Sunday, 19 July 2009

အာဇာနည်နေ့

ရန်ကုန်မြို့ အာဇာနည်နေ့ မြင်ကွင်းများ

(photo AP - မိုးမခမှ ရယူထားပါသည်။)



(photo AP - မိုးမခမှ ရယူထားပါသည်။)


နအဖ နောက်လိုက် အကြမ်းဖက်သမားများက တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သော အာဇာနည်ကြီးများ၏ မျက်နှာကိုပင် မထောက်၊ အာဇာနည်နေ့ ဂုဏ်ပြုသူများအား အကြမ်းဖက် ဖမ်းဆီးနေပုံ
(photo AP - မိုးမခမှ ရယူထားပါသည်။)



(photo reuters - မိုးမခမှ ရယူထားပါသည်။)


(photo reuters - မိုးမခမှ ရယူထားပါသည်။)

Friday, 17 July 2009

Burma VJ show in london

လန်ဒန်မှာ Burma Vj ရုပ်ရှင်ကားကို ရုံမှာ သွားရောက် ကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါး အပ်ပါတယ် ခင်ဗျာ။

အခြားလူတွေတော့ မပြောတတ်ဘူး၊ ကျွန်တော် ကိုယ်တိုင်ကတော့ အဲဒီကားကို ကြည့်ရင်း ၂၀၀၇ စက်တင်ဘာလ တုန်းက ခံစားမှုမျိုးတွေ ပြန်လည်ရရှိလာတာတော့ အမှန်ပါပဲ။

အဲဒီရုပ်ရှင်ကို ကြည့်ရင်း စိတ်ဓါတ်တတ်ကြွတာ၊ ဝမ်းနည်း ဝမ်းသာဖြစ်တာ၊ မခံချင်စိတ်ဖြစ်တာ စတဲ့ စိတ်ခံစားမှုတွေကတော့ အပြည့်ပါပဲ။

စစ် အာဏာရှင် စနစ်ဆိုးကို မြန်မာမြေပေါ်ကသာ မက၊ ကမ္ဘာ့မြေပေါ်ကပါ မောင်းထုတ်ရမယ်ဆိုတဲ့ အတွေးလည်း ပွားစေမိပါတယ်။

မြန်မာနိုင်ငံ သမိုင်းရဲ့ အာဏာရှင် စနစ်ဆိုး၊ ...... လက်နက်ကိုင် အကြမ်းဖက်သမား သန်းရွှေ ခေါင်းဆောင်တဲ့ လူယုတ်မာ တစုရဲ့ နိုင်ငံတော် အကြမ်းဖက်မှု(state terrorism) ဖြစ်ကြောင်း မျက်မြင်သက်သေ မှတ်တမ်း ရုပ်ရှင် တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်သင့် ကြည့်ထိုက်တဲ့ ရုပ်ရှင် တစ်ကားဖြစ်ပါကြောင်း ...

အောက်ပါ ပိုစတာမှာ ရုပ်ရှင်ရုံနေရာနှင့် ပွဲ အစီအစဉ်ကို ဖတ်ရှုပြီး သွားရောက် ကြည့်လိုသူများ ကြည့်ရှုနိုင်ပါရန် သတင်းပါးအပ်ပါသည်။


Burma VJ နမူနာ ရုပ်ရှင်


အနိုင်မခံ


လွမ်းနေမိသော ငယ်ငယ်တုန်းက ဇူလိုင်လ

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လ ၀င်လာပြီဆိုတာနဲ့ သတင်းစာတွေ ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို အမြဲတွေ့ရတယ်။ အမြဲဖတ်ရတယ်။
ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လထဲမှာ ၀င်လာပြီ ဆိုတာနဲ့ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားမှာ အာဇာနည်နေ့ အမှတ်တယသီချင်းတွေ နဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ အမြဲကြည့်ရ၊ ကြားရတယ်။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လထဲမှာ အာဇာနည်နေ့ နီးလာပြီ ဆိုတာနဲ့ ကျောင်းမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ နားထောင်ရတာ၊ ဆရာမတွေက အတန်းထဲမှာ အာဇာနည်နေ့အကြောင်းတွေ ပြောပြကြတယ်။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လမှာ ထုတ်တဲ့ မဂ္ဂဇင်းတွေမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အာဇာနည်ခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ဖတ်ရတာ ဖတ်လို့ကို မ၀ဘူး။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းမိတယ်။ အာဇာနည်နေ့ရောက်ပြီဆိုရင် ကစားနေရင်းနဲ့ ဥသြဆွဲသံ၊ ဟွန်းသံ တွေကို နားစွင့်နေရင်း ဥသြဆွဲသံကြားတာနဲ့ ကစားတာတွေကိုရပ်ပြီး အလေးပြုခဲ့ကြတာတွေကို မှန်မိနေတယ်။

ခုတော့ အရင်တုန်းကနဲ့ မတူတဲ့ ဇူလိုင်လ တွေကိုပဲ ကိုယ်ပိုင်ဆိုင်နေရတယ်။ အာဇာနည်စိတ်ဓါတ်ကို ကျောင်းသားလူငယ် တွေဆီ လက်ဆင့်ကမ်းပေးတာလည်း မတွေ့ရတော့ဘူး။ အာဇာနည်နေ့ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်ခြင်း၊ အနစ်နာ ခံခြင်း၊ တိုင်းပြည်အတွက် ပေးဆပ်ခြင်းဆိုတဲ့ အရာတွေကိုလည်း ကလေးတွေ မသိဘူး၊ မကြားဘူးကြတော့ဘူး။ ခု ကလေးတွေက အာဇာနည်နေ့ရဲ့ အနှစ်သာရကို သိဖို့ ဆိုမထားနဲ့ အာဇာနည်နေ့ ဆိုတာ ဘာနေ့လည်း၊ အဲဒီနေ့ကို ဘာဖြစ်လို့ အားလပ်ရက်အဖြစ် သတ်မှန်ကြတာလည်း၊ အဲဒီနေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေက ဘယ်နှစ်ယောက် လည်း၊ ဘယ်သူတွေလည်း၊ သူတို့က ဘာတွေလုပ်ခဲ့လို့ အာဇာနည်လို့ ခေါ်တာလဲ….. လဲ….. လဲ…. လဲ ပေါင်းများစွာ ကို မသိကြတော့ဘူး။ ရင်နာဖို့ကောင်းလိုက်တာ။

ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ လေးစားချစ်ခင်ရတဲ့ အကိုတစ်ယောက်ကတော့ ပြောခဲ့ဘူးပါတယ်… ကိုယ်လုပ်တာတွေ ကောင်းရင်၊ ကိုယ်လုပ်တာကို သူများက ချီးကျူးရင် ကိုယ့်အတွက်ကိုယ် ဂုဏ်မယူပါနဲ့ အဲဒါ ကိုယ်တော်တာမဟုတ်ဘူး။ ကိုယ့်ကို ပြုစု ပျိုးထောင်ပေး၊ အသိပညာတွေပေးခဲ့တဲ့ ကိုယ့်အထက်က၊ ကိုယ့်အရင်က လူတွေ တော်ခဲ့တာ။ ကိုယ်တော်လား မတော်လားဆိုတာကို ကိုယ့်နောက်က ကိုယ်လက်ဆင့် ကမ်းပေးရမယ့် လူငယ်လေးတွေရဲ့ လုပ်ဆောင်မှုနဲ့ တိုင်းရတယ်။ ကိုယ့်နောက်က လူငယ်လေးတွေ မတော်ရင် ကိုယ်မတော်တာပဲ။ ကိုယ့်အနောက်က လူငယ်လေးတွေ ညံ့ရင် ကိုယ်ညံ့တာ ပဲ တဲ့။ ဒီလိုဆို ခုခေတ် လူငယ်လေးတွေ အာဇာနည်နေ့အကြောင်းကို မသိကြတော့တာ ဘယ်သူတွေ ညံ့လို့လည်း။

ကိုယ်ကတော့ ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကိုပဲ ပြန်လွမ်းနေမိတယ်။ ခုခေတ် လူငယ်လေးတွေကို ငယ်ငယ်တုန်း က ဇူလိုင်လမှာ ထုတ်တဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ ပေးဖတ်ချင်တယ်။ ငယ်ငယ်တုန်းက ကျောင်းမှာ ဟောပြောခဲ့တဲ့ ဆရာမကြီးတွေရဲ့ ဟောပြောပွဲတွေကို ပြန်နားထောင်စေချင်တယ်။ ငယ်ငယ်တုန်းက ဇူလိုင်လမှာ လွှင့်ခဲ့တဲ့ အာဇာနည် နေ့သီချင်းတွေကို ပြန်နားထောင်စေချင်မိတယ်။ ငယ်ငယ်တုန်းကလို အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးချိန်မှာ ဆွဲလာမယ့် ဥသြသံကို နားစွင့်နေမိတယ်။ ကိုယ်လေ ကိုယ့်နောက်က နောင်လာနောက်သားတွေကို အာဇာနည်နေ့ဆိုတာ ကတော့ ဒီလိုပဲဟေ့ ဆိုပြီး ပြောပြချင်နေမိတယ်။

ဘာပဲ ဖြစ်ဖြစ်ပေါ့လေ….. ကိုယ်… ငယ်ငယ်တုန်းက ကိုယ်ကြုံတွေ့ခဲ့ရတဲ့၊ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဇူလိုင်လလေးတွေကို တော့ လွမ်းနေမိပါတယ်။
မေမင်းဆက်။

ကြံတောသင်္ချိုင်းမှာ နာမ်နှိမ်ခံလိုက်ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ကတော့၊ မြန်မာစစ် ဗိုလ်ချုပ်ကြီးတွေရဲ့၊ ကလိမ်ကျမှု၊ ဗြောင်လိမ်မှုတွေအောက်မှာ နစ်မြုတ်သွားခဲ့ရပါပြီ။ ပိုဆိုးတာကတော့၊ ထုံးစံအတိုင်း၊ ပေါကြောင်ကြောင်၊ မိစ္ဆာအယူဝါဒ၊ အယူသည်းမှုတွေအပေါ်အခြေခံတဲ့၊ အစီအမံလုပ်ရပ်တွေနဲ့၊ မစ္စတာဘန်ကီ မွန်းကို၊ နာမ်နှိမ်ဘို့ဆောင်ရွက်ခဲ့တာကို၊ ကြုံတွေ့ခဲ့ရတာပါ။

စစ်အာဏာသိမ်း၊ဗိုလ်ချုပ်ကြီးတွေဟာ၊ သင်္ချိုင်းတွေကို၊ ကြောက်လန့်ရွံရှာလေ့ရှိပါတယ်။ အမင်္ဂလာနေရာလို့ယူ ဆထားပြီး၊ မသွားမဖြစ်မှ၊ သွားလေ့ရှိကြပါတယ်။ စစ်အကြမ်းဖက်ဓါးပြခေါင်းဆောင် သန်းရွှေတယောက်၊ ခုချိန် ထိ၊အာဇာနည်ဗိမာန်တောင်သွားရောက်ရဲတဲ့၊ သတ္တိမရှိပါဘူး။ လွတ်လပ်ရေးအတွက်၊ အသက်ပေးဆောင်ရွက် ခဲ့တဲ့၊တပ်မတော်ဖခင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းကို၊ အလေးပြုရမှာ၊လိပ်ပြာမသန့်လို့လား။ ဒါမှမဟုတ်၊အမင်္ဂလာ နေရာလို့ယူဆထားလို့လား။ ( ကြတ်ပြေးနေပြည်တော်ရှိ၊ စစ်အကြမ်းဖက်ရုံးချုပ်က၊ လူတွေအဆိုအရ၊ နှစ်ခုစ လုံးကြောင့်ပါတဲ့။ )

မစ္စတာဘန်ကီမွန်းနဲ့၊ သံတမာန်တွေ၊ တွေ့ဆုံရှင်းလင်းပွဲကို၊ မူလကဆီဒိုးနားဟိုတယ်မှာ၊ ကျင်းပဘို့စီစဉ်ထား ပြီးမှ၊ ရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ ဟံသာဝတီလမ်းနဲ့ ကျွန်းတောလမ်းထောင့်ရှိ၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့၊ ပြောင်းရွှေ့ကျင်းပဘို့၊ အတင်းအကျပ်စီစဉ်ခဲ့ကြပါတယ်။ အဲဒိနေရာဟာ၊ယခင်က ကြံတောသင်္ချိုင်းလို့၊ လူသိများခဲ့တဲ့နေရာပါ။ အဲဒီပြတိုက်အတွင်းမှာ၊ လျှို့ဝှက်ဖမ်းဆီးထားတဲ့၊ လူ(၅)ဦးကိုချုပ် နှောင်ထားတဲ့၊ အချုပ်ခန်း(၅)ခန်း၊ လျှို့ဝှက်တည်ဆောက်ထားတယ်ဆိုတာ၊ သိရှိသူ၊မရှိသလောက်ပါ။


ပြတိုက်အစည်းအဝေးခန်းမဆောင်ကို၊ ဝင်ရောက်တဲ့အခါမှာလည်း၊ ရှေ့ပေါက်ကဝင်ရောက်ခွင့်မပြုဘဲ၊ တခြား အပေါက်ကဝင်ရောက်ဘို့စီစဉ်ထားတာကြောင့်၊ မစ္စတာဘန်ကီမွန်း၊ အကြီးအကျယ်ဒေါသဖြစ်သွားခဲ့ရပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့၊ ရည်ရွယ်ချက်ကတော့၊ သံတမာန်တွေနဲ့၊ မီဒီယာသမားတွေရှေ့မှာ၊ မစ္စတာဘန်ကီမွန်း ဟာ၊ သူတို့ခိုင်းသမျှလုပ်နေရတယ်ဆိုတဲ့၊ ပုံစံဖြစ်အောင်စီစဉ်ခဲ့ကြတာပါ။

မစ္စတာဘန်ကီမွန်းနဲ့အဖွဲ့ဝင်တွေက၊ ရှေ့တခါးပေါက်မှဝင်ရောက်ခွင့်မပြုပါက၊ သံတမာန်များနှင့်၊တွေ့ဆုံရှင်း လင်းပွဲကို၊ ပြုလုပ်တော့မည်မဟုတ်ဘဲ၊ လှည့်ပြန်မယ်လုပ်တော့မှ၊ စစ်အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက၊ သဘောတူ ခွင့်ပြုခဲ့ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လို၊ ထိပ်ဆုံးကခေါင်းဆောင် ဦးဆောင်ကျင်းပတဲ့ပွဲဟာ၊ သင်္ချိုင်းဟောင်းမှာပြု လုပ်လိုက်ရတာကြောင့်၊ နောင်ဘယ်သောအခါမှ၊ ကုလသမဂ္ဂအဖွဲ့အစည်း၊အနေနဲ့၊မြန်မာနိုင်ငံအပေါ် သြဇာ သက်ရောက်နိုင်တော့မှာ၊ မဟုတ်တော့ဘူးလို့၊ ဗေဒင်ယတြာတွေကိုအ စွန်းရောက်ယုံကြည်နေကြတဲ့၊ စစ်အာ ဏာရှင်အုပ်စုအသိုင်းအဝိုင်းမှာ၊ ပြောဆိုနေကြပါတယ်။

တကမ္ဘာလုံးကို၊ကိုယ်စားပြုတဲ့၊အဖွဲ့ကြီးရဲ့၊ ဦးစီးခေါင်းဆောင် မစ္စတာဘန်ကီမွန်းအပေါ်၊ နာမ်နှိမ်ရန်ရည်ရွယ် ချက်ရှိရှိ၊ ဆောင်ရွက်ခဲ့ကြပေမဲ့၊ စစ်အာဏာရှင်တွေရဲ့၊ လုပ်ဆောင်မှုတွေက၊ အရာမရောက်ခဲ့ပါဘူး။ မစ္စတာ ဘန်ကီမွန်းကို၊ ကြတ်ပြေးနေပြည်တော်ရောက်စဉ်၊လည့်လည်ပြသပြီး၊ ဧည့်ခံပွဲတွေကျင်းပပေးဘို့စီစဉ်ထား ကြပေမဲ့၊ မစ္စတာဘန်ကီမွန်းရဲ့၊ ရဲဝံ့ပြတ်သားတဲ့၊ ငြင်းပယ်မှုကြောင့်၊သူတို့အစီအစဉ်တွေဖျက်သိမ်းခဲ့ရပါတယ်။ “သူလာတာဟာ၊ဧည့်ခံပွဲတက်ရောက်ဘို့လာတာမဟုတ်ကြောင်း” ပြောဆိုလိုက်တာကြောင့်၊ စစ်အာဏာရှင်အ ဖွဲ့အရှက်ကွဲခဲ့ရပါတယ်။ ဒါကြောင့်ကြတ်ပြေးနေပြည်တော်ကအပြန်၊ ရန်ကုန်မှာ၊မစ္စတာဘန်ကီမွန်းကို၊ နာမ်နှိမ် ဘို့အရေးပေါ်စီစဉ်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ရောက်ပြီး၊ လေယာဉ်ပေါ်မှဆင်းဆင်းခြင်း၊ သတင်းထောက်တဦးရဲ့အမေးကို၊ဖြေ ကြားရာမှာ၊ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့နှစ်ကြိမ်တွေ့ဆုံခဲ့ရာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထပ်တလဲလဲပြောကြားခဲ့ တဲ့စကားက၊ ၂၀၁၀မှာအရပ်သားအစိုးရကို၊အာဏာလွှဲပေးပါ့မယ်ဆိုတာပါဘဲ။ ပြီးတော့မှ မစ္စတာဘန်ကီမွန်း ဆက်ပြောသွားတာက၊ “နောက်တကြိမ်ထပ်တွေ့ရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို၊ အရပ်သားအဖြစ်တွေ့ရလိမ့် မယ်လို့ထင်ပါတယ်တဲ့။”

မြန်မာ့ဒီမိုကရေစီရရှိရေးအတွက်၊ မိမိဘဝကိုအနစ်နာခံဆောင်ရွက်ပေးနေတဲ့၊ လူထုခေါင်းဆောင်၊ ဒေါ်အောင် ဆန်းစုကြည်အပါအဝင်၊ ထိမ်းသိမ်းခ၊ံနိုင်ငံရေးအကျဉ်းသားများ၊ လွတ်မြောက်ရေးနဲ့၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်၊ တိုးတက်မှုဖြစ်ပေါ်လာစေရေးအတွက်၊ အစွမ်းကုန်ကူညီရန်၊ ရည်ရွယ်ပြီးလာရောက် ခဲ့ပေမဲ့၊ မစ္စတာဘန်ကီမွန်းအနေနဲ့၊ နိုင်ငံတကာတောင်းဆိုမှုတွေအပေါ်၊ အရေးမထားတဲ့၊ စစ်အာဏာသိမ်းအ ဖွဲ့ရဲ့၊ အောက်တန်းကျတဲ့၊ လှည့်စားမှုတွေကြောင့်၊ အချိန်ကုန်ပင်ပန်းပြီး၊ အကျိုးမရှိဘူးလို့ယူဆရပေမဲ့၊ အမှန်တ ကယ်မှာတော့၊ မြန်မာပြည်သူလူထုအတွက်၊ အကျိုးရှိခဲ့ပါတယ်။

အဲဒါကတော့၊ အာဏာသိမ်းစစ်ကောင်စီအနေနဲ့၊ အာဏာကိုလက်မလွှတ်ရအောင်၊ ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာမိသားစုတွေကို၊ အသုံးချပြီး၊လုပ်ဆောင်နေတာကို၊ မစ္စတာဘန်ကီမွန်း၊ ကိုယ်တိုင်တွေ့ကြုံခံစား လိုက်ရတာကြောင့်ပါ။

လေးစားစွာဖြင့်၊

သူရဲကောင်း။



Meeting in the Kyantaw old Cemetery for UN Secretary-General H.E.Mr.Ban Ki-Moon

As usual, United Nation Secretary-General H.E. Mr. Ban Ki-Moon second trip to Burma was play out again by Burmese Junta as all Mr. Ban’s hopes were sunk into Junta’s tricks, shameless lies and further more and worst of all, was attacked by superstitious and Satanic heresy practice. Mr. Ban Ki-Moon was attacked by occult mean to cause misfortune to him.

Most of all Burmese generals are in believe that cemetery, old cemetery or any place of relating dead are of bad luck and misfortune to them. They avoid that place for doing something other than attending funeral. Junta leader Than Shwe never visit and pay homage to National Martyrs Mausoleum not only because he has no clear conscience in front of the tomb of National Hero and Arm-Forces Founder General Aung San (father of Aung San Su Kyi) but also afraid of misfortune will come to him.

When UN Secretary-General Mr. Ban Ki-Moon requesting for convening the meeting with his UN staff and Diplomatic Corps for explaining of his trip in the country, authority not allowed him to do as requested in convenience and regular venues such as Sedona Hotel, where Mr. Ban Ki-Moon is staying or Trader’s Hotel, where most of the UN Offices are residing but give him a permission to do so in Drugs Museum Hall which is not a place for such kind of event. That Museum was built in the area of old cemetery in Kyantaw, which was only closed down at end of 1997. When Mr. Ban Ki-Moon came to enter that meeting place, authority tried to let him in, not from main gate but from side door. A lot of arguments to be going on for opening of the main gate as that is a technique always practice by Junta to disturb someone they are not happy with.

Motive of ushering Mr. Ban Ki-Moon from side door is to show Diplomatic and media Corps that they are commanding UN Secretary General to follow their arrangement. But smart aides of Mr. Ban Ki-Moon strongly protest and given ultimatum of cancel the program if not allow to enter from main door. That is the end of struggle and generals gave in.

What all generals are satisfied from above pre-arranged conspiracy is that since Mr. Ban Ki-Moon’s own conference was held in cemetery, he (UN) will never be in success of conducting any activities in Burma. If he entered cemetery from side door means he (UN) will never be in main but sideline person/Org. That is what all half crack Generals believed.

We, Burmese people really appreciate what was tried to achieve by Mr. Ban Ki-Moon. We have no doubt about his intention and people of Burma are expecting to see the progress but we all are very disappointed and shame for what Junta was done to Mr. Ban Ki-Moon.

Some remarkable incident was occurred when Mr. Ban Ki-Moon was in Nay-Pyi-Taw. Authority arranges some entertainment program for Mr. Ban Ki-Moon and proudly informs him of what is in the program. Mr. Ban Ki-Moon bitterly refused to accept and retorted that he is not come here to enjoy the entertainment but to work for Burma.

Departing Burma and immediately after disembarking from aircraft in Bangkok, Mr. Ban Ki-Moon talk to reporters in waiting before starting formal press conference that during his two meeting with Senior General Than Shwe, most repeated promise he ever listen from him was that Junta will transfer the administrative power to civilian in 2010, then Mr. Ban Ki-Moon pause, smile and talk that if he has a chance to see Senior General Than Shwe again in 2010, then he believes to see S.G. Than Shwe as a civilian.

We, all Burmese applaud and tribute the smart act of Mr. Ban Ki-Moon, who return the good lesson to uneducated Generals. Anyway, we all Burmese people, enthusiastically respecting of Human Right and Democracy, are overwhelmingly supporting Mr. Ban Ki-Moon for his Burma Achievement.

Reported by Thu Ye Kaung.

Monday, 6 July 2009

လက်ရှိ နိုင်ငံရေးနှင့် နအဖ ခြေလှမ်း အချို့

ကျွန်တော်လဲ Post အသစ် မတင်ဖြစ်ဘဲ ဘလော့ကို ဒီအတိုင်း ပစ်ထားတာ အချိန် အတော်ကြာနေတာမို့ စာလာဖတ်သူတွေကို ပထမဦးစွာ တောင်းပန်ချင်ပါတယ်။

မရေးဖြစ်တာတွေကတော့ အကြောင်းအရာ၊ အကြောင်းပြချက် အမျိုးမျိုးပါပဲ။ နောက်ဆုံး အဆုံးသတ်ရရင်တော့ ကျွန်တော့် အားနည်းချက်၊ ကျွန်တော် အလုပ် မလုပ်တာကြောင့်ပါပဲ။

အခုတော့ ဘန်ကီမွန်းကြီးလည်း မြန်မာပြည်ကနေ ပြန်လာခဲ့ရပြီ။ မကြာခင် ကာလ တစ်ခုမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ ဥပဒေနဲ့ အကျဉ်းချဖို့ကလည်း သေချာသလောက် ရှိလာပါပြီ။

အခု လက်ရှိ ဖြစ်နေတဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေကို ပကတိ ကျွန်တော်မြင်သလောက် ပြောချင်လာတာတွေ ရှိလာပါတယ်။


၁။ တိုင်းပြည်ကို စစ်တပ်က တာဝန်ယူထားလို့ တိုင်းပြည်ငြိမ်နေတာ မဟုတ် ...

တချို့သော နိုင်ငံတွေက ပြောနေကြတာတွေ ရှိပါတယ်။ သထူးသဖြင့် အာဆီယံ နိုင်ငံတွေက ပြောလေ့ရှိတဲ့ စကားလုံးတွေပါ။ အဲဒီ စကားလုံးတွေကတော့ “မြန်မာနိုင်ငံ တည်ငြိမ်နေတာ စစ်တပ်က အခုလို အာဏာကို ထိမ်းချုပ်ထားလို့ တည်ငြိမ် နေနိုင်တာ။ တကယ်လို့ အဲဒီလို ထိမ်းချုပ်မှု မရှိရင် မြန်မာပြည်က တည်ငြိမ်နိုင်စရာ မရှိဘူး။” ... အဲဒီလို အကြောင်းပြချက် စကားလုံးတွေနဲ့ လက်နက်ကိုင် အကြမ်းဖက် သမားအဖွဲ့(နအဖ) နဲ့ အတူတူ ပူပေါင်းပြီး လုပ်သင့်တာ လုပ်ရမယ်လို့ ပြောလေ့ရှိပါတယ်။

ဒါပေမယ့် အခု ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုး ကိုယ်တိုင် မြန်မာပြည်ကို လာပြီး စေ့စပ်ဆွေးနွေးရေး လုပ်ဖို့ စကားလာပြောတာကို နအဖ ကိုယ်တိုင်က လက်ခံရတယ် ဆိုတာကြည့်ရင် ... အကြမ်းဖက် လက်နက်ကိုင် အဖွဲ့(နအဖ) ကိုယ်တိုင်က မြန်မာပြည်မှာ ပြဿနာတွေ ရှိနေတာကို ဝန်ခံနေပါတယ်။ ကုသမ္မဂကလည်း မြန်မာပြည်မှာ ပြဿနာတွေ ရှိနေတယ် ဆိုတာကို သက်သေပြ နေတာပါပဲ။ ဒီတော့ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းထားလို့ တိုင်းပြည် တည်ငြိမ်နေတယ် ဆိုတာ “လုံးဝ” အဓိပ္ပါယ် မရှိဘူးဆိုတဲ့ အချက်က ပထမ အချက်ပါပဲ။ ဒါ ဘယ်သူမှ ငြင်းလို့ မရတဲ့ အချက်အဖြစ် ကမ္ဘာက လက်ခံထားပြီး ဖြစ်နေပါပြီ။


တိုင်းပြည်ကို စစ်တပ်က တာဝန်ယူထားလို့ တိုင်းပြည်ငြိမ်နေတာ မဟုတ်ဘဲ တိုင်းပြည်အတွက် စစ်တပ်က ကိုယ်နဲ့ မဆိုင်တာကို ဝင်ရှုပ်တာကြောင့် တိုင်းပြည်မှာ ပြဿနာတွေ ဖြစ်နေတယ်လို့ ကောက်ချက်ချပါတယ်။


၂။ ကုလသမဂ္ဂ ခရီးစဉ်များ

ရာဇာလီ၊ ပီညဲရိုး၊ ဂမ်ဘာရီ အပါအဝင် အခု နောက်ဆုံး ဘန်ကီမွန်း အထိ ကုလသမဂ္ဂကနေ မြန်မာပြည်မှာ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ပြုပြင်ညှိနှိုင်းဖို့ လာရောက်ခဲ့တဲ့ အကြိမ်ပေါင်း အတော်များခဲ့ပါပြီ။ တခါမှ သိသာထင်ရှားသော အောင်မြင်မှု မရခဲ့ပါ။ အထွေထွေ အတွင်းရေးမှုး ကိုယ်တိုင်လာရောက်ခဲ့ရပြီး အရှက်ကွဲခဲ့ရတာ အားလုံးမျက်မြင်ပါပဲ။

ဒီတခေါက် ဘန်ကီမွန်း မြန်မာပြည်အတွက်လာခဲ့တာက သိတဲ့ အတိုင်း နိုင်ငံရေး ပြဿနာများ ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေး ဖြစ်ပါတယ်။ အရင်တခါလို နာဂစ် ကိစ္စ သီးသန့်မဟုတ်ဘဲ နိုင်ငံရေး ကိစ္စ သီးသန့်အတွက်ပါ။

ရာဇာလီ လာတယ်။ ပြန်တယ်။
ဂမ်ဘာရီ လာတယ်။ ပြန်တယ်။
မထူးဘူး။
တကြိမ်ထက် တကြိမ်မှာတောင် .. ပိုဖိနှိပ်တယ်။ လူပိုသတ်တယ်။ ပိုပြီး ဥပဒေမဲ့တယ်။ ပိုပြီး ယုတ်မာလာတယ်။

လူ့ယဉ်ကျေး အသိုင်းအဝိုင်းမှာက နောက်ဆုံး အထွေထွေ အတွင်းရေးမှု အဆင့်အထိ ကုလသမ္မဂက ကြိုးပမ်းတယ်၊ မအောင်မြင်ဘူး ဆိုတာကို သမိုင်းမှတ်တမ်း တစ်ခု အဖြစ် ကမ္ဘာနိုင်ငံရေး မှတ်တမ်း ဝင်သွားပါပြီ။ ဒီတော့ မြန်မာ့အရေးကို နောက်နောင် ကမ္ဘာ့ နိုင်ငံတွေမှာ ဆွေးနွေးကြတဲ့အခါ ဖြစ်လာခဲ့ရင်တော့ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့(နအဖ) ဘက်ကနေ ပျော့ပျောင်းတဲ့ နည်းနဲ့ အဖြေရှာသင့်ပါတယ်လို့ ပြောတဲ့ နိုင်ငံတွေရဲ့ ပါးစပ်တွေကို ဖြတ်ရိုက် ပြီးသား ဖြစ်သွားပါပြီ။ ပြောနိုင်တော့မှာ မဟုတ်တော့ပါဘူး။ (တရုတ်တောင် ကမ္ဘာပေါ်မှာ သူ့သိက္ခာ ထိမ်းသိမ်းဖို့ လိုလာပြီလို့ တချို့နေရာတွေမှာ ယူဆလာတဲ့ အခါ၊ အခုလို နအဖ ကိစ္စအတွက် ဝင်ပြောဖို့ကတော့ သူ့သိက္ခာကို ကျစေတာ ဖြစ်နိုင်လို့ နောက်အကြိမ်တွေမှာ နအဖကို ကာကွယ်ဖို့ ခက်လာနေပါပြီ။)

ဒါဟာ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ အပါအဝင်၊ ဘန်ကီမွန်း အထိ လာရောက်ခဲ့ကြတဲ့ ခရီးစဉ်တွေရဲ့ မအောင်မြင်ခဲ့တဲ့ အောင်မြင်မှုလို့ ကောက်ချက် ချပါတယ်။

ဒါပေမယ့် ဒါတွေဟာ မြန်မာနိုင်ငံရေးရဲ့ အဖြေတော့ မဟုတ်သေးပါဘူး။

၃။ နအဖ ရည်မှန်းချက်နှင့် ဝှက်ဖဲ

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ (နအဖ) ရဲ့ ရည်မှန်းချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးပါပဲ။ စကားလုံး အရ အတိအကျ ပြောတာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဟာ နအဖရဲ့ အဓိက ရည်မှန်းချက်ပါ။

သူက ရွေးကောက်ပွဲမှာ သူ့လူတွေ အနိုင်ရရေး၊ မရရေး၊ ..... NLD ပါရေး၊ မပါရေး .. စတာတွေကို ဂရုမစိုက်ပါဘူး။ သူ ဂရုစိုက်တာ တခုပါပဲ။ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး တစ်ခုပါပဲ။

ဘာကြောင့် ဂရုမစိုက်သလဲ ဆိုတာကတော့ ရှင်းပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ရလဒ်တွေဟာ ၂၀၀၈ ခုနှစ် နာဂစ် အခြေခံ ဥပဒေအရ အစိုးရဖွဲ့ရမှာ ဖြစ်ပါတယ်။ အဲဒီ အခြေခံဥပဒေ အရ အစိုးရဖွဲ့တဲ့အခါ .. ဘယ်သူနိုင်နိုင် မြန်မာပြည်ဟာ လက်နက်ကိုင် အကြမ်းဖက်ဖွဲ့ရဲ့ မတရားမှုတွေကို တရားဝင် အသိအမှတ်ပြုပေးရမှာ ဖြစ်နေလို့ပါပဲ။

ဘယ်သူနိုင်နိုင် ကာကွယ်ရေး ဦးစီးချုပ် (သို့) ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်တဲ့ လူက အလိုလို သမ္မတဖြစ်လာပြီး အဲဒီ လူက တိုင်းပြည်ကို ချယ်လှယ်ပါလိမ့်မယ်။

ဝင်ရွေးခံကြ။ ပါတီ ဖွဲ့ကြ။ ပျော်ပျော်ကြီးနဲ့ ဘာမှ မရှိတာဟာ ရှိတာထက် ကောင်းတယ်လို့ ပြောကြတဲ့ လူတွေကတော့ အရိုးအရင်းလေးကိုက် ပါလီမန်မှာ ဝင်ထိုင်လိုက်၊ မဆိုစလောက် အာဏာလေး ပြပြီး လူထုကို အနိုင်ကျင့်လိုက် .... နအဖရဲ့ လူမိုက် အဆင့်အထိပဲ ရကြမှာပါ။ သူတို့မှာ တိုင်းပြည် ကံကြမ္မာကို ဖန်တီးနိုင်စွမ်း လုံးဝ မရှိပါဘူး။ အဲဒါနဲ့တင် မပြီးသေးပါဘူး။


ကာကွယ်ရေး ဦးစီးချုပ်က ရွေးလိုက်လို့ သမ္မတဖြစ်လာတဲ့လူက အခု ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် လက်ရှိ နအဖ လူကြီးတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် လုပ်လာမယ်ဆိုရင်လည်း နိုင်ငံတော် လုံခြုံရေး ကောင်စီလို့ ခေါ်တဲ့ အဖွဲ့မှာ ရှိတဲ့ စစ်တပ်ကို ကြိုးကိုင်တဲ့ လူတွေက လက်ရှိ စစ်တပ်ကို နွားကြီး တစ်ကောင်လို ထပ်ခိုင်းပြီး အာဏာ အချိန်မရွေး သိမ်းနိုင်အောင် အခြေခံဥပဒေက ထပ်ပြီး ခွင့်ပြုထားပါသေးတယ်။

ဒီတော့ နအဖရဲ့ ဝှက်ဖဲက ဘာဖြစ်လာသလဲ ဆိုတော့ ၂၀၀၈ နာဂစ် အခြေခံ ဥပဒေ ဖြစ်လာပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဦးတည် လုပ်ကိုင်မှာပါပဲ။ အဲဒီ အတွက် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါစေ” လို့ သာပြော။ နအဖကလည်း “Yes” ပဲပေါ့။

လုပ်ချင်ရင် ခင်ဗျားတို့ ကိုယ်တိုင် လာပြီးတော့ သေချာကြီးကြပ်၊ စောင့်ကြည့်။ အကုန် မျှမျှတတ ဖြစ်စေရမယ်။ အီရန်လို မဲမခိုးစေရဘူး။ ဇင်ဘာဘွေလို မဲ ပြန်ပြီး ရေတွက်စရာ မလိုစေရဘူး။ ရလဒ်အတိုင်း မျှမျှတတ မှန်မှန်ကန်ကန် ဖြစ်စေရမယ်လို့ အာမခံပြီး ရွေးကောက်ပွဲကို လုပ်ပေးပြီး မြန်မာပြည်ကို ဒီမိုကရေစီ စနစ် ပြောင်းပေးလိုက်ပါပြီလို့ အော်ဟစ် ကြွေးကြော်မှာ သေချာနေကြောင်းပါ ခင်ဗျာ။ (ဟဲ . ဟဲ ... ၂၀၀၈ နာဂစ် ဥပဒေကိုတော့ ခင်ဗျားတို့ လာမထိနဲ့ ပေါ့ဗျာ။)

လေးစားစွာဖြင့်
ကိုထိုက်

Tuesday, 23 June 2009

စင်္ကာပူရောက် ညီအစ်ကို မောင်နှမများမှ ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မင်္ဂလာ

“(၆၄)နှစ်မြောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ”

ပြုလုပ်ကျင်းပခြင်း

(၂၁ရက်၊ ဇွန်လ၊ ၂၀၀၉)

“(၆၄)နှစ်မြောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ” အား ဂုဏ်ပြုသော အားဖြင့် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများမှ စင်္ကာပူနိုင်ငံ၊ တိုပါးရိုးရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးများအား “အာရုံဆွမ်း ကပ်လှူခြင်း”၊ မနက်(၁၁)နာရီမှ စတင်၍ တက်ရောက်လာကြသော မြန်မာ့အရေး စိတ်ဝင်စားသူများ၊ သွေးလှူရှင်များအား “မုန့်ဟင်းခါး၊ လက်ဖက်ရည်ဖြင့် ဧည့်ခံကျွေးမွေးခြင်း” တက်ရောက်လာသူများမှ “မွေးနေ့ဆုတောင်းများ ရေးသားခြင်း”“ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပြပွဲ” အား ကြည့်ရှုခြင်း၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများမှ “ကဗျာရွတ်ဆို ဂုဏ်ပြုခြင်း”၊ နေ့လည်(၁)နာရီတွင် “တရားနာယူခြင်း နှင့် စုပေါင်းမေတ္တာပို့သခြင်း”၊ နေ့လည်(၂)နာရီတွင် သွေးလှူဒါန်းသူပေါင်း (၉၆)ယောက် အနက်မှ စုစုပေါင်း (၇၂)ယောက် အောင်မြင်စွာ “စုပေါင်းသွေးလှူဒါန်းခြင်း” တို့အား ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသို့ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရန် တက်ရောက်လာကြသော မြန်မာ့အရေး စိတ်ဝင်စားသူများ၊ သွေးလှူရှင်များ နှင့် အဖက်ဖက်မှ တတ်အားသရွေ့ ၀ိုင်းဝန်းကူည်ီဆောင်ရွက်ခဲ့ကြသူများအား မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နောင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတိုင်းတွင် တက်ကြွစွာ စုပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ (စင်္ကာပူနိုင်ငံ)

ဓါတ်ပုံများကို အောက် ဖေါ်ပြပါ လင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။


ဓါတ်ပုံ တင်ထားသော ပထမ စာမျက်နှာ
ဓါတ်ပုံ တင်ထားသော ဒုတိယ စာမျက်နှာ

Friday, 19 June 2009

ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့် မွေးနေ့ အကြိုည မန္တလေး၌ လုံခြုံရေး တင်းကြပ်

(ပန်းချီ အောင်လတ် - ကောင်းကင် မှ ရယူထားပါသည်။)

ယနေ့ (၁၉၊ ဇွန်၊ ၂ဝဝ၉)သည် ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအခါ အင်းစိန်အကျဉ်းထောင်အတွင်း၌ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုမှုကို ခံနေရလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ် ဘဝတွင် ဆယ်စုနှစ်ကျော် နေခဲ့ရသူလည်းဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုသည့် စာရွက်စာတမ်းဖြန့်ကြဲ၊ ဝေငှမှုများ၊ နံရံကပ်ပိုစတာ ကပ်လှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ပေးဝေမှုများ ဆက်တိုက်ဆိုသလိုပင် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားဗမာပြည်မြို့များတွင် ဖြစ်ပွားခဲ့သည်။

(၁၆၊ ဇွန်၊ ၂၀၀၉)ညတွင်လည်း မန္တလေးမြို့ပေါ်တ၀ှန်း (ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးအား ချက်ချင်းလွှတ်၊ စစ်အဆိုးရ မုချ ကျဆုံးရမည်) ဟု တောင်းဆိုကြွေးကြော်ထားသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ စာရွက်များကို လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အင်အားစုမှ ဖြန့်ကြဲခဲ့ကြကြောင်း (၁၇၊ ဇွန်၊ ၂၀၀၉) RFA ညနေ (၇)နာရီ ရေဒီယိုသတင်းအရ သိရှိရသည်။

ထိုသို့ စစ်အဆိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ ဗမာပြည်တွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည့်အတွက် စစ်အဆိုးရမှာ ကျီးလန့်စာစားဖြစ်လာခဲ့ကာ ပြည်တွင်းမြို့များ၌ လုံခြုံရေးစစ်ဆေးမေးမြန်းမှုများ၊ ဖမ်းဆီးမှုများကို ယခုရက်ပိုင်း တင်းကြပ်လုပ်ဆောင်လာခဲ့သည်။

ယခုလည်း (၁၈၊ ဇွန်၊ ၂၀၀၉) ဒေါ်အောင်းဆန်းစုကြည် (၆၄)နှစ်ပြည့်မွေးနေ့ အကြိုည၌ စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ်ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်းပါဝင်သည့်အဖွဲ့များက မကြာခဏ စာရွက်ဖြန့်ကြဲမှုများ ပြုလုပ်လေ့ရှိသည့် မန္တလေးမြို့ပေါ်နေရာများတွင် လုံခြုံရေးစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

မျက်မြင်များ၏ ပြောပြချက်အရ မန္တလေး- ၃၅ လမ်း နှင့် ၆၂ လမ်းထောင့် မီးပွိုင့်၊ ၇၃ လမ်း- ၃၇ လမ်းတ၀ိုက် (မန္တလေးတက္ကသိုလ် မြောက်ဖက်ပေါက်သို့ ဦးတည်ရာလမ်း)၊ ၃၅ လမ်း ဘုန်းကြီးကျောင်းများ ပတ်ဝန်းကျင်၊ ၈၄ လမ်း၊ ကျုံးဘေး အစရှိသည့်နေရာများတွင် စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ်ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်းပါဝင်သည့် အဖွဲ့ (တစ်နေရာ လူအင်အား ၂၀ ခန့်နှင့်) လမ်းပေါ် ဖြတ်သန်းသွားလာသူများကို ရပ်တန့်စေကာ အိပ်များဖွင့်စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကားများအား ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြသည်။

မျက်မြင်များအဆိုအရ (၁၈၊ ဇွန်၊ ၂၀၀၉) တစ်ညလုံးနီးပါး (နံနက်လင်းအားကြီးချိန်အထိ) မန္တလေး၌ စစ်ဆေးမေးမြန်းမှုများ၊ မှောင်ရိပ်ခိုစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

သို့သော် မှန်ကန်၊ ပါးနပ်၊ ဥာဏ်ထက်သော မန္တလေးမြို့မှ စစ်အဆိုးရဆန့်ကျင်ရေးလှုပ်ရှားသူများကို ယခုသတင်းရေးသားချိန်အထိ စစ်အဆိုးရမှ မဖမ်းဆီးနိုင်သေးကြောင်း သတင်းရရှိပါသည်။

သတင်းပေးပို့သူ - မောင်မည်း

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အမှတ်တရ

ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ ဒေါ်အောင်ဆန်းစုကြည်အတွက် တင်ဆက်ထားသော ကဗျာနှင့် ပုံကို ကျွန်တော်တို့ ချစ်သော ပြည်သူ့ခေါင်းဆောင် အတွက် ဂုဏ်ပြု၍ ပြန်လည် ကူးယူဖေါ်ပြလိုက်ပါသည်။

ကိုထိုက်



Thursday, 4 June 2009

သပိတ်စုံ၊ သူပုန်ထ၊ တော်လှန်ကြစို့

တစ် - ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအလံတော်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ အသီးအပွင့်တခုဖြစ်ပြီး အဲ့ဒီအရေးတော်ပုံကြီးရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအလံတော်ကို ဆက်လက်လွှင့်ထူနေတာပါ။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အဖွဲ့ချုပ်ဟာ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ နအဖစစ်အုပ်စုကို အဆက်မပြတ်တောင်းဆိုနေခဲ့တာပါ။



အဲ့ဒီတောင်းဆိုမှုအပေါ် နအဖစစ်အုပ်စုရဲ့တုံ့ပြန်မှုကတော့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီး အကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ထွက်ပြေးအောင် မောင်းထုတ်ခြင်း၊ စတဲ့ အကြမ်းဖက်နည်းလမ်းများနဲ့ပါပဲ။ အဖွဲ့ချုပ်ကို ထောက်ခံကြသူ ထောင်ပေါင်းများစွာဟာ အကြမ်းမဖက်လှုပ်ရှားရင်း အကြမ်းဖက်ခံကြရလို့ ဘဝတွေပျက်၊ စီးပွါးပျက်၊ မိသားစုတွေ သေကွဲကွဲကြရ၊ ရှင်ကွဲကွဲကြရ၊ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာလဲ နှစ်ထောင့်တရာရဲ့ အထက်ကို တိုးပြီးရင်း တိုးရင်း၊ အခုဆို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပုဒ်မအမျိုးမျိုးနဲ့ အမှုတွေထပ်တိုး အကျဉ်းချနေပြန်ပါပြီ၊။


ဒါဟာဖြင့် အဖွဲ့ချုပ်ရဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို နအဖစစ်အုပ်စုက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာပါဘဲ။ ဒီထက် ရှင်းတာ မရှိတော့ပါဘူး။ အဖွဲ့ချုပ်က ဘယ်လောက်ပဲ အော်ဟစ်ပြီး တောင်းနေ တောင်းနေ၊ ဒိုင်ယာလော့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နအဖ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခွင့်ဆိုတာလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။


ဒေါ်အောင်ဆန်းစုကြည်ကို လူထုဆန့်ကျင်မှုနဲနဲ၊ ဒါမှမဟုတ် မရှိသလောက်နဲ့ ပိုင်ပိုင်နိုင်နိုင် ထောင်ချပြီးတဲ့နောက် နအဖရဲ့နောက်ခြေတလှမ်းက အဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ အပြီးတိုင် ဖယ်ရှားတာပဲ ဖြစ်ပါလိမ့်မယ်။

နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၀) နိုင်ငံရေးပါတီများ ပုဒ်မ ၄၀၅မှာ ဒီလို ဖော်ပြထားပါတယ်။

ပုဒ်မ ၄၀၅ - နိုင်ငံရေးပါတီ တရပ်သည်၊

(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊

(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊

(ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်၊

ဒီတော့ မကြာခင်မှာ နအဖက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာပြီး ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပါလိမ့်မယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ ပုဒ်မ (၄၀၅) မှာ ဖော်ပြထားတဲ့အတိုင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာပါဘဲ။

အဖွဲ့ချုပ်က ပါတီ တရားဝင်ဆက်လက်ရပ်တည်နေနိုင်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ မှတ်ပုံတင်လိုက်မယ် ဆိုရင် အဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာ ဖြစ်ပြီး ရှေ့က တောင်းဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို သုံးပွင့်ဆိုင် ပြန်လည်ပြင်ဆင်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ စတဲ့ တောင်းဆိုချက်တွေကို ကိုယ့်ကိုယ်တိုင်က ဖျက်သိမ်းလိုက်တာပါဘဲ။ အဲ့ဒီတောင်းဆိုချက်တွေကို ဆက်လက်ကိုင်စွဲထားလဲ ဘာမှ အရေးမပါတော့ပါဘူး။ မှတ်ပုံမတင်ဘူးဆိုရင်လဲ အဖွဲ့ချုပ်ဟာ ဖျက်သိမ်းခံရဖို့ သေချာသလောက်ပါဘဲ၊
ပုဒ်မ (၄၀၇) ကိုကြည့်ပါဦး၊

ပုဒ်မ(၄၀၇) - နိုင်ငံရေးပါတီတရပ်ရပ်သည် အောက်ပါအကြောင်းတခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ။

(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊

(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန် ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း (သို့မဟုတ်) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ (သို့မဟုတ်) အားပေးကူညီခြင်း၊

(ဂ) နိုင်ငံခြားတိုင်းပြည်တခုခုမှ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းတခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊

(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း၊

ဒီပုဒ်မဟာဖြင့် အပြစ်ရှာစရာ အင်မတန်ကျယ်ပြန့်ပြီး အဖွဲ့ချုပ်ကို လိုအပ်တဲ့အချိန်မှာ ဖျက်သိမ်းနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ ဥပဒေပါ။ နအဖက နယ်စပ်ဒေသအခြေစိုက်နဲ့ ပြည်ပရောက်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို အကြမ်းဖက်သမားများအဖြစ် စွပ်စွဲထားပြီး တချို့အဖွဲ့အစည်းတွေ (NCGUB, FTUB, BLC,….) ကို မတရားအသင်း ကြေညာတာဟာ အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ ကြိုတင်ပြင်ဆင်ထားတာပါ။ နိုင်ငံခြားသံရုံးများနဲ့ဆက်သွယ်ပြီး အထောက်အပံ့တွေ ညွန်ကြားချက်တွေ လက်ခံရယူတယ်လို့လဲ အဖွဲ့ချုပ်ကို နအဖက မကြာခဏ စွပ်စွဲနေတာပါ။ ဒီတော့ မကြာခင်မှာ နအဖက အဖွဲ့ချုပ်ကို အမြစ်ပြတ်ချေမှုန်းတော့မှာ အထင်အရှားပါဘဲ။

အဖွဲ့ချုပ်က ကော်မရှင်မှာ မှတ်ပုံတင်ရင်လဲ နအဖရဲ့ဖွဲ့စည်းပုံကို သဘောတူရာ ရောက်သလို အရှုံးပေး ဒူးထောက်တာလဲ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုယ့်ဖာသာ စွန့်လွှတ်တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အမြင်လွဲမှုကို အကြီးအကျယ် ခံရမှာပါ။ ပါတီ ဆက်တည်ရှိနေရင်တောင်မှ လူထုကိုယ်စားပြုပါတီ၊ လူထုထောက်ခံတဲ့အဖွဲ့အစည်း မဖြစ်နိုင်တော့ပါဘူး။ တိုက်ပွဲမှာ လက်နက်ချတဲ့ ခေါင်းဆောင်ကို ဘယ်လူထုကမှ ကြည်ညိုမှာ မဟုတ်ပါ။

ဒီတော့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ အသေခံတိုက်ပွဲဝင်ပြီး ပြည်သူလူထုကို ဆက်လက် ဦးဆောင်မလား၊ ဒါမှမဟုတ် အရှုံးပေး အညံ့ခံပြီး ပြည်သူလူထုရဲ့ပစ်ပယ်မှုကို ခံယူမလား၊ တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ရမယ့်အချိန် ဆိုက်ရောက်နေပါပြီ။

နှစ် - တိုင်းရင်းသားလူမျိုးစုများ အားလုံး တန်းတူညီမျှရေး အလံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ



၁၉၈၉ ကစပြီး နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအကြောင်း ဦးစားပေး ဆွေးနွေးချင်ပါတယ်။ သူတို့ရဲ့လက်ရှိအခြေအနေက လမ်းဆုံလမ်းခွကို ရောက်နေပြီး သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုက နအဖရဲ့အောင်ပွဲကိုရော တိုင်းရင်းသားများရဲ့ ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးမှာမို့ပါ။

နအဖအဆိုအရ တိုင်းရင်းသား အပစ်ရပ်အဖွဲ့ပေါင်း (၁၇) ဖွဲ့ ရှိတယ်ဆိုပေမဲ့ တကယ်တမ်း တောင့်တင်းခိုင်မာပြီး နိုင်ငံရေးရပ်တည်ချက်ရှိတဲ့အဖွဲ့က ဆယ်ဖွဲ့လောက်ပဲ ရှိပြီး အဲ့ဒီ ဆယ်ဖွဲ့က လက်နက်ကိုင်အင်အား လေးသောင်းကျော်လောက်ကို ကိုယ်စားပြုထားတာပါ။ ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရော၊ ဆက်လက်တိုက်ပွဲဝင်နေဆဲ KNU, KNPP, SSA (South), စတဲ့ အဖွဲ့များရော တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေး၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ ရရှိရေး အလံတော်ကို ကိုင်ဆွဲပြီး မဟာဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ပါပြီ။

တိုင်းရင်းသားအဖွဲ့တွေ အပစ်ရပ်ဖို့ သဘောတူကြတုံးက နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဖြစ်ပေါ်ပြီး မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ညှိနှိုင်းပြီး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့လဲ သူတို့မျှော်လင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာခြင်း မရှိပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်ရှိစဉ်က နိုင်ငံရေးကိစ္စတွေကို နောင်တက်လာမဲ့အစိုးရနဲ့မှ ဆွေးနွေးဖို့ပြောကြားခဲ့ပေမဲ့ ၂၀၀ ခုနှစ် ဒီပဲရင်းလုပ်ကြံမှုကြီး အပြီး နှစ်ပေါင်းများစွာ ရပ်နားထားခဲ့ရတဲ့ အမျိုးသားညီလာခံအတုအယောင်ကို ပြန်စချိန်မှာတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ညီလာခံတက်ပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို တင်ပြခွင့်ပေးခဲ့ပါတယ်။

ဒါလဲ နအဖရဲ့လှည့်ဖြားမှု တခုပါပဲ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ တင်သွင်းတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုချက်တွေဟာ အကျဉ်းနည်းနဲ့ ပယ်ချခံလိုက်ရတာပါ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ နအဖက စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်အပ်နှင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တဖက်သတ် ရေးဆွဲအတည်ပြုလိုက်ပါပြီ။

ဆက်လက်ပြီးတော့လဲ စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းနိုင်ဖို့အတွက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အပြီးတိုင် ပယ်ဖျက်ဖို့ ရွေးကောက်ပွဲအသစ်တွေကို ၂၀၁၀ မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်တရပ် ဖြစ်တဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ၂၀၁၀ မတိုင်ခင် လက်နက်ဖြုတ်သိမ်းဖို့၊ တပ်တွေကို ပါတီတွေကနေ ဖယ်ရှားဖို့ စတင် ဆောင်ရွက်နေပါပြီ။

နအဖက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို အနည်းဆုံး အရေအတွက်အထိ လျှော့ချပြီး နအဖရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်ကို ဒီနှစ် အောက်တိုဘာလမတိုင်ခင် လွှဲပြောင်းပေးဖို့ ညွန်ကြားချက်ထုတ်ပြန်ပြီးပါပြီ။

လက်နက်ကိုင်တပ်တွေရှိတုံးကတောင်မှ နအဖထံမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို အရမယူနိုင်ခဲ့တာ၊ လက်နက်ကိုင်တပ်တွေသာ မရှိတော့ဘူးဆိုရင် ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါ။ လက်နက်ကိုင်တပ်တွေရဲ့ ကျောထောက်နောက်ခံ မရှိတော့ဘူး ဆိုရင်ဖြင့် ဗမာစစ်ဘုရင်ကို သစ္စာစောင့်သိရမယ့် ဗမာစစ်ဘုရင်ရဲ့ အစောင့်အရှောက်ခံ မြို့စား နယ်စားလေးများဘဝကို ရောက်ရတော့မှာပါ။ အဲဒီအချိန်မှာဖြင့် ဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ သူတို့ကိုယ်စားပြုတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ငြိုငြင်မှု၊ မယုံကြည်မှု၊ ပစ်ပယ်မှုကို ခံရမှာဖြစ်သလို နအဖကလဲ သူတို့ကို ရေရှည် မျက်နှာသာပေးမှာ မဟုတ်ပြန်ပါဘူး။

တချို့မျှော်လင့်ကြသလို လက်ရှိအခြေအနေကို ဆက်ထိန်းထားပြီး ရွေးကောက်ပွဲပြီးမှ ဆက်ဆွေးနွေးကြဖို့ဆိုတာကိုလဲ နအဖက လက်ခံမှာ မဟုတ်ပါဘူး။ အနှစ် နှစ်ဆယ် နီးပါးကြာတဲ့ အပစ်အခတ်ရပ်စဲရေးကာလမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအတွက် သေချာသိမြင်လာတာကတော့ သူတို့တောင်းဆိုနေတဲ့ လူမျိုးစုအခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေကို နအဖဗိုလ်ချုပ်တွေဆီက ရမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံမှ၊ ဒီမိုကရေစီအင်အားစုကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှ ရနိုင်မှာပါ။

ဒီအခြေအနေမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအနေနဲ့ နအဖရဲ့ ဖိအားပေးမှုကို ခေါင်းငုံ့ခံ၊ တပ်တွေ လျှော့ချ လွှဲပြောင်း၊ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားရပိုင်ခွင့်တွေကို မေ့ပစ်ပြီး နအဖဗိုလ်ချုပ်တွေရဲ့ လက်အောက်ခံဘဝကို လက်ခံမှာလား၊ ယုံကြည်ချက်အတွက် ဒီမိုကရေစီအင်အားစုကြီးနဲ့လက်တွဲပြီး တိုက်ပွဲဝင်ကြမှာလား၊ ပြတ်ပြတ်သားသား ရွေးချယ်ရမဲ့အချိန် ရောက်နေပါပြီ။

သုံး - အကြပ်အတည်းများနဲ့ နအဖ၊ အမြစ်ပြတ်ချေမှုန်းရေး စီမံချက်



တကယ်တော့ နအဖ ဗိုလ်ချုပ်တွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဟာ ၂၀၁၀ ရွးကောက်ပွဲ အကောင်အထည်ဖော်ရေးအတွက် အကြီးမားဆုံး အတားအဆီးတွေပါ။ အဖွဲ့ချုပ်နဲ့ မြေပေါ်တိုင်းရင်းသားပါတီများက နိုင်ငံရေးအကျဉ်းသားများ မလွတ်မချင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများလက်ခံနိုင်အောင် မပြင်မခြင်း၊ တွေ့ဆုံဆွေးနွေးပွဲတွေ မဖြစ်မခြင်း၊ ရွေးကောက်ပွဲမဝင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးပွင့်ဆိုင် ဆွေးနွေးပြီး မပြင်မခြင်း၊ အဖမ်းခံထောင်ကျနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မလွတ်မခြင်း ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူ။

ဒီအင်အားစုကြီး နှစ်စုရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်ပဲ နအဖဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ မကြာခဏ ကြွေးကြော်နေပေမဲ့ လက်တွေ့ကြတဲ့ လုပ်ရပ်တွေကို အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။

ဒီကနေ့ထိ မြန်မာနိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ ပြန်လည်ပိုင်းခြား သတ်မှတ်ခြင်း မလုပ်နိုင်သေးပါဘူး။ တိုင်း ၇ တိုင်းကို ဒေသကြီးများအဖြစ် ပြောင်းတာ၊ အသစ်ပေါ်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (တယ်လို့ဆိုတဲ့) ဇုံတွေတိုင်းတွေကို မဖွဲ့စည်းနိုင်သေးပါဘူး။ မြို့တော်ဖြစ်သွားတဲ့ နေပြည်တော်ကြတ်ပြေးကို သီးခြားပိုင်းခြားပြီး မန္တလေးနဲ့ ပဲခူးဒေသကြီး ဧရိယာတွေကို ပြန်လည် မသတ်မှတ်နိုင်သေးပါဘူး။ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေ မထုတ်ပြန်နိုင်သေးဘူး။ ရွေးကောက်ပွဲကော်မရှင် မဖွဲ့စည်းနိုင်သေးပါဘူး။ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ မပါဝင်တဲ့ရွေးကောက်ပွဲကိုလဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက သက်ဆိုင်သူအားလုံးပါဝင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုမှာမဟုတ်ပါဘူး၊၊

ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ နအဖရွေးချယ်လိုက်တဲ့ နည်းလမ်းက တွေ့ဆုံဆွေးနွေးရေး မဟုတ်ပါဘူး။ အခု ကျနော်တို့မြင်တွေ့နေရတဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အမြစ်ပြတ်ချေမှုန်းရေးပါပဲ။ နအဖက ပြတ်သားပါတယ်။ ရန်သူကို ရန်သူလို့ပဲ မြင်ပါတယ်။ စေ့စပ်ဆွေးနွေးရေးဆိုတာ နအဖရဲ့ အဘိဓာန်မှာ မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ၊ အချုပ် သက်တမ်းတိုးပြီး အဖွဲ့ချုပ်ကို ချေမှုန်းပစ်မယ်။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကိုလဲ အဖွဲ့များကြားမှာ သွေးခွဲ၊ အဖွဲ့တခုချင်းရဲ့ ခေါင်းဆောင်တွေကြားမှာ သွေးခွဲ၊ သူတို့ကိုယ်စားပြုတဲ့ လူမျိုးစုများကြားမှာ သွေးခွဲပြီး လက်အောက်ခံ၊ သစ္စာခံ ဖြစ်မလာသူကို အမြစ်ပြတ် ချေမှုန်းပစ်တော့မှာပါ။ နိုင်ငံပြင်ပမှာလဲ သူ့မဟာမိတ် တရုတ်နိုင်ငံရဲ့ အကာအကွယ်ပေးမှု၊ သူ့အလိုတော်ရိတွေရဲ့ ဝါဒဖြန့်ချိမှုတွေနဲ့ သူ မတရားမှုတွေ ဘယ်လောက်ပဲ ကျူးလွန်၊ ကျူးလွန် ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်မလာနိုင်ဖူးလို့ ယုံကြည်ထားပုံ ရပါတယ်။

အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဆိုတဲ့ အဓိက အဟန့်အတားများကို အပြီးသပ်ချေမှုန်းပြီးမှ သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ဇာတ်ကို ဆက်ဖန်တီးမှာပါ။

နအဖက အစွမ်းကုန် ပြတ်သားရက်စက်နေချိန်မှာ ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေလဲ တွေ့ဆုံဆွေးနွေးရေးအိပ်မက် ဆက်မမက်သင့်တော့ပါဘူး။ ပြတ်သားကြဖို့ အချိန်တန်ပါပြီ။

မေ ၃၀ ရက်နေ့ည Voice of America မြန်မာပိုင်းက ထုတ်လွှင့်တဲ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆရာဦးဝင်းတင်ပြောသလို ပြည်တွင်းပြည်ပ၊ လက်နက်ကိုင် လက်နက်မဲ့၊ အင်အားစုအားလုံး ပါဝင်လှုပ်ရှားကြမဲ့ နိုင်ငံရေးသစ်ဆိုတာကို အမြန်ဆုံးတည်ဆောက် တုံ့ပြန်ကြရမှာပါ။

နအဖက အမြစ်ပြတ်ချေမှုန်းတာကို ငြိမ်ခံပြီး နအဖအလိုကျ ပျက်စီးသွားကြမှာလား …

ရှိသမျှအင်အားတွေကို ပြန်လည်စုစည်းပြီး မြေပေါ်မြေအောက် လက်တွဲတော်လှန် အောင်ပွဲခံကြမှာလား …

ကျနော်တို့ရဲ့ ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ သူရဲကောင်းတွေရဲ့ဝိဉာဉ်တွေက ကောင်းကင်ဘုံကနေ ကျနော်တို့ကို စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့ကြပါနဲ့။



လေး - သပိတ်စုံ သူပုန်ထ တော်လှန်ကြစို့



အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွင်းမှာ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ကျင့်သုံးအောင်မြင်ခဲ့တဲ့ မဟာဗျူဟာတခု ရှိပါတယ်။ အဲ့ဒါကတော့ " သပိတ်စုံ သူပုန်ထ" တဲ့ … လူထုအုံကြွမှုနဲ့လက်နက်ကိုင်တော်လှန်ရေးကို ဟန်ချက်ညီညီ ပူးတွဲ အကောင်အထည်ဖော်ရင်း အောင်ပွဲကို ရယူတာပါ။ ဒီမဟာဗျူဟာဟာ အင်္ဂလိပ်ကို တော်လှန်တော့လဲ မှန်ခဲ့တယ်။ ဂျပန်ကို ဆန့်ကျင်တော့လဲ မှန်ခဲ့တယ်။ ခေတ် အဆက်ဆက် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ မှန်ခဲ့၊ မှန်ဆဲဖြစ်တဲ့ ဗျူဟာပါ။ တကယ်ကိုပဲ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ဟန်ချက်ညီညီ လှုပ်ရှားကြရင်ပေါ့။

၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ မြန်မာတနိုင်ငံလုံး မြို့တိုင်း မြို့တိုင်းက လမ်းတွေပေါ်မှာ သန်းပေါင်းများစွာသောပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ စုံခဲ့ပေမဲ့ သူပုန်တွေက မထနိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လဲ လက်နက်ကိုင်တော်လှန်ရေးရဲ့ ခြိမ်းခြောက်မှုကို မရင်ဆိုင်ရတဲ့ စစ်အာဏာရှင်တွေက နယ်စပ်အခြေစိုက်တပ်တွေကို အချိန်မီပြန်ခေါ်ပြီး သပိတ်မှောက်ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းနိုင်ခဲ့တာပါ။

ဒီတခါတော့ သပိတ်သမားတွေနဲ့ သူပုန်တွေ တကယ့်ကိုပဲ ဟန်ချက်ညီဖို့ လိုပါပြီ။ မဟုတ်လို့ကတော့ နှစ်ဖက်စလုံး ပျက်သုံးပြီး တနိုင်ငံလုံး၊ တမျိုးသားလုံး စစ်ကျွန်တွေ ဖြစ်ကြရတော့မှာပါ။

အဖွဲ့