Monday, 7 July 2008

ပိတ်ထားတဲ့ နေ့ မှ ဒီပရင်္ဂ အထိ

ကဗျာ အရေးကောင်းတဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ကဗျာနဲ့ နောက်ဆက်တွဲ ဂယက်တွေကို အားလုံး သိကြမှာပါ။ (ဒီပရင်္ဂ ကဗျာနှင့် နောက်ဆက်တွဲ ဂယက်ကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။)

အခုလည်း ကဗျာဆရာ ကြည်မောင်သန်းရဲ့ အရင်က လက်ရာလေး တစ်ခုကို တင်ပေးလိုက်ပါတယ်။ ကဗျာထဲကလိုပါပဲ .. ကျွန်တော်တို့ လက်မောင်းတွေကို သုံးပြီး အာဏာရှင်တွေရဲ့ တံခါးတွေကို ရိုက်ချိုးပစ်နိုင်ရမယ်။ ကျွန်တော်တို့ လက်မောင်းတွေကို သုံးပြီး လွတ်လပ်မှု အလင်းရောင်ကို တိုင်းပြည်ထဲ အရောက်သွင်းဖို့ ဖျက်သင့်တာဖျက်ရမယ်၊ ချိုးသင့်တာတွေ ချိုးရမယ်။ ကျွန်တော်တို့ လက်မောင်းတွေသာလျှင် အားကိုးရာ အစစ်။ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းတွေရဲ့ ဦးခေါင်းထဲမှာမှ အာဏာရှင်တွေရဲ့ တံခါးတွေကို ဖွင့်ပေးဖို့ သော့မရှိပါဘူး။ .......... ရှာမနေကြပါနဲ့။ ..... ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တိုက်ပွဲ ကိုယ်ဝင်ပြီး၊ ကိုယ့်အနာဂတ်ကို ကိုယ်ဘာသာ တည်ဆောက်ဖို့ ... နိုးထကြပါတော့။ လက်မောင်းတွေ သွေးကြပါတော့။

“ပိတ်ထားတဲ့နေ့”

လမိုက်ည
ကောင်းကင်ကြီးက အမှောင်ထဲ လွင့်မျောလို့ရယ်
ကြယ်တွေက မပွင့်တပွင့်
နံရံက မီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေ ဖွင့်လိုက်တယ်
နေရောင်က မပွင့်တပွင့်
ပန်းတွေက ပွင့်တချို့ ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

သတင်းစာကို ဖွင့်ကြည့်တယ်
ရေဒီယိုကို ဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကို ဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘက်ကိုတော့ ဖွင့်ကြည့်လို့မရ
နေ့ကတော့ ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နှင့်အမျှ ဆာလောင်မှုတွေ အတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့ အနာဂတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ ပိတ်ထားဆဲ

ပိတ်ထားတဲ့နေ့ကို ဖွင့်ဖို့ သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်

ပိတ်ထားတဲ့နေ့ကို ဖွင့်မဲ့သော့တစ်ချောင်း
ကျွန်တော့်လက်မောင်း မဖြစ်နိုင်ဘူးလား။

No comments: