Thursday 22 May 2008

ငရဲဘုံ

ဘ၀ဟာ စုံလုံးကန်းနေတယ်

သူများတွေကို ရွံရှာမိသလို

ငါ့ကိုယ်ငါလည်း ရွံတယ်။



ဘ၀ဟာ အသက်ရှူကြပ်တယ်

လေချဉ်တက်မိရင်တောင် မြိုချထားရတဲ့

မသတီစရာသတင်းအနံ့တွေပဲ ထပ်ရမယ်။


ဘ၀ဟာ ရွေးချယ်စရာ စကားလုံး ရှားပါးတယ်

ပုဆိုးခြုံထဲက လက်သီးပြပြီး

ဂလဲ့စားချေရမဲ့ ရက်ကိုလက်ချိုး ရေတွက်နေရတယ်။


လူ့အဖွဲ့အစည်းတဲ့လား မှိုစော်နံတယ်

ငွေကြေးတတ်နိုင်ရင် KTV နဲ့ Massage တွေမှာ

ဂရုဏာ သက်ကြတယ်။


ရေဒီယိုပိုက်ခြင်း

ဘောလ်ပင်တစ်ချောင်း ကိုင်ရင်းနဲ့တော့

တော်လှန်ရေးသမား မဖြစ်ချင်ဘူး။


တုတ်ဆွဲ ဓါးဆွဲနဲ့ ၀ရုန်းသုန်းကား

အသံကြားရင်တော့ စိတ်ဝင်စားတယ်။


မနေ့ညက အိမ်မက်တစ်ခုမက်တယ်

“ရိက္ခာသယ်လေယာဉ်ဟာ မြေပြင်လည်းရောက်ရော

လက်နက်တွေအပြည့်နဲ့တဲ့”

ဘာပြောကောင်းမလဲ လူတွေဝိုင်းလုလိုက်ကြတာ

အပြေးအလွှား ငါရောက်သွားတော့

ငါ့ရှေ့မှောက်သို့ အာလူးတစ်လုံး လိမ့်ကျလာတယ်။


ဒါအကုန်ပဲ မကျန်တော့ဘူးဆိုကာ

လေယာဉ်ဟာ မြေပြင်က ပျံတက်သွားတယ်။


ထိုအာလူးတစ်လုံးအား ကိုင်ရင်း

လက်ပစ်ဗုံးဖြစ်စေမယ့် အိမ်မက်တစ်ပုဒ်အား

ဆက်မက်ရဦးမယ်။

မင်းသစ်တည်

16.5.08

1 comment:

Anonymous said...

哈囉!有空來我家裡逛逛,記得留言唷! ............................................................