Tuesday 8 April 2008

ထမင်းရည် အငတ်ဘေးက လွတ်ကင်းပါစေ။


မေလမှာ အာဏာရူး နအဖ တစ်စုက မတရားတဲ့ အခြေခံဥပဒေဆိုတာကြီးကို ပြည်သူတွေက ဘာရေးထားမှန်း မသိအောင် ကြံစီထားပြီးနောက် အတည်ပြုရန်ဆန္ဒ ခံယူပွဲ လုပ်မယ်ဆိုပြီး ရူးကြောင်ကြောင် စီစဉ်နေတာ အားလုံးလည်း အသိပါပဲ။ ကဲ .. ထားလိုက်ပါဦး အခြေခံဥပဒေနဲ့ ဆန္ဒ ခံယူပွဲကိစ္စ။

ကျွန်တော်ကိုယ်တိုင်လည်း အခြေခံဥပဒေအကြောင်း ရေးထားတာ အတော်များနေပြီ။ ဒီတခါ အခြေခံဥပဒေအပြင် မမြင်နိုင်တဲ့ ဘေးက လာနေတဲ့ ပြည်သူလူထုအတွက် ပြဿနာ တစ်ခုကို အားလုံး သတိထားမိလာအောင် နည်းနည်းလေး သတိပေးချင်လို့ပါ။

အဲဒါကတော့ ဆန် ပြဿနာပါပဲ။ အရင်က ကမ္ဘာမှာ ဆန်ထွက်အများဆုံးတိုင်းပြည်လို့ အသိအမှတ်ပြုခံထားရတဲ့ တိုင်းပြည်ဟာ မြန်မာနိုင်ငံပါ။ အခုတော့ တိုင်းပြည်တိုးတတ်အောင် နေ့ မအား၊ ည မအား ပင်ပန်းကြီးစွာ ကြိုးပန်းနေတဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ထက်မှာ အဲဒီ ဆုတံဆိပ်ကို ထိုင်းနိုင်ငံက လုယူသွားခဲ့ပါတယ်။ (ဒါ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ထူးချွန်ချက် တစ်ခု။ ဒါတောင် ဥာဏ်ကြီးစွာ သုံးသီးစား စိုက်ခိုင်းပြီး နေ့စဉ် လှည့်လည် စစ်ဆေးနေကြပေလို့ပေါ့။)

ကမ္ဘာမှာ အခု အခါ စီးပွားရေး ကျဆင်းမှု ပြဿနာတစ်ခုကလည်း အမေရိကန်က စလို့ မသိမသာ ပြန့်နှံ့လာနေပါတယ်။ အမေရိကန် စီးပွားရေး ကျတာ ငါတို့နဲ့ ဘာဆိုင်သလဲ မေးချင်ကြမှာပါ။ ဘာမှ မဆိုင်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒီ ပြဿနာက အမေရိကန်မှာတင် ရပ်နေရင် ဘာအရေးလဲ။ ကိစ္စမရှိဘူးပေါ့။ ရပ်မနေပဲ အာရှအထိရောက်လာမှ မဆိုင်ပါဘူး ဆိုပြီး ရပ်ကြည့်နေရင်တော့ ပြည်သူတွေ ထမင်းရည် ငတ်ရပါလိမ့်မယ်။ (ထမင်း ငတ်တာက နအဖ ဗိုလ်ချုပ်ကြီးတွေ တိုင်းပြည်ကို စပြီး ပင်ပင်ပန်းပန်း ဖျက်ဆီးကတည်းကဆိုတော့၊ အခု တခါ ငတ်ရင် ထမင်းရည်ပဲ ငတ်ရမှာပါ။)

စီးပွားရေး ကျဆင်းမှု ပြဿနာအပြင် သူ့နောက်မှာ သိသိသာသာ ကပ်လိုက်တာကတော့ ဆန် ရှားပါးမှု ပြဿနာပါပဲ။ အိမ်နီးချင်း ဆန်စားတဲ့ တိုင်းပြည်တွေမှာ ဆန် ရှားပါးမှု ပြဿနာကို အနှစ် ၂၀ အတွင်းမှာ ပထမဦးဆုံး ရိုက်ခတ်လာတာမို့ ဆန်တင်ပို့တာတွေ ရပ်တဲ့ တိုင်းပြည်ကရပ်၊ ကန့်သတ်တဲ့ တိုင်းပြည်က ကန့်သတ်၊ ဝယ်တဲ့ တိုင်းပြည်က ဝယ်လုပ်နေကြပါတယ်။ တိုင်းပြည်မှာ အရံ ဆန် အင်အား ဘယ်လောက်ရှိတယ်၊ နှစ်စဉ် ဆန် ဘယ်လောက် ကုန်တယ်ဆိုတာကို အိမ်းနီးချင်း တိုင်းပြည်တွေက တွက်ချက်ပြီး ဆန်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတာပါ။

နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ တိုင်းပြည်မှာ အရံ ဆန်အင်အား ဘယ်လောက်ရှိလဲ သိပုံ မရပါဘူး။ နှစ်စဉ် တိုင်းပြည်က ပြည်သူတွေက ဆန်ဘယ်လောက် စားသုံးသလဲ ဆိုတာလဲ ဥာဏ်မီပုံ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လူမိုက်လုပ်ပြီး ဆန်ကို အမြောက်အများ ရောင်းစားနေတာ အားလုံး အသိပါပဲ။ ဆန်ကို တန်ချိန်ပေါင်း သိန်းချီပြီး နိုင်ငံခြားကို တင်ပို့ ရောင်းချနေပါတယ်။

တိုင်းပြည်အတွက် အလုပ်လုပ်နေရလို့ ဦးနှောက်တွေ ချောင်ကုန်လားမသိ ရောင်းတဲ့ ဈေးကလည်း ... ထိုင်းက ဆန် (၁) တန်ကို ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင် ရောင်းနေချိန်မှာ၊ ဗိုလ်ချုပ်ကြီးတွေက ဒေါ်လာ ၄၀၀ ပတ်ဝန်းကျင်နဲ့ ရောင်းစားနေပါတယ်။

အဲဒီ ဆန်တွေ ရောင်းပြီး ရလာတဲ့ ငွေတွေကို ဘာလုပ်သလဲ။ ဆန်ရောင်းပြီး ရလာတဲ့ ငွေတွေကို လယ်သမားတွေ အပါအဝင် နောက်တခါ ဆန္ဒပြရင် စေတနာနဲ့ ပစ်သတ်နိုင်အောင် ရုရှား ၊တရုတ်နဲ့ မြောက်ကိုရီးယာက လက်နက် အစုတ်တွေကို မတန်တစ ဈေးပေးပြီးဝယ်ပါတယ်။

အကြာမီ လာမည် မျှော် .... ဆိုသလို မကြာခင် အချိန် အတွင်းမှာ တိုင်းပြည် စီးပွားရေးကျဆင်းလို့ လူတွေက စာရိတ္တတွေ ပျက်စီးလာရာကနေ၊ အခု တခါ စားစရာ ဆန်ရှားလာပြီး သောက်နေရတဲ့ ထမင်းရည်လေး ငတ်လာမယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံတော်ကြီး ပျက်လတ္တံလို့ သင်္ကြန်စာ အရေးအသားကို ခိုးယူပြီး ပြောပါရတော့မှာပါပဲ။

ဒီပြဿနာတွေကို ဖြေရှင်းဖို့က နည်းလမ်း တစ်ခုပဲ ရှိပါတယ်။ နေ့မအား၊ ညမအား ပင်ပန်းကြီးစွား တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေရရှာတဲ့ အသက် ၇၀ ကျော် အဖိုးကြီး အပါအဝင် နအဖ အဖွဲ့ တခုလုံးကို ပြည်သူတရပ်လုံးက ဝိုင်းဝန်း အနားပေးပြီး အဝီစိ တံခါးပေါက်လေးတွေ ဝိုင်းဖွင့်ပေးကြပါစို့ လို့ အကြံပြုရင်း တိုင်းပြည်မှာ ပြည်သူတွေ ထမင်းရည် အငတ်ဘေးက လွတ်ကင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

No comments: