မလိုက်အောင် အိုမင်းရင့်ရော်သွားခဲ့ပါပြီ. အိပ်ရှေ့ မန်းကျည်းပင်ကြီးကတော့ နည်းနည်း ပိုကြီးလာခဲ့ရုံမှအပ သိပ်မပြောင်းလဲသေးပါ။

တိတ်ဆိတ်နေတဲ့ ညလေးကို ဖြိုခွဲပြီး-“ အိုအဖေ အဖေ ကျနော် “မောင်ချေ” အိမ်ပြန်လာတာပါ။ အဖေအိပ်နေ ပါပြီ လား” ဟု အော်လိုက် လျင် အသက်၃၅နှစ်အရွယ် မိန်းမကြီးတဦးသည် ခပ်ဖျော့ဖျော့တောက်နေသော ဆီးမီးခွက် ကို ကိုင်လျက် ထွက်လာပါသည်.ပြီးမှ တခါးကိုဖွင့်ပေးပြီးလျင် ကျနော်ကို ဖက်ကာ ငိုပါလေတော့သည်. ငိုနေရင်းနှင့်ပင် -- အော် ငါ့မောင်ရယ် ခုများမှ ပြန်လာရသလား။ အဖေလည်းဆုံးရှာပြီ။ ငါ မင်းအမ ”ဟုဆိုတော့မှ ကျနော့်ပါးမှမျက်ရည် စတွေ အဆက်မပြတ် ထွက်ကျလာပါလေတော့သည်။

ရေးရေးလေးရှိသော လ - ကလေး ခဏမျှ ပျောက်ကွယ်သွားသည်ဟု ထင်ရပါသည်။ ကျနော်လည်း ဖြေဆည်ရာ မရအောင်ငို ကြွေးလိုက်ပါသည် အဖေမဆုံးခင် ကျနော့်ကို အလွန်တွေ့ ချင်ခဲ့ပါသည် ဆိုသောကြောင့် ပိုပြီးဝမ်းနည်းခဲ့ ရပါသည်။

ကျနော်တို့နေထိုင်ရာ အမိမြန်မာပြည်ကြီးတွင် ရှမ်းရိုးမ .ပဲခူးရိုးမ.ရခိုင်ရိုးမဟူ၍ ရိုးမသုံးသွယ်အနက် ရခိုင်ရိုးမ သေဆုံးနေခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ.ဖွံ့ဖြိုးတိုးတက်မှုမှာ ဆိုဖွယ်ရာမရှိအောင် နှေးကွေးခဲ့သလို စား၊ ၀တ်၊ နေရေးနှုန်း၊ ကုန်ဈေးနှုန်း အဆမတန်တိုးပွား လာခဲ့ပါသည်။ အစက ကြံ့ကြံ့ခံ အန်တုခဲ့ကြပါသေးသည်။ မခံ နိုင်တော့သည့်အဆုံး ရွာနေလူတော်တော်များများ ရေကြည်ရာ မြက်နုရာ(နယ်စပ်တနေရာ) သို့ အတိုင်းအဆမဲ့ ထွက်ခွာသွားကြပါသည်။

ရွာမှ သင်ပေးလိုက်သည့် ဘ၀ပညာများ (ငါးထောင်၊ ဖားရိုက်၊ လယ်လုပ်ငန်း၊ လက်သမားအစရှိသော၊ လုပ်အားပညာ)ဖြင့် ဘ၀ကို အားသစ် လောင်းရန် ကြိုးစားခဲ့ကြပါသော်လည်း အားလုံးလိုလို စာလည်းမလာ သတင်းလည်းမကြားပဲ ပျောက်ဆုံနေသည်က များပါသည်။ အဆင်ပြေ ချမ်းသာသွားသူများ ဆို၍ရွာမှာ ပြစရာမရှိသေးပါ။

ကျနော်ကိုယ်တိုင်လည်း ကျွန်သဖွယ်ကဲ့သို့ အလုပ်များလုပ်ခဲ့ရပြီး သေခြင်းနဲ့လည်း မကြာ ခဏဆုံတွေ့ခဲ့ရဖူးပါ သည်..နုပျိုသောဘ၀တွေ တော်တော်များများ လှော်ရင်းနစ်ခဲ့ရပါသည်။

ရိုးမနံဘေး ရွာကလေးမှာတော့ ဆောင်းဦးရောက်တိုင်း မြောက်လေသင်းမြဲဖြစ်ပါသည်။ သို့ပါသော်လည်း ငယ်ငယ်က ဆောင်းရောက် တိုင်း ရှူရှိက်ခဲ့ရဖူးသော နှင်းငွေ့နဲ့ အတူပါလာခဲ့တတ်သော ရိုးမတကြော မှာ သဇင်နံ့တွေ မသင်းပြန့်လေတော့ပါ။

နေမြောက်မထိုးနိုင်အောင်ရှိခဲ့တဲ့ ရခိုင်ရိုးမတောကြီးလည်း ယိုင်ခွေကျသွားခဲ့ပါပြီ။ ရိုးမဘေးနေ ပြည်သူ တွေကိုတော့ ထမင်းတနပ် ၀အောင်မကျွေးနိုင်သေး။ ခိုက်ခိုက်တုန်အောင် ချမ်းအေးခဲ့ပါသော ဆောင်းညများ၌လည်း မီးလင်းဖိုလေးတွေကို မမြင်တွေ့ရတော့ ရာသီဥတု ဖောက်ပြန်မှုနဲ့အတူ သဇင်တွေလည်း ပြုတ်ပြုတ်ပြုန်းခဲ့ပါပြီ။ အော်-အကယ်၍ ရိုးမကြီးက စကားပြောတတ်မည်ဆိုပါ လျင်သူလည်းပဲငိုကြွေးနေ လောက်ပါပြီ။

“မိုးဦးဝင်ရောက်လာတဲ့ခါ ရိုးမပေါ်ဖြတ်ပျံရင်း မြောက်ဖက်ကို ဦးတည်လှည့်ကာ ……………..

……. ကြိုးကြာငှက်တို့ရဲ့  မိုင်ထောင်ချီခရီးစဉ်”

သည်သီချင်းထဲကလိုပါပဲ လူတိုင်းဟာ မိမိယုံကြည်ရာကို ပျံသန်းနေကြဦးမှာပါ.တခါကလည်း ရိုးမကိုဖြတ်ပြီး ကျနော်တို့အုပ်စုဖွဲ့ ပျံသန်းခဲ့ဖူးပါသည်။ ပြန်လမ်းမဲ့လမ်းကလေးတွေပေါ် လျောက်ရင်း ကောင်းကင်က အုပ်စုဖွဲ့မိုင်ထောင်ချီအိမ်အပြန် ပျံသန်းနေသော ငှက်တွေကိုမြင်လေတိုင်း အချိန်တန်ရင် အိမ်ပြန်ပါမယ်လို့ စိတ်ကူးခဲ့ကြပါသေးသည် သို့ပါသော်လည်း အတော်များများ အိမ်မ ပြန်နိုင်ခဲ့ပါလေတော့။

စားစရာဟင်းမရှိရင် ဆားဖြူးပြီးစားလိုက်ပါမယ်။ဆားမရှိရင်လဲ သဲဖြူးပြီးသာစားလိုက်ပါတော့မယ်။ သည်လို မိကွဲ-ဖကွဲ ဘ၀မျိုး ရွေ့ ပြောင်းလုပ်သား ခေတ်သစ်ကျွန် ဆိုသော ဘ၀မျိုးကို နောက်တကြိမ် မလိုချင်တော့ပါ။

ခန်းခြောက်နေတဲ့မြစ်ချောင်းတွေကို ရေပြန်ဖြည့်မည်.

ခြောက်သွေ့နေသောရိုးမကြီးကို သစ်ပင်တွေပြန်စိုက်မည်.

ပြာမှိုင်းနေသော ညများကိုလည်း မီးထွန်းညှိမည်။

မိမိတို့နဲ့မဆိုင်သယောင်ရှိနေသော Gas ပုံကြီး ကိုလည်းမီးရှို့ လိုက်မည်။

သို့ဆိုပါလျှင် စပါးတွေရွှေရောင်ဝင်းဝါလာပါလိမ့်မည်။ အဲသည်တနေ့မှာတော့ သူတို့အားလုံးပြန်လာလိမ့်မယ်လို့ မျှော်လင့်ရင်း …..

(ရွာကိုပြန်ရောက်တိုင်း တခါမှ မတွေ့ရပါတော့သော ထိုင်းနယ်စပ်တနေရာရောက် ရွာသားများ အတွက် မိမိခံစားချက်ဖြင့် အမှတ်တရရေးဖွဲ့ပါသည်)

အားလုံးကိုလေးစားလျက်

ညမင်းသား

Tuesday, 30 November 2010

Don't forget

Friday, 26 November 2010

ရွေးကောက်ပွဲ အလွန် ပေါ်လာမယ့် အစိုးရ အခြေအနေ

တိုင်းပြည်တပြည်ရဲ့ "အုပ်ချုပ်ရေး အာဏာ" "ဥပဒေပြုရေး အာဏာ" "တရားစီရင်ရေး အာဏာ" ဆိုတဲ့ အဲဒီ အာဏာ (၃) ရပ် အထဲက တစ်ခုထက်ပိုတဲ့ အာဏာကို .. လူတစ်ယောက် (ဒါမှမဟုတ်) အဖွဲ့အစည်း တစ်ခုရဲ့ လက်ထဲထားမယ်ဆိုရင်တော့ အဲဒီတိုင်းပြည်ဟာ ပျက်စီးတော့တာပါပဲ။

အခု နအဖရဲ့ရွေးကောက်ပွဲရလဒ်အရ တိုင်းပြည်ဟာ ကြံ့ဖွတ်နဲ့ နအဖ အနိုင်ရခဲ့တာပါပဲ။ (ဘယ်လို နည်းနဲ့ နိုင်နိုင် သူတို့က နိုင်တယ် ပြောနေတာကိုး)။ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အရလည်း၊ ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတ စတဲ့ လူတွေက နအဖ အာဏာရှင်စနစ်က လူတွေပဲ။

ဒီတော့ တိုင်းပြည်ကို အဲဒီ လူတွေကပဲ "အုပ်ချုပ်မယ်၊ ဥပဒေပြုမယ်၊ တရားစီရင်မယ်။" အဲဒါတွေကို ရွေးကောက်ပွဲ ရလဒ်အရ တရားဝင် လုပ်ကြမယ်တဲ့။ ဘုရား ဘုရား .. ကျွန်တော်တို့ တိုင်းပြည်ဟာ အရင်က တရားမဝင် ပျက်စီးနေရာကနေ အခုတော့ တရားဝင်ပျက်စီးတော့မယ်။

တပ်ထဲကလူတွေလဲ အဲဒီ အာဏာသုံးရပ်ပေါင်းပြီး ဒုက္ခပေးတာကို ပိုပြီး ခံစားလာရတော့မှာပါ။ တပ်က လူကြီး မဟုတ်တော့တဲ လူတွေ၊ တပ်မတော်အကျိုးကို ဆောင်ရွက်မှာ မဟုတ်တော့တဲ့ လူဝတ်လဲတွေ၊ တပ်မတော်ထဲ တခါမှ မဝင်ဖူးတဲ့ ကြံ့ဖွတ်က လူမိုက် လူရမ်းကားတွေ၊ ကြံ့ဖွတ်ကနေ ဝင်ပြိုင်ပြီး အနိုင်ရလာတဲ့ အခွင့်ထူးခံ စီးပွားရေးသမားတွေ ... အဲဒီလူတွေက အမိန့်ပေးတာကို ခံရမယ့် တပ်မတော်သား ဘဝအဖြစ် သေသေချာချာ ရောက်လာလို့ နေပါပြီ။ ဒါ လက်တွေ့ပါပဲ။ ငြင်းမရပါဘူး။

ဒါကြောင့် တိုင်းပြည်ကို ချစ်တယ်ဆိုရင်တော့ သံဃာရယ်၊ ပြည်သူရယ်၊ မျိုးချစ် တပ်မတော်သားတွေရယ် ပေါင်းပြီး အဲဒီ အာဏာ (၃) ရပ်ကို တနေရာထဲမှာ မရှိအောင် ဝိုင်းပြီး ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ခင်မင်စွာဖြင့်
ကိုထိုက်

ဟာသတွေ အရမ်းပြောတဲ့ ဒေါက်တာဝင်းနိုင်

ယနေ့ ထုတ်ဝေလျက်ရှိသော ဟာသစာစောင်များတွင် နံပါတ်တစ်နေရာ ကိုပြိုင်ဖက်မရှိ ရရှိထားတဲ့ မြန်မာ့အလင်း သတင်းစာ (၂၅.၁၁.၂၀၁၀) မှာ ဒေါက်တာဝင်းနိုင်က ပီတိကို မျှဝေပါတယ်ဆိုသော ဟာသ ဆောင်းပါးတပုဒ်ကို ရေးသားထားပါတယ်။ အဲဒီထဲက အချို့ ကို ဖော်ပြဝေဖန်လိုက်ပါတယ်-

၁။ “သူတို့ ရတဲ့မဲတွေဟာ မိုးပေါ်က ကျလာတဲ့ မဲတွေမဟုတ်ပါဘူးမဲရုံတွေမှာ ပေးတဲ့ မဲတွေနဲ့ ကြိုတင်မဲပေးထားတဲ့ မဲတွေကို တချိန်တည်းမှာပဲ ရေတွက်တယ်ဆိုတာ တရားမျှတသောလုပ် ရပ်ဖြစ်ပါတယ်။ ကြိုတင်မဲတပြားရဲ့ တန်ဖိုးနဲ့ မဲရုံကမဲတပြားရဲ့ တန်ဖိုး ဟာတူညီပါတယ်။ မဲဆန္ဒ ရှင်တွေရဲ့ အသည်း ကြားကလာတဲ့ မဲပြား လေးတွေပါ“

၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ဖက်တွေကို ကြံ့ဖွတ်က အလဲထိုးအနိုင်ယူခဲ့တာ ကြိုတင်မဲ (တနည်း ခိုးမဲ) တွေနဲ့ပါ။ ခိုးမဲတွေဟာ မိုးပေါ်ကကျလာတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဘယ်ကလာ တယ် ဘယ်ကိုသွားတယ် တရာမျှတသလား ဆိုတာကတော့ ဆိုတာကတော့--------

”အောက်တိုဘာ (၂၀) ရက်နေ့မှာ တပ်ရင်းမှူးက မိန့်ခွန်းပြောမယ်ဆိုပြီး တပ်ရင်းက လူတွေကို အကုန်စု ခိုင်းတယ်။ ပြီးတော့ ဒီနေ့ ကြိုတင်မဲပေးရမယ်လို့ပြောတယ် အဓိကကတော့ ခြင်္သေ့ဘေးမှာ အမှန်ခြစ်ဖို့ပဲ။ တပ်ရင်းမှာ သူကအကြီးဆုံးဆိုတော့ နားလည်တယ်မလား ဘာညာနဲ့ ဟိန်းလားဟောက်လားပေါ့။ နောက်ဆုံး သူဘာပြောလဲ ဆိုတော့ ”မင်းတို့ ငါပြောတာနားလည်ပုံလည်း မပေါက်ဘူး။ ကြာပါတယ်ကွာ မင်းတို့ ခြစ်နေရင် မခြစ်တတ်၊ ခြစ်တတ်နဲ့ ပယ်မဲတွေ ဖြစ်နေဦးမယ်။ ငါပဲ အကုန်ခြစ်လိုက်တော့မယ်ဆိုလို့ ကျနော်တို့မှာ မဲစာရွက်တောင် မမြင်လိုက်ရဘူးဗျာ တဲ့ဗျား ရင်ဖွင့်သွားသူကတော့ မှော်ဘီမြို့ ရဲတပ်ရင်း အမှတ် -၅ မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ထွန်းသိန်းပါ။ မယုံရင် သွားမေးလို့ရပါတယ်။ (မှတ်ချက်-ဘိုးသု နိုင်နေတုန်း ဦးအောင်ကြည်ဆီကို အထုပ်လိုက် ရောက်လာတာ ဒီလိုမဲတွေ ဖြစ်ပါလိမ့်မယ်။)

၂။ “မြန်မာသည် မြန်မာဖြစ်သည်။ မြန်မာနိုင်ငံသည် မြန်မာနိုင်ငံသားမျာ၏ တိုင်းပြည်ဖြစ်သည်”

ဟုတ်တယ်ဟ။ ခင်ဗျားရေးတာကို ဖတ်ပြီးမှ - အော် ဒါကို ငါတို့ပိုင်တာပါလား လို့သိတာ။ ဒါပေမယ့် ကိုယ့်ပြည်ဖြစ်ပြီး ကိုယ့်ပြည်က ထွက်တာ ကိုယ်မစားရ။ ကိုယ်မ၀တ်ရ။ ကိုယ်မသုံးရ။ မှတ်ပုံတင်မရှိရင် ဘယ်မှ သွားလာလို့မရ။ တပတ်တခါ ဧည့်စရင်းတိုင်ရ။ ဘာမဟုတ်တဲ့ ရပ်ကွက်ထဲမှာ အလုပ်အကိုင်မရှိ လူမိုက်တွေကိုကြံဖွတ်တို့ မယက တို့က မြှောက်ပေးပြီး ရပ်ကွက်လူကြီးခန့် .. အဲဒီလူတွေကို ပြည်သူလူထုက ကြောက်နေရတာတွေကတော့ ထူးဆန်းမနေဘူးလား။

၃။ “free and fair election ဖြစ်ခဲ့တဲ့ နိုဝင်ဘာ (၇) ရက်နေ့မှာ အများနည်းတူ မဲပေးနိုင်ခဲ့တဲ့အတွက် ကျနော်ပီတိ ဖြစ်မိပါတယ်”----

ခွေးသား ငပေါ။ ဘယ်လို ဒေါက်တာဘွဲ့ ရလာခဲ့တာလဲ။ free and fair ဖြစ်၊ မဖြစ် ကွန့်ကွက်တာတွေ ရှိ၊ မရှိ သိချင်ရင် ငွေဆယ်သိန်းနဲ့ ထောင်ဒဏ်မရှိပဲ လွတ်လပ်စွာ ကန့်ကွက်နိုင်ပါသည်လို့ တရားဝင် ကြေညာကြည့်ပါ လား။ ရွေကောက်ပွဲ ကော်မရှင် ဥက္ကဌ လုပ်နေတဲ့ သိန်းစိုးတောင် စိတ်ပျက်သွားမယ်။

ဒါကြောင့် နောက်တခါရေးရင် စဉ်းစားပြီးမှ ရေးပေါ့ကွာ။ ကိုယ်ကျိုးအတွက် .. ဦးနှောက်မသုံးဘဲ လျှောက်ရေးနေတာ .. ယိုသူမရှက် မြင်သူရှက်စရပါပဲ။

ညမင်းသား