Friday 19 June 2009

ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့် မွေးနေ့ အကြိုည မန္တလေး၌ လုံခြုံရေး တင်းကြပ်

(ပန်းချီ အောင်လတ် - ကောင်းကင် မှ ရယူထားပါသည်။)

ယနေ့ (၁၉၊ ဇွန်၊ ၂ဝဝ၉)သည် ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအခါ အင်းစိန်အကျဉ်းထောင်အတွင်း၌ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုမှုကို ခံနေရလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ် ဘဝတွင် ဆယ်စုနှစ်ကျော် နေခဲ့ရသူလည်းဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုသည့် စာရွက်စာတမ်းဖြန့်ကြဲ၊ ဝေငှမှုများ၊ နံရံကပ်ပိုစတာ ကပ်လှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ပေးဝေမှုများ ဆက်တိုက်ဆိုသလိုပင် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားဗမာပြည်မြို့များတွင် ဖြစ်ပွားခဲ့သည်။

(၁၆၊ ဇွန်၊ ၂၀၀၉)ညတွင်လည်း မန္တလေးမြို့ပေါ်တ၀ှန်း (ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးအား ချက်ချင်းလွှတ်၊ စစ်အဆိုးရ မုချ ကျဆုံးရမည်) ဟု တောင်းဆိုကြွေးကြော်ထားသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ စာရွက်များကို လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အင်အားစုမှ ဖြန့်ကြဲခဲ့ကြကြောင်း (၁၇၊ ဇွန်၊ ၂၀၀၉) RFA ညနေ (၇)နာရီ ရေဒီယိုသတင်းအရ သိရှိရသည်။

ထိုသို့ စစ်အဆိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ ဗမာပြည်တွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည့်အတွက် စစ်အဆိုးရမှာ ကျီးလန့်စာစားဖြစ်လာခဲ့ကာ ပြည်တွင်းမြို့များ၌ လုံခြုံရေးစစ်ဆေးမေးမြန်းမှုများ၊ ဖမ်းဆီးမှုများကို ယခုရက်ပိုင်း တင်းကြပ်လုပ်ဆောင်လာခဲ့သည်။

ယခုလည်း (၁၈၊ ဇွန်၊ ၂၀၀၉) ဒေါ်အောင်းဆန်းစုကြည် (၆၄)နှစ်ပြည့်မွေးနေ့ အကြိုည၌ စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ်ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်းပါဝင်သည့်အဖွဲ့များက မကြာခဏ စာရွက်ဖြန့်ကြဲမှုများ ပြုလုပ်လေ့ရှိသည့် မန္တလေးမြို့ပေါ်နေရာများတွင် လုံခြုံရေးစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

မျက်မြင်များ၏ ပြောပြချက်အရ မန္တလေး- ၃၅ လမ်း နှင့် ၆၂ လမ်းထောင့် မီးပွိုင့်၊ ၇၃ လမ်း- ၃၇ လမ်းတ၀ိုက် (မန္တလေးတက္ကသိုလ် မြောက်ဖက်ပေါက်သို့ ဦးတည်ရာလမ်း)၊ ၃၅ လမ်း ဘုန်းကြီးကျောင်းများ ပတ်ဝန်းကျင်၊ ၈၄ လမ်း၊ ကျုံးဘေး အစရှိသည့်နေရာများတွင် စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ်ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်းပါဝင်သည့် အဖွဲ့ (တစ်နေရာ လူအင်အား ၂၀ ခန့်နှင့်) လမ်းပေါ် ဖြတ်သန်းသွားလာသူများကို ရပ်တန့်စေကာ အိပ်များဖွင့်စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကားများအား ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြသည်။

မျက်မြင်များအဆိုအရ (၁၈၊ ဇွန်၊ ၂၀၀၉) တစ်ညလုံးနီးပါး (နံနက်လင်းအားကြီးချိန်အထိ) မန္တလေး၌ စစ်ဆေးမေးမြန်းမှုများ၊ မှောင်ရိပ်ခိုစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

သို့သော် မှန်ကန်၊ ပါးနပ်၊ ဥာဏ်ထက်သော မန္တလေးမြို့မှ စစ်အဆိုးရဆန့်ကျင်ရေးလှုပ်ရှားသူများကို ယခုသတင်းရေးသားချိန်အထိ စစ်အဆိုးရမှ မဖမ်းဆီးနိုင်သေးကြောင်း သတင်းရရှိပါသည်။

သတင်းပေးပို့သူ - မောင်မည်း

No comments: