Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, 17 January 2009

ပထဝီ


ပထဝီ
(စောဝေ)

ဘယ်နှယ့်ဗျာ ...
ငါ့ အာရုဏ်မှ မသစ်သေးဘူး
မနက်ခင်း ဘယ်မှလည်း မေး
သောင်ပြင်မှာ ကျွမ်းထိုးနေတဲ့ ချာတိတ်ကို
ပြလိုက်တယ်။

ဟော ... လာပြန်ပြီ
ရိုက်ချိုးခံထားရတဲ့ အရယ်အပြုံး
ပဲ့တင်သံတွေ တဝုန်းဝုန်း
တောင်ကုန်းရိုးမတွေ ပြလိုက်တယ်။

ဒီတခါတော့ ....
အရှိတရားများတ
မိုက်လုံးကြီး ညများစားသုံး
စကြာဝဠာ တစ်ခွင်လုံး
အပ်နဖားပေါက်ကလေးက ပြလိုက်တယ်။

ဒါနဲ့များ
လျှပ်ငိုသံတွေ မဲ့နေပြီတဲ့
ပင်လယ်ကမ်းစပ်လည်း ပြလိုက်ရော
(ကမ္ဘာ့ မျက်ရည်တွေ ပြောပြီး)
သူ ...
ဒလဟော ငိုပါရော။

စောဝေ (၁၉၉၄)
Geography

What on earth
Are you asking about
Where the morning is?
My dawn is not yet come
Show a boy
Who somersaults on a beach.

How come!
The smile that has been broken
Echoes are noisy
Show the mountain-ranges of Yoma.

At that time
An eye of a needle
Shows the whole universe
That eats foolish nights with many existences.

And then
He said the voice of weeping lighting is not heard
When a sea-shore is shown
(Saying about the tears of the world)
He
is wailing.

Saw Wai (1994)


Wednesday, 5 March 2008

“ဖိုးမောင်” အလိုရှိသည်။

ဆရာကြီး မင်းသုဝဏ် ကဗျာတစ်ပုဒ်ဖြစ်တဲ့ ဖိုးမောင် လာပြီ ကဗျာလေးကို ပြန်ဖတ်ကြည့်ရင်း၊ အာဏာရှင် နအဖရဲ့ “ရန်” ကနေ ကျွန်တော်တို့ ချစ်တဲ့ အမိ မြန်မာနိုင်ငံတော်ကြီးကို ကာကွယ် ကယ်တင်ဖို့ “ဖိုးမောင်” လို လူမျိုးတွေ များများလို နေတယ်လို့ ခံစားမိပါတယ်။

သာမန် အချိန်မှာလည်း ဖိုးမောင်က ရွာရဲ့လိုအပ်ချက်တွေ ဖြည့်ပေးပြီး၊ အရေးကြုံလာရင်လည်း အသက်ပေးဖို့ ဝန်မလေးတဲ့ ဖိုးမောင်ပါ။

“ဓါးပြ ငါ့အား ဖမ်း၍ထား” ဆိုတဲ့ အသံကို ဖိုးမောင်က ပေးနိုင်ခဲ့သလို၊ .... ဓါးပြ နအဖရဲ့ road map (၇) ချက် အလိုမရှိလို့ ဆိုပြီး ပြတ်ပြတ်သားသား ကန့်ကွတ်ပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုသာ တောင်းဆိုတဲ့ အသံ ပေးနိုင်ဖို့ ဖိုးမောင်ကို အလိုရှိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်း “ဖိုးမောင်” အဖြစ် ပြောင်းလဲပြီး၊ ဓါးပြနအဖရဲ့ ဆန္ဒခံယူပွဲကို ဝိုင်းကန့်ကွက်ကြပါစို့။

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ကင်းသမားက
တံခါးကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .
မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။
(မင်းသုဝဏ်)

Tuesday, 4 March 2008

ကဗျာ သူရဲကောင်း ကိုစောဝေ

(အားလုံး မှတ်မိကြမှာပါ။ မြန်မာပြည်က ကဗျာ သူရဲကောင်း ကိုစောဝေ။ သူ ဘယ်လို လူလဲဆိုတာကိုသိနိုင်ဖို့ သူ့ကဗျာ တွေထဲကဗျာ တစ်ပုဒ်ကို အားလုံးအတွက် ပြန်မျှဝေလိုက်ပါတယ်။)

“သစ်ထွင်းလှေ”

ဟောဒီ ....
ဆိုင်ရုံသာ ဆိုင်ခွင့်ရတဲ့
နေ့နက်နက်တွေထဲ
အော်သံတွေကို
ထွေးပွေ့လို့ လှမ်းလာလိုက်ပုံများ
ဒီကောင့် မျက်နှာ ဝင်းပလို့။

မျှော်လင့်ခြင်း မြစ်တစင်းမှာ
သူ မျောလိုက်လေတဲ့
ပျိုးစာလုံးတွေဟာ
သူ ချစ်တဲ့မြို့ကြီးကို
လှစေနိုင်သလို ဝင်းပလို့။

ရွေ့ရွေ့လာတဲ့
ဒီကောင့်နှုတ်ခမ်းရဲတွေဟာ
ကမ်းပြိုချောင်းလေးထဲမရောင်ခင်
ဆွဲတင်လိုက်ရပေမယ့်လည်း
အံ့သြစရာ
သူ့နှုတ်ခမ်းက ဝင်းပလို့။

ရှင်သန်ခွင့်မရအောင်
ဒီကောင် အားစိုက်ရိုက်ရိုက်ချိုးရ
လောဘရိုင်းရိုင်းတွေလည်း
အနုပညာမှာတော့ ဝင်းပလို့။

မိုးက
ဖေးဖေး မ, မ, လေး
တွဲခေါ်လာပေမယ့်လည်း
လျှပ်ဆိုတာက
ထိုးခွဲလင်းလတ်ဗီဇလို့
ဖွဖွလေးပြော
ဒီကောင်မောသွားမှာ
ဟော့ဒီမြို့ကြီးကို ဝင်းပချင်တဲ့ကောင်
မျောသွားမှာ
(အိမ်မက်နေ့တွေထဲ)
ငါ ... အော်လိုက်ရတာ။

စောဝေ

Wooden Boat

In this deep days
That has only the right of possession
How the cries carry and come
My face is bright.

In an expectation river
Preparatory words
He has set a drift are bright
As the town he loves
Becomes beautiful.

My red lips
That are moving
Get into a stream
That has broken its banks
Thought they are drawn
His lips are bright wonderfully.

Wild greed
That I've broken with my strength
Not to be lived
Is very bright in art.

Through rain fetches carefully
Says softly that lighting has broken flash orginally
I'll become compeletly exhausted
The fellow
Who wants this town beautiful
Will be drifted away
(In dream days)
I cry loudly.

Saw wai

ဘွာတေးဘွာတေး မလုပ်ကြေးနော်


ဗိုလ်ချုပ်ကြီးတွေရဲ့လက်စွမ်း
အံ့မခမ်းစရာပါဘဲ
ဟိုတုန်းကရွေမြန်မာ
ခုခါဝယ်ကျွန်တွေဖြစ်
ရင်နင့်စရာ။

ပတ္တမြား နီလာနဲ့ကျောက်စိမ်း
မြန်မာ့မြေပေါ်ကဇာတ်သိမ်းတော့မယ်
ရေအောက်ကရတနာသိုက်
ရောင်းစားလိုက်ပြန်ပါပြီ
ကျွန်းသစ်နဲ့ပျဉ်းကတိုး
သွားကြားထိုးဖို့တောင်မကျန်
တိုးလိုက်ပြန်ပြီလောင်စာဆီဈေး
မြှင့်လိုက်ပြန်ပေါ့အမြတ်ခွန်တွေ
တင်လိုက်ပြန်ပါပြီမီတာကြေးတဲ့
ဂျာအေးသူ့အမေရိုက်
ရိုင်းလိုက်တဲ့ရာဇဝင်
ပလ္လင်ပေါ်ကမျောက်ကြီး
ဖျက်ဆီးခဲ့ပေါ့ ဒို့နိုင်ငံ
ဗျဿနတရားငါးပါး
တပါးမှမကျန်။

ပလီပလာဥာဏ်တွေနဲ့
ဒီတခါလာပြန်ပါပကော
ညီလာခံကဥပဒေတဲ့
ဆန္ဒတွေခံယူမယ်ဆိုပါလား။

ပြောလို့သာကြားရ ကိုယ့်နားကိုယ်မယုံ
ကြုံခဲလှတဲ့ဒီအခွင့်အရေး
ပြည်သူတွေကလက်နှေးမှာမဟုတ်
မေတ္တာဆိုတာကြေးမုံပမာပဲလေ
ထင်းခွေရာမှာမကြုံပေမဲ့
ရေခပ်မှာတော့ဆုံကြပြီလေ။

သားစဉ်မြေးဆက်
ဒို့ရတက်တွေအေးရအောင်
ကန့်ကွက်မဲတွေပေးကြမယ်
ဗိုလ်ချုပ်ရူးကြီးရေ...........
ဘွာတေးဘွာတေး မလုပ်ကြေးနော်။

မင်းတိက္ခ ၃ ၊ ၃ ၊ ၀၈။

Sunday, 2 September 2007

၈ လပိုင်းမှာ

သူ့တယောက်ထဲကိုပဲ မွေးထားတဲ့ မိဘတွေအတွက်
သတင်းစာထဲမှာ မိသားစု တရားဟောလို့
ဒီလမ်း ဒီမြေ ဒီရေပေါ်မှာ...
အနီရောင် မပြယ်သေးတဲ့ ရောင်နီတွေ ကျန်သေးတယ်
ဒီခု ဒီနှစ် ဒီသက္ကရာဇ်တွေမှာ
ပေတရာမကတဲ့ ခြေရာတွေ ကျန်သေးတယ်
ဒို့အရေး
နေပူကြဲကြဲ အလံသဲသဲမှာ
အသံလှိုင်းကြီး ထခဲ့
အရင်တုန်းက ပိုက်ဆံတွေကို စက္ကူလုပ်လိုက်လို့ (၁၉၈၈)
အခု စက္ကူတွေကို ပြာဖြစ်အောင် လုပ်လိုက်လို့ (၂၀၀၇)
တစ်ဝမ်းနဲ့တစ်ခါး ကျိုးပျက်သွားတာချည်းပဲ၊
ဒိန်းကနဲ ဒိန်းကနဲ
သေနတ်တွေ တပြင်ပြင်နဲ့
အုပ်စုလိုက် လူပစ်သတ်ပွဲတွေကြားမှာ
အင်္ကျီ၊ ပုဆိုး၊ ထမိန်(တကိုယ်လုံး) အားလုံး အနီရောင် ခပ်ရဲရဲ ၀တ်ခဲ့ကြရ
ဝါးရင်းတုတ်တွေ တပြပြနဲ့
အုပ်စုလိုက် လူရိုက်သတ်ပွဲတွေကြားမှာ...
၈ လပိုင်းမှာ ဒီမိုကရေစီ
၈ လပိုင်းမှာ လူထုလှုပ်ရှားမှု
ကားလမ်းတလျှောက် ကုန်းကြောင်းလျှောက်လို့
လက်ခုတ်သံကြား ဦးခေါင်းမော့လို့
ဟိုဘက် ဒီဘက် လူ့ငပျက်တွေကြားမှာ
အော်ဆဲ၊ ၀င်ထိုး၊ ပုဆိုးချွတ်၊ ထမိန်ချွတ်၊ ကားပေါ်ပစ်တင်ခံကြရ
ပြည်သူ့ လက်ခုတ်သံနဲ့ ၀ါးရင်းတုတ်တွေ ကျိုးကျန်စေရမယ်
ပြည့်သူ့ဆန္ဒနဲ့ စနစ်ဆိုးကြီး မြေခစေရမယ်
ပြည့်သူ့အသံနဲ့ ဒီမိုကရေစီအလံ တင်ကြမယ်၊

၃၉ မျဉ်းပြိုင်များ

Friday, 17 August 2007

ရသမဲ့ စကားဝိုင်း

အတုတွေကြားထဲမှာ ငါဟာ အတုပါ
ခင်ဗျားပြောလိုက်တာ အမြီးထောင်တိုင်း ခွေးကောင်း မဟုတ်ဘူးဆို
ဘာဖြစ်လို့ သိက္ခာတွေ ဆွဲချနေရတာလဲ
အတ္တမှာ အားမာန်တော့ရှိတယ်
ဒါဟာ ပုလင်းထဲကို ထည့်ထားတဲ့ ဇာတ်ဝင်ခန်းပါကွာ
စိတ်အာဟာရအတွက် ဆာလောင်ခြင်းကို ဖူးပွင့်ပေးရမယ်
လက္ဘရည်တစ်ခွက် မှာရတာထက်
ဆိုက်ကြားတစ်ကြောင်းပဲ ဆွဲလိုက်ချင်တယ်
ညတုန်းက အိမ့်ရှေ့ က တံခါးကို လာခေါက်နေတာ
ငါတို့အားလုံး သိချင်နေတဲ့ ပန်းချီကား ဖြစ်မယ်ထင်တယ်
ဒါဆိုရင် ကျွန်တော်တို့ ဘ၀ကို
ပေါ့ပေါ့လေး တွေးမနေသင့်တော့ပါဘူး။

Wednesday, 8 August 2007

၈.၈.၈၈ အတွက် ကိုမင်းကိုနိုင်ရေးတဲ့ ကဗျာ

တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှ မခံ ဒေါင်းအလံဟေ့။

ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်မယ်။

Thursday, 2 August 2007

အခန်းလွတ်

ခေတ္တ တည်းခိုသွားတာပါ
ပြီးတော့......
သူ့နေရာမှန် သူပြန်သွားတယ်။

သူတည်းခိုသွားဖြစ်တဲ့ အခန်းမှာ
ဘယ်သူ့ကိုမှ မထားဖြစ်ဘူး
အများရဲ့ အမြင်မှာတော့ အခန်းလွတ်ပဲ
ဒါပေမယ့်
သူ့ ပုံရိပ်တွေက
တစ်သက်စာ အခြေချ နေထိုင်နေကြတယ်။

Friday, 20 July 2007

ဝေးဆိပ်သင့် အလွမ်း

ရှင်သန်ခြင်းတွေ
အနားသတ်မဲ့
စိမ်းလန်းခဲ့ရတယ်။
သိမ်းထားဖူးသော ဓါတ်ပုံလေး
ဆေးသားမပြယ်ပါနဲ့ဦးကွယ်။
အငွေ့ပြန်လွယ်တဲ့ ဒြပ်ထုတွေကြားမှာ
လွင့်မျောနေလိုက်တာ
ရာသီတစ်ခုစာ ကျဉ်းမြောင်းသွားမှ
လမ်းကြောင်းဦးလှည့်ခဲ့ရတယ်။

Wednesday, 11 July 2007

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက် နှစ်ဆယ်ပင်၊ ပြည့်ခဲ့ပြီ။

သူ သုံးနှစ်သား၊ ဖော်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့် ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့ မူရာကို
ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြ ၀ဲကြ၊ ငရဲထ သို့
အုံကြွ မြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခ သတင်း၊ မိုးကြိုး ခွင်းသို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနည်း ခံခက်
မျက်စိ မျက်နှာ၊ ညှိုးကျရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ် သက်စစ်
သူတို့ခေတ်၌
တိုင်းချစ် ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင် ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏ သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာ ဆုံပေါင်း
ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

ဆရာ ဇော်ဂျီ

Saturday, 7 July 2007

၇ ဂျူလိုင်

သူငယ်ချင်း တစ်ယောက် ရေးထားတဲ့ ၇ ဂျူလိုင် ကဗျာလေးတစ်ပုဒ်ကို အားလုံးနဲ့ အတူ မျှဝေ ခံစားနိုင်ဖို့နဲ့ ဒီနေ့ ၇ ဂျူလိုင်မှာ ကျဆုံးသွားခဲ့တဲ့ ရဲစွမ်းသတ္တိ အပြည့်နဲ့ ကျောင်းသားရဲဘော် အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။

ကိုထိုက်


အာဇာနည်အစွမ်း အံ့မခမ်းလျှက်။


သမဂ္ဂစိတ်၏ မွန်မြတ်စွမ်းရည်


သမဂ္ဂ အုတ်မြစ် မြေလှန်ပစ်လည်း

သမဂ္ဂ သန္ဓေ ရင်ဝယ်တည်ဆဲ ကိန်းနေမြဲ၏ ။

သမဂ္ဂ အမည် ဖျောက်ဖို့ရည်လည်း

သမဂ္ဂ စွမ်းအား ပြည့်တခွင်လုံး လွှမ်းလှို့ထား၏ ။

သမဂ္ဂ၏ သွေးစွန်းမြေကို ဖုံး ကာနေလည်း

ရဲစွေ့နီစွ သမဂ္ဂ၏ သွေးမြေဆီမှ ၀ိဥာဉ်တွေက

ရုန်းကန်ထကြွ နိုးနေကြကာ

ခွပ်ဒေါင်း အားမာန် ဖော်ကျုးဆောင်ပြ ရှိနေကြ၏ ။

သမဂ္ဂစိတ် တုံးခတ်ပိတ်ရန် ရည်ရွယ် ကြံလည်း

သမဂ္ဂ၏ ရဲရင့်မှန်လှ ဒေါင်းပျိုစိတ်က

မဟုတ် မခံ တုန့်ပြန်မြန်စွ

သမိုင်းအစဉ် ကောင်းစေ ဆန္ဒ ရှိနေကြ၏ ။

သမဂ္ဂ၀င် ကျောင်းသားတို့အား ဖိနှိပ်ထားလည်း

သမဂ္ဂ၏ ကျောင်းသူ၊ကျောင်းသား မောင်၊နှမ များက

တိုင်းပြည် လှရန် ကောင်းဖို့ရန်တွက်

အသက်ဘေးရန် မမှု ပြန်ကြ ၊

ကြောက်ခြင်းတရား ခ၀ါ ချ၍

တိုင်းပြည် ဖျက်ထား သကောင့်သား နှင့် စနစ်ဆိုးအား

တွန်းလှန်ရစ်ကြ ခေတ်အဆက်ဆက်မှသည်

ယနေ့ထိတိုင် ရှိနေကြ၏ ။

သမဂ္ဂ ပရ၀ုဏ်တ၀ိုက် ပြောင်းလဲလိုက်လည်း

သမဂ္ဂ၏ ခိုင်မြဲပုံရိပ် ထင်ဟပ်ရစ်နေ

ကမ္ဘာတည် တိုင်အောင် ရှိ၍ နေမြဲ ရှိနေမြဲ အံ့ ။

(၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ရှိ သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အအုံ အတွင်း နှင့် ကျောင်းပရ၀ုဏ်ထဲတွင် ကျဆုံးသွားကြသော ကျောင်းသူ၊ကျောင်းသား ကြီးများနှင့်တကွ ၊ မြန်မာပြည်လွတ်မြောက်ရေးသမိုင်းစဉ်တလျှောက်နှင့် ယနေ့ခေတ် အချိန်ကာလတလျှောက် မိမိတို့၏ အသက်နှင့်ဘ၀တို့ကို မွန်မြတ်သောစိတ်ထားဖြင့် ပေးလှူရစ်ခဲ့ကြကုန်သော သူရဲကောင်း အာဇာနည် အပေါင်းအား လေးမြတ်စွာ ဂုဏ်ပြု ဦးညွှတ်လျှက်)

အေးမြဇင် ၆၊၇၊၂၀၀၇

Wednesday, 4 July 2007

မိုးခိုငှက်

Wednesday, 27 June 2007

အဝေးက ပုံရိပ်