Sunday 12 December 2010

ကျပျောက်နေခဲ့သော အိမ်အပြန်ညများ

နေလုံးကြီးက မကြာခင် ပျောက်ကွယ်ပါတော့မယ်။ ဟိုးအဝေး အနောက်ဘက်တ နေရာမှာတော့ တိမ်ကိုမဖောက်နိုင် တော့တဲ့ နေရောင်တချို့တော့ ရှိနေပါသေးတယ်။ သည်အတိုင်းဆို မြူဆိုင်းနေတဲ့ ရခိုင်ရိးမရဲ့  တနေရာမှာတော့ မှောင်မိုက် နေလောက်ပါပြီ။

ရခိုင်ရိုးမအလွန် ရန်ကုန်-စစ်တွေကားလမ်းနံဘေး နဲ့သိပ်မဝေးသောတနေရာမှာ ရွာလေးတရွာ တည်ရှိပါတယ်။ မရာက်ခဲ့တာကြာဆို သိပ်ကြာခဲ့ပါပြီဖြစ်တဲ့ ကျနော့် ရွာကလေးပေါ့။ ရန်ကုန်-စစ်တွေ ကားစီးပြီး မပြန်မဖြစ်ကိုပြန်ခဲ့တာပါ။ ခရီးတဆုံး ဆက်သွားလျင် စစ်တွေမြို့သို့ ရောက်ရှိသွားနိုင်ပါသော်လည်း ရွာတည်ရှိရာ ကားလမ်းတနေရာမှာပင် ခရီးကို အဆုံးသတ်ခဲ့ပါသည်။

ကားပေါ်က ဆင်းလိုက်လျင်ပဲတနေ့တညနီးနီး ကားစီးထားတာကြောင့် လူတကိုယ်လုံး ညက်ညက်ကြေ နေခဲ့ပါပြီ။ မြူတွေဆိုင်းနေလို့ မီးမှုန်မှုန်အောက်မှာ အိပ်မော ကျနေတဲ့ ရွာက လေးကို ပင် သိပ်မမှတ်မိနိုင်။မိမိဖြတ်လာတဲ့ လမ်းတလျောက်ကလည်းမဲမဲကို မှောင် လို့ပါ။ ညရဲ့ Queen လရောင်အချို့ ရှိနေပေမယ့်လည်း တချက် တချက် အော်လိုက်တဲ့ ပရစ်သံတွေက လွဲပြီး အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျက်ပါပဲ။

ခပ်ဖြေးဖြေး လျောက်လာစဉ် ရွာထိပ်က သရက်ပင်အောက် ရောက်တော့ မိုးစုန်းစုန်းချုပ်ခဲ့ပြီ။ သာယာလှလွန်းသော လရောင်ကို အဖော်ပြု၍ ခလေး တသိုက် ကစားနေကြသည်ကို တွေ့ရပါသည်။ သရက်ပင်ကြီးသည် အိုမင်း ရင့်ရော် ခဲ့ပြီဖြစ်ပါသော်လည်း ရွာကတော့ သိပ်မပြောင်းလဲ သေးပါ။ ခလေးများကလည်း ကျနော်တို့ ငယ်ငယ်ကအတိုင်း ကစားနေကြဆဲပါပဲ။ တခါကများဆို ဤအပင်ကြီး အောက်မှာပင် ကျနော်တို့ အရူးအမူး ကစားခဲ့ပါသေးသည်။ အဲဒီခေတ် အခါတုန်းက ခုခေတ်မြို့ ပြနေကလေးများလို speaking၊ computer များကို မကြားခဲ့ဖူးရုံသာမက ကြီးလာရင် ဘာလုပ်မယ်ဆိုတာလည်း တိတိကျကျ မရှိခဲ့ပါပ။ဲ လပြည့်၊ လပျောက် ညမရွေးတမ်း ကစားခဲ့ဖူးတာပါ။ သည်ရွာရိုးတလျောက်မှာလည်း ငါးရှာ၊ဖားရိုက်၊ ငှက်ပစ်၊ စသည့်အလုပ်များ ပြဲပြဲစင်အောင် နွှဲခဲ့ ဖူးပါသည်။

ကျနော်ကိုမြင်သည်နှင့် ကစားနေသော ခလေးများသည် အထူးအဆန်းသဖွယ် ၀ိုင်းကြည့်ကြပါသည်။ ခွေး ၃-၄ကောင်ကလည်း တ၀ူးဝူးထိုးဟောင်းပါသည်။ သူတို့လည်း ဘယ်မှတ်မိတော့မှာပါလဲ။ ကျနော်ရွာကနေ ဦးတည်ရာမဲ့ ထွက်လာခဲ့သည်မှာ ၁၅နှစ်လောက် ကျော်ခဲ့ပါပြီလေ။ အိမ်က မိသားစုနဲ့ အတူတူကြီးပြင်းခဲ့တဲ့ ငယ်ပေါင်း တွေမှတ်မိရင်ပဲ ကံကောင်းပါ။ ဘာရယ်မဟုတ် ခလေးများ ကစားနေသည်ကို အလွမ်းပြေခဏ ထိုင်ကြည့်ပြီးမှ အိမ်ရှိရာရွာတောင်ပိုင်းသို့ ဆက်လျောက်လာခဲ့ပါသည်။ ခလေးများရဲ့ ကစားသံ အော်ဟစ်သံများကတော့ ကျနော့်နောက်က ကပ်လိုက်လာခဲ့ပါသည်။ ကျနော့်နားထဲမှာလည်း အတော် ဝေးဝေးက တီးခတ်လိုက်သော စောင်းသံပမာ ကဲ့သို့သာယာငြိမ့်ညောင်းလှပါသည်။

အိမ်ကြီးကားအရွယ်နဲ့မလိုက်အောင် အိုမင်းရင့်ရော်သွားခဲ့ပါပြီ. အိပ်ရှေ့ မန်းကျည်းပင်ကြီးကတော့ နည်းနည်း ပိုကြီးလာခဲ့ရုံမှအပ သိပ်မပြောင်းလဲသေးပါ။

တိတ်ဆိတ်နေတဲ့ ညလေးကို ဖြိုခွဲပြီး-“ အိုအဖေ အဖေ ကျနော် “မောင်ချေ” အိမ်ပြန်လာတာပါ။ အဖေအိပ်နေ ပါပြီ လား” ဟု အော်လိုက် လျင် အသက်၃၅နှစ်အရွယ် မိန်းမကြီးတဦးသည် ခပ်ဖျော့ဖျော့တောက်နေသော ဆီးမီးခွက် ကို ကိုင်လျက် ထွက်လာပါသည်.ပြီးမှ တခါးကိုဖွင့်ပေးပြီးလျင် ကျနော်ကို ဖက်ကာ ငိုပါလေတော့သည်. ငိုနေရင်းနှင့်ပင် -- အော် ငါ့မောင်ရယ် ခုများမှ ပြန်လာရသလား။ အဖေလည်းဆုံးရှာပြီ။ ငါ မင်းအမ ”ဟုဆိုတော့မှ ကျနော့်ပါးမှမျက်ရည် စတွေ အဆက်မပြတ် ထွက်ကျလာပါလေတော့သည်။

ရေးရေးလေးရှိသော လ - ကလေး ခဏမျှ ပျောက်ကွယ်သွားသည်ဟု ထင်ရပါသည်။ ကျနော်လည်း ဖြေဆည်ရာ မရအောင်ငို ကြွေးလိုက်ပါသည် အဖေမဆုံးခင် ကျနော့်ကို အလွန်တွေ့ ချင်ခဲ့ပါသည် ဆိုသောကြောင့် ပိုပြီးဝမ်းနည်းခဲ့ ရပါသည်။

ကျနော်တို့နေထိုင်ရာ အမိမြန်မာပြည်ကြီးတွင် ရှမ်းရိုးမ .ပဲခူးရိုးမ.ရခိုင်ရိုးမဟူ၍ ရိုးမသုံးသွယ်အနက် ရခိုင်ရိုးမ သေဆုံးနေခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ.ဖွံ့ဖြိုးတိုးတက်မှုမှာ ဆိုဖွယ်ရာမရှိအောင် နှေးကွေးခဲ့သလို စား၊ ၀တ်၊ နေရေးနှုန်း၊ ကုန်ဈေးနှုန်း အဆမတန်တိုးပွား လာခဲ့ပါသည်။ အစက ကြံ့ကြံ့ခံ အန်တုခဲ့ကြပါသေးသည်။ မခံ နိုင်တော့သည့်အဆုံး ရွာနေလူတော်တော်များများ ရေကြည်ရာ မြက်နုရာ(နယ်စပ်တနေရာ) သို့ အတိုင်းအဆမဲ့ ထွက်ခွာသွားကြပါသည်။

ရွာမှ သင်ပေးလိုက်သည့် ဘ၀ပညာများ (ငါးထောင်၊ ဖားရိုက်၊ လယ်လုပ်ငန်း၊ လက်သမားအစရှိသော၊ လုပ်အားပညာ)ဖြင့် ဘ၀ကို အားသစ် လောင်းရန် ကြိုးစားခဲ့ကြပါသော်လည်း အားလုံးလိုလို စာလည်းမလာ သတင်းလည်းမကြားပဲ ပျောက်ဆုံနေသည်က များပါသည်။ အဆင်ပြေ ချမ်းသာသွားသူများ ဆို၍ရွာမှာ ပြစရာမရှိသေးပါ။

ကျနော်ကိုယ်တိုင်လည်း ကျွန်သဖွယ်ကဲ့သို့ အလုပ်များလုပ်ခဲ့ရပြီး သေခြင်းနဲ့လည်း မကြာ ခဏဆုံတွေ့ခဲ့ရဖူးပါ သည်..နုပျိုသောဘ၀တွေ တော်တော်များများ လှော်ရင်းနစ်ခဲ့ရပါသည်။

ရိုးမနံဘေး ရွာကလေးမှာတော့ ဆောင်းဦးရောက်တိုင်း မြောက်လေသင်းမြဲဖြစ်ပါသည်။ သို့ပါသော်လည်း ငယ်ငယ်က ဆောင်းရောက် တိုင်း ရှူရှိက်ခဲ့ရဖူးသော နှင်းငွေ့နဲ့ အတူပါလာခဲ့တတ်သော ရိုးမတကြော မှာ သဇင်နံ့တွေ မသင်းပြန့်လေတော့ပါ။

နေမြောက်မထိုးနိုင်အောင်ရှိခဲ့တဲ့ ရခိုင်ရိုးမတောကြီးလည်း ယိုင်ခွေကျသွားခဲ့ပါပြီ။ ရိုးမဘေးနေ ပြည်သူ တွေကိုတော့ ထမင်းတနပ် ၀အောင်မကျွေးနိုင်သေး။ ခိုက်ခိုက်တုန်အောင် ချမ်းအေးခဲ့ပါသော ဆောင်းညများ၌လည်း မီးလင်းဖိုလေးတွေကို မမြင်တွေ့ရတော့ ရာသီဥတု ဖောက်ပြန်မှုနဲ့အတူ သဇင်တွေလည်း ပြုတ်ပြုတ်ပြုန်းခဲ့ပါပြီ။ အော်-အကယ်၍ ရိုးမကြီးက စကားပြောတတ်မည်ဆိုပါ လျင်သူလည်းပဲငိုကြွေးနေ လောက်ပါပြီ။

“မိုးဦးဝင်ရောက်လာတဲ့ခါ ရိုးမပေါ်ဖြတ်ပျံရင်း မြောက်ဖက်ကို ဦးတည်လှည့်ကာ ……………..

……. ကြိုးကြာငှက်တို့ရဲ့  မိုင်ထောင်ချီခရီးစဉ်”

သည်သီချင်းထဲကလိုပါပဲ လူတိုင်းဟာ မိမိယုံကြည်ရာကို ပျံသန်းနေကြဦးမှာပါ.တခါကလည်း ရိုးမကိုဖြတ်ပြီး ကျနော်တို့အုပ်စုဖွဲ့ ပျံသန်းခဲ့ဖူးပါသည်။ ပြန်လမ်းမဲ့လမ်းကလေးတွေပေါ် လျောက်ရင်း ကောင်းကင်က အုပ်စုဖွဲ့မိုင်ထောင်ချီအိမ်အပြန် ပျံသန်းနေသော ငှက်တွေကိုမြင်လေတိုင်း အချိန်တန်ရင် အိမ်ပြန်ပါမယ်လို့ စိတ်ကူးခဲ့ကြပါသေးသည် သို့ပါသော်လည်း အတော်များများ အိမ်မ ပြန်နိုင်ခဲ့ပါလေတော့။

စားစရာဟင်းမရှိရင် ဆားဖြူးပြီးစားလိုက်ပါမယ်။ဆားမရှိရင်လဲ သဲဖြူးပြီးသာစားလိုက်ပါတော့မယ်။ သည်လို မိကွဲ-ဖကွဲ ဘ၀မျိုး ရွေ့ ပြောင်းလုပ်သား ခေတ်သစ်ကျွန် ဆိုသော ဘ၀မျိုးကို နောက်တကြိမ် မလိုချင်တော့ပါ။

ခန်းခြောက်နေတဲ့မြစ်ချောင်းတွေကို ရေပြန်ဖြည့်မည်.

ခြောက်သွေ့နေသောရိုးမကြီးကို သစ်ပင်တွေပြန်စိုက်မည်.

ပြာမှိုင်းနေသော ညများကိုလည်း မီးထွန်းညှိမည်။

မိမိတို့နဲ့မဆိုင်သယောင်ရှိနေသော Gas ပုံကြီး ကိုလည်းမီးရှို့ လိုက်မည်။

သို့ဆိုပါလျှင် စပါးတွေရွှေရောင်ဝင်းဝါလာပါလိမ့်မည်။ အဲသည်တနေ့မှာတော့ သူတို့အားလုံးပြန်လာလိမ့်မယ်လို့ မျှော်လင့်ရင်း …..

(ရွာကိုပြန်ရောက်တိုင်း တခါမှ မတွေ့ရပါတော့သော ထိုင်းနယ်စပ်တနေရာရောက် ရွာသားများ အတွက် မိမိခံစားချက်ဖြင့် အမှတ်တရရေးဖွဲ့ပါသည်)

အားလုံးကိုလေးစားလျက်

ညမင်းသား