Friday 21 May 2010

ထိုင်း ပြည်သူ့အစိုးရနဲ့ မြန်မာ အာဏာသိမ်း စစ်အုပ်စုတို့ ကွာခြားချက်များ


ထိုင်းနိုင်ငံ အာဏာ သိမ်းတာနဲ့ ဖြစ်လာတဲ့ နောက်ဆက်တွဲတွေကတော့ ဘာပဲဖြစ်ဖြစ် လူလူချင်း သတ်လို့ သေကြတယ် ဆိုတာတော့ မကောင်းပါဘူး။

ဒါပေမယ့် အခုလို ဆန္ဒပြတာကို စစ်တပ်က ဖြိုခွဲတာခြင်း အတူတူ မြန်မာပြည်က ၂၀၀၇ သံဃာတွေ လမ်းလျှောက် မေတ္တာပို့တာကို ဖြိုခွင်းတဲ့ လူယုတ်မာတွေရဲ့ ကိုင်တွယ်ပုံနဲ့ ထိုင်းနိုင်ငံတော် အစိုးရ ကိုင်တွယ်ပုံတွေ ကွာခြားပုံကို ကျွန်တော် အခု စာမှာ တင်ပြပါ့မယ်။ အစိုးရဆိုတာနဲ့ အာဏာရူးနေပြီး အာဏာကို ဖြတ်လမ်းက ရယူထားတဲ့ စစ်အုပ်စု ကွာခြားပုံက ဆီနဲ့ ရေ လိုဖြစ်လို့ပါပဲ။ မြန်မာပြည်က စစ်သားဆိုတဲ့ မျက်စိပိတ်ပြီး ကုန်းအော်နေတဲ့ လူအချို့ နား၊မျက်စိ ပွင့်စေရန်ဖြစ်ပါတယ်။

(ကျွန်တော် အရင်ကလည်း စစ်သား ပီသတဲ့ ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဆွန်သီနဲ့ အာဏာကို အာသာငမ်းငမ်း ဖြစ်နေတဲ့ သန်းရွှေ တို့ အာဏာသိမ်းထားတာခြင်း အတူတူ၊ ကာကွယ်ရေး ဦးစီးချုပ်ခြင်း အတူတူ သိက္ခာရှိသူနဲ့၊ အကျင့်ပျက် အရှက်မရှိတဲ့ သန်းရွှေ လုပ်ရပ် ကွာခြားပုံကို တင်ပြထဲ့ဖူးပါတယ်။ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။)

ထိုင်းမှာ ရှပ်နီတွေ ဆန္ဒပြပုံကို အရင်ပြောပြပါမယ်။

ရှပ်နီတွေဟာ များသောအားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက ဆင်းရဲသား များတဲ့ ဒေသကနေ လာရောက်ဆန္ဒ ပြကြသူတွေများပါတယ်။ ဘန်ကောက် မြို့ခံက နည်းပါတယ်။

အရင် လာဘ်စားလို့ ပြုတ်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေများပါတယ်။ သက်ဆင်က အာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာခဲ့ပါတယ်။ ဒါကြောင့် ထိုင်းတရားရုံးက လဘ်စားမှုနဲ့ သက်ရှင်ရဲ့ ပိုင်ဆိုင်မှုတွေကို တဝက်သိမ်း၊ တဝက်ပြန်ပေးဖို့ အမိန့်ချပြီးနောက်မှာ အခု ရှပ်နီတွေရဲ့ ဆန္ဒပြပွဲ ဖြစ်လာခဲ့တာပါ။

မပြေးသော် ကန်ရာရှိ ဆိုသလို .. ဒီဆန္ဒပြပွဲကို သက်ဆင်က နောက်ကွယ်က ကြိုးကိုင်ကိုင်၊ မကိုင်ကိုင် အများ အမြင်မှာတော့ သက်ဆင်က ကြိုးကိုင်တယ်လို့ ပြောကြပါတယ်။

သက်ဆင်ဟာ ဥပဒေအရ လာဘ်စားမှု ထင်ရှားလို့ ထောင်ဒဏ် အပြစ်ပေးခံရတာကို ရှောင်ပြီး တိုင်းပြည်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလို ရာဇဝတ်သား သက်ဆင်ရဲ့ တိုင်းပြည် မငြိမ်သက်အောင် လုပ်မှုမှာ ရှပ်နီတွေက ဝင်ပြီး သရုပ်ဆောင်ပေးရတာ ဖြစ်လာတယ်လို့ သုံးသပ်ကြပါတယ်။

(ဒီနေရာမှာ အာဆီယံ ဆိုတဲ့ နိုင်ငံတွေရဲ့ သိက္ခာ မရှိမှု၊ အကျင့် စုတ်ပျက်သက်နေမှုကို တခါတည်း ပြောချင်ပါတယ်။ သူများနိုင်ငံက ရာဇဝတ်မူကြောင့် ထွက်ပြေးခဲ့ရတဲ့ ရာဇဝတ်သားကို ပိုက်ဆံတွေ ပါလာတာကြောင့် ကဗ္ဘောဒီယားက ဟွန်ဆင်က နိုင်ငံတော် စီးပွားရေး အကြံပေး ခန့်ခဲ့ပါတယ်။ ရာဇဝတ်အမှု အခင်း ရှင်းလင်းမှု မရှိသေးသူကို နိုင်ငံတော် စီးပွားရေး အကြံပေး ခန့်တဲ့ အာဆီယံ နိုင်ငံခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကလည်း အတော့်ကို သိက္ခာမရှိတဲ့ လုပ်ရပ်ပါပဲ။)

၁။ ရှပ်နီတွေဘက် ပြန်ဆက်ရရင် ... ဆန္ဒပြ တောင်းဆိုတဲ့ ရှပ်နီတွေက အစကတည်းက နိုင်ငံရေး တောင်းဆိုချက်တွေ တောင်းဆိုပြီး ဆန္ဒပြပါတယ်။

  • လွှတ်တော် ဖျက်သိမ်းရေး
  • ရွေးကောက်ပွဲ အသစ် ကျင်းပရေး
  • ပြည်သူ့ အစိုးရသစ် ဖြစ်ပေါ်လာရေး
စတာတွေ တောင်းဆိုပြီး လူ သောင်းချီပြီး ဘန်ကောက်မှ ဆန္ဒပြခဲ့ပါတယ်။

မြန်မာပြည်မှာ သံဃာတော်တွေက အစိုးရ ဖျက်သိမ်းရေးတောင် မတောင်းဆိုခဲ့ပါဘူး။
  • အမျိုးသား ပြန်လည် သင့်မြတ်ရေး
  • နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး
  • သံဃာတော်များကို ဝန်ချ တောင်းပန်ရေး
  • ကုန်ဈေးနှုန်းကြီးမြင့်မှု ကို ဖြေရှင်းပေးရေး
စတာတွေ တောင်းဆိုပြီး သံဃာတော်တွေ သိန်းချီပြီး တနိုင်ငံလုံးအနှံ မေတ္တာပို့ လမ်းလျှောက်ခဲ့တာပါ။

၂။ ထိုင်း ရှပ်နီတွေက ဘန်ကောက်မှာ လမ်းတွေ ပိတ်ပြီး သပိတ် စခန်းဖွင့်ပါတယ်။ စီးပွားရေးတွေ ရပ်တန့်ကုန်ပါတယ်။
မြန်မာ သံဃာတော်တွေက သပိတ်စခန်း မဖွင့်ခဲ့ပါဘူး။ စီးပွားရေးတွေ မရပ်တန့်ခဲ့ပါဘူး။

၃။ ထိုင်း ရှပ်နီတွေ တောင်းဆိုတာကို ထိုင်းအစိုးရက လက်ခံစကားပြောပြီး ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ပါတယ်။ တီဗွီကနေ ရှပ်နီခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာကို တိုက်ရိုက် ပြသခဲ့ပါတယ်။
မြန်မာပြည်က စစ်အုပ်စုကတော့ သံဃာတော်တွေနဲ့ ဘာမှ မဆွေးနွေးခဲ့ပါဘူး။

၎။ ထိုင်းအစိုးရက တိုင်းပြည်ကောင်းစားရေး ရှေးရှုပြီး ညှိနှိုင်းမှုတွေမှာ လျော့ပေးခဲ့တာတွေ လုပ်ပါတယ်။ ရှပ်နီတွေက မကျေနပ်ခဲ့ပါဘူး။
ြုမန်မာပြည်က စစ်အုပ်စုက တိုင်းပြည်ကောင်းစားရေးနဲ့ ပြည်သူလူထု အခက်အခဲတွေကို ဘာမှ မကြည့်ခဲ့ပါဘူး။ မိမိ ကောင်းစားရေး၊ အာဏာကို ဖြတ်လမ်းကနေ တည်မြဲရေး ကြည့်ပြီး တိုင်းပြည်မျက်နှာကို မထောက်ဘဲ အလျော့မပေးခဲ့ပါဘူး။

၅။ ထိုင်းအစိုးရက ဆန္ဒပြသူတွေကို ပြန်သွားဖို့၊ အကြမ်းမဖက်ဖို့ အကြိမ်ကြိမ် ပြောပါတယ်။ အဲလို အတွက် လူစုခွဲဖို့ အိမ်ပြန်ဖို့ ပြောပြီး၊ မပြန်ရင် လက်နက်သုံး ဖြိုခွဲရပါမယ် ပထမအကြိမ်မှာ ကြေငြာတာ ၁ ပတ် ကျော် ကြာပါတယ်။ ရှပ်နီတွေက မပြန်ခဲ့ပါဘူး။

မြန်မာ စစ်အုပ်စုက လူစုခွဲပါ မခွဲရင် ပစ်မယ် ပြောပြီး အချိန် ၁၀ မိနစ် ပေးတယ် ပြောပါတယ်။ ဒီနောက် အကြမ်းမဖက်တဲ့ သံဃာတွေကို အကြမ်းဖက်ပြီး ပစ်သတ်ပါတော့တယ်။ (စာသင်ကျောင်း တစ်ကျောင်းလွှတ်လို့ ကျောင်းသား ၁ ထောင်လောက် ထွက်လာရင်တောင် လူစုခွဲပြီး ကျောင်းကနေ အိမ်ပြန်ကြတာ ၁၀ မိနစ်မက ကြာပါတယ်။)

၆။ ထိုင်းအစိုးရက ပထမ အကြိမ် သေနတ်သုံး ဖြိုခွဲပေမယ့် ၂ ဖက် ပြန်ပစ်တာတွေရှိပြီး ဆန္ဒပြသူတွေရော စစ်သားတွေရော သေခဲ့ပါတယ်။ ၂ ဖက် တိုက်ခိုက်ကြတာပါ။

မြန်မာပြည်မှာ သံဃာတော်တွေက ပြန်ပြီး မတိုက်ခိုက်ခဲ့ပါဘူး။ သံဃာတော်တွေပဲ သေပါတယ်။ စစ်သားတွေ ဒဏ်ရာတောင် မရခဲ့ပါဘူး။

၇။ ထိုင်း အစိုးရက ဒုတိယ အကြိမ် ထပ်ညှိနှိုင်းပါတယ်။ ထပ်ပြီး အလျော့ပေးခဲ့ပါတယ်။ ရှပ်နီတွေက အဓိက နိုင်ငံရေး တောင်းဆိုမှုတွေကို ရခဲ့ပြီး လက်ခံခဲ့ပေမယ့် အရေးမပါတဲ့ အသေးအဖွားကိစ္စ အကြောင်းပြပြီး အိမ်မပြန်ခဲ့ပါဘူး။

အကြမ်းဖက် စစ်အုပ်စုက မြန်မာ သံဃာတော်တွေ ပစ်သတ်ခဲ့ပါတယ်။ ဆွေးနွေးမှု ဒီနေ့အထိ ဘာမှ မရှိခဲ့ပါ။

၈။ ထိုင်းအစိုးရက ဆန္ဒပြတာတွေ ရပ်ပြီး အိမ်ပြန်ကြပါ။ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားပါမယ် ပြောတယ်။ ရှပ်နီတွေက မရပ်ခဲ့ပါဘူး။

အကြမ်းဖက် စစ်အုပ်စုက မြန်မာ သံဃာတော်တွေ ပစ်သတ်ခဲ့ပါတယ်။ ဆွေးနွေးမှု ဒီနေ့အထိ ဘာမှ မရှိခဲ့ပါ။

၉။ ဒုတိယအကြိမ် ထိုင်းအစိုးရ မရပ်ရင် ဖြိုခွဲပါရမယ်ပြောတယ်။ ၂ ပတ် အချိန်ပေးခဲ့ပါတယ်။ အိမ်ပြန်မယ့် လူတွေကို ကားတွေ စီစဉ်ပေးပါတယ်။ ကြက်ခြေနီတွေကို ဝင်ခွင့်ပေးပါတယ်။ သတင်းသမားတွေကို ဝင်ခွင့်ပေးပါတယ်။

အကြမ်းဖက် စစ်အုပ်စုက တကြိမ်တည်းမှာ ၁၀ မိနစ်ပေးခဲ့ပြီး လမ်းတွေကို ပိတ်ကာ မြန်မာ သံဃာတော်တွေ ပစ်သတ်ခဲ့ပါတယ်။ ကြက်ခြေနီ၊ သတင်းသမား ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ပါဘူး။

၁၀။ ထိုင်းရှပ်နီတွေက အိမ်တွေ၊ ကုန်တိုက်တွေ၊ ကားတွေ၊ ဘဏ်တွေကို မီးတင်ရှို့ခဲ့ပါတယ်။ အကြမ်း ဖက်မှုတွေလုပ်ပါတယ်။

သံဃာတော်တွေနဲ့ မြန်မာပြည်သူတွေက ဘာမှ မဖျက်ဆီးခဲ့ပါဘူး။ အကြမ်းမဖက်ခဲ့ပါဘူး။

၁၁။ ဆန္ဒပြပွဲ ဖြိုခွဲခံရ အပြီးမှာ ရှပ်နီခေါင်းဆောင်တွေကိုပဲ ထိုင်းအစိုးရက ရွေးချယ် ဖမ်းဆီးခဲ့ပြီး အခြား ပါဝင် ဆန္ဒပြပြည်သူတွေကို ကားတွေ စီစဉ်ပေးပြီး အိမ်ပြန်ပို့ခဲ့ပါတယ်။ အခု အထိ အဖမ်းခံရသူ ၁၀၀ မပြည့်သေးပါဘူး။

မြန်မာစစ်အုပ်စုက ဆန္ဒပြ သံဃာတွေအနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ လမ်းဘေးက ကွမ်းယာသည်တောင် မချန်ပါဘူး။ အကုန် ဖမ်းပါတယ်။ လူ ၆၀၀၀ ကျော်ကို ဖမ်းဆီး ပြီး စစ်ဆေးခဲ့ပါတယ်။

၁၂။ ရှပ်နီတွေ ဆန္ဒပြတဲ့ စုစုပေါင်း ၂ လ ကျော် ကာလ အတွင်းမှာ သေဆုံးသူ ၁၀၀ မကျော်ခဲ့ပါဘူး။ ဖမ်းဆီးခံရသူ ၁၀၀ မကျော်ခဲ့ပါဘူး။ သေဆုံးသူတွေမှာ စစ်သားတွေ ပါခဲ့ပါတယ်။

သံဃာတော်တွေ မေတ္တာပို့ တောင်းဆိုရာမှာ သံဃာတော်များနဲ့ လူအပါအဝင် စုစုပေါင်း ၂၀၀ ကျော် ကို အာဏာရှုး စစ်အုပ်စုက ပစ်သတ်ခဲ့ပါတယ်။ စစ်သား တစ်ယောက်မှ မသေခဲ့ပါ။ လူ ၆ ထောင်ကျော် ဖမ်းခံခဲ့ရပြီး ဒီနေ့အထိ လူ ၅၀၀ ကျော် ဆက်လက် ဖမ်းဆီးခံနေရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိခဲ့ပါတယ်။

အထက်ပါ အချက်တွေကတော့ ထိုင်း ပြည်သူ့အစိုးရနဲ့ မြန်မာ အာဏာသိမ်း စစ်အုပ်စုတို့ ကွာခြားချက်များသာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

(နောက်ပိုင်းမှာလည်း ထပ်မံပြီးကွာခြားချက်တွေ အချိန်နှင့်အမျှ ရှိလာနိုင်ပါသေးတယ်။)

No comments: