Monday 17 May 2010

“ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသမှုး ဗိုလ်မှုးကြီး အုန်းချို အပါအ၀င်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌ ဦးကျော်ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှုး ဗိုလ်ကြီး သန့်ဇင်သိန်း၊ ရဲမှုးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲလို့ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ခေတ် (၂၂နှစ်ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တစ်လတစ်ကြိမ် နှုန်းလောက် ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီး ဗုံးကွဲတယ်ဆိုတာကို သိပ်စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီ၊ တိုင်းပြည် မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ ခွဲတာနေမှာပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ်၊ ခု ဧပြီလ (၁၅)ရက်၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်း ဖြစ်တာကြောင့်ရော၊ လူအများ အပြား ထိခိုက်တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီးမားမားပုဂ္ဂိုလ် များနဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းကြား ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စု အချင်းချင်းလုပ်တာလို့ အမျိုးမျိုး ပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့တာပါ။

စစ်အစိုးရ ကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံးဒါဏ်ရာရ စာရင်းတွေကိုချက်ခြင်း ထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်တွေကနေလဲ (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာ ကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေ ဆယ်သိန်းပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန်ပြီး ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် ဥက္ကဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး “၀ပ်” လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူတယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေစီစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ်အကြာမှာတော့ အားလုံး သိပြီးတဲ့အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲ လုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူတယောက်ကို ဖမ်းမိ ထားတယ်ပြောပြီး VBSW, ABSDF, DAB, NCUB, KNU စတဲ့ အဖွဲ့များစွာကိုလဲ စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာပြီးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့၊ စစ်အစိုးရ ပြောတာတွေမို့လို့ … လို့၊ စိတ်အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့ အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံဇာတ် ထွင်ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင်က ဘာကြောင့်တရားခံအဖြစ် ပြခံရလဲ ဆိုတာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇာတ် ထွင်ရတဲ့အကြောင်းက သူ့တပ်သူ ထိမ်းဘို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ် အသိုင်းအ၀ိုင်းကို ပြန်လိမ်တာပါ။

X2O ရေကစား မဏ္ဍပ်ဟာ စစ်အုပ်စု ရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် (ခေါ်) နေရွှေသွေးအောင် ပါလာသွားနေခဲ့ပါတယ်၊ အမှတ်(၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေသမဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေးအတွက် သီးသန့် လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါ ကားတွေရပ်ထားပြီး ဗိုလ်မှုးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့ မယက ဥက္ကဌအပါအ၀င် လုံခြုံရေးများစွာ ရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့်ကို မကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း၊ တခြား VIP သားသမီးတချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း၊ ဗိုလ်မှုးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်းကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ၊ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ် ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင် ဒုဝန်ကြီး ဗိုလ်မှုးကြီး တင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)။

ထောက်လှမ်းရေး အသိုင်းအ၀ိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥယာဉ် အိမ်ယာကို ဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီ ၀န်းထဲမှာပဲ ကြိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေက ပေါ်နေ ပါတ်သက်နေ ကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိပဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေကနေ ပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကို တယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာ ပိုကြီးစေခဲ့ပါတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေအပါအ၀င် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့်အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက် အင်အားစာရင်း ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်း မယုံမကြည်ဖြစ်လာတဲ့ တပ်တွင်း ပဋိပက္ခကို ထိမ်းဘို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေကို နှစ်သိမ့်နိုင်ဘို့၊ စောက်သုံးမကျသလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဘို့၊ ပြည်သူတွေကြားမှာ ပြောနေတဲ့ စစ်အစိုးရကိုယ်တိုင် ခွဲတာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံဇာတ် ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော် စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံ အဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မဲ့ ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော် တိုင်းမှုးအိမ်ရှိရာ ချယ်ရီ ဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာအဖြစ် လုပ်ခဲ့ဘူးသူ တယောက်ဖြစ်ပြီး သံသယဖြစ်ဘို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဘူးသူ၊ ထောက်လှမ်းရေးတွင် ခံဝန် လုပ်ထားရသူ ဖြစ်ပါတယ်၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာ အားလုံးကိုဖမ်းတာမှာ ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ် အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေ ရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်မှု မျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပါယ်ကသူတွေနဲ့ ပါတ်သက်ခဲ့တာတွေကို ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ (ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာ ဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်း အတွက်စာဖြန့်တယ်ဆိုပြီး ဌာနမှုးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီး ကောင်းမွန်စွာ နေထိုင်ကျောင်းတက်ပါမည် ဟု ၀န်ခံ လက်မှတ်ထိုးဘူးကြောင်း၊ ၂၀၀၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင် ကူးကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်း စာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင် ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်ကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေးနေချိန်ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ ကျူးလွန်သူတွေကို မဖမ်းနိုင် မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေးအုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြားစွပ်ဆွဲသူတွေကို ဇွတ် ဆက်စပ်ရပါတော့တယ်၊ တခြား စွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာ ပါဝင်ပါတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှမပြော နိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ ဇနီးကတော့ ဆာကူရာမှာ တုံးကထဲက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး (ခေါ်) ကိုမျိုးမြင့်အောင် (B.E Civil) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီး လုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံး ရန်ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊ လုံခြုံရေးများလဲ သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံးကိစ္စ စစ်မေးရန် ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေတာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကို ပြောသွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ထားပြီး၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့က မိခင် ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့ အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ (၁၅)မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်။

အဓိကကတော့ သူမ တရားခံရတာဖြစ်ကြောင်း၊ လုံးဝမပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီး ကိုယ်စား လှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့်မရခဲ့ပဲ ထောင် အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးပြီ၊ SB က ခွင့်မပြုသေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြောသွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခုတပ်ထားတာ ပြောရတော့မယ်၊ ထောင်ပို့ပြီဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ)နဲ့ ပါတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန် သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး (ခေါ်) ကိုမျိုးမြင့်အောင်(BE.Civil)နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်းစင်တာ က ၀န်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေဖြစ်လာရင် လုပ်ကြံဇာတ်လမ်း သတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာလှည့် ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင်ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်း ရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့။

No comments: