Showing posts with label မြန်မာ့ သမိုင်း. Show all posts
Showing posts with label မြန်မာ့ သမိုင်း. Show all posts

Tuesday, 9 September 2008

သတိရမိသည်များ (၄)

အမှတ်မထင် ပုံလေး တစ်ပုံကို မိတ်ဆွေ တစ်ယောက်ရဲ့ gtalk မှာ avatar အဖြစ် သုံးနေတာကို တွေ့လိုက်မိတယ်။ တစ်ကြောင်း ကာတွန်းလေးပါ။ ဒေါသထွက်နေတဲ့ မျက်နှာလေးနဲ့ ဂရပ် တစ်ခုကိုကိုင်ထားတယ်။ ဂရပ်က တစ်ခုခု ထိုးတတ်နေတာကို ပြထားတဲ့ ဂရပ် ကလေးပေါ့။ လမ်းလျှောက်နေတဲ့ ပုံစံလေး တစ်ခု။ သူ့ status က သေချာ မမှတ်မိတော့ပါဘူး။ ကုန်ဈေးနှုံးတတ်၊ ဆီဈေးကြီးလို့ ကိုမင်းကိုနိုင်တို့ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ လမ်းလျှောက် အပြီးမှာ ကုန်ဈေးနှုံးကြီးတာကို ဒေါသထွက်နေတဲ့ ပြယုဒ်။

အဲဒါလေးကို မြင်လိုက်မိတော့ ကျွန်တော့် ရင်ထဲ တစ်ခုခု လုပ်ချင်တဲ့ စိတ်တစ်ခု ထိုးထွက်လာတယ်။ ခက်တာက ကိုယ်တိုင်က တိုင်းတပါးမှာ။ ဆန္ဒဝင်ပြလို့လည်း မရ။ အတူတူ ရင်ဘောင်တန်း လမ်းလျှောက် ဖေါ်ထုတ်နိုင်စွမ်းမရှိ။ ဒါနဲ့ လန်ဒန်မှာ ဆန္ဒပြလို့ ရတဲ့ နေရာက မြန်မာသံရုံး တစ်ခုပဲ ရှိတယ်။ ဒီတော့ ကျွန်တော့် ဘဝမှာ ပထမဦးဆုံး ဆန္ဒပြပွဲ တစ်ခု လုပ်ဖို့ “စ”တွေးတော့တာပါပဲ။ ဆန္ဒပြဖို့ ဘာတွေ လိုအပ်လဲ၊ ဘာတွေ လုပ်ရလဲ ဆိုတာတွေ မသိ။ ကိုယ်တိုင်လည်း တခါမှ ဆန္ဒပြပွဲတောင် ဝင်ပါဖူးတာ မဟုတ်။ အဲဒါမှ အခက်။

လန်ဒန်မှာ ဆန္ဒပြပွဲ လုပ်နေကြ အတွေ့အကြုံ ရှိပြီးသား ဖြစ်တဲ့၊ လုပ်လေ့ လုပ်ထလည်း ရှိတဲ့ မြန်မာတွေ ဦးဆောင်တဲ့ BDMA-UK ရုံးခန်းသွားပြီး အဲဒီက လူတွေနဲ့ တိုင်ပင် ဆန္ဒပြဖို့ စီစဉ်နဲ့ပေါ့။ ကွန်ပြူတာရိုက် ဖုန်း ဆက်တာတွေနဲ့ ရှုပ်နေတာပါပဲ။ တစ်ခါမှ မလုပ်ဖူးတဲ့ လူတစ်ယောက်အတွက် လွတ်လပ်တဲ့ တိုင်းပြည်မှာ စည်ကားတဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ရဖို့ စီစဉ်တာ ထင်သလောက် မလွယ်သေးပါလား။ အဲ .. ခက်တာက လန်ဒန်ရောက် မြန်မာတွေ အဲဒီ အချိန်က ဆန္ဒပြဖို့ စိတ်မဝင်စားကြသေးတာပဲ။

ဒီတခါလည်း စာက တောင်ရောင် မြောက်ရောက် ဖြစ်နေပြန်ပါပြီ။ တကယ် ပြောချင်တဲ့ အရာက၊ အဲဒီ ရုံးခန်းမှာ ကွန်ပြူတာ သုံးရင်း၊ မေးလ်စစ်ရင်း ခုန ပုံကလေးကို ထပ်တွေ့လိုက်ရတယ်။ ဒါနဲ့ အဲဒီ မိတ်ဆွေကို မေးလိုက်မိတော့တယ်။ အဲဒီ ပုံကို မူရင်း ဘယ်သူဆွဲတာလဲ ဆိုတော့၊ သူလည်း အခြားလူဆီက ကူးထားတာ၊ အဲဒီ လူကို မေးပေးမယ် ဆိုတာနဲ့ မေးရင်းမြန်းရင်း နောက်ဆုံး မူရင်း စသုံးတဲ့ လူကို တွေ့ပြီပေါ့။ နာမည်တော့ ရပြီ။ လူတော့ မသိသေးဘူး။ ဒါနဲ့ မိတ်ဆက်ခိုင်း၊ add ခိုင်းနဲ့ အလုပ်ရှုပ်လိုက်တာ .. ။

အခု မြန်မာပြည်ထဲမှာ ကုန်ဈေးနှုံးကြီးမြင့်လာတာကို ပြည်သူ့ကိုယ်စား လောင်စာဆီဈေး ချပေးဖို့ တောင်းဆိုနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား သူရဲကောင်းများ၊ ကုန်ဈေးနှုံးကျဆင်းရေး အဖွဲ့ဖြစ်တဲ့ ကိုထင်ကျော် အပါ အဝင် ပြည်သူ့သားကောင်းရတနာများ၊ အခြားသော ရဲရင့်သော မျိုးချစ် ပြည်သူလူထုများကိုယ်စား ဂုဏ်ပြုဖို့ logo လေး တစ်ခုလောက် ကျွန်တော်လုပ်ချင်လို့။ အဲဒါ ခင်ဗျားကူညီပေးနိုင်မလားလို့ မေးမိလိုက်တော့ .. ဝမ်းသာ အားရပါပဲ ချက်ချင်းကို ကူညီပေးတယ်။

သူကလည်း အဲဒီ logo ပုံလေးကို အခြား သူ့ မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို အကူအညီထပ်တောင်း ပြီဆွဲခိုင်းလိုက်တာ ပုံကလေး တစ်ပုံ ထွက်လာတယ်။ ပထမတွေ့ခဲ့တဲ့ ပုံကို အခြေခံပြီး modify လုပ်ထားတာ။ logo ပုံလေးကို ရပြီဆိုတော့ ရရခြင်းမှာ အခြားမိတ်ဆွေ ဘလော့သမားတွေ အားလုံးကို ဆက်သွယ်ပြီး ဂုဏ်ပြုတင်ပေးဖို့ လိုက်ပြောလိုက်တာ၊ မထင်မှတ်ပါပဲ သံဃာတွေ အမြောက်အများ ဆန္ဒ ထွက်ပြတဲ့ အချိန်မတိုင်ခင်အထိ အဲဒီ logo လေးက အင်တာနက်သုံးတဲ့ လူတွေကြားမှာ လက်ခံပြီး အတူတကွ ဂုဏ်ပြုပေးကြနဲ့။ ဘလော့တွေ အပါအဝင် အခြား အင်တာနက် သုံးနေတဲ့ မြန်မာပြည်သူတွေအားလုံး ညီညွတ်စွာ ဂုဏ်ပြုကြတာ ကြည်နူးမိပါရဲ့။

စက်တင်ဘာ လှုပ်ရှားမှုနဲ့ အတူ နအဖ မတရားတာ လုပ်တာတွေကို ခေါင်းငုံ ခံမနေဘဲ ပြန်လည်တုံပြန် ဆန္ဒပြတဲ့ ကြားမှာ အဲဒီ logo လေးက မေ့မရတဲ့ သတိရမိသည်များ ထဲက တစ်ခုဖြစ်နေပါတော့တယ်။ အောက်က ပုံလေးပါ။

၂၀၀၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာလတွေရဲ့ မြန်မာပြည် ဖြတ်သန်းခဲ့တဲ့ မေ့မရတဲ့ သမိုင်းမှာ အမှတ်တမဲ့ မှတ်တမ်းလေး တစ်ခု အဖြစ် ကျန်ရစ်ခဲ့တဲ့ ပုံလေးဟာ သတိရမိသည်များရဲ့ တစိတ်တပိုင်းပါပဲ။

အော် ဒါနဲ့ စကားမစပ် လန်ဒန် စံတော်ချိန် ၂၀၀၇ ခုနှစ် သြဂတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီမှ ၁၃ နာရီအထိ ၊ကျွန်တော့ ဘဝ ပထမဦးဆုံး ဆန္ဒပြပွဲမှာ ကိုထင်ကျော်တို့နဲ့ အတူတူ တပြိုင်နက် ဆန္ဒပြရန် ကြံစည်ပြီး သံရုံးရှေ့သွားပြီး တသွေးထဲ ဖြစ်ကြောင်း ပြတဲ့ ပွဲမှာ ကျွန်တော် အပါ အဝင် မြန်မာလူမျိုး ၆ ယောက် သံရုံးမှာ ဆန္ဒပြခဲ့ကြောင်းနှင့် အတူ လာရောက် စောင့်ရှောက်ပေးခဲ့တဲ့ ရဲအရေအတွက်က ၅ ယောက်ဖြစ်ပါကြောင်း သတိရမိသည်များတစ်စိတ် တပိုင်းပဲပေါ့။

အိမ်ပြန်ရောက်တော့ ကြားလိုက်ရတဲ့ သတင်းကတော့ မြန်မာနိုင်ငံမှာ ၂၁ ရက်နဲ့ ၂၂ ရက် အကူး သူခိုး စစ်တပ် ဦးဆောင်တဲ့ နအဖ ထုံးစံအတိုင်း သူခိုးများ ကျင်လည်ရာ ည ၁၂ နာရီ ကျော် အချိန်မှာ ၈၈ မျိုးဆက်သူရဲကောင်း ၁၅ ယောက် အိမ်ကို ခွေးများ ဝိုင်းရံပြီး ဥပဒေမဲ့၊ ဖမ်းဝရမ်း မပါ ခေါ်သွားလိုက်ကြတာ အခုဆို ၁ နှစ်ကျော်ခဲ့ပြီပေါ့။

သူရဲကောင်း ၁၅ ယောက်ရဲ့ နာမည်တွေကတော့
၁။ ကိုမင်းကိုနိုင်၊
၂။ ကိုကိုကြီး၊
၃။ ကိုပြုံးချို၊
၎။ ကိုမင်းဇေယျာ၊
၅။ ကိုမြအေး၊
၆။ ကိုကျော်မင်းယု (ကိုဂျင်မီ)၊
၇။ ကိုဇေယျ၊
၈။ ကိုကျော်ကျော်ထွေး (ကိုမာကီး)၊
၉။ အံဘွယ်ကျော်၊
၁၀။ ကိုပဏ္ဏိထွန်း၊
၁၁။ ကိုဇော်မင်း၊
၁၂။ ကိုဇော်ဇော်မင်း၊
၁၃။ ကိုသက်ဇော်၊
၁၄။ ကိုဥာဏ်လင်း၊
၁၅။ ကိုရင်ထွန်း

တို့ ဖြစ်ကြ ကြောင်းပါ။

သတိရမိသည်များ အပိုင်း (၅) ဆက်ပါဦးမည်။

လေစားစွာဖြင့်
ကိုထိုက်

Monday, 1 September 2008

သတိရမိသည်များ (၃)

လောင်စာဆီဈေးတွေ တတ်လို့ ပြည်သူပြည်သား အားလုံး စိတ်ညစ်နေချိန်မှာ ဘလော့ သမားတချို့လည်း ဘယ်မှာ အငြိမ်နေနိုင်ပါ့။ ပြည်သူတွေထဲက ပြည်သူပဲလေ။ ဘလော့ ရေးနေတဲ့ လူတွေ ဆိုတာ ဘာသားနဲ့ ထုဆစ်ထားတာမို့လို့လဲ။ အိမ်က မုန့်ဖို့းနဲ့ အင်တာနက် ကဖေးမှာ ဝင်ရေးတဲ့လူနဲ့၊ ကိုယ့်အလုပ်နဲ့ ကိုယ်၊ ကိုယ့်ငွေ ကိုယ်ရှာပြီး ဘလော့ပေါ်မှာ သိသမျှ အရာရာ ဝေမျှပေးနေတော့၊ ဆီဈေးတတ်လို့ ကုန်ဈေးနှုံး ကြီးလာတာကို မြင်နေကြားနေရတော့ မြင်သမျှ ရေးမိနဲ့ပေါ့။ ကိုယ်တိုင်လည်း ခံနေရတာကိုး။

ကဲ အဲဒီ အထဲက ကိုမိုးတိမ်ကလည်း သူ့အတွေ့အကြုံကို ရေးထားတာတွေ ရှိပါတယ်။ သူရေးထားသမျှ ကတော့ အောက်မှာ ဖတ်ကြည့်ပါဦး၊ ခေါင်းစဉ်က တော့ “ရန်ကုန်မှာ ဒီလို ဒီလို” တဲ့။ (ရေးတဲ့ ရက်ဆွဲကတော့ သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇)
တနေ့ညက ခေါင်းတွေကိုက်ပြီး မျက်ရည်ပူတွေကျနေလို့ မနေ့က ရုံးခွင့်ယူပြီး မျက်စိဆရာဝန်သွားပြရတယ်။ မနက် ၁၀ နာရီလောက် အိမ်ကနေထွက်ပြီး ရွှေဘုံသာလမ်းကိုသွားဖို့ ကားဂိတ်ကိုထွက်လာခဲ့တယ်။ ဒီအချိန်ဆိုအတော်ပဲ ကားသိပ်မကျပ်တော့ဘူး။ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတယ်။ ခါတိုင်းဆို ကားပေါမှပေါ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်။ ကားတွေ Gas မရပြန်ဘူးထင်တယ် လို့တွေးမိတယ်။ ဒါက ဖြစ်လေ့ဖြစ်ထတစ်ခုမို့ လူတိုင်းသိနေတယ်လေ။ တစ်ခါတစ်လေ ကားတွေကို Gas ဆိုင်က ထည့်မပေးနိုင်လို့ ကားတွေမထွက်ရဘူး ညလုံးပေါက် တန်းစီပြီး စောင့်ရတယ်။ အဲ့ဒီလိုနေ့တွေ မှာဆိုရင် ကားတွေရှားတယ်။ Gas ရှိတဲ့ကားတွေလောက်ပဲ ထွက်တယ်။ ဒီနေ့လည်း ဒီလိုပဲထင်တယ်လို့ ..... တွေးမိတယ်။ တွေးနေရင်း ကားရောက်လာပြီ .. “ဆူးလေ .. ဆူးလေ ... လာလာချောင်တယ် ... ကားတွေမထွက်ဘူးနော် ... ကားရှားတယ် .. မစောင့်နဲ့ .. စောင့်ရင်းနဲ့မှတ်တိုင်နဲ့ ညှားသွားဦးမယ်” .. စပယ်ရာတွေက အဲ့လို ..ပေါက်ကရတွေ ... ငါထင်တာ မှန်နေပြီလို့မှတ်လိုက်တယ်။ ကားတွေ မထွက်ဘူးတဲ့ ..... ကားပေါ်ရောက်တော့ ထုံးစံအတိုင်း မြို့ထဲဆိုတော့ ၁၀၀ ပေါ့။ ၂၀၀ တန်ပေးလိုက်တယ် .... “အကို ဘယ်လဲ ... ” “အေး ... လမ်း ၃၀ ကို” .... “အကို .... တစ်ယောက် ၂၀၀ နော်”တဲ့ ... ကျွန်တော်အံ့သြသွားတယ်။ “အောက်ဆိုဒ်ကားလား၊ လိုင်းကားမဟုတ်ဘူးလား” လို့မေးတော့ အကိုမသိဘူးထင်တယ် ... ညက CNG ထည့်ရတဲ့ ဈေးတက်လို့ ကားခတွေလည်း နှစ်ဆ တက်ကုန်ပြီ” .. “အမ် .. ဟုတ်လား .... ဘယ်လောက်တောင် တက်သွာလို့လဲ .. ”လို့မေးတော့ “၅ ဆ .. အကို .. ၅ ဆ ... အရင်က အိုး ၁၀လုံး ၅၀၀၀ ပေးရတယ် ... အခု ၃၀၀၀၀ ပေးရတယ် ... စဉ်းစားတာကြည့်ပေတော့ဗျာ” “ဒါတင်မဟုတ်ဘူးအကို ဓါတ်ဆီဆိုရင် အရင်ဆိုင်ထည့်ဈေး ၁၂၀၀ ... အခု ၃၀၀၀ ဖြစ်သွားပြီ၊ ညစ်တယ်ဗျာ ကျွန်တော်တို့ကော ခရီးသည်တွေပါ ဒုက္ခရောက်ကုန်တာပေါ့” “အဲ့ဒါကြောင့် မနေ့ညက ဒုက္ခတွေရောက်လိုက်ကြတာ ပြောမနေနဲ့ တန်းစီထားတဲ့တချို့ကား တော်တော်များများတွေဆို အုံနာအိမ်ကို ပြန်မောင်းသွားကြတယ်။ CNG မထည့်တော့ဘူး၊ ဒါကြောင့်ဒီနေ့ ကားရှားနေတာပေါ့။ ယာဉ်ကြီးတွေ တော်တော်များများ မထွက်ကြဘူး၊ အိမ်မှာ ဒီအတိုင်းထိုးထားပြီး အခြေအနေစောင့်ကြည့်နေကြတာ၊ ကျွန်တော့်ကားတောင် လက်ကျန်လေးရှိနေလို့ ထွက်ဖြစ်တာ”လို့ ကျွန်တော့်ကို ပြောပြတယ်။ သူ့မျက်နှာမှာလည်း မကျေနပ်တဲ့အရိပ်အရောင်တွေ သန်းနေတယ်တာ ကျွန်တော်တွေ့လိုက်တယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အဲ့ဒီအရိပ်ကြီးစိုးမိုးနေတာ ကြာပါပြီ။ ထမင်းတနပ်စားရဖို့အရေး ရုန်းကန်နေရတဲ့ဘ၀မှာ ဒီလိုပဲ အောင့်အီးပြီး အစိုးမိုးခံနေကြတယ်။ .... ကျွန်တော်တော်တော် တုန်လှုပ်သွားတယ် .. ဘာတွေဖြစ်ကုန်ပြီလဲ ..... မြန်မာနိုင်ငံမှာ ပေါများလှတဲ့ သဘာဝဓါတ်ငွေ့တွေ ဈေးတက်ကုန်ပြီတဲ့ ... ဖြစ်နိုင်သလား .. ဖြစ်နိုင်ပါတယ် .. ဘာလို့မဖြစ်နိုင်ရမှာလဲ ... CNG တွေကို အစိုးရက နိုင်ငံခြားကို ရောင်းစားနေတော့ ပြည်သူတွေ ငတ်ပြီပေါ့။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပါပဲ .... မြန်မာနိုင်ငံမှာ သဘာဝ ရေမြေဓါတ်ခံကောင်းတော့ စိုက်ပျိုးရေး၊ မွေးမြူရေး/ရေလုပ်ငန်းတွေ အောင်မြင်ထွန်းကားတာ လူတိုင်း အသိပါပဲ အခုဆိုရင် ... ကောင်းပေ့ဆိုတဲ့ ပုဇွန်တွေ၊ ငါးတွေ၊ စပါးတွေ၊ သာမက .. ကြက်သွန်နီကိုတောင် နိုင်ငံခြားကို တင်ပို့ပြီးရောင်းနေကြပြီဆိုတော့ ဘယ်မှာလဲ ပြည်သူတွေစားဖို့။ လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားပဲပို့တော့မှာပေါ့ ပြည်တွင်းမှာ ဘယ်ရောင်းတော့မှာလဲ။ မြန်မာနိုင်ငံက ပြည်သူတွေ ငတ်ပြီပေါ့။ အဲ့ဒီလို အငတ်ခံလို့ အကျိုးကျေးဇူးခံစားရရင် မပြောလိုပါဘူး။ အခုဟာက ဘာမှကိုဖြစ်မလာတာ။ အခုချိန် အိမ်ရှင်မတွေ “ဈေးသွားရင် ရှူဆေးတွေယူသွား၊ နှလုံးရောဂါသည်တွေကို ဈေးမသွားခိုင်းပါနဲ့” ဆိုတဲ့ သတိပေးချက်တွေကို ရုပ်မြင်သံကြားတွေမှာ အသိပေးသင့်နေပြီ။ ဈေးထဲသွားရင် ဘုရားတနေရတယ်။ အေးပေါ့လေ .... လိမ္မော်ခြံပိုင်ရှင်က လိမ္မော်သီးအကောင်း မစားရဘူးဆိုတဲ့ စကားလို့ဖြစ်နေပြီ။ ဘယ်စားရမလဲ .. အကုန်ရောင်းစားတာကိုး။ ဒါပေမယ့် ဒီအချက်တွေကြောင့် မြန်မာနိုင်ငံဟာ သူများထက်မနှိမ့်ဘူးဆိုပြီးတော့ ကိုယ်ကိုကိုယ်ဖြေသိမ့်မိတယ်ဗျာ ... ငယ်ငယ်တုန်းက အဖိုးပြောလို့ ကြားဖူးတဲ့ ဟာသ ပုံပြင်လေးတစ်ပုဒ်ကြောင့်ပါ .. ပုံပြင်လေးက ဒီလို ..
“ဟိုး ... လွန်လေပြီးသောအခါက .. ရွာတစ်ရွာမှာ သူဠေးသား မောင်သာဆိုတာရှိသတဲ့။ သူဟာ နာမည်နဲ့လိုက်အောင်ကို အစစအရာရာ သူများထက်သာချင်တာ။ သူနဲ့အနီးအနားက ရွာသူဌေးသားတွေ ကိုလည်း လိုက်ပြိုင်၊ ရွာက လူတွေကိုလည်းလိုက်ပြိုင် .. ပြိုင်စရာမရှိရင်တောင်မှ ငါအိမ့်က သူများအိမ်တွေထက် မြင့်တယ်လို့ ၊ ငါ့အိမ်ကခွေးက အမြီးပိုဖြောင့်တယ်လို့ ကြံဖန်ဂုဏ်ယူတတ်တဲ့လူမျိုး။ တစ်နေ့တော့ .... သူတို့ရွာမှာ ၀မ်းရောဂါကပ်ဆိုက်ပါလေရော .. တစ်ရွာလုံး ၀မ်းလျှောတာ ...။ သမားတော်က အဲ့ဒီရွာမှာ တစ်ယောက်တည်းရှိတာ။ အဲ့ဒီတော့သမားတော်လည်း လက်မလည်ဘူးပေါ့။ ဒီလိုအချိန်တွေမှာ လူတိုင်းဟာ ဒီရောဂါ .. ကုတော့လည်း ဒီဆရာ .. သောက်ရတော့လည်း ဒီဆေးဆိုတော့ မောင်သာတစ်ယောက် သူများထက်မသာတော့ဘူးပေါ့။ လူတွေကလည်း ပြောကြတယ် “မောင်သာတစ်ယောက်တော့ ဒီတစ်ခါ မသာနိုင်တော့ပါဘူးကွာ”ဆိုပြီးတော့လေ။ အဲ့ဒီအချိန်မှာ မောင်သာဟာ အကြံအိုက်သွားတယ် .. “မဖြစ်ချေပြီး ငါကာလရှည်ကြာ ထိန်းသိမ်းခဲ့တာ ဂုဏ်ပုဒ်ပျက်ဆီးသွားလို့ မဖြစ်ဘူး ... တစ်ခုခု ကြံဦးမှ”ဆိုပြီးတော့တွေးတော့ .... ခဏကြာတော့ မောင်သာတစ်ယောက်ထပြီး ဆေးမြီးတိုဆိုင်ကိုသွားတယ် .. “ကျွန်တော့်ကို ၀မ်းလျှော ဆေးလေးရောင်းပေါးပါ”လို့ပြောတယ် .. ဆိုင်ရှင်က တအံ့တသြနဲ့ “အလိုမောင်သာ .. ဘာလိုပ်ဖို့တုန်း .. အခုချိန်မှာ တစ်ရွာလုံး ၀မ်းရောဂါ ကပ်ဆိုးဖြစ်နေချိန်မှာ ၀မ်းလျှောဆေးက ဘာလုပ်ဖို့တုန်း” .. “ရောင်းမှသာ ရောင်းစမ်းပါ ... လုပ်စရာရှိလို့ပေါ့ဗျာ ....” လို့ပြောတော့ ဆိုင်ရှင်က ရောင်းပေးလိုက်တယ်။ “အင်း .. မောင်သာကတော့ ဘာတွေ အဆန်းတကြယ် လုပ်ဦးမလဲမသိဘူး”လို့တွေးရင်းနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ကျတော့ ရွာထဲမှာ ထူးထူးဆန်းဆန်း သတင်းကြားလိုက်ရတယ်။ “မောင်သာ သူများထက် သာသွားပြန်ပြီ”တဲ့ .. “ဘာတွေသာသွားပြန်တာတုန်း လုပ်စမ်းပါဦး”လို့ မသိတဲ့လူတွေမေးကြတော့ သိတဲ့လူက “ဒီလိုဗျာ မိတ်ဆွေတို့ရဲ့ ... မောင်သာလေ .. မောင်သာ .. ကြံကြံဖန်ဖန်ဗျာ .. ကျုပ်တို့ရွာကပ်ဆိုက်တာ ကလေးကအစ ဘယ်သူမှ မလွတ်တာ အကုန်အသိပဲလေ ..” “ဟုတ်တယ်လေ .. အဲဒါဘာဖြစ်လို့တုန်း .. မိတ်ဆွေရ” .. “သိပ်ဖြစ်တာပေါ့ဗျာ .. အဲ့ဒီလိုဖြစ်တော့ မောင်သာတစ်ယောက် သူများထက် မသာနိုင်တော့ဘူးလေ .. ဒီရောဂါ ၊ ဒီဆရာ ၊ ဒီဆေးပဲမဟုတ်လား .. အဲ့ဒီတော့ သူက သူ့ဂုဏ်ပုဒ်မပျက်အောင်ဆိုပြီးတော့ ၀မ်းနှုတ်ဆေးတွေသွားဝယ်တယ် .. ပြီးတော့ အိမ်က သူ့ခွေးကိုဝမ်းနှုတ်ဆေးတွေကျွေးတယ် .. သူကိုယ်တိုင်လည်းသောက်တယ် .. ဒါကြောင့် မနေ့က တစ်ညလုံး ၀မ်းလျှောတာ သမားတော်တောင် ခုချိန်ထိမအိပ်ရဘဲ ကုနေတုန်းဗျာ့ .. သူ့အိမ်က ခွေးကိုရောပေါ့ဗျာ .... လူကမထနိုင် အားအင်ချို့နေတာတောင်မှ သူ့ကိုသွားသတင်းမေးတဲ့သူတွေကို ပြောလိုက်သေးတယ် .. “အခုတော့ ငါသာသွားပါပြီ”တဲ့ဗျာ .. ” ... “ဟိုက် .. သေစမ်း .......”
ပုံပြင်လေးကတော့ ဒါပါပဲကွယ် အကြောင်းတိုက်ဆိုင်လို့ပြောပြတာပါ .. အခုတော့ ငါတို့ ရန်ကုန်မှာလည်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ကားခတွေမြင့်တက်နေတဲ့အတွက် သူများနိုင်ငံနှင့်မခြား သာနေပါတော့သည်လို့ မှတ်ချက်ချရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။ စိတ်အခန့်မသင့်တာလေးတွေပါ ခွင့်လွတ်ကြပါကုန် ........ စကားစပ် ကျွန်တော် အပြန်ကျတော့ ရွှေဧည့်သည်အခြေအနေသိရအောင်လို့ အောက်လမ်းမှာ သွားစောင့်စီးတာ ... ဟီး ရွှေဧည့်သည်လည်း ဘယ်ခံနိုင်မတုန်းဗျာ ... ကားခတော့မတက်ဘူးတဲ့ .. ဒါပေမယ့် ... မတ်တပ်တွေရောအကုန်လက်ခံတယ်တဲ့ .. ဒါဆို ရိုးရိုးလိုင်းကားနဲ့မခြားဖြစ်သွားပြီပေါ့ဗျာ ......
စာအရေးအသားက ရှင်းပါတယ်။ ရှင်းဆို မြင်သလို ရေးတာကိုး။ .... ပြည်သူလူထုထဲက ပြည်သူ တစ်ယောက်ဖြစ်တဲ့ ဘလော့သမားတစ်ယောက်ရဲ့ အမြင်နဲ့ လောင်စာဆီ ဈေး ထိုးတတ်သွားတဲ့ အပေါ်ကို တွေ့ရသမျှ ရိုးရိုး သားသား တင်ပြထားတာပဲလေ။

