Saturday 24 May 2008

မြစ်စိမ်း ဖြစ်သွားသော အမိ .... ဧရာဝတီ


မုန်တိုင်း ဆိုတဲ့ သတင်းကို
ငါ မျက်စိကနေ ကြားလိုက်တယ်။

မယုံနိုင်စရာပါပဲ
ညီ အစ်ကို သွေးချင်းတွေ
အတုန်းအရုံး။

ငါတို့ ချစ်တဲ့ ဧရာဝတီထဲမှာ
ငါတို့ ချစ်တဲ့ မောင်နှမတွေ
ဝိဥာဉ်မဲ့စွာ စီးမျောနေကြတယ်။

ဒီမုန်းတိုင်းဆိုးကို
ငါ “တောက်” တချက် ခေါက်မိလိုက်သလား
မဟုတ်သေးပါဘူး ... ဒါ သဘာဝ ဘေးဆိုးပေပဲ။

ဒါပေမယ့်
အသိပညာ အားနည်းလှတဲ့
ကျေးဇူးရှင် လယ်သမား သွေးချင်းတွေ
သတင်းခေတ်ထဲမှာ လူဖြစ်ရပေမယ့်
လေထုထဲက မြောက်များစွာသော သတင်းတွေကို
ဖမ်းယူစရာ လျှပ်စစ် မီးမှ မလာပဲ။

ဖမ်းမိထားတဲ့ သတင်းလေထုကတော့
တနာရီ မိုင် (၄ဝ) တဲ့။

ကဲ ... အပြစ်တင်ရုံနဲ့
ပြီးမနေသင့်ဘူး ...
အမိမြေ ဧရာဝတီမြစ်အနီးကို
ခရီးထွက်လို့ ကူမယ့် လူတွေဆီ
တတ်အားသ၍ပေါ့။

ဒီကြားထဲ အမြတ် မတရားတွက်ပြီး
မဲ နဲ့ အကူ
လဲယှယ်ယူတဲ့ အဖြစ်က
တို့ ရွှေခေတ်ရဲ့ရွှေနိုင်ငံမှာ ..
အသစ်မဟုတ်ပေမယ့်
သစ်လို့ နေသေး။

တစ္ဆေတစ်ကောင်ရဲ့
ဂီတ ခပ်ကြမ်းကြမ်းကို
ငါ့ မျက်စိနဲ့ ထပ်နားထောင်ရပြန်တယ် ..
ဘာ ....
ဘာတဲ့ ...
....အကူ မလိုပါဘူး ... ဟုတ်စ။

ဒီလှိုင်းနဲ့ ဒီလှေမှာတောင်
အစိမ်းရောင်သုတ်ထားတဲ့
ခပ်ကြောင်ကြောင်နဲ့ ငနဲ တစ်ကောင်က
စိတ်ကူးယဉ် အတ္တ ဂီတ ကို တီးခတ်နေတာ
ငါ့ မျက်စိက ထပ်ကြားရတယ်။

ရာဇဝင်ရဲ့ သတို့သမီးခဗျာ
ထို အစိမ်းကောင်တို့ကြောင့်
မြစ်စိမ်း အဖြစ်
ခဏတာ အလှပျက်ခဲ့ရ။

(ကိုထိုက်)

1 comment:

Ko said...

Very nice poem and inspiring mate!