Wednesday 5 August 2009

လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များ၏ ရှေ့ရေးနှင့် နအဖ၏ ကောက်ကျစ်မှု

၂၀၀၉ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့မှာ ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) နဲ့ နအဖရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှု ဗိုလ်ချုပ် စိုးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ... နအဖ ဘက်ကလည်း သူတို့ လိုချင်သော အချက်များကို ဆွေးနွေးသွားသလို၊ KIO ဘက်ကလည်း သူတို့ သဘောမတူသည်များကို ငြင်းခဲ့ပြီး အသစ်တောင်းဆိုသည်များကိုလည်း တောင်းဆိုခဲ့တယ်လို့ သိခဲ့ရပါတယ်။

ဒီတော့ KIO က နအဖဘက်က လိုချင်တဲ့ အချက်အလက်တွေကို အလွယ်တကူ သဘော မတူဘဲ မိမိတို့ လိုချင်တဲ့ အချက်တွေကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့တယ်လို့ ထင်လိုက်ရပါတယ်။

တကယ်တန်း သေသေချာချာ ပြန်တွေးကြည့်တဲ့ အခါ KIO ဘက်က ဆွေးနွေးပွဲမှာ သဘောတရားရေးရာအရ အရေးနိမ့်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။

နအဖ ဘက်က လာပြီးတော့ ညှိနှိုင်းတဲ့ အချက်တွေထဲက အဓိက အချက်တွေကတော့...
  • KIO အနေနဲ့ ပါတီဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့
  • KIO ကို နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းပေးဖို့
စတဲ့ အချက်တွေပါပဲ။

KIO ဘက်က အဓိက တောင်းဆိုတဲ့ အချက်တွေကတော့
  • အာဏာသုံးရပ်မှာ တိုက်ရိုက်ပါဝင်ဖို့၊
  • နယ်ခြားစောင့်တပ် အစား၊ ကချင်ဒေသ လုံခြုံရေးတပ် အဖြစ် ဖွဲ့စည်းဖို့
စတဲ့ အချက်တွေပါပဲ။

ကမ္ဘာပေါ်မှာ ကတိ လွယ်လွယ်ပေးပြီး၊ ကတိ မတည်ဆုံး အဖွဲ့အစည်းကို ပြပါဆိုရင် နအဖကို လက်ညိုးထိုး လွဲမှာ မဟုတ်ပါဘူး။ (၁၉၉၀ ရွေးကောက်ပွဲရလဒ် အတည်ပြုရေး ကိစ္စက "စ" လို့ အခြားသော ကိစ္စတော်တော်များများမှာ မိမိကတိ စကားကို တလုံးမှ တန်ဖိုးမထားတတ်တဲ့ ကလိန်ခြုံတွေ ဆိုတာ အားလုံး အသိပါ။)


ဒီနေရာမှာ KIO က တောင်းဆိုထားတဲ့ အာဏာသုံးရပ်မှာ တိုက်ရိုက်ပါဝင်ဖို့ ဆိုတဲ့ ကိစ္စကို ဘယ်လို ပုံစံမျိုးနဲ့ တောင်းဆိုခဲ့သလည်း ဆိုတာ အရေးကြီးပါတယ်။ ပါးစပ်ကတိနဲ့ အာဏာသုံးရပ်မှာ တိုက်ရိုက်ပါဝင်ဖို့ ကတိပြုပါတယ်လို့ပြောမယ့် ကတိစကားကို ဘယ်လို တာဝန်ယူပြီး ဘယ်လို ဖေါ်ဆောင်ပေးမှာလည်း ဆိုတာကတော့ နအဖနဲ့ KIO တို့ ဆွေးနွေးပွဲရဲ့ အသက်ပါပဲ။

လက်နက်ကိုင် အကြမ်းဖက်သမား အဖွဲ့ (နအဖ) မှာက သူတို့ သေသေချာချာ ပြင်ဆင်ထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုတာကြီး ရှိနေပါတယ်။

လက်ရှိ နအဖက ကတိပေးပါတယ် ပြော ...... ။
ပြီးတော့ ရွေးကောက်ပွဲ ဝင်ဖို့ တိုက်တွန်း ..... ။
KIO က သဘောတူပြီး ရွေးကောက်ပွဲကို ဝင်လိုက်ပြီဆိုတာနဲ့ .. နအဖရဲ့ ထောင်ချောက်ထဲ KIO က ကျသွားပြီလို့ ထင်မိပါတယ်။ ဘာလို့လဲ ဆိုတော့ အခြေခံ ဥပဒေ ဆိုတဲ့ ... ဥပဒေ တစ်ခုက အစိုးရအဖွဲ့လို့ ခေါ်လို့ ရရုံ ဖြစ်မယ့် နအဖ (ပုံပြောင်း) အဖွဲ့မှာ ရှိလာလို့ပါပဲ။

အာဏာ သုံးရပ်မှာ တိုက်ရိုက်ပါဖို့ ကိစ္စအတွက်ကတော့ အခြေခံ ဥပဒေမှာ ပါတဲ့ အချက်အလက်တွေနဲ့ မညီဘူး၊ ဥပဒေနဲ့ ဆန့်ကျင်တယ် ဆိုပြီး လွယ်လွယ်လေးနဲ့ ပယ်ချပါလိမ့်မယ်။

ဒုတိယ အချက် ဖြစ်တဲ့ နယ်ခြားစောင့် တပ်အစား ကချင်ဒေသ လုံခြုံရေး တပ်အဖြစ်သာ လက်ခံမယ် ဆိုတာနဲ့၊ နအဖ စစ်တပ်က စစ်သားတွေကို ပါဝင်ခွင့် မပြုဘူးလို့ ဆိုထားပါတယ်။

နအဖရဲ့ အခြေခံ ဥပဒေမှာ အခန်း (၇) ပုဒ်မ (၃၃၈) မှာ နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည်။ .. လို့ ရေးထားပါတယ်။

ဒီတော့ ဘယ်လို နာမည်နဲ့ပဲ KIO တပ်ကို အသွင်ပြောင်းပါစေ၊ အခြေခံ ဥပဒေအရ KIO ရဲ့ တပ်ဟာ နအဖ လက်အောင်ခံတပ် လုံးဝ ဖြစ်သွားပါပြီ။ ဒီအချက်ဟာ KIO ရဲ့ ရှေ့ရေးနဲ့ ကချင်ဒေသတွင်းက ပြည်သူလူထုရဲ့ ရှေ့ရေးအတွက် စိုးရိမ်စရာ အချက် ဖြစ်ပါတယ်။

KIO က ပါတီဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ပြီ ဆိုတာနဲ့ ပါတီနဲ့ တပ်ဆိုပြီး သီးခြားစီ ကွဲလာမယ့် အခြေအနေကိုလည်း မြင်နေရပါတယ်။ ဘာလို့လဲ ဆိုတော့ ၁၉၈၈ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ ပါတီဦးဆောင်မှု အောက်မှာ လက်နက်ကိုင်တပ် ဖွဲ့စည်းခွင့် ပြုမထားပါဘူး။

ဒါဆို အဖွဲ့ ခေါင်းဆောင်တွေရဲ့ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်ပြီ ဆိုတာနဲ့ ပါတီက ခေါင်းဆောင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ KIO တပ်မရှိတော့ပါဘူး။ ဒါဆို KIO အဖွဲ့အစည်းအတွင်းမှာ ညီညွတ်မှု စတင်ပြိုလာမယ့် အရေး ဖြစ်လာလို့ နေပါပြီ။

တပ်မတော်ရဲ့ ကွက်ကဲမှု အောက်တွင် ရှိရမည်လို့ ဆိုထားတာကြောင့် ..... အဓိကကျတဲ့ တပ်ရပ်တည်ရေး ငွေကြေးဆိုင်ရာ ပြဿနာတွေကို နအဖ တဖြစ်လဲ အစိုးရ အဖွဲ့ကို အားကိုးရမယ့် အခြေအနေဖြစ်လာတာကြောင့် ကာကွယ်ရေး ဦးစီချုပ်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေရတဲ့ နအဖ လက်ကိုင် တပ်တစ်ခု အလိုလို ဖြစ်သွားမယ့် အရေးကလည်း ရင်မအေးစရာပါပဲ။

အခု ဘယ်လိုပဲ ကတိတွေ ပေးပေး၊ နောင်ဖြစ်လာမယ့် နအဖ တဖြစ်လဲ အစိုးရအောက်မှာတော့ .... အခြေခံ ဥပဒေဆိုတဲ့ ဥပဒေစကားပြော .. ဥပဒေနဲ့ ကိုင်ပေါက်တာခံရပြီး ဘာမှ လှုပ်မရအောင် ဖြစ်လာမှာ သေချာလို့ နေပါတယ်။

အခြေခံ ဥပဒေကို နောင်တချိန်မှာ ပြင်လို့ရတာပဲလို့ ပြောစရာ ရှိလာပါတယ်။ ဒါပေမယ့် ပြင်ဆင်ဖို့ ဆိုတာကတော့ အခြေခံ ဥပဒေကို သေချာ လေ့လာကြည့်ရင် ပြင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။ လုံးဝ ကို ပြင်လို့ မရတဲ့ အခြေခံဥပဒေပါပဲ။ (ဒီနေရာမှာ ဦးတည်ချက် လွဲသွားပြီး စာရှည်သွားမှာ စိုးလို့ ဘာကြောင့် လုံးဝ ပြင်လို့ မရတဲ့ အခြေခံ ဥပဒေလဲ ဆိုတဲ့ အသေးစိပ်အချက်အလက်ကို နောက် ဆောင်းပါးတွေမှ အလျင်းသင့်သလို ဖေါ်ပြပါမယ်။)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကောက်ကျစ်တဲ့ နအဖနဲ့ လက်တွေ့ကျကျ ရင်ဆိုင်ပြီး အလုပ် လုပ်ရမယ် ဆိုရင်တော့ နအဖရဲ့ ပါးစပ်ကတိစကား ဆိုတာထက် ၂၀၀၈ အခြေခံဥပဒေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ရပိုင်ခွင့်တွေကို ပြင်ဆင်ရေးစွဲပြီး သဘောတူမှသာ အနာဂတ် တိုးရင်းသားတွေရဲ့ ရှေ့ရေး လုံခြုံမှာ ဖြစ်ပါကြောင်း ... တွေးမိ၊ လေ့လာမိသလောက် တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

ကိုးကား ... ဦးအောင်ထူး၏ အခြေခံဥပဒေနဲ့ လူထု အခန်းကဏ္ဍ ဆောင်းပါး အမှတ် (၈၆)

2 comments:

lady lover said...

ခင်ဗျားက တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲစေချင်တာလား။။။
ဘယ်နိုင်ငံ မှာ ပြည်နယ်တစ်ခု စစ်တပ်တစ်ခုကြားဖူးလဲ..
အမေရိကန်၊ ရုရှား၊ တရုပ်၊ ဥရောပ နိုင်ငံတွေ....ဘယ်နိုင်ငံမဆို စစ်တပ် တစ်တပ်ပဲ....

Shanghtin said...

we are not belong to burmese people, u know what KIA mean, don't think we are surrender, never gona happen, one gone, one up..