Monday, 26 September 2011

4 years anniversary of the Saffron revolution In Burma

4 years Anniversary of the saffron revolution took place at Sule Pagoda in Yangon. Around 200 to 300 people are peacefully walking towards the Sule Pagoda, Praying for those who were killed in 4 years ago.













(ဓါတ်ပုံများကို - Myit Makha Mediagroup, Ko Yon, 7 Days News, Mizzima)

Saturday, 17 September 2011

သိုးရေကို ခြုံလာတဲ့ ဝံပုလွေ

သိန်းစိန်တို့ အုပ်စုရဲ့ သတိထားရမယ့် လှည့်ကွက် တချို့ကို ကျွန်တော် တင်ပြလိုပါတယ်။ အဲဒီ လှည့်ကွက်တွေ ကတော့ .. နအဖ၊ နဝတ လက်ထက်ကတည်းက လုပ်နေတဲ့ လုပ်ကွက် တွေကနေ ဘာမှ မပြောင်းလဲသေးဘူးဆိုတာပါဘဲ။ ပြောချင်တာက သွေးခွဲ အုပ်ချုပ်ရေး (သို့) အင်အားစုတွေ တစုတစည်းတည်း မဖြစ်ရေးပါ။ အဲဒါတွေကတော့ …

၁။ ၁၉၈၈ နောက်ပိုင်းကနေ ဒီနေ့အထိ .. ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေကို တပြိုင်နက် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးတာမျိုး မရှိဘဲ .. (ပြည်သူလူထု ဖိအား၊ နိုင်ငံတကာ ဖိအား၊ စစ်တပ်အတွင်း အကြပ်အတည်းဖိအားတွေ လျော့လာအောင် လွှတ်ပေးရတာမျိုး ရှိခဲ့ရင်တောင်) .. တစ်ယောက်ကို လွှတ်ရင် အပြင်မှာ ရှိနေတဲ့ လူကို ပြန်ဖမ်းပါတယ်။ ဒါကြောင့် ဒီနေ့အထိ ကိုမင်းကိုနိုင်တို့ အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အပြင်မှာ တပြိုင်နက် မရှိခဲ့တာ ၈၈ နောက်ပိုင်းကနေ ဒီန့အထိပါပဲ။ သူတို့ အင်အားစု နှစ်ခု အတူတကွရှိရင် ဖြစ်လာမယ့် အင်အားက အရမ်းကြီးတာကြောင့် စစ်အုပ်စုရဲ့ အာဏာ ထိခိုက်မှာ စိုးရိမ်နေတာပါပဲ။ ဒါဟာ .. ကိုမင်းကိုနိုင်တို့ကို မလွှတ်ပေးသေးနိုင်တာဟာ ဘာကို ပြနေသလဲဆိုတော့ ဘောင်းဘီချွတ် သိန်းစိန်တို့ အုပ်စုဟာလည်း တိုင်းပြည်ကောင်းဖို့၊ အမျိုးသားရေး ပြန်လည်ပေါင်းစည်းဖို့ ဆိုတာထက် သူတို့ အာဏာမြဲဖို့ လုပ်ရပ်ရဲ့ သက်သေပြချက် တစ်မျိုးပါပဲ။

၂။ နောက် တစ်ခုကတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစု ကိစ္စပါပဲ။ ဒီ ၂ မျိုးမှာလည်း ၂ ဘက်စလုံးနဲ့ တပြိုင်နက် ငြိမ်းချမ်းရေး မယူပါဘူး။ ဒါဟာ စစ်တပ်ကို ရန်သူရှာပေးတယ်ဆိုတဲ့ ဗျူဟာ တစ်မျိုးပါပဲ။ ဒါမှ စစ်တပ်ရဲ့ သေနတ်က သူတို့ဘက် လှည့်မလာမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ယူရင် ဒီမိုကရေစီ အင်အားစုတွေကို ဖိနှိပ်ထောင်ချတာ လုပ်ပြီး၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ယူရင် တိုင်းရင်သားတွေနဲ့ စစ်ဖြစ်ပါတယ်။ ဒါကိုလည်း ဒီနေ့အထိ သိန်းစိန်တို့ အုပ်စုက ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

၃။ နောက်ဆုံး တစ်ချက်ကတော့ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကြား၊ .. ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အားစုတွေကြား .. အဲဒီ နေရာ နှစ်ခုမှာ အမြင်လွဲအောင် သွေးခွဲတဲ့ လုပ်ရပ်တွေကိုလည်း ဒီကာလမှာ ဆက်တိုက် လုပ်နေတယ်တို့ သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုနဲ့ စကားပြောဆွေးနွေးနေတဲ့ အချိန်မှာ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ ဥက္ကဌ ရာထူးအတွက် အသုံးချတယ် ဆိုတာထက် .. သွေးခွဲရေးကို ရည်ရွယ်ချက် ရှိရှိ လုပ်နေတယ်လို့ သုံးသပ်ပါတယ်။ တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားအရေး ကိစ္စထက် သူတို့ ဗမာတွေ အချင်းချင်း အဆင်ပြေအောင် ပေါင်းပြီး တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နေတာကို မသိချင်ယောင် ဆောင်နေတယ်။ သူမဟာ တိုင်းရင်းသားတွေအတွက် အားကိုးရတယ့် တကယ့် ခေါင်းဆောင် မဟုတ်ဘူး ဆိုတဲ့ သံသယ ဖြစ်လာစေပြီး .. အမျိုးသား ခေါင်းဆောင်ဆိုတဲ့ အမြင်ကနေ ဗမာ ခေါင်းဆောင်၊ NLD ခေါင်းဆောင် ဆိုတဲ့ အဆင့်ဖြစ်လာအောင် လုပ်နေတာဖြစ်ပြီး .. ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကြား သွေးခွဲနေတာ ဖြစ်ပါတယ်။

အလားတူပဲ တချို့သော ဒီမိုကရေစီ အင်အားစုတွေ ကြားထဲမှာလည်း ဒေါ်စုနဲ့ ပေါင်းပြပြီး၊ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးသေးတာရယ်၊ အပြောင်းအလဲ တကယ့်လက်တွေ့ မလုပ်ပြဘဲ ပါးစပ်ပြော၊ ပြောနေတာတွေဟာလည်း အလားတူ သံသယတွေ ပွားလာစေပြီး ဒေါ်စုနဲ့ ဒီမိုကရေစီ အင်အားစုတွေ တထပ်တည်း၊ တသားတည်း ဖြစ်နေရာကနေ သွေးခွဲတာ ဖြစ်ပါတယ်။

ကျွန်တော့ အမြင်ကတော့ အရင်က နဝတ၊ နအဖ စစ်အုပ်စုဟာ အစွယ်တဖွေးဖွေးနဲ့ မာန်ဖီနေတဲ့ အရိုင်းအစိုင်း ဝံပုလွေကနေ .. အခု သိန်းစိန်တို့ အုပ်စုဟာ သိုးသားကို စားဖို့ သိုးရေကို ခြုံလာတဲ့ ဝံပုလွေ ဖြစ်နေတယ်လို့ သတိပေးချင်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်

ကိုထိုက်

(ကျွန်တော် ဒီနေရာမှာ ဘောင်းဘီချွတ် သိန်းစိန်လို့ ခေါ်ရတာ ရိုင်းတယ်လို့ ထင်မယ့်လူတွေ ရှိနိုင်ပေမယ့်၊ ကျွန်တော့် ရင်ထဲကနေ ဦးသိန်းစိန်လို့ ရိုရိုသေသေ ခေါ်ရလောက်အောင် ထိုက်တန်တဲ့ လုပ်ဆောင်မှုတွေ သူ့ဘက်က ရလာတဲ့ တနေ့မှာ ကျွန်တော် ဦးသိန်းစိန်လို့ ရိုရိုသေသေ ခေါ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီနေ့အချိန်မှာတော့ သူဟာ သံဃာသတ်သမား အုပ်စုထဲက သိန်းစိန်လို့ပဲ မြင်နေပါသေးတယ်။ ဒါဟာ ကျွန်တော်တစ်ယောက်တည်း မြင်နေတာတော့ မဟုတ်ပါဘူး။ မြန်မာပြည်က သန်း ၅၀ သော လူတွေထဲက ၉၀% ကျော်နေတဲ့ လူတွေရဲ့ အမြင်ဖြစ်ပါတယ်။ ဒီလို အမြင်ကို ချေဖျက်လိုရင်တော့ ထိုက်ထိုက်တန်တန် ကြိုးစားရယူနိုင်မှုနဲ့သာ ချေဖျက်ရမှာ ဖြစ်ပါတယ်။)

Tuesday, 23 August 2011

အိုဘယ့် စတုတ္ထမဏ္ဍိုင်

ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်း တစ်ခု မှတ်မိနေသေးတယ်။

လူနှစ်ယောက် လမ်းလျှောက်လာတယ်။ တစ်ယောက်က အထမ်းသမား၊ သေတ္တာကြီးကို ထမ်းလို့၊ နောက် တစ်ယောက်က သူဌေးပေါ့။

အထမ်းသမားက တလမ်းလုံး "ညည်းညူ" လာတယ်။ သေတ္တာက လေးလိုက်တာပေါ့။ ဒီတော့ သူဌေးက အထမ်းသမားရဲ့ သေတ္တာပေါ် ကျောက်တုံး တစ်တုံး ထပ်တင်လိုက်တယ်။

အထမ်းသမားက "အောင်မယ်လေး" ဆိုပြီး ထပ်ပြီး "ညည်းညူ" တယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက် အဲဒီ အတိုင်း ခရီးဆက်လိုက်တာ၊ အတော်လေး ခရီးပေါက်မှ သူဌေးက အထမ်းသမား ထမ်းထားတဲ့ သေတ္တာပေါ်က ကျောက်တုံးကို အောက်ကို ချ ပေးလိုက်တယ်။

အဲဒီတော့မှာ အထမ်းသမား "သူဌေးမင်းရဲ့ ကျေးဇူးကြီးလိုက်တာ၊ အခုမှ ပေါ့သွားတယ်။" တဲ့။

အခုလည်း မြန်မာ့ မီဒီယာနဲ့ သိန်းစိန်တို့ ကစားပွဲကလည်း ကျောက်တုံးကို အောက်ကို ချပေးလိုက်တာပဲ ရှိပါသေးတယ်။

ကိုထိုက်

Sunday, 14 August 2011

ဗြိတိန်နိုင်ငံ အကြမ်းဖက်မှုနဲ့ သင်ခန်းစာ


လွန်ခဲ့တဲ့ ရက်အနည်းငယ် ဗြိတိန်နိုင်ငံမှာ ဖြစ်သွားတဲ့ အကြမ်းဖက်မှု ကိစ္စမှာ လူအတော်များများ ဝေဖန်ပြောဆိုသံတွေ မျိုးစုံပါပဲ။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းကတော့ “အခုဖြစ်ခဲ့တဲ့ ဆူပူသောင်းကျန်း ခိုးဆိုးလုယက်မှုတွေဟာ ဆင်းရဲငတ်ပြက်လို့ မဟုတ်ဘဲ လူမှု အသိုင်းအဝိုင်းရဲ့ အကျင့်စာရိတ္တပျက်ယွင်းမှုကြောင့် ဖြစ်ခဲ့တာ” လို့ဆိုပါတယ်။

Britain's Prime Minister David Cameron gives a statement outside of 10 Downing Street in London August 10, 2011. Photograph: Suzanne Plunkett/Reuters

ကျွန်တော် ဒီအရေး အခင်းကို အောက်ပါအတိုင်း သုံးသပ်ပြီး ကျွန်တော်တို့ တိုင်းပြည်အတွက် နမူနာ ယူစရာတွေကို တွေးမိပါတယ်။

ဗြိတိန်နိုင်ငံမှာ အခုလို ဖြစ်လာတာကတော့ လက်တလော အကြောင်းအရင်းဖြစ်တဲ့ တော်တင်ဟမ်မြို့နယ်ဘက်မှာ လူတစ်ယောက်ကို ရဲက သေနတ်နဲ့ ပစ်ရာ ထိုပစ်ခံရသူ သေဆုံးသွားရာမှ မကြေနပ်ရာ၍ ဆူပူမှု စတယ်လို့ ဆိုပါတယ်။ ဒီသေနတ်ပစ်မှုဟာ ရဲနဲ့ အရပ်သားကြားက ဖြစ်ပေါ်တဲ့ အငြင်းပွားမှု ပြဿနာ ဖြစ်တာကြောင့် ရဲဝန်ထမ်း မဟုတ်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ကိုင်နေပါတယ်။ ဒါကတော့ ဆူပူသောင်းကျန်းမှု ဖြစ်ရခြင်းရဲ့ လက်တလော ကိစ္စပါ။

A masked rioter is seen in front of a burning car in Hackney Photograph: Kerim Okten/EPA

ဒါပေမယ့် ဗြိတိန် လူမှု အဖွဲ့အစည်း (အထူးသဖြင့် အင်္ဂလိပ် လူမှု အဖွဲ့အစည်း) မှာ လူငယ်တွေ ဂိုဏ်းဃဏ အုပ်စုဖွဲ့ပြီး သူ့နယ်မြေ၊ ကိုယ့်နယ်မြေနဲ့ ကြီးစိုးနေထိုင်တဲ့ အလေ့အထက ရှိနေတာ ကြာပါပြီ။ ဒီကိစ္စကို အစိုးရက သိပေမယ့် ထိထိရောက်ရောက် သိသာထင်ရှားစွာ ကိုင်တွယ်တာ မတွေ့ရပါဘူး။ ဒီလူငယ်တွေရဲ့ အများစုဟာ အခြေခံလူတန်းစားက ဖြစ်ပါတယ်။ ပြဿနာ ဖြစ်ပေါ်ရတဲ့ လက်တလော မဟုတ်တဲ့ အကြောင်းအရင်းတွေကတော့ ရုတ်တရက် မမြင်နိုင်တဲ့ နိုင်ငံတွင်း ဆင်းရဲချမ်းသာ ကွာခြားမှု (inequaility)၊ လူမှု အဆင့်အတန်း တိုးတတ်ရန် အခွင့်အရေး နည်းပါးမှု (very few social mobility)၊ လူမှုအဖွဲ့အစည်းရဲ့တန်ဖိုးလျော့ကျမှု (lack of social value) တွေပဲ ဖြစ်ပါတယ်။ ဒီ အချက်တွေဟာ ခုနက လူငယ်တွေကို အခုလို ဖြစ်ပေါ်စေဖို့ တွန်းပို့လိုက်တာလို့ မြင်ပါတယ်။

လူ့သဘာဝအရ လူဆိုတာ မကောင်းတာကို ပျော်မွေ့ကြတာ မှန်ပေမယ့် အခုလို ကိစ္စကို များပြားတဲ့ လူငယ်တွေက တပြိုင်နက်ထဲမှာ ပေါက်ကွဲဖြစ်ပေါ်လာရတာကတော့ အကြောင်းတရား ရှိပါမယ်။ နောက်ပြီး ဘာလို့ အခြေခံလူတန်းစား မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တွေကမှ လုပ်ရတာလဲ။ မေးစရာတွေက ရှိနေပါတယ်။ ဒီလူငယ်တွေက ဖေါက်ပြန်လို့၊ စာရိတ္တမကောင်းလို့၊ ဒုစရိုက်မှု လုပ်ဖို့ စိတ်အား ထက်သန်လို့ ဆိုတဲ့ သာမာန်အမြင်ကို ကျော်လွန်ပြီး ကြည့်ဖို့ လိုမယ် ထင်ပါတယ်။ (ဒီနေရာမှာ ကျွန်တော်က ဒီလို သောင်းကျန်းတဲ့ လူတွေကို ကာကွယ် ပြောဆိုနေတာ မဟုတ်ဘူး ဆိုတာ ကြိုပြောပါရစေ။) သာမန် ဒုစရိုက်မှု ဆိုတာထက် ကျော်လွန်ပြီး ကြည့်ရမယ်လို့ ဆိုလိုတာပါ။ သူတို့ အပြစ်ရှိတယ်၊ မရှိဘူးဆိုတဲ့ ငြင်းခုန်မှုရဲ့ အပြင်ဘက်ကနေ ချဉ်းကပ်တာပါ။

အင်္ဂလိပ်လူမှု အဖွဲ့အစည်းမှာ လူမှုအဖွဲ့အစည်း (social capital) အားနည်းမှု၊ လူမှုတန်ဖိုး(social value) အားနည်းမှုနဲ့၊ ဘာသာရေးကို ချဉ်းကပ်သင်ယူမှု အားနည်းမှုတွေ တနေ့တခြား ဆိုးရွားလာတာနဲ့ အထက်က ဆင်းရဲချမ်းသာ ကွာဟမှု၊ လူမူ အဆင့်အတန်း တိုးတတ်ရန် အခွင့်အရေး နည်းပါးမှုတွေ ပေါင်းစည်းရာက အခုဆူပူပေါင်းကျန်းမှုကို မွေးထုတ်ပေးလိုက်တာပါပဲ။

ဥပမာ ပြောရရင် .. မြန်မာပြည်မှာ လူငယ်တွေကြားမှာ “ကြီးသူကို ရိုသေ၊ ငယ်သူကို ချစ်ခင်သနား၊ ရွယ်တူကို လေစား” ဆိုတဲ့ လူမှုတန်ဖိုးတွေ၊ ဘာသာရေးအရ ဘာသာစုံမှာ ရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေရဲ့ သင်ကြားမှုတွေ၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ လူမှု လူ့တန်းဖို့ သင်ကြားမှုတွေ စတာတွေရှိပါတယ်။ ဒါတွေဟာ မြန်မာ့ လူမူတန်ဖိုး(social value) တွေပါပဲ။ အင်္ဂလိပ် လူအဖွဲ့အစည်းမှာ အဲဒါတွေ မတွေ့ရပါဘူး။ နောက် ဥပမာ တခုကတော့ လူမူ့ လူ့အဖွဲ့အစည်း (social capital) ကိစ္စပါပဲ။ မြန်မာပြည်မှာ ပရဟိတ သာရေး၊ နာရေး လုပ်အားပေးတွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ ဝတ်ရွတ်သင်းတွေ၊ ကာလသားတွေ စတဲ့ အဖွဲ့အစည်းတွေနဲ့ လူတွေစုပေါင်း ညီညာလုပ်ကိုင်ကြတဲ့ ကထိန်ပွဲ၊ ထမနဲပွဲ၊ သီတင်းကျွတ်ပွဲ စတဲ့ ပွဲတွေက မြန်မာ့လူမူ လူ့အဖွဲ့အစည်း (social capital) တွေပါပဲ။ အင်္ဂလိပ်မှာ အလားတူကိစ္စတွေ အားနည်းပါတယ်။

အင်္ဂလိပ် ကျောင်းတွေမှာ ဦးနှောက်နဲ့ ကိုယ်ပိုင် တွေးခေါ်မှု၊ စွန့်လွှတ်စွန့်စား ကြိုးပမ်းမှုတွေကို အားပေးတဲ့ သင်ခန်းစာပုံစံတွေ များပေမယ့်၊ နှလုံးသားနဲ့ ဆုံးဖြတ်ရမယ့် သင်ခန်းစာပုံစံတွေတော့ အားနည်းပါတယ်။

ဒီတော့ အခြေခံလူတန်းစားက လူတန်းစား ကွာဟမှုနဲ့ အနာဂတ်အတွက် တိုးတတ်ဖို့လည်း လမ်းမမြင်၊ လူမူတန်ဖိုး၊ လူ့အသိုင်းအဝိုင်းကလည်း အားနည်းနေတော့ .. ရှာလို့ရတဲ့ ပိုက်ဆံကို သောက်စားပစ်၊ မရှာတဲ့ လူကလည်း အစိုးရဆီက တောင်းစားပြီး သောက်စားပစ်နဲ့ စိတ်ပျော်ရာ လုပ်ပြီး လူတွေကို တန်ဖိုးမထား၊ လုပ်ချင်ရာကို လုပ်နေတဲ့ လူတန်းစားတရပ် ပေါ်ထွက်လာပါတော့တယ်။ အဲဒီလူတန်းစားမှာ မွေးဖွားလာတဲ့ ကလေးတွေက သူတို့ စံပြ(role model) တွေက သူတို့ မိဘ၊ ဆွေမျိုးတွေပဲ ဖြစ်နေလေတော့ အခုလို ပြဿနာကို ဖြစ်ပေါ်စေတဲ့ လူငယ်တွေ ဖြစ်လာပါတော့တယ်။ ဒါတွေကတော့ အရှင်းရှင် စီးပွားရေး စနစ်ရဲ့ အကျိုးဆက်တခုလို့လည်း ပြောလို့ရပါတယ်။ (အရင်းရှင် စီးပွားရေး စနစ်ရဲ့ အကျိုးဆက်ကို ပြောရင် နောက်ထပ် ဆောင်းပါးတစ်ခု ဖြစ်မှာကြောင့် အရှည်မရေးတော့ပါဘူး။)

ဒါကြောင့် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း ပြောသလို “လူမှု အသိုင်းအဝိုင်းရဲ့ အကျင့်စာရိတ္တပျက်ယွင်းမှုကြောင့် ဖြစ်ခဲ့တာ” ဆိုရင် အဲဒီ လူမှု အသိုင်းအဝိုင်းကို မွေးထုတ်ပေးနေတဲ့ အင်္ဂလိပ် လူနေမှု စနစ်ကို မပြုပြင်မချင်း အကျင့်စာရိတ္တ ပျက်ယွင်းမှုတွေ ရှိနေဦးမှာပါပဲ။ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ရှိနေဦးမှာပါပဲ။

ဒီတော့ အင်္ဂလိပ်ရဲ့ ပြဿနာကို နမူနာယူပြီး ရှေ့ဖြစ်လာမယ့် အနာဂတ် မြန်မာနိုင်ငံမှာလည်း ခုနက မြန်မာ့ လူမှုတန်ဖိုးတွေ လျော့ကျမသွားစေပဲ၊ ဆက်လက် ထိန်းသိမ်းထားပြီး အနာဂတ်လူငယ်တွေအတွက် လူမှု အဆင့်အတန်း တိုးတတ်ရန် အခွင့်အရေး (social mobility) များတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်မှသာလျှင် တိုင်းပြည်သာယာ တိုးတတ်မှု ရှိမယ်လို့ သင်ခန်းစာယူ သုံးသပ်လိုက်ပါတယ်။

လေးစားစွာဖြင့်

ကိုထိုက်

အတွေးမှား၊ အယူမှား

ဦးကျော်ဆန်း က ပြန်ဖြေတဲ့ အဖြေထဲ မှာ "ဘယ်နိုင်ငံမှာမဆို အစိုးရ ဆိုတာ ပြည်သူအားလုံး ရဲ့ မိဘ ပါပဲ " တဲ့။ အဲဒီ အယူအဆ လုံးဝ မှားပါတယ်။ အစိုးရဆိုတာ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့သာ ဖြစ်ပြီး၊ ပြည်သူ့တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။ အစိုးရက ပြည်သူလူထုကို အလုပ်အကျွေးမပြုဘဲ ပြည်သူရဲ့ မိဘဆိုပြီး လုပ်ချင်ရာ လုပ်နေရင် အဲဒီ အစိုးရဆိုတဲ့ လူတွေ အုပ်ချုပ်နေတဲ့ တိုင်းပြည်ဟာ ပျက်ဆီးပြီသာ မှတ်တော့။

လေးစားစွာဖြင့်
ကိုထိုက်

Friday, 24 June 2011

အုပ်ချုပ်ရန် အခွင့်အရေး ပေးသည် နှင့် တော်လှန်ရန် အခွင့်အရေး

“အုပ်ချုပ်ရန် အခွင့်အရေး ပေးသည်။” (Consent of the Governed) ဒီစကားစုကို သဘောကျ နေခဲ့မိပါတယ်။

အုပ်ချုပ်သူ လူတန်းစားက ပြည်သူလူထုကို သူတို့ သဘောအတိုင်း အုပ်ချုပ်နိုင်တာ မဟုတ်ဘဲ၊ ပြည်သူလူထုက အခွင့်အရေးပေးမှ အုပ်ချုပ်နိုင်သည်။ လိုအပ်လျှင် အဲဒီ အခွင့်အာဏာကို ပြည်သူလူထုက အချိန်မရွေး ပြန်လည်ရုတ်သိမ်းနိုင်ခွင့် (သို့) တော်လှန်ရန် အခွင့်အရေး (Right to Rebel) ရှိတယ်။

ဒီစကားလုံးတွေကတော့ နိုင်ငံရေး သဘောတရားတွေကို ရေးသားခဲ့တဲ့ ဂျွန်လော့ခ် (John Locke -1632 – 1704) ရဲ့ စကားစုတွေ ဖြစ်ပါတယ်။ သူဟာ ထင်ရှားတဲ့ နိုင်ငံရေး တွေးခေါ်ပညာရှင် ဖြစ်သလို အခုလက်ရှိ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံ စနစ်တွေမှာ သူ့ရဲ့ အတွေးအခေါ်တချို့က အဓိက နေရာမှာ ရှိပါတယ်။

အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြေငြာစာတမ်းရဲ့ ထင်ရှားတဲ့ စကားစု တစ်ခု ဖြစ်တဲ့ "Life, Liberty and the pursuit of Happiness" ဆိုတဲ့ စကားစုဟာ ဂျွန်လော့ခ်ရဲ့ စကားစု တစ်ခုပါပဲ။ ဒီလို နိုင်ငံကြီးတွေက လက်ဆွဲပြုလုပ် ကျင့်သုံးရတဲ့ နိုင်ငံရေး သဘောတရား တွေးခေါ် ယူဆ ချက်တွေကို သိရှိထားဖို့ လိုအပ်တယ် ထင်ပါတယ်။

“အုပ်ချုပ်ရန် အခွင့်အရေး ပေးသည်။ (Consent of the Governed) ဆိုတဲ့ သဘောတရားကတော့ လူသားတွေရဲ့ သဘာဝ ဖြစ်တဲ့ အပြည့်အဝ လွတ်လပ်ခွင့်ကနေ တိုင်းပြည်၊ နိုင်ငံတွေကို တည်ထောင်ရတဲ့ မူလ ရည်ရွယ်ချက်ကို ပြန်လည် ရည်ညွန်းတာပါပဲ။

တိုင်းပြည်၊ နိုင်ငံတွေ မဖြစ်ပေါ်ခင် “လူသား သဘာဝ အခြေအနေ (State of Nature)” ဆိုတာကို အရင် ကြည့်ကြရအောင်။

လူသားတိုင်းမှာ လွတ်လပ်ခွင့် အပြည့်အဝ ရှိတယ်။ ကိုယ်လုပ်ချင်ရာကို လုပ်လို့ရတယ်။ ကိုယ့်ပိုင်ဆိုင်ခွင့်ကို ကိုယ့်ဘာသာ ကာကွယ်လို့ရတယ်။ လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ စားသောက်၊ နေထိုင်ခွင့် အပြည့်အဝ ရှိတယ်။ ပြောရရင် လွတ်လပ်ခွင့် ၁၀၀ % ပေါ့။

ဒါပေမယ့် တဖြည်းဖြည်းကြာလာတော့ ၁၀၀ % လွတ်လပ်ခွင့် အခွင့်အရေးအရ “အဆင်မပြေမှု (inconvenience)” တွေလည်း ဖြစ်လာတော့တယ်။ ဥပမာ လူတစ်ယောက်ကနေ အခြားလူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တစ်ခုခုကို အနိုင်ကျင့် ရယူမူဖြစ်လာနိုင်တယ်။ အဲဒီလို အနိုင်ကျင့်ခံရတဲ့ ကိစ္စအတွက် လွတ်လပ်စွာ ပြန်လည်တရားစီရင်ခွင့် ရှိပေမယ့် .. မတရားမူကို ဘယ်သူက အရေးယူပေးနိုင်မလဲ။ အနိုင်ကျင့်ခံရသူဘက်က အားနည်းနေလို့ နောက်တစ်ယောက်က ဝင်ရောက် အရေးယူပေးမလား။ ဒါဆိုရင် ဘယ်သူမှားလို့ ဘယ်သူ မှန်တယ် ဆိုတာကို ဘယ်လို ဆုံးဖြတ်မလဲ။ နောက်ဆုံးတော့ မတရားမူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘဲ “လူသား သဘာဝ အခြေအနေ (State Of Nature)” ဟာ “အဆင်မပြေမှု (inconvenience)” တွေ များလာပါတော့တယ်။

အဲဒီ အခါမှာ လူသားတွေဟာ “လူသား သဘာဝအခြေအနေ (State Of Nature)” ကနေ “နိုင်ငံရေး လူ့အဖွဲ့အစည်း (Political Society)” အဖြစ်ကို ပြောင်းလဲလာပါတော့တယ်။

ဒီအပြောင်းအလဲ အတွက် “လူထု သဘောတူညီချက် (Social Contrast)” ဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ လူထုသဘောတူညီချက်ဟာ လူသားတစ်ဦးခြင်းစီနဲ့ သူနေထိုင်ရာ နိုင်ငံရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြားက ဆက်ဆံမှုအတွက် ထားရှိတဲ့ သဘောတူညီချက်ပါ။

“လူထု သဘောတူညီချက် (Social Contrast)” ထဲမှာ ပါရှိတာတွေကတော့ ပြည်သူလူထုဟာ သူတို့ရဲ့ ၁၀၀ % ရှိတဲ့ လွတ်လပ်ခွင့်တွေကို တရားမျှတမှု ဥပဒေအတွက် လူ့အဖွဲ့အစည်းရဲ့ လက်ထဲမှာ လဲလှယ်လိုက်တာဖြစ်ပေမယ့် .. အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရန် အခွင့်အရေးကိုတော့ ပြည်သူလူထုက ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်း တစ်ခုလုံးဟာ အများသဘောတူညီချက်အရသာ ပြုမူနေထိုင်ရမှာ ဖြစ်တယ်။

အစိုးရရဲ့ အဓိက တာဝန်က လူသားတွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ အများစုရဲ့ အကျိုးကို ဆောင်ရွက်ဖို့ အဓိက ရည်ရွယ်ရပါတယ်။ ဒါကြောင့် အုပ်ချုပ်သူ အစိုးရက ကိုယ်တိုင်က မတရားမှုတွေကို ကျူးလွန်လာရင် (ဒါမှ မဟုတ်) အများပြည်သူရဲ့သဘောထားကို ဆန့်ကျင်လာရင် ဖြုတ်ချပိုင်ခွင့် ရှိသလို၊ အဲဒီလို ဖြုတ်ချတာကို အင်အားသုံး နှိမ်နှင်းတာတွေ ပြုလုပ်လာရင်တော့ ပြည်သူလူထုက တော်လှန်ပိုင်ခွင့် (Right To Rebel) ရှိပါတယ်။ အဲဒီ အချက်အတွက် ထင်ရှားတဲ့ ဥပမာ တစ်ခုကတော့ အမေရိကန် နိုင်ငံမှာ လူတိုင်း တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးထားရတာပါပဲ။ ဘာလို့လဲဆိုတော့ အစိုးရက မတရားဖိနှိပ် အုပ်ချုပ်မှု ရှိလာရင် ပြည်သူထူထုက ပြန်လည် ကာကွယ်နိုင်အောင် လက်နက်ကိုင်ဆောင်ခွင့် အခွင့်အရေးကို အခြေခံဥပဒေကနေ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

ကိုထိုက်

Monday, 11 April 2011

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာရေး


မြန်မာပြည်မှာ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ရဲ့ သမ္မတပြောလိုက်တဲ့ မိန့်ခွန်းက ခုတလော လူပြောများလာပါတယ်။


"အစိုးရသစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာအောင် လုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ အဲဒီလို ဖြစ်နိုင်ဖို့အတွက် အစိုးရ လုပ်ငန်းများဟာ ပွင့်လင်းမှု ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီပြီး အားလုံး ပါဝင်နိုင်မှု ရှိရမယ်၊ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိရမယ်။" (သမ္မတ ဦးစိန်းစိန်)

ဦးသိန်းစိန် ပြောတာတွေကလည်း ပြောတာပေါ့။ တကယ်တန်း အဲဒီလို ပြောတာတွေဖြစ်တဲ့ ."ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာအောင် လုပ်ဆောင်ဖို့" ဆိုတာတွေအတွက် သမ္မတရာထူးယူထားတဲ့ လူက ပြောတိုင်း ဖြစ်လာတဲ့ အရာမဟုတ်ဘူးဆိုတာ ပြောတဲ့သူကိုယ်တိုင် သိဖို့ကောင်းတယ်။ အဲလို အစိုးရဖြစ်လာဖို့ဆိုရင် "ပါလီမာန်(ဥပဒေပြု အာဏာ)၊ အစိုးရအဖွဲ့အစည်း(အုပ်ချုပ်ရေးအာဏာ)၊ တရားရေးဌာန(တရားစီရင်ရေး)" အဲဒီ ၃ ရပ်လုံးသီးခြားစီ လုပ်ကိုင်နိုင်ဖို့ ရေးဆွဲထားတဲ့ အခြေခံဥပဒေ တိုင်းပြည်မှာ ရှိဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေမှာ အဲဒီအချက်တွေနဲ့ ပြည့်စုံပါရဲ့လားဆိုတာ .. မိန်ခွန်းပြောတဲ့ သမ္မတက သေချာ ဆန်းစစ်ရဲ့လားဆိုတဲ့ သံသယ ဖြစ်မိပါတယ်။

ပထမ တချက်အနေနဲ့ အားကောင်းတဲ့ အတိုက်အခံမရှိအောင် ရွေးကောက်ပွဲမှာ အစီအစဉ်တကျ နည်းမျိုးစုံနဲ့ တားမြစ်ထားတဲ့ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ ပါလီမာန် (ဥပဒေပြု အာဏာ)ကနေ အတည်ပြုလာမယ့် ဥပဒေတွေဟာ "တရားမျှတပါရဲ့လား၊ သန့်ရှင်းပါရဲ့လား၊ လူတစ်စုကိုပဲ ကိုယ်စားပြုတဲ့ ဘက်လိုက်မှုဆိုတာတွေ ကင်းနိုင်ရဲ့လား၊ ပြည်သူ့ကောင်းကျိုးကို ဖြစ်ပေါ်လာစေမှာလား" ဆိုတဲ့ မေးခွန်းတွေကို ဦးသိန်းစိန် အရင်ဖြေသင့်ပါတယ်။

ဒုတိယ အချက်အနေနဲ့ ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ အနိုင်ယူထားပြီး ရလဒ်အဖြစ် ပေါ်ထွက်လာတဲ့ သမ္မတက နိုင်ငံရဲ့ "တရားစီရင်ရေးအာဏာ" ရှိမယ့် တရားသူကြီးချုပ်ကို တိုက်ရိုက်ရွေးချယ် ခန့်ထားနိုင်ခွင့်ရှိသလို၊ အချိန်မရွေးလည်း ရာထူးကနေ ထုတ်ပယ်ပိုင်ခွင့်ရှိနေပါတယ်။ ဒီအချက်ဟာ တိုင်းပြည်အတွက် အန္တရာယ်အင်မတန်ကြီးတဲ့ အချက်ဖြစ်သလို သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်လာဖို့အတွက် အဓိက တားဆီးနေတဲ့ အချက်ဖြစ်နေတယ်ဆိုတာ မိန့်ခွန်းမပြောခင် သမ္မတအနေနဲ့ သေသေချာချာ စဉ်းစားသင့်တယ်ထင်ပါတယ်။ (ဥပမာ အစိုးရ အဖွဲ့အစည်း (ဒါမှမဟုတ်) သမ္မတက ဥပဒေ ချိုးဖေါက်တာလုပ်ရင် တရားသူကြီးချုပ်က အရေးယူလို့ မရတော့ပါဘူး။) ဘာလို့လဲဆိုတော့ အဲဒီ တရားသူကြီးချုပ်ကို သမ္မတက အချိန်မရွေး ဖြုတ်လို့ ရနေလို့ပါပဲ။ .. သမ္မတရဲ့ ဥပဒေ ချိုးဖောက်မှုတွကို အရေးမယူမယ့် တရားသူကြီးချုပ်ကိုပဲ ရွေးချယ်ခန့်မှာ ဖြစ်နေလို့ပါပဲ။ တရာစီရင်ရေးနဲ့ ဥပဒေရေးဆွဲရေးလုပ်ရာမှာလည်း တရားသူကြီးချုပ်က သမ္မတ မျက်နှာကို ကြည့်ပြီး လုပ်ရမှာ ဖြစ်တာကြောင့် .. သမ္မတနဲ့ အစိုးရအဖွဲ့ကို မထိခိုက်မယ့် ဥပဒေတွေကို ရေးဆွဲပါတော့မယ်။ ဒီအခါ တိုင်းပြည်ဟာ ပြည်သူလူထုကို အန္တရယ်ပေးမယ့် "state terrorism" ဖြစ်လာပါတော့မယ်။ အစိုးရအဖွဲ့အစည်းကို အရေးယူလို့ရမယ့် တရားစီရင်ရေး စနစ် မရှိတာကြောင့် သန့်ရှင်းတဲ့ အစိုးရဖြစ်လာစရာ လမ်းမရှိပါဘူး။ ဒါကြောင့် လက်ရှိ အခြေခံဥပဒေအရ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ပေါ်ပေါက်လာရေး ဆိုတဲ့ စကားလုံးကို ပြောနိုင်ဖို့ ဦးသိန်းစိန်က ဘယ်လို အချက်မျိုးနဲ့ ထောက်ပံ့ပြောဆိုနေလဲ ဆိုတာမေးဖို့ လိုလာပါတယ်။

အုပ်ချုပ်ရေး အာဏာ အပိုင်းမှာလည်း ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေအရ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။ နောက်ပိုင်းမှ ထပ်မံ ဆွေးနွေးပါ့မယ့်။

လေးစားစွာဖြင့်
ကိုထိုက်

Saturday, 2 April 2011

သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်း မသိသော ပါလီမာန်



မြန်မာနိုင်ငံမှာ အခုဆိုရင် နအဖကနေ မွေးထုတ်ပေးလိုက်တဲ့ ပါလီမာန်ဆိုတာကြီး ပေါ်လာပါပြီ။ အဲဒီပါလီမာန်ကနေ တိုင်းပြည်ကို စီမန်ခန့်ခွဲ အုပ်ချုပ်သွားမယ်တဲ့။ ပါလီမာန်မှာ ဝင်ထိုင်နေတဲ့ လူတွေကတော့ ပြည်သူကိုယ်စားပြု အမတ်မင်းတွေ။ ပြည်သူလူထုကို ဦးဆောင်လမ်းပြ အုပ်ချုပ်စီမံသွားမယ့် ပြည်သူ့ကိုယ်စားလှယ်တွေ၊ လူကြီးလူကောင်းတွေ၊ တိုင်းပြည်ရဲ့ ဒိတ်ဒိတ်ကျဲ ပညာတတ်တွေနဲ့ တချိန်က ကိုယ့်ဘာသာ နိုင်ငံတော်လို့ ခေါ်နေတဲ့ စစ်ဘောင်းဘီချွတ် ပုဂ္ဂိုလ်ကြီးတွေပါဝင်တဲ့ တတ်ရောက်နေတဲ့ ပါလီမန်ကြီးပါပဲ။

ဒီတော့ ကျွန်တော်လည်း မြန်မာနိုင်ငံသား တစ်ယောက်ပီပီ စိတ်ဝင်စားမိတယ်။ ဝမ်းသာအားရပေါ့။ လူကြီးလူကောင်းတွေ တတ်ရောက်ဆွေးနွေးရာ ပါလီမာန်ကြီးရဲ့ ဓါတ်ပုံတွေကိုလည်း စိတ်တဝင်တစားကြည့်မိတယ်။

တွေ့ပါပြီဗျာ။ ပါလီမာန် အသစ်စက်စက်ကြီးရဲ့ အစည်းအဝေးခန်းမကြီးမှာ အမြင်မတော်တာကို စမြင်ရတော့တာပဲ။

ပါလီမာန် ဥက္ကဌရဲ့ ရှေ့တည့်တည့်မှာ ချထားတဲ့ ဘာမှန်းညာမှန်း မသိတဲ့ အချောင်း(ဘင်ခရာ တီးဝိုင်းမှာတော့ အဲဒီလို အချောင်းမျိုးကို အရှေ့ဆုံးက လူက ဂီတသံစဉ်အတွက် အချက်ပြဖို့ သုံးတယ်။ "ကျိုင်း" လို့ ခေါ်တယ်ထင်တယ်။) ကြီးကို တွေ့မိတော့တာပါ။ (အထက်ပါ ပုံကို ကြည့်ပါ။)

တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများ ခင်ဗျာ ... အဲဒီ အချောင်းကြီးက ဘာအတွက် အဲဒီမှာ ချထားတာလဲ ဆိုတာ ရှင်းပြပေးစေချင်ပါတယ်လို့သာ မေးခွန်းမေးချင်နေမိတယ်။ "သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်းမသိ" သော လူပုဂ္ဂိုလ်များက တိုင်းပြည်အုပ်ချုပ် နေကြတယ် ထင်ပါတယ်။

ဗြိတိသျှ ပါလီမာန်မှာ အဲဒီလို အချောင်းမျိုးကို ပါလီမန် အစည်အဝေး ခန်းမမှာ ချထားတာကို မြင်ပြီး ငါတို့ ပါလီမာန်မှာလည်း အဲဒီ အချောင်းကြီး ချထားမှ ပါလီမာန်နဲ့ တူမယ်ထင်ပြီး ချထားပုံရပါတယ်။ အမေရိကန် လွှတ်တော်မှာ အဲဒီအချောင်း မရှိပါဘူး။ အဲဒီ အချောင်းကြီးကို ဘာအတွက် ချထားတာလဲဆိုတာ တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းတွေ သိပုံ မရပါဘူး။ တိုင်းပြည်တော့ တိုးတတ်ကြီးပွားဦးမယ့် လက္ခဏာပါပဲ။

ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် ရှိပါတယ်။ ပြီးတော့ စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီးရှိပါတယ်။ ဒီတော့က တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင်မကြီးရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေးတိုင်းအတွက် ဘုရင်မကြီးက မတတ်ရောက်နိုင်ပါဘူး။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား အဲဒီ အချောင်းကြီးကို ပါလီမာန်မှာ ချထားတာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် အဲဒီ အချောင်းကြီးကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ ဒါ ဗြိတိသျှ ထုံးစံပါ။

နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေမှာ အဲဒီအချောင်းကြီးကို ပါလီမာန်မှာ ထားရှိပါတယ်။

အမေရိကန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီလို အချောင်းကြီး ပါလီမာန်မှာ မရှိပါဘူး။ ပြင်သစ်ပါလီမာန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီအချောင်းကြီး မရှိပါဘူး။ ဂျာမနီမှာလည်း အဲဒီ အချောင်းကြီး မရှိပါဘူး။

တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများခင်ဗျာ ... ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့ ပါလီမာန်မှာ ဘာလို့ အဲဒီ အချောင်းကြီး ချထားရတာပါလဲ။ ... ဒါမှ မဟုတ် ဗြိတိသျှ ကိုလိုနီအဖြစ် တိုင်းပြည်ကို အမတ်မင်းတို့ လက်ထက်ရောက်မှ အလိုလို သတ်မှတ်နေတာလားဆိုတာတော့ ...

လေးစားစွာဖြင့်
ကိုထိုက်

Wednesday, 2 March 2011

တောင်သူလယ်သမားတွေအတွက် နစ်နာမှု

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၊ ..

ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒုက္ခဆိုးတွေကို စတင်မွေးဖွားလိုက်တဲ့ နေ့ရက် တစ်ရက်ဆိုရင် မှားမယ်မထင်ပါဘူး။ စစ်တပ်ထဲက စစ်ခေါင်းဆောင် အာဏာရှင် ဦးနေဝင်းက မြန်မာပြည်ကို ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ နေ့ဖြစ်ပြီး .. အဲဒီနေ့က စလို့ မြန်မာပြည်ဟာ စစ်ကျွန်ဖြစ်ခဲ့ပါတော့တယ်။

ကွန်မြူနစ် သောင်းကျန်းသူတွေ တိုင်းပြည်ကို အဖျက်အမှောက်လုပ်တယ် ပြောပြီး ကွန်မြူနစ် မကောင်းကြောင်းကို ပြောနေပေမယ့် လက်တွေ့မှာတော့ တရုတ်ပြည်ကို မော်စီတုန်းကို အတုခိုးပြီး လယ်သမားတွေကို စည်းရုံးဖို့နဲ့ အာဏာသိမ်းပြီး အောင်ပွဲခံတယ်ဆိုတဲ့နေ့မှာ တရားဝင် အခန်းအနား ကျင်းပနိုင်ဖို့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ဆိုပြီး သတ်မှတ်ခဲ့တာပါပဲ။

တရုတ်ပြည်မှာက မော်စီတုန်းက လယ်သမားလူတန်းစားကို စည်းရုံးပြီး ၁၉၃၄ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အာဏာရ ချန်ကေရှိတ် အစိုးရကို စတင်တော်လှန်ခဲ့ပြီး အောင်မြင်မှုတို့ရခဲ့ပါတယ်။ ချန်ကေရှိတ်ကတော့ ပြည်မကြီးကနေ ဆုတ်ခွာရပြီး နောက်ဆုံး တိုင်ဝမ်ကျွန်းမှာ တိုင်ဝမ်နိုင်ငံကို တည်ထောင်သူဖြစ်ခဲ့ပါတယ်။

အဲဒီလို တရုတ်ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မော်စီတုန်းကို အားကျခဲ့ပြီး ဦးနေဝင်းကလည်း တောင်သူလယ်သမား ကဏ္ဍဟာ အရေးပါတယ်ဆိုပြီး တောင်သူလယ်သမားနေ့ကို တီထွင်ခဲ့တာ သက်သက်ပါပဲ။ ပြီးတော့ ဆိုရှယ်လစ် သမ္မတနိုင်ငံ တည်ထောင်မယ် ဆိုပြီး ၁၉၇၄ အခြေခံဥပဒေကို အတင်းအတည်ပြုပြီး မြန်မာပြည်ကို ဘောင်ဘီချွတ် အာဏာရှင် အဖြစ်စတင် အုပ်ချုပ်ပါတော့တယ်။

တရုတ်ပြည်မှာ မော်စီတုန်းက တောင်သူလယ်သမားတွေကို စည်းရုံးပြီး တော်လှန်ရေးကို အောင်မြင်ခဲ့တာ ဖြစ်ပေမယ့် .. သူရဲ့ မှားယွင်းတဲ့ စီမံမှုတွေကြောင့် လူ သန်းပေါင်း ၂၀ ကျော် အငတ်ဘေးနဲ့ သေတာကိုတော့ သင်ခန်းစာ မယူခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ လူအများဆုံး သတ်တယ်ဆိုတဲ့ ဟစ်တလာထက် သူသတ်ခဲ့တဲ့ လူဦးရေးက ပိုများပါတယ်။ ဟစ်တလာက တိုက်ရိုက် သတ်ခဲ့တာ ဖြစ်ပြီး သူကတော့ သွယ်ဝိုက်ပြီး လူအများဆုံး သတ်ခဲ့သူပါ။

မော်စီတုန်းရဲ့ အာဏာရယူပုံကိုပဲ အတုယူခဲ့ပြီး … တိုင်းပြည်ဒုက္ခရောက်ပုံကို သင်ခန်းစာမယူခဲ့တဲ့ ဦးနေဝင်းက မြန်မာပြည်ကို မော်စီတုန်းရဲ့ လုပ်ကိုင်ပုံအတိုင်း တရုတ်ပြည် အုပ်ချုပ်ရေး ပုံစံကို အသက်သွင်းပြီး တိုင်းပြည်ကို ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတော် တည်ထောင်မယ်ဟေ့ ဆိုပြီး ကြေငြာကာ ပျက်စီးခြင်းများစွာကို စတင်ပါတော့တယ်။

မော်စီတုန်းက စုပေါင်းလယ်ယာ၊ စုပေါင်းလုပ်ကိုင် ဆိုပြီး ၅ နှစ် တိုင်းပြည် တိုးတတ်ရေး စီမံကိန်းကို ချမှတ်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းရဲ့ လွဲမှားမှုတွေကြောင့် ၅ နှစ်စီမံကိန်းရဲ့ ပထမ ၃ နှစ် ၁၉၅၈-၁၉၆၁ ခုနှစ်မှာပဲ စီမံကိန်းပျက်စီးပြီး လူသန်းပေါင်း ၂၀ ကျော် သေခဲ့ရတာပါ။ ဒါကို လုံးဝ သင်ခန်းစာ မယူဘဲ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတဲ့ ဦးနေဝင်ဟာ ဆိုရှယ်လစ်စီမံကိန်းတွေ ရေးစွဲပြီး ပြည်သူတွေပိုင်တဲ့ လုပ်ငန်းတွေကိုပဲ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး အစိုးရကနေ အတင်းအဓမ္မဝင်ရောက် သိမ်းယူပြီး စီးပွားရေး စနစ် စတင် အရှိန်ရကာစ မြန်မာပြည်ရဲ့ စီးပွားရေး စနစ်ကို တချက်ထဲနဲ့ ရိုက်ချိုးပြီး အမှောင်ထုထဲရောက်အောင် မြန်မာပြည်ကို ဆွဲခေါ်သွားခဲ့တာပါပဲ။

တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ တောင်သူလယ်သမားနေ့ကို သတ်မှတ်ပေးတယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ခံပေမယ့် … စေတနာဆိုး ဖြစ်ရပ်ဆိုးတွေရဲ့ ကြမ္မာနောက်ဆက်တွဲအဖြစ်နဲ့ တောင်သူလယ်သမားနေ့ စတင်ဖြစ်ပေါ်လာခဲ့တာကတော့ မြန်မာပြည်အတွက်ရော တောင်သူလယ်သမားတွေ အတွက်ပါ ဝမ်းနည်းစရာ ဖြစ်နေရပါတယ်။

မြန်မာပြည်အမှောင်ထုထဲ စတင်ဝင်ရောက်တဲ့နေ့၊ ဒါမှ မဟုတ် အာဏာရှင်စနစ် စတင် အမြစ်တွယ်တဲ့နေ့ဟာ တောင်သူလယ်သမားနေ့နဲ့ ထပ်တူဖြစ်နေခဲ့ရတတာဟာ တောင်သူလယ်သမားတွေအတွက် နစ်နာမူကြီး တစ်ခု အနေနဲ့ပဲ သတ်မှတ်ချင်ပါတော့တယ်။

လေးစားစွာဖြင့်

ကိုထိုက်

(မြန်မာ့ သမိုင်းကြောင်းအရ ဦးနေဝင်းနဲ့ မော်စီတုန်းတို့ရဲ့ လုပ်ပုံကိုင်ပုံ အကြမ်းဖျင်းကို တင်ပြခဲ့ခြင်းသာဖြစ်ပါတယ်။ ကျွန်တော် တင်ပြမှုတွေမှာ မှားယွင်းမှု တစုံတရာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်စွာ အမှားပြင်ပေးကြပါ ခင်ဗျာ။)

Wednesday, 23 February 2011

ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် တခုခု ကျင်းပကြရအောင်

လူသတ်သမား သန်းရွှေခေါင်းဆောင်တဲ့ လက်နက်ကိုင် အကြမ်းဖက် အုပ်စု (နအဖ စစ်အုပ်စု)ရဲ့ အမျိုးမျိုး နှိပ်စက်မူကို ခံနေရတဲ့ မြန်မာပြည်မှာ ပြည်သူလူထု တရပ်လုံးက တဖြည်းဖြည်းနဲ့ ကျပ်တည်း၊ ရှားပါးလာပြီး .. ပြည်သူလူထုရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်လာရပြီး နောက်ဆုံးမှာ ပျော်ပွဲ၊ ရွှင်ပွဲဆိုတာတွေ တော်တော်လေး နည်းပါးလာပါတယ်။ လွတ်လပ်ရေးနေ့လို နေ့မျိုးမှာတောင် လွပ်လွပ်လပ်လပ် ပျော်ရွှင်ရတဲ့ ပျော်ပွဲရွှင်ပွဲ ဆိုတာ ရှာမတွေ့တော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ကြုံရတဲ့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ရတဲ့ နှစ်သစ်ကူး သင်္ကြန်လိုကာလမျိုး၊ ဘာသာရေးနဲ့ သက်ဆိုင်ပြီး ကြည်နူးပျော်ရွှင်ရတဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်လို ပွဲမျိုးတွေမှာတောင် ပျော်စရာ ရွှင်စရာတွေ ရှားပါးလာခဲ့တာ အားလုံး အသိပါပဲ။

ဒီတော့ ဒီနေ့က စပြီး ပျော်ပွဲ ရွှင်ပွဲ တခု အတွက် ကြိုတင်ပြီး စုစည်း စဉ်းစားထားကြရအောင်ပါလား။ ဗုဒ္ဒဘာသာရဲ့ ဘာသာရေး အမြင်နဲ့ ကြည့်ရင်တော့ သိပ်ပြီး မကိုက်ညီပေမယ့် … “ကိလေသာတော့ ကုန်သွားပြီ။ ဒါပေမယ့် တဏှာတော့ ကျန်သေးတယ်” လို့ဆိုပြီး နောက်ပြောင်ပြောကြတဲ့ သာမန်လူသားတို့၏ သဘာဝ သရုပ်အတိုင်း … သာမန်လူသား တစ်ယောက် ဖြစ်နေသေးတော့ …..

မြန်မာပြည်မှာ သန်းရွှေ သေရင်(ဘယ်လို သေသေ) သေတဲ့ နေ့အတွက် ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် တခုခု ကျင်းပကြရအောင်

လို့ စဉ်းစားထားမိတာ ကြာပါပြီ။

သန်းရွှေတို့ အုပ်စု နှိပ်စက်တာကြောင့် ပြည်သူတွေရဲ့ ဘဝတွေ၊ သွေးတွေ၊ မိဘ တွေရဲ့ မျက်ရည်တွေ၊ ငိုကျွေးနေရတာတွေနဲ့ နှိုင်းယှဉ်ရရင်တော့ ဒီလို ပျော်ပွဲရွှင်ပွဲ လုပ်မယ်လို့ စဉ်းစားမိတာ တရားတယ်လို့ ထင်ပါတယ်။ အဲဒီ ဘဝတွေ၊ သွေးတွေ၊ မျက်ရည်တွေ အတွက် ကျေကျေနပ်နပ်နဲ့ တခဏတာ ပျော်ပွဲလေး တခု လုပ်ချင်ရုံပါပဲ။

မိတ်ဆွေတို့ရော ဘယ်လို မြင်ပါသလဲ။

ခင်မင်စွာဖြင့်

ကိုထိုက်