မြန်မာ့ သမိုင်းရဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ လူသတ်ပွဲမတိုင်ခင်မှာ ဖြစ်နေတဲ့ ဖြစ်ရပ် သမိုင်းကို ထင်ဟပ်စေခဲ့တဲ့ ပို့စ်တွေ ထဲက ခင်မင်ရတဲ့ ကိုမိုးတိမ်ရဲ့ ကိုယ်တွေ့တစ်ခု ဖြစ်ခဲ့လို့ မှတ်သားဖွယ်ရာ သတိရမိသည်များထဲက တစ်ခုပေါ့။

အော် .. မေ့တော့မလို့ ကိုမိုးတိမ်ရဲ့ ဘလော့ လိပ်စာက http://shwemoetain.blogspot.com ဖြစ်ပြီး၊ ဘလော့ နာမည်က “မိုးတိမ်၏ ဘာညာသာရကာ နေကြာ ကွာစိ” ပါတဲ့ .. ခင်ဗျာ။

သတိရမိသည်များ အပိုင်း (၄) ကိုဆက်ပါဦးမယ်။

လေးစားစွာဖြင့်
ကိုထိုက်

Tuesday, 26 August 2008

သတိရမိသည်များ (၂)

ဒီနေရာမှာ မေ့ထားလို့ မရတဲ့ ဘလော့လောက က လူတွေလည်း ရှိသေးတယ်ဗျ။ သူတို့ကတော့ တချိန်က yahoo chat တွေမှာလည်း နာမည်ကျော်ခဲ့တဲ့၊ ရုရှားက စစ်သည်တော် တချို့ပါပဲ။ မချန်ထားခဲ့ စကောင်း တွေပေါ့။

ပြည်တွင်းရေး အရ မငြိမ်မသက် တဖက်သက်ဖြစ်လာလေ၊ အဆိုပါ စစ်သည်တော်တွေရဲ့ ကဏ္ဍက ပီပြင်လာလေ။

အမှတ်တရ .... သမိုင်းဝင် ၂၀၀၇ ရဲ့ သြဂုတ်လ (၁၅)ရက်။ ဆိုင်းမပါ ဗုံမတီး၊ တပ်မတော်ကြီးက မဟုတ်တာတွေ လုပ်တာများနေလို့ ညသန်းခေါင် အကျင့်ပါနေသလားမသိ၊ လူဖမ်းလည်း ည သန်းခေါင်၊ ဟောဗျာ ... လောင်စာ ဆီဈေးတွေ တတ်တာတောင် ညသန်းခေါင်မှာဗျ ...... ဆီဆိုင်က ဆိုင်းဘုတ်မှာ လက်ရေးနဲ့ ရေးပြသတဲ့။

နိုင်ငံတော် တာဝန်ကြီးကို နေ့မအား ညမအား တာဝန် ထမ်းဆောင် နေကြပုံများ ပြောပါတယ်။ ဆီဈေးတိုးတာ စာရွက်လေးနဲ့တောင် ကြိုတင် ချမရေးအား၊ မကြေငြာအား။ အနှစ် (၂၀) နေ့မအား၊ ညမအား တိုင်းပြည် တာဝန်ထမ်းလိုက်တာများ ... မြန်မာနိုင်ငံမှာ ဖာ လုပ်ငန်း ထွန်းကား လာတယ်တဲ့။ တော်လိုက်တဲ့ တပ်မတော် သားကောင်းများပေါ့။ တပ်မတော်ကြီးလည်း ဖာ တပ်မတော် ဖြစ်ရော။

ဓါတ်ဆီ တဂါလံ ၁၅၀၀ ကျပ် ကနေ ၂၅၀၀ ကျပ် (၆၇%)၊
ဒီဇယ် တဂါလံ ၁၅၀၀ ကျပ် ကနေ ၃၀၀၀ ကျပ် (၁၀၀%)၊
ပြည်တွင်းဖြစ် သဘာဝ ဓါတ်ငွေ့ ၅၄ ကျပ် ကနေ ၂၇၃ ကျပ် (၄၀၀%) အထိ တိုးတတ်သွားပုံများ။

ရပ်ကွက်ထဲမှာ အော်သလို ကြားလို့မှ တော်သေးရဲ့လား အရပ်ကတို့ ရေ ... လို့ အော်ရမယ့် အပေါက်။ ဒါ နိုင်ငံတော်ရဲ့ စေတနာတွေပေါ့။ ဓါတ်ဆီဆိုင်လည်း ကျီးနဲ့ ဖုတ်ဖုတ်၊ လမ်းမမှာလည်း ကားသံတွေ နည်းသွားတယ် ဆိုပဲ။ အခုမှ အမေရိကန် ဒုတိယ သမ္မတဟောင်း အယ်(လ)ဂိုးလ်က ကမ္ဘာကြီး ပူနွေးလာတာကို အရေးတယူ လုပ်ပြီး လောင်စာဆီ သုံးတာကို လျော့ချဖို့ တိုက်တွန်းနေတာ။ တို့ ဗိုလ်ချုပ်ကြီးတွေက ၂၀၀၇ ခု သြဂုတ်လ ၁၅ ရက် ကတည်းက ကမ္ဘာအတွက် ကြိုတင် စီစဉ်ခဲ့တာ။ အမြော်အမြင်ကြီးပါပေ့။

စာတွေက တောင်ရောက် မြောက်ရောက်နဲ့။ ပြောချင်ရာကို မရောက်ဘူး။ ဒီလိုပါပဲ။ ဗိုလ်ချုပ်ကြီးတွေ အကြောင်းပြောရရင် မပြီးနိုင် မစီးနိုင်။

သြဂုတ်လ ၁၅ ဆီ ဈေးတတ်တာကို ကုန်ဈေးနှုံး ကျဆင်ရေး အဖွဲ့က ကိုထင်ကျော်က ၂၂ ရက်နေ့မှာ ဆီဈေးမချပေးရင် တနိုင်ငံလုံး အနှံ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ လုပ်မယ် ဆိုတာကို ရာဇသံ ပေးတော့ ထောက်လှန်းရေးတွေ ကိုထင်ကျော်ကို ရန်ကုန်မြို့အနှံ လူရှာပုံတော် ဖွင့်နေရပါလေရောလား။

မီဒီယာတွေက ဆီဈေးတတ်တာကို ကြေငြာ။ တိုးတိုး တမျိုး၊ ကျယ်ကျယ် တဖုံနဲ့ ပြည်သူလူထုက အရာရာ ဈေးကြီးလို့ စိတ်ညစ်နေချိန်မှာ နိုင်ငံတကာ က ဈေးနှုန်းတွေ လောက် မကြီးသေးပါဘူးဆိုပြီး သတင်းစာတွေမှာ ပုဏ္ဏဖြူ၊ ပုဏ္ဏညို တွေက ဆောင်းပါးရေးနဲ့။ ဟုတ်နေတာပါပဲ။

အဲဒီ ပုဏ္ဏဖြူ၊ ပုဏ္ဏညိုတွေရဲ့ အရေးအသားတွေကို ကိုးကားပြီး စာတိုပေစ ရေးသား လာကြပုံတာတွေကို ဘလော့ တချို့မှာ မြင်တွေ့ကြလာရတယ်။ အရင်းစစ်ကြည့်လိုက်တော့ ရုရှားရောက် အခွန်စား ပညာတော်သင် အမောင်စစ်သည်တချို့ရဲ့ ပြည်သူ့အပေါ် သဘောထားတွေပါပဲ။

ဘလော့ပေါ်က နိုင်ငံရေးနဲ့ အယူဝါဒရပ်တည်ရေး အွန်လိုင်း တိုက်ပွဲတွေရဲ့ အစ၊ အဲဒီက ဖြစ်တယ်လို့ မှတ်မိရဲ့။ နိုင်ငံရေးနဲ့ သတင်းဆိုတာတွေကို ခပ်ပါးပါးလေး ဖေါ်ပြပေးနေရာကနေ၊ ဘလော့တွေမှာ အယူဝါဒရပ်တည်မှုတွေကို ဦးစားပေး ကဏ္ဍ တစ်ရပ်ကို လှစ်ခနဲ မြင်လိုက်ရပါတော့တယ်။

ဒါပေမယ့် ကဗျာ၊ ဆောင်းပါး၊ ဟာသ၊ ရသ၊ ကိုယ်တွေ့ အတွေ့အကြုံ အရေးအသားတွေကတော့ ဘလော့လောကမှ ဦးဆောင်လျှက်ပါပဲ။ ကိုယ့်အိမ်ယာ အခန်း တခန်းလို layout တွေ ပြင်ကြ။ template တွေ လဲကြ။ ပညာတွေ ဖလှယ်ကြနဲ့။ နေ့စဉ် ဒိုင်ယာယီ တစ်ခုကို ဆီ ပိုင်ဆိုင်ထားကြသလိုပဲ။

စာရေးရမှာ နောက်တွန့်နေတက်တဲ့ ကျွန်တော့်ကို စာရေးပါ၊ ရေးပြီးတဲ့ စာတွေကို စာလုံးပေါင်းက အစ အခြားလိုအပ်တာတွေကို ... အစ်မ စစ်ပေးမယ်လို့ အားပေးကူညီတဲ့ အစ်မ မေငြိမ်း။ မရေးဖြစ်ဘဲ နေရင် .... စာရေးဖို့၊ ဘာသာပြန်တွေ ဆက်ရေးဖို့ တိုက်တွန်းတတ်တဲ့ ပင့်ဂိုလ်း၊ ဘလော့ လောကမှာ ဘလော့ မရေးပေမယ့် ကျွန်တော်တို့ ဘလော့သမားတချို့နဲ့ အတော်လေး ရင်းနှီးတဲ့ ကိုဇော်ထွန်းရဲ့ အားပေးမှုတွေက ကျွန်တော် ဖြတ်သန်းလာခဲ့တဲ့ ဘလော့ လမ်းတလျှောက် သတိရမိသည်များတွေပါပဲ။

နောက်မှ အပိုင်း (၃) ကို ဆက်ရေးပါဦးမယ်။

လေးစားစွာဖြင့်
ကိုထိုက်