Monday 22 March 2010

တပ်မှူးအမိန့်ပေးပါ

ပြည်တွင်းက ကြားနေရတဲ့ အသံတွေကတော့ အတော်မကောင်းပေ။ အထူးသဖြင့် NLD ထိပ်ပိုင်းကလူတွေရဲ့ တွေးခေါ်စဉ်းစားမှုတွေကို အတော်အော့နှလုံးနာမိတယ်။ ကျမ္မာရေးမကောင်းဘူးဆိုကာ ရုံးတောင်မတက်နိုင်တဲ့ ဦးအောင်ရွှေတစ်ယောက်၊ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီမှတ်ပုံတင် ဥပကဒေတွေလဲ ထွက်ကရော ရုံးကို အပြေးအလွှားလာပြီး၊ မှတ်ပုံသွားတင်ဘို့ ပြောတယ်ဆိုတာ သတင်းတစ်ခုအရ သိရတော့။

အော် ဒီဗိုလ်ကြောက်တွေနဲ့တော့ .......

........ “ ..ပြောကိုမပြောချင်တော့ဘူး..”

လို့ဘဲ ဒေါ်မြလေး လေသံနဲ့သာ ပြောလိုက်ချင်တော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ရတဲ့အခွင့်အရေးလေးကို အသုံးချပြီး၊ ကိုယ့်လူကြီးတွေဆီ အပြေးအလွှား သွားဂါရဝပြုရ၊ အားပေးရနဲ့၊ ထောင်ကျနေရက်နဲ့တောင်၊ ကိုယ်ရဲဘော်ရဲဘက်အချင်းချင်း၊ သွေးစည်း ဖေးမမှုကိုပြရှာတယ်။ ဟော..ခုတော့ သူတို့ (ဗိုလ်ကြောက်တွေနဲ့ အပေါင်းပါတွေ) က သူတို့ရဲ့ ဇာတိရုပ်တွေကို ဖွင့်ပြလိုက်ကြပါပြီ။

ပြည်သူလူထုအကျိုးစီးပွားတို့ တိုင်းပြည်အတွက်တို့ဆိုတာ စစ်အာဏာရှင် မဆလထိပ်သီး ဗိုလ်နေဝင်းကစပြီး ကနေ့ နဝတ၊ နအဖ စစ်အာဏာရှင်တွေအဆုံး အသံပြာတဲ့အထိ ကုန်းအော်ခဲ့တာဘဲ မဟုတ်ပါလား။ ဒါပေမဲ့ လက်တွေ့မှာ ဒင်းတို့တတွေ ဘာတွေလုပ်ခဲ့ကြပြီး၊ ပြည်သူလူထုကြီးနဲ့ တိုင်းပြည်မှာတော့ ဘယ်ဘဝရောက်သွားရတယ်ဆိုတာ၊ အစိမ်းလတ်လတ်ကြီး တွေ့မြင် ခံစားနေကြရပြီ မဟုတ်ပါလား။

ခုလဲ ကျွန်တော်တို့ ပြည်သူလူထုက လူထုတပ်ဦးပါတီကြီးအဖြစ် တာဝန်အပ်နှင်းထားတဲ့ ပါတီ(NLD)က ခေါင်းဆောင်ကြီးများဆိုတဲ့ လူတစ်စုက စစ်အာဏာရှင်တွေရဲ့ လေသံကိုလိုက်ပြီး၊ စစ်အာဏာရှင်တွေအလိုကြ လူထုကို သစ္စာဖေါက်၊ ကိုယ့်ရဲဘော်ရဲဘက်၊ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ခေါင်းတွေကိုတက်နင်းပြီး၊ တိုင်းပြည်ကိုစစ်ကျွန်ပြုတဲ့ သမိုင်းလုပ်ရပ်ထဲမှာ ပူးတွဲ ကြံရာပါတွေအနေနဲ့ ပါဝင်ဘို့ စိုင်းပြင်းနေကြပြန်ပါတယ်။

နဝတ၊ နအဖကောင်တွေဟာ ဒီအုပ်စုကို အစီအစဉ်ရှိရှိများ NLD ထဲမှာ ယူဂျီအနေနဲ့ မြုပ်နှံထားလေသလားလို့တောင် ထင်ရလောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် NLD ရဲ့ နှစ်နှစ်ဆယ်ကျော်ခရီးမှာ ရန်သူနဲ့ ထိပ်တိုက်တွေ့ရပြီ၊ လူထုကိုပြတ်ပြတ်သားသား ဦးဆောင်မှု ပေးဘို့လိုလာပြီဆိုတိုင်း၊ အဲ့ဒီလူတွေဟာ အကြောင်းအမျိုးမျိုးပြပြီး၊ တိုက်ပွဲလမ်းကြောင်းကို ပြောင်းသွားအောင်၊ ရန်သူက ဖြစ်စေချင်တဲ့ ပုံစံအတိုင်းဖြစ်သွားအောင်၊ လုပ်ဆောင်လာခဲ့ကြတာကို နှစ် ၂၀ သမိုင်းမှာ ပြန်ကြည့်ရင် တွေ့ရမှာဖြစ်တယ်။

လူထုအတွက် လက်တွေ့ကြတဲ့ ဦးဆောင်မှု ဘာတစ်ခုမှ မယ်မယ်ရရ ဆုံးဖြတ်ဦးဆောင်ပေးခဲ့တာ မတွေ့ရပေမဲ့၊ ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်ရဲဘော်တွေကိုရန်သူ့ အလိုကြ ထုတ်ပစ်စေချင်တဲ့အခါမှာတော့ ပြတ်သားစွာ လုပ်ဆောင်ပြတာကို တွေရတယ် မဟုတ်ပါလား။ အစိုးရ(ရန်သူ) အလိုကြနေ၊ ထိပ်တိုက်မဖြစ်စေနဲ့ ၊ဒါပေမဲ့ ကမ္ဘာကျော်အတိုက်အခံ နိုင်ငံရေးပါတီကြီး တစ်ခုဆိုတော့လဲ အများအမြင်မှာ တူတူတန်တန် ရှိအောင်လောက်တော့ ဖိန့်ဖိန့်လေးနဲ့ ကြေငြာချက်ကလေးဘာလေး၊ တစ်ချက် တစ်ချက်ထုတ်၊ ရန်သူငြိုငြင်မဲ့ကိစ္စဆို ဝေးဝးကရှောင်၊ ဒါဘဲတစ်လျှောက်လုံး လုပ်လာတာပါ။

ဒီတစ်ချီတော့ ဖေါရွှီးလုပ်နေလို့ မရတော့ပါဘူး။ NLD ထဲမှာ ဘယ်သူကတော့ ပြည်သူ့ဘက်တော်သား၊ ဘယ်သူကတော့ ရန်သူ့ ဘက်တော်သားဆိုတာ ကွဲကွဲပြားပြား တွေ့ကြရတော့မှာပါ။ စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ဇာတ်သွင်းတာကို ဘယ်လူတွေကတော့ လက်မခံဘူး၊ ဘယ်သူတွေကတော့ စစ်အာဏာရှင်တွေရဲ့ ခြေထောက်အောက်ကို လေးဘက်ထောက် ဝင်သွားကြတယ်ဆိုတာ ကျွန်တော်တို့ပြည်သူတွေ မကြာခင် ပြတ်ပြတ်ထင်ထင် တွေ့မြင်ကြရတော့မှာပါ။

ဦးခင်မောင်ဆွေဆိုသူက မေးမြန်းခန်းတစ်ခုမှာ ပြောလိုက်သေးတယ်၊ ....

“ကျွန်တော်တို့ ရွေးကောက်ပွဲကိုဝင်တာဟာ ခေါင်းငုံအရှုံးပေးတာမဟုတ်ပါဘူး…” တဲ့။


ဒီပြောစကားကို ကြည့်ရင် ဒီလူတွေမှာ နိုင်ငံရေးအရ ခံယူချက်တို့ နိုင်ငံရေး ဂုဏ်သိက္ခာတို့ လမ်းစဉ်တို့ မရှိဘူးဆိုတာ ပေါ်လွင်လှပါတယ်။ ဒီလူတွေကို ဒီနေရာရောက်လာအောင် သွေးလမ်းခင်းပေးခဲ့ကြရရှာတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ မျက်နှာမကြည့်တော့ဘဲ၊ သစ္စာဖေါက်ဘို့ ကြံစည်နေကြတာလို့ ပြည်သူတွေကိုယ်စား၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေးတိုက်ပွဲပေါင်းစုံမှာ အသက်ပေးလှူ ခဲ့ကြရတဲ့၊ ရဲဘော်အားလုံးရဲ့ ကိုယ်စား၊ ကျွန်တော်ပြောချင်တယ်။

စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ဘဝကို ပြည်သူတွေကို အတင်းမောင်းသွင်းနေတာကို တောင်ထိပ်ပေါ် ဆင်ရောက်နေသလို အထင်းသားမြင်တွေ့ နေရပါရဲ့နဲ့၊ ဒီအထဲ ဝင်လုပ်တာကဘဲ လူထုအတွက်လုပ်သလို ပြောဆိုလာတာကတော့ လုံးဝ လက်မခံနိုင်စရာပါ။

ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကျော်ခရီးမှာ NLD ဟာ ရန်သူ့ တီးကွက်နဲ့သာ လိုက်ကနေခဲ့တာပါ။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်မူနဲ့ လျှေက်ခဲ့တဲ့ကာလဟာ အနည်းအကျဉ်းဘဲ ရှိခဲ့ပါတယ်။

  • ၁/၉၀ ဆိုလဲလက်ခံလိုက်၊ .....
  • ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ်ခိုင်းတော့လဲ ထုတ်လိုက်၊
  • အမျိုးသားညီလာခံ တက်ရမယ်ဆိုလဲ တက်လိုက်ကြ ၊(ဒါတောင်ကြားမှာ ဒေါ်စု ပြန်လွတ်လာလို့ လမ်းမှန်ပေါ် ပြန်ရောက်သွားတာ)
  • ဆန္ဒခံယူပွဲလုပ်တုန်းကလဲ ဝေဝါးဝါး၊
တောက်လျှောက် ဖြစ်စဉ်အားလုံးမှာ လက်တွေ့မပါတဲ့ ကြေငြာချက်တွေ တစ်လှေကြီး ထုတ်တာတွေဘဲ ထိုင်လုပ်နေတယ်လို့ပြောရင် လွန်မယ်မထင်ပါ။ ခုလို ပါတီတွင်း အချောင်သမားတွေရှိနေပေမဲ့ အမှန်တကယ် လူထုအတွက် အလုပ်လုပ်ချင်တဲ့ တက်ကြွတဲ့၊ ရိုးသားတဲ့ ပါတီဝင်ထုတွေလဲရှိပါတယ်၊ အဲ့ဒီလူတွေက ရန်သူကိုဒူးမထောက်စတမ်း တိုက်ပွဲဝင်ချင်နေကြပါတယ်။

ဒါပေမဲ့ အဲ့ဒီလူတွေရဲ့ လက်ထဲမှာ လုပ်ပိုင်ခွင့်အာဏာ မရှိကြပါဘူး။ ခုအချိန်မှာကျွန်တော်တို့ ပြည်သူတွေဟာ စစ်မြေပြင်မှာ တစ်ဖက်ရန်သူနဲ့သူသေ ကိုယ်ရှင် တိုက်ကြရတော့မှာပါ။ အဲ့ဒီလိုအနေအထားမှာ တပ်မှုး (Commander) ရဲ့ အမိန့်နဲ့ အဆုံးအဖြတ်ဟာ အဓိကကျလှပါတယ်။ ဒီလိုအချိန်မှာမှ ကိုယ့်တပ်မှုးက ပြတ်သားတဲ့ အမိန့်မပေးဘဲ တပ်ဖွဲ့ရဲ့ သဘောအတိုင်း လုပ်ပါဆိုလို့ မရပါ။ တိုက်ပွဲဖြစ်ရင် အထိအခိုက်တော့ ပေးရမှာပါ။

စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီဘက်တော်သား လူထုတွေ မကြာခင် စီးခြင်းထိုးကြရတော့မဲ့ စစ်မြေပြင်မှာ တပ်မှုးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။

ဦးအောင်ရွှေမဟုတ်ပါ၊ ဦးခင်မောင်ဆွေမဟုတ်ပါ၊

ဒေါ်စုအမိန့်ပေးတာကို လူထု(ပါတီဝင်ထု)က စောင့်နေကြပါတယ်။ ခုအချိန်မှာမှ အစည်းဝေးထိုင် ငြင်းခုံဆွေးနွေးလို့ မဖြစ်ပါ။ လက်တွေ့တိုက်ပွဲနဲ့ အမှန်တစ်ကယ် တွေ့ရတော့မယ်ဆိုတော့ သတ္တိကြောင်သူတွေ၊ အခွင့်အရေးသမားတွေက တိုက်ပွဲကို ရှောင်ချင်ကြတော့မှာ။

အဲ့တော့ အဲ့ဒီလို လူတွေရဲ့ လူစဉ်မမှီတဲ့ တွေးခေါ်စဉ်းစားချက်တွေကို ဒီလို သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ အချိန်မှာ ရှင်သန်ခွင့်ပြုလို့ မရပါဘူး။

ရန်သူက ဖြစ်စေချင်တာကို မဖြစ်အောင် လုပ်ပြခြင်းကိုက ဂုဏ်သိက္ခာအရှိဆုံး နိုင်ငံရေး လုပ်ဆောင်ချက်ဖြစ်တယ်။ လူထုလမ်းစဉ်ဖြစ်တယ်။

ထိုလုပ်ဟန် လမ်းစဉ်သာလျှင် လူထုထောက်ခံ့မှုကို ရမှာဖြစ်တယ်။ လူထုပါတီဆိုတာ အာဏာရှင်တွေက ပေးသနားမှ ဖွဲ့လို့ရတာ မဟုတ်ပါ။ လူထုထောက်ခံမှုရှိရင်ပါတီဆိုတာ ရှိနေမှာပါ။

ဒါနဲ့ဆန်ကျင်ဘက်ကတော့ လူထုကို ကျွန်ဇတ်သွင်းမဲ့ ရန်သူကို မသိကျိုးကျွံပြုပြီး၊ လူထုစိတ်ဆန္ဒနဲ့ ဆန့်ကျင်နေလို့ ကတော့ ပါတီဆိုင်းဘုတ်ကြီးကို ဘယ်လောက်ဘဲ ကြီးအောင်တင်ထားတင်ထား၊ ပါတီရုံးကြီးကို ရွှေတွေဘဲ ချထားချထား၊ အဲ့ဒီပါတီကို လူထုက အသိအမှတ်ပြု လက္ခံမှာမဟုတ်ပါဘူး။

သမိုင်းအမှိုက်ပုံထဲ ရောက်သွားမှာပါ။

ဒါကြောင့် ဒီစစ်ပွဲအတွက် တပ်မှုး ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးပါ။

ရဲဘော်သန်းနိုင်
၂၀-၃-၂၀၁၀

7 comments:

Ko Hein said...

Absolutely right...
Cheers..

Ko Hein

သတိ said...
This comment has been removed by the author.
သတိ said...

အားလုံးသတိ

ဟုတ်ကဲ့.. တပ်မှုးနှာစီးနေပါတယ် ခင်ဗျ.. ၀င်ဆိုတော့လဲ သူရဲဘောကြောင်ရာကျ.. ရှေ့က မိုးလားကဲလားတွေနဲ့ လျောက်ပြောမိထားတာတွေနဲ့ ဂွကျ.. မ၀င်နဲ့ဆိုတော့လဲ ပါတီဖျက်ရမယ်.. ဘာဆက်လုပ်ရမယ် မှန်းလဲမသိ.. အင်း.. နှာစီးပီး ခေါင်းရှောင်နေလိုက်တာများ ဘာသံမှကို ထွက်မလာပဲ.. ”အန်ကယ့်သဘောတဲ့” ကျွန်တော်ထင်တာတော့ ဘော်လီဘော ပုတ်တာပဲဗျ.. ဟားဟား..

ကဲ..ရဲဘော်.. တပ်မှုးနှာစီးနေသည်.. ကိုယ်ထင်သလိုကိုယ်လုပ်.. ကိုယ်ဖြစ်ကိုယ်ခံ.. မစူးလဲမစူး မရူးလဲ မရူးချင်သောကြောင့် တပ်မှုးအနေဖြင့် မည်သည့် ဆုံးဖြတ်ချက်မှမချ.. ဒါပဲ..

အားလုံးသက်သာ
မောင်သတိ

အေးခိုင် said...

တရုပ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကအရူးတွေလို
ပဲခူးရိုးမထဲကဘဝဟစ်တိုင်လှုတ်ရှားမှုဗကပစိတ်ဝေဒနာရှင်လို
အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဖြိုခွဲနေကြသော
ရဲရဲတောက်ပြည်ပရောက်ဒီမိုကရေစီလှုတ်ရှားသူကြီးများ ကျဆုံးပါစေ၊
အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ၊
ဦးအောင်ရွှေ၊ဒေါ်အောင်ဆန်းစုကြည်နှင့် အဖိနှိတ်ခံ အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသက်တော်ရာကျော်ရှည်ပါစေ၊
ဗကပပျက်လူထုစိန်ဝင်းရဲ့လက်ဝဲသူငယ်နာဝါဒ အလိုမရှိ။ ။

Anonymous said...

အဟန့်...
ရဲဘော်တို့...အခုအချိန်ဟာကျဉ်းထဲကျပ်ထဲမှာရောက်နေကြတဲ့ အတွက် တပ်မှုးအနေနဲ့ကတော့...ကိုယ်မသေဖို့အရေးကြီးပါတယ်..အဲ့ဒီအတွက်...တပ်မှူးကိုယ်တိုင်က ရန်သူ့သေနပ်ပြောင်းဝမှာရောက်နေတော့...ရဲဘော်တို့လည်း လုပ်ချင်ရာလုပ်ကြပါ....ကျုပ်မသေဖို့ကတော့...ငြိမ်ငြိမ်လေးနေရပါဦးမယ်...ဘာမှလည်းဆက်မလုပ်ပါနဲ့..လိုတော့ပြောချင်တယ်..ဆက်လုပ်ရင်လည်း ရဲဘော်တွေ အကုန်သေမှာပါပဲ...

Aspire 2 Inspire said...

Absolutely right...
We have to support NLD...
We have to think for our people and next Generation...
We have to look back our independent History...
We have to be unity...
We become Unity we will get the independent again....

Whitelighter

Unknown said...

ရွေးကောက်ပွဲ မ၀င်ပြန်ရင်လည်း တရားဝင်ရပ်တည်ခွင့် ဆုံးရှုံးမယ် ဒိထက်ပိုပြီး ဖိနှိပ်ခံရမယ် (အခုတောင် ဖိလွန်းလို့ ပြားနေပါဘီ) ဒါ့အပြင် ကိုယ်မပါတဲ့ ရွေးကောက်ပွဲ မှာ ပြည်သူကလည်း ဘယ်သူ့ မဲ ပေးရမှန်းမသိဘဲနဲ့ သူတို့ လုပ်ချင်သလို လုပ်တာခံရမယ်
ရွေးကောက်ပွဲ ၀င်ပြန်ရင်လည်း နှစ်ပေါင်းများစွာ တိုင်းပြည်နဲ့ ပြည်သူအတွက် သူ့ ဘ၀ တစ်ခုလုံး ကို စွန့် လွှတ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အန်တီစု ကို အားလုံးက မျက်ကွယ်ပြုရာကျမယ် အန်တီစု ရဲ့  နိုင်ငံရေး အရ အရေးပါမှုကို ကိုယ်ကိုယ်တိုင် ဖယ်ရှားပစ်ရာ ကျမယ်
နအဖ က NLD ကို ဒီလို ဆုပ်လည်းစူး စားလည်းရုးဖြစ်မယ့် အခြေအနေထဲ ကို တမင် ရည်ရွယ်ချက်ရှိရှိတွန်းပို့ ခဲ့တာဘဲ ဒါ့ကြောင့် NLD ထဲမှာ မတူညီတဲ့ အသံတွေ ထွက်လာရတာ မဆန်းပါဘူး
သူတို့ ဘာသာ ဆုံးဖြတ်ပါစေ ဘေးထိုင် (အထူးသဖြင့် နအဖ ရန်က ဝေးနေတဲ့ ပြည်ပကနေ)ဘုပြောနေတာ က တော့ တော်တော် ကြည့်ရဆိုးပါတယ် ဦးခင်မောင်ဆွေ ဆိုတာ ထောင်ထဲမှာ ဘယ်လောက်နေလာခဲ့ ရတယ်ဆိုတာ သိသင့်ပါတယ်
ကျနော် အပါအ၀င် ဘေးလူတွေရဲ့တာဝန်က NLD ရဲ့  အများသဘောတူ ဆုံးဖြတ်ချက်ပေါ်မှာ တစ်ခဲနက် ရပ်တည်ကြဘို့ ဘဲ လို့  ထင်ပါတယ်