Thursday 25 October 2007

မည်သူယုံကြည်၊ မယုံကြည်၊ ကျနော်ယုံကြည်သည်။

ပထမဦးစွာ ကျနော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သလို၊ ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမူကြားမှ ပေါက်ဖွားကြီးပြင်းလာခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်းမိတ်ဆက်ပါရစေ။

ပြီးခဲ့သောရက်ပိုင်းများအတွင်း မြန်မာနိုင်ငံအတွင့်း ဖြစ်ပျက်ခဲ့မူများကို မြင်တွေ့ကြားသိရပြီးယခု ဆောင်းပါးကို ရေးသားလိုက်ပါသည်၊ ကျနော်သည် ၁၉၉၀ ခုနှစ် န၀တ လက်ထက် မန္တလေးမြို့ ၈၄လမ်းမရှေ့ သံဃာများပစ်ခတ်မူကြောင့် ပေါ်ပေါက်ခဲ့သော ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် ပါဝင်ခဲ့ဖူးပါသည်။ ထိုအချိန်ကလည်း သံဃာတော်များသွေးမြေ ကျ ထောင်နဲ့ချီပြီးထောင်သွင်း အကျဉ်းကျခံခဲ့ရဖူးပါသည်။ သို့သော် ထိုအချိန်က Media Technology သည် ယနေ့ခေတ်လောက် မတိုးတက်သေးသဖြင့် ပြည်ပမှ မြင်တွေ့ဖို့ရန်အလွန်ခဲ ယဉ်းလှပါသည်။

ထိုအချိန်က သံဃာတော်များကို ပစ်ခတ်၍ ကျန်ရစ်ခဲ့သော ကျည်ခခဲ့သည့် စစ်စည်းသုတ် သံသပိတ်တစ်လုံးကို မန္တလေးမှ ရန်ကုန် British Embassy ရှိ သတင်းတာဝန်ခံ အဖြစ်တာဝန်ယူထားသူ Daw Nita Yin Yin May (ယခု BBC ၌ တာဝန်ထမ်းဆောင်နေသူ)မှ ကူညီပေး၍ အနောက်နိုင်ငံအချို့ မှ စစ်သံမူးများမြင်တွေ့ခဲ့ဖူးပါသည်။ ကျနော်အခုလိုဖော်ပြရသည်မှာ န၀တ တဖြစ်လည်း နအဖသည် မိမိတို့အာဏာတည်မြဲရေး အတွက်ဆိုလျှင် မြတ်စွာဘုရား၏ သားတော်သံဃာတော်များကိုပင် သက်ဖြတ်ဖို့ရန် ၀န်မလေးကြောင်း ၁၉၉၀ ခုနှစ်ကတည်းက ကျနော်မြင်တွေ့ခဲ့ဖူးပါသည်။ နိုင်ငံတော် သံဃာဝန်ဆောင် ဆရာတော်ကြီးများနှင့် ပိဋ္ဋကတ်(၃)ပုံအောင် (၂)ပုံအောင် ဆရာတော်များပင် သင်္ကန်းချွတ်၍ လူဝတ်လဲစေခဲ့ပါသည်။ ကျနော်နှင့် ဆရာတော်ဦးတိလောကဘိဝံသ (အင်းစိန်ရွာမ)ဆိုလျှင် အင်းစိန်ထောင်အဆောင် (၃)အခန်း၌ အတူတူနေခဲ့ဖူးပါသည်။ ယခုလည်း ဆရာတော် ဦးတိလောကဘိဝံသ (တွဲဖက်အကျိုးဆောင်) ကို ကမ္ဘာအေး ဗဟိုသံဃာဝန်ဆောင်များထားရှိသည့် ကမ္ဘာအေးစေတီတွင် အကျယ်ချုပ်ပုံစံမျိုးဖြင့် ထားရှိကြောင်း ဆရာတော်ကြီးနှင့်တွေ့ခဲ့ရသော သူငယ်ချင်းမှပြောပြ၍ သိရပါသည်။


ရန်ကုန်တိုင်းသံဃာနာယက ဥက္ကဌ(သာသနအလင်းရောင်) ဒေါပုံကျောင်းမှ ဆရာတော်နှင့် နီးစပ်သော သူတစ်ဦးမှ ယနေ့ဖြစ်ပျက်နေမူများကို လျှောက်ထားရာ ဆရာတော်မှ “ငါတို့ကိုယ်တိုင် အစိုးရကို မင်းကျင့်တရားဆယ်ပါးနှဲ့အညီအုပ်ချုပ်ဖို့ပြောတာပဲ” အဲ့ဒါတွေကြတော့ အပြင်ကလူတွေမသိသလို၊ သူတို့ပြောဆိုတာမှန်သမျှကိုလည်း သာသနာရေးဦးစီးဌာနနှင့် အစိုးရ Media များမှ Censorship ပြုလုပ်ပြီး မှ ထုတ်လွှင့်ခဲ့ပါသည်။

သံဃာတော်များက မေတ္တာပို့ပရိတ်ရွတ်ဆိုသည်ကို ကြမ်းတမ်းစွာတုံ့ပြန်ခဲ့သည် သတ္တ၀ါတစ်ကောင်ကဲ့သို့ သဘောထား၍ သံဃာတော်များအား ကြိုးကွင်းဖြင့်ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထိုသို့အစိုးရမှပြုမူကျင့်ကြံ ပုံများကို အရေးအခင်းအစပိုင်းကတည်းက ၀န်ချတောင်းပန်ခဲ့လျှင် ယခုကဲ့သို့ အဖြစ်အပျက်ဆိုးမျိုးကို ရှောင်ရှားနိုင်ခဲ့မည်ဖြစ်သည်။ သို့သော် စစ်အစိုးရသည် မည်သည့် အခါကမျှ မိမိလုပ်ရပ်မှားယွင်းမူများကို ၀န်ချတောင်းပန်ခဲ့ရိုးမရှိ၊ မိမိလုပ်သမျှ အမှန်၊ သူများလုပ်သည်မှန်သမျှ အမှား၊ သူ့အားကန့်ကွက်ခဲ့လျှင်လည်း ရန်ငြိုးဖွဲ့၍ တုံ့ပြန်တတ်သည်။

ဗုဒ္ဓတရားတော်တွင် မေတ္တာပို့၊ ပရိတ်ရွတ်ဆိုသည်မှာ မင်္ဂလာတစ်ပါး မဟုတ်ပါလား။ ပရိတ် ရွတ်ဆိုမူများကိုပင် သည်းခံနိုင်စွမ်း မရှိသော သူများသည်က အခြားမဟုတ်၊ မကောင်းဆိုးရွားများပင်မဟုတ်ပါလော။ မြန်မာတို့သည် ဟိုးယခင်အချိန်များမှစ၍ နှစ်သစ်ကူးအခါသမယ အချိန်များ၌ မင်္ဂလာယူခြင်း၊ ဘေးအန္တရာယ် ကင်းဝေးစေခြင်း အကျိုးငှာ ပရိတ်ရွတ်မေတ္တာပို့သကြသည်ကို မင်္ဂလာ တစ်ပါးအဖြစ်ခံယူပြုလုပ်ခဲ့ကြသည်။

ဗိုလ်ချုပ်မူးကြီးသန်းရွှေနှင့် အပေါင်းအပါတို့မှာတော့ ထိုသို့ပရိတ်ရွတ်ဖတ်သရဇ္ဇာယ်မူကိုပင်လျှင် သည်းခံနိုင်စွမ်းမရှိ၊ သံဃာတော်များမှ ပြည်သူများ၌ အကျိုး၊ တိုင်းပြည်သာယာဝပြောစေရေးအကျိုးငှာ မေတ္တာရှေ့ထား၍ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နီိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး တို့သာတောင်းဆိုခဲ့ကြပြီး၊ စစ်အုပ်စုအာဏာစွန့်လွှတ်ရေးဆိုသည့် စကားလုံး လုံးဝမပါဝင်ပေ။ ထိုသည်ကိုပင် ရက်စက်စွာပြုရက်ကြပေသည်။

“လက်တွေ့ လက်တွေ့”

ဗုဒ္ဓဘာသာဝင်အများစု ယုံကြည်ထားသည်မှာ မိမိပြုလုပ်ခဲ့သောကောင်းမူကုသိုလ် (ကံ)အလုပ်၊ မကောင်းမူပြုလုပ်ခဲ့သောအလုပ် အကုသိုလ်(ကံ) ကို၊ နောင်ဘ၀မကူးခင် လက်တွေ့ (ပစ္စုပ္ပါန်)ကာလနှင့် နောင်ဘ၀များ၌ ခံစားရမည်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ထားသည့် အတိုင်းလည်းလက်တွေ့ ဘ၀တွင် အကျိုးသက် ရောက်မူများရှိကြောင်း သက်သေများလည်းရှိသည်။

UNESCO (ကမ္ဘာ့ကုလသမဂ္ဂ ယဉ်ကျေးမူအဖွဲ့အစည်း) မှ အကြိမ်ကြိမ်တောင်းပန်နေသည့်ကြားက Afghanistan (အာဖဂန်)တွင် တာလီဘန် (Taliban) အစိုးရမှ ကမ္ဘာရှေးဟောင်း၊ ရုပ်ပွားဆင်းတုတော်ကြီးကို ဒိုင်းနမိုင်းဖြင့်ဖြိုခွဲဖျက်ဆီးပစ်ခဲ့သည်။ မည်သူမှ မတားဆီးနိုင်ခဲ့သလို၊ ယခင်ဗုဒ္ဓဘာသာတရားပြန်ပွားခဲ့ရာနေရာ တစ်ခုအား ဖျက်ဆီးပြီး၊ မကြာမီမှာပင်၊ ဖျက်ဆီးခဲ့သူများ အတိဒုက္ခရောက်ခံရသည်။ တာလီဘန်အစိုးရ ပြုတ်ကျခဲ့ရသည်။ သွေးထွက်သံယိုမူများဖြင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ယခင်ကဘုန်းမီးနေလတန်ခိုးကြီးခဲ့သော ဦးနေ၀င်းသည်လည်း သူအင်မတန်မှ ချစ်လှစွာ သောသား၊ သမီး၊ မြေး၊ မြစ်များကို သူကိုယ်တိုင် မြေတောက်မြှောက်ပေးခဲ့သည်။ စစ်ခေါင်းဆောင်များက နှစ်ရှည် ထောင်ဒဏ်များဖြင့် ထိန်းသိမ်းပြီး များမကြာမှီမှာပင် ထိုစိတ်နှင့်ပင် အနိစ္စသဘောနှင့် ကိစ္စချောခဲ့ရသည့် အပြင် မထင်မရှားဖြင့်သေဆုံးခဲ့ရရှာသည်။

၈၈ ကာလအတွင်း ကျောင်းသားများကို လူမဆန်စွာပစ်သက်ရန် အမိန့်ပေးခဲ့သော သမ္မတဦးစိန်လွင်သည် လည်း မိမိ၏နောက်ဆုံးခရီးတွင် ကောင်းမွန်စွာ ဘ၀ကူးမကောင်းခဲ့ရရှာပေ။ တပ်မတော်စစ်ဆေးရုံ၏ အထူးကြည့်ရူ့ စောင့်ရှောက်ရသော အခန်းတွင် အခြားသော သက်ြကီးရွယ်အိုများနှင့်ရှိစဉ် အသက်ထွက်ခါနီး အချိန်ထိ ကယောင်ကတမ်းဖြင့် “ဟိုမှာကျောင်းသားတွေ ပစ်ပစ်” ဟု မကြာခဏအော်ရင်း ဘ၀ကူးပြောင်းခဲ့ရရှာသည်။

ဘုရားဟောတရားတော်အရဆိုလျှင် မိမိ၏ နောက်ဆုံး ဘ၀ကူးပြောင်းချိန်သည် အရေးကြီးသည်ဟုဆိုသည်။ ဦးစိန်လွင်တစ်ယောက်မှာတော့ မိမိသေဆုံးခါနီးအချိန်ထိသူတစ်ပါးအပေါ် သက်ဖြတ်စေလိုသော စိတ်ဖြင့်ဘ၀ကူး ပြောင်းသွားခဲ့ရသည့် အဖြစ်ကို ကြည့်လျှင် စာဖတ်ပရိတ်သတ်များပဲ စဉ်းစားကြည့်စေချင်ပါသည်။ ယခုအချိန်အပါယ်ငရဲ၌ မည်မျှခံစားနေရမည်နည်း။ ယုံမှားသံသယရှိစရာမလိုပါ။
(မှတ်ချက်၊ ဦးစိန်လွင်၏ နောက်ဆုံးအခြေအနေကို ထိုအချိန်က ဦးစိန်လွင်နှင့် တခန်းထဲနေခဲ့သူ မိသားစုဝင် များ၏ သတင်းမှတ်တမ်းအားကိုးကားပါသည်။)

“လက်တွေ့ လက်တွေ့”

၁၉၉၀ ပြည့်နှစ် မန္တလေးသံဃာတော်များကို သက်ဖြတ်ခဲ့သူများ ပြည်သူလူထုကို နှိပ်စက်ကလူပြုခဲ့သူများ မည်သူကောင်းစားနေခဲ့သနည်း၊၊
ဗိုလ်ချုပ်ကြီးစောမောင်တစ်ယောက် “တပည့်တော်ကံ ကံစွမ်းအကျိုးကို ယုံကြည်ပါတယ်ဘုရား ” ဟုမိန့်ဆိုခဲ့သည်အတိုင်း၊ ကျန်းမာသန်စွမ်းနေသောဘ၀မှ ရုတ်တရက်ဆိုသလိုစိတ်ရောဂါ ဝေဒနာခံစားနေရပြီး မင်းစည်းစိမ်များကို ခွာရှောင်၍ လူ့ဘ၀မှ နာမည်ပျက်ဖြင့် စွန့်ခွာခဲ့ရသည်။

န၀တအတွင်းရေးမူ(၂) ဗိုလ်ချုပ်တင်ဦး၊ ယခင်အမှတ် ၄ စစ်ဒေသမူးအဖြစ် ရန်ကုန်တိုင်း၌ ပြည်သူလူထုအား နှိပ်စက်မူပြုခဲ့သော ဗိုလ်ချိုပ်လွန်းမောင်သည်လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ကြံသက်ဖြတ်ခြင်း မဟုတ်ဘဲ ၄င်းတို့သံဃာတော်များ ပြည်သူများကိုပြုလုပ်ခဲ့သော ကံက ယခုပင်အကျိုးပေးပြီး ဥပစ္စေဒကကံ (အသေဆိုးနှင့် ရဟတ်ယာဉ်) ပျက်ကျ၍ သေဆုံးခဲ့ရသည်။

“လောက၌ မိမိပြုလုပ်သောကံ(အလုပ်)သည် ယခု (ပစ္စုပ္ပါန်)၌ချက်ချင်း ပင် အကျိုးပေးပါသည်”

စစ်အစိုးရလက်ထက်မည်သူမျှ မယှဉ်နိုင်အောင် တန်ခိုးအာဏာကြီးထွားခဲ့သူ တစ်ဦးအဖြစ် တည်ရှိခဲ့သည့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်သည်ပင်လျှင် ယနေ့အချိန်အခါ၌ သူကိုယ်တိုင် အကျယ်ချုပ်ဘ၀ဖြင့် အကျဉ်းစံဘ၀ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။ တစ်ချိန်က ပြည်သူလူထုများအား ထောင်ချ နှိပ်စက်မူပြုလုပ်ခဲ့သော သူတစ်ယောက် ယခုအချိန်ခါမှာတော့ သူကိုယ်တိုင် ပြုလုပ်ခဲ့သည့် ကံရဲ့အကျိုးကျေးဇူးကို လက်တွေ့ ခံစားနေရပေပြီ မဟုတ်ပါလား။

ဒီပဲယင်းအရေးအခင်းတွင် စီမံကွပ်ကဲ၍ သွေးရှင်းရှင်းထွက် လူသက်ပွဲများကို စီမံကွပ်ကဲခဲ့သူအဖြစ် နာမည်ရ ခဲ့သူ ဗိုလ်ချုပ်ကြီးစိုးဝင်း တစ်ယောက်မှာလည်း စစ်တပ်က၄င်းအား အလိုရှိနေသည်တိုင်အောင် သွေးကင်ဆာဖြင့် မိမိ၏စည်းစိမ်အဆောင်အယောင်၊ အသိုင်းအ၀ိုင်းများကို မခံစားနိုင်တော့ဘဲ သေမင်းခေါ်ရာနောက်သို့ ခပ်မြန်မြန်လိုက်ခဲ့ရရှာသည်။ မည်သူတားနိုင်ခဲ့သလဲ။

“သူတစ်ပါးကို ပြုလုပ်ခဲ့သည်ကံ ကိုယ့်တစ်ဖန်ပြန်လည်ခံရချေသည်တကား”

အထက်ပါလူပုဂ္ဂိုလ်အချို့ ပြုလုပ်ချက်များကို ကြည့်ရှုပြီးသံဝေဂပွားများသင့်ပါသည်။
ဦးသန်းရွှေနှင့် ဗုဒ္ဓဘာသာ
ဦးသန်းရွှေသည် ဗုဒ္ဓဘာသာကို Propaganda (၀ါဒဖြန့်ချိရေး) လောကီအရေးအတွက်ကိုး ကွယ်ယုံကြည်သူတစ်ဦး သက်သက်သာဖြစ်ပါသည်။ အများအမြင်ကောင်းစေရန် ဆန်၊ဆီ၊ဆား လူဒါန်းခြင်း၊ အခါကြီးရကကြီးများ၌ သံဃာတော်အား ဆွမ်းကပ်၊ ထီးတင်ခြင်းများပြုလုပ်နေသည့် ရည်ရွယ်ချက်မှာ သူ၏ လောကီရေးရာများ အဆင်ပြေစေရေးနှင့် နိုင်ငံ၏ ၀ါဒဖြန့်ချိရေး၊ အများအမြင်၌ ဘုရားတည် ကျောင်းဆောက် လူအကြည်ညို ပုဂ္ဂိုလ်၊ အများလက်ဦးချီကန်တော့ခံ ပုဂ္ဂိုလ်ဖြစ်ရန်ဖန်တီးအသုံးချနေခြင်းဖြစ်သည်။

ကုလသမဂ္ဂယဉ်ကျေးမူနှင့်သိပ္ပံအဖွဲ့အစည်း (UNESCO) နှင့် နိုင်ငံတကာဗိသုကာ ပညာရှင်များမှ ပြောဆိုနေသည့်ကြားမှ မည်သူ့ပြောဆိုမူမျှ ဂရုမစိုက်ပဲ ဒေါ်လာငွေရရှိရေးကို ရှေ့တန်းတင်ပြီး၊ ပုဂံရှေးဟောင်းဘုရား များအား အသစ်တည်ဆောက်ပြစ်ခြင်း၊ မလိုအပ်ပဲ နန်းမြင့် မျှော်စင်တည်ဆောက်ခြင်းဖြင့် ရှေးဟောင်းဗုဒ္ဓ ယဉ်ကျေးမူ အမွေအနှစ်များကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုမျှတင်မကသေး၊ မိမိနိုင်ငံတွင် ဖျက်ဆီး၍ အားမရသောကြောင့် ဗုဒ္ဓဂါယာ ဗောဓိပင်ခြေရင်းတွင် ကြေးသွန်းဘုရားတစ်ဆူ ၄င်းတို့မိသားစုအမည်ဖြင့် တည်ထားစေခဲ့သည်။

သဘောရိုးသက်သက်ဖြင့် တည်ထားကိုးကွယ်လျှင် သာဓုအကြိမ်ကြိမ် ခေါ်မည်မှာအမှန်ပါ။ (အဆိုး မြင်ဝါဒီတဦးမဟုတ်ပါ။) သို့သော် အခြားနေရာများတွင် သာသနာပြုလုပ်ငန်းများပြု လုပ်ငန်းရှိပါလျှက်

ရှေးဟောင်းအမွေအနှစ်များ ထိမ်းသိမ်းထားရှိရာနေရာတွင် အဆောက်အဦးအသစ်များဖြင့် အများအမြင် ရောထွေးအောင်ပြုလုပ်ခဲ့သည်၊ မိမိ၏ ဂုဏ်ကျက်သရေ ကျော်ဇောရေးအတွက် လူဒါန်းခြင်းမျိုးဖြစ်သည်ဟု အများကယူဆကြသည်။

သံဃာတော်များနှင့် ဘာသာတရားကို ကိုးကွယ်ရာ၌လည်း မိမိ၏ အာဏာတည်မြဲရေးအတွက် ကိုးကွယ် ခြင်းက နံပါတ်တစ်နေရာတွင် ယူထားသည်။ ဥပမာတစ်ခုပြရလျှင် မန္တလေးတိုင်းမုံရွာမြို့နားတွင် နေထိုင်သီတင်းသုံးခဲ့ သော ဗောဓိတစ်ထောင်ဆရာတော်ကြီးထံ အကြိမ်ကြိမ်သွားရောက်၍ မိမိ၏ မိသားစုရေး၊ ရာထူးအာဏာ တည်တံ့ စေသောအကျိုးငှာ ရည်ရွယ်၍ ဗိုလ်ချုပ်မှူး ကြီးကိုယ်တိုင်တဖုံ၊ တိုင်းမှူး လှမြင့်ဆွေ၊ ယခုနောက်ပိုင်း ဗိုလ်ချုပ်ရဲမြင့်(မန္တလေးတိုင်း) တို့အား လွှတ်၍ ယတြာယူခြင်း၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ခြင်းများ၊ အကြိမ်ကြိမ်ပြုလုပ် ခဲ့သည်။ မိမိကိုယ်တိုင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေပြီး မိမိမွေးထားသော သားကြီးမှာ ဆိုးသွမ်းဆုံးမှု မနိုင်ဖြစ်နေသောကြောင့် ဆရာတော်ကြီးအသက်ထင်ရှားရှိနေစဉ် အတွင်းသွားရောက်ပူဆွေး ၍သာသနဘောင်သို့ ကတုံးတုံး၍ ရက်ပိုင်းသာသနဘောင် ၀င်စေခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသည် တရားနာယူသည်၊ ဥပုဒ်ဆောင်ဝင်သည်၊ အသက်ဘေးမဲ့ပေးသည်၊ တရားထိုင်သည် စသည့်အလုပ်များနှင့် ပက်သက်၍ သူနှင့် နီးစပ်သော အသိုင်းအ၀ိုင်းကြားတွင် တစ်ခါမျှ မကြားသိဖူးပါ။ သို့သော် ဗိုလ်ချုပ်ကြီးသည် ယတြာချေ၊ ဓာတ်လုံးရေသောက်၊ ဟိုဟာလုပ် ဒီဟာလုပ်ဆိုသော လောကီရေးရာများနှင့်သာ အလုပ်များနေသော ဗုဒ္ဓဘာသာအမည်ခံ တစ်ယောက်ပင်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသန်းရွှေနှင့် မိသားစုကို အပြင်ပန်းကြည့်လျှင်တော့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းဖြင့်ရှိနေကြသည်ဟု ထင်မြင်နိုင်ပါသည်။ အမှန်တကယ်မှာတော့ အတွင်းသန္တာန်စိတ်များအတွင်း၌ ကြောက်ရွံခြင်း၊ စိတ်သောကရောက်ခြင်း၊ တစ်စုံတယောက်မှ လုပ်ကြံမူကို စိုးရိမ်နေခြင်း၊ စသည့်ဒေါသ မောဟများဖြင့် နေ့စဉ်နှင့်အမျှ ခံစားနေရမည်မှာ မုချအမှန်ပဲ ဖြစ်ပေလိမ့်မည်။

ကျနော်နောက်ဆုံးတင်ပြလိုသည်မှာ သံဃာတော်များက ငြိမ်းချမ်းစွာ ဆုတောင်းမေတ္တာပို့သမူကို ရက်ရက်စက်စက် စစ်မြေပြင်၌ ရင်ဆိုင်တွေ့ရသော ရန်သူများကဲ့သို့ ဆက်ဆံ၍ ရုတ်ရင်းကြမ်းတမ်းစွာ ပြုမူဆောင်ရွက် မူများကို ယခုဘ၀မကူးခင်ပင် ၀န်ချတောင်းပန်သင့်ပေသည်။ သို့မဟုတ် ကျနော်အထက်မှာ တင်ပြခဲ့သော ကံ၏အကျိုးပေးမူများသည် မမြင်နိုင်သော မနက်ဖန်ရက်များတွင် မည်သည့်ဘေးဥပဒ်ဆိုးနှင့်ကြုံတွေ့ရမည်ဆိုသော အချက်မှာ သေချာနေပေတော့သည်။ ထို့ကြောင့် ကျနော်ပြောဆိုလိုသည်မှာတောင်းပန်သည် အလျော့ပေးသည်ဆိုသည့်စကားများကို ဗိုလ်ချုပ်ကြီးနှင် အပေါင်းအပါများက အရှုံးပေးရသည်ဟု ထင်မြင်ပြီး၊ တီကောင်အား ဆားနှင့်တို့ သလို ကြောက်ရွံ့နေကြသည်ဟု ထင်မိပါသည်။ အမှန်တကယ်မှာတော့ လူတိုင်းလူတိုင်းတွင် အပြစ်နှင့်မကင်းနိုင်ကြပါ။ စင်းလုံးချော လူသားရယ်လို့ ဤကမ္ဘာမြေကြီးမှာ မရှိပါ။ မြတ်ဗုဒ္ဓရှင်တော် ဘုရားကိုယ်တော်တိုင် ဒုက္ခရစရိယာတရားကို (၆)နှစ်ကြာ ဥရုဝေလတောမှာ ကျင့်ကြံခဲ့ပြီး၊ ထိုကျင့်စဉ်သည် မှားယွင်းကြောင်းသိရှိဆင်ခြင်မိလျှင် ထိုကျင့်စဉ်ကို စွန့်ခွာ၍ ကျင့်စဉ်အမှန်ကို ရွေးချယ်ရှာဖွေတော်မူခဲ့သည်။ ထိုဥပမာကိုယူကာ မိမိပြုလုပ်ခဲ့သော မှားယွင်းသည့် အပြုအမူ၊ အကျင့်အကြံကို အသိတရားရှိရှိဖြင့် အချန်မဆိုင်းဘဲ ပြုပြင်သွားဖို့လိုအပ်ပါသည်။

စစ်အစိုးရရုပ်မြင်သံကြားများမှ အကြိမ်ကြိမ်အခါခါ ထုတ်လွှင့်ပြသခဲ့သော ဒါရိုက်တာဦးသုခရိုက်ကူး တင်ဆက်ပြသခဲ့သည့် “ရဟန်းစားသောဆွမ်းတနပ်” ဇာတ်လမ်းထဲကလို မြတ်စွာဘုရားရှင် လက်ထက် ရဟန်းသံဃာတော်အား မှားယွင်းရိုက်နှက်သွေးထွက်စေခဲ့သော ကျောက်သွေးဆရာ မဏိဂါရသည် ငရဲပြည်သို့လားခဲ့ရသည် ဟု ဘုရားရှင်ဟောကြားတော်မူခဲ့သည်။

အပါယ်ငရဲသို့ မရောက်စေရန်နှင့် ဆိုးကျိုးအပြစ်များမက သက်သာစေရန်အတွက် အကောင်းဆုံးယတြာကတော့ “ဆရာတော် သံဃာတော်များကို မိမိတို့ပြုလုပ်ခဲ့မိသော ကာယကံမြောက်၊ ၀စီကံ မြောက်၊ မနောကံမြောက် ကျူးလွန်မူများကို ကာယကံရှင်များ ကျေနပ်သည်အထိ တောင်းပန်အပ်ပေသည်။ သို့မဟုတ်ပါက မိမိပြုလုပ်ခဲ့သော အကုသိုလ်ကံသည် မကြာမီအချိန်မှာပင် ပြန်လည်၍ ခံစားရပါမှာ မလွဲဧကန် မုချဖြစ်ပါကြောင်း မည်သူယုံကြည်၊ မယုံကြည် ကျနော်ယုံကြည်မိပါသည်။
မြတ်စွာဘုရားရှင်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ (မတည်မြဲခြင်း၊ ဆင်ရဲခြင်း၊ အမြဲမရှိခြင်း) တရားကို ဟောထားခဲ့သည်။ နအဖ စစ်အစိုးရသည် (အတ္တ)တည်မြဲခြင်း၊ တရားကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူအား၊ ငွေအားများဖြင့် မရရအောင် ဖော်ကျူးနေသည်။ မည်သည့်တရားကအမှန်ဖြစ်သနည်း၊ စာဖတ်ပရိသတ်များပဲ ဆက်လက်စောင့်ကြည့်ကြစေလိုပါသည်။
“သတ္တ၀ါများ၏ အကျိုးကျေးဇူးကို ရှေးရှုပြီး အသက်ပေးပျံလွန်တော်မူသွားခဲ့သော ရဟန်း သံဃာတော်များအား ကြည်ညိုရှိခိုးကန်တော့လိုက်ပါသည်၊”

နေလင်း
လူရှင်သင်္ချိုင်းများအကြောင်းစာအုပ်ရေးသားပြုစုခဲ့သူ
(၂၅။၁၁။၂၀၀၇)

7 comments:

swe said...

Dear Sayar Nay Linn,

Your article made me cry.
Our Buddha Sarsana and country have been tarnished by these "thugs".

I sincerely hope that Burma will remain as a country, which continues to carry the "Theravara Buddhism" in it's pristine condition for another 2500 more years.

aye said...

hello ko nay linn,
your article is very good and very respectfully.i hope our country will be free from military very soon.the generals must have to pay the prize what they are doing for.
ko nay linn and other bloggers,use your freedom for our people freedom.

Unknown said...

MINGALABAR KO NAY LINN,
SO EXCELLENT,
LET'S WE PRAY TO BUDDA
>>BE FREE MOTHERLAND[BURMA]<<
HAVE EVERY NICE TIME TO U.....

Unknown said...

Thanks so much for posting this interesting article. I agree with you. The generals who killed or tortured must pay the price someday and they will go straight to hell after death. In Buddhism, killing a Buddhist monk is the biggest sin of all. I still don't understand why they still kill or torture Buddhist monks. I am really concerned that Theravada Buddhism will disappear in Burma. We should pray hard for Burma and freedom. We also work hard to spread Theravada Buddhism and to make it stronger.

Su Nandar Win said...

now, i am really scared that our buddhism was slowly vanish because of the acts of than shwe and his army. I pray to Buddha that our people will not suffer from discrimination between civilians and soldiers, and injustice. I hope that we can see justice and not injustice.

Goldie Shwe said...

Dear Ko Nay Linn

I think you are a bit too educated, polite, kind and forgiving. I respect you but I personally think that when you are dealing with evil, alien-like creatures like the junta, you just have to use the only language they understand - guns. It makes me very angry to think that even as I am writing now , a peaceful demonstrator is being tortured, raped and killed. Justice must be done for those innocent citizens who have lived in fear and poverty for nearly 50 years.

Goldie Shwe said...

'Find the closest enemy and fight'
Bo Gyoke Aung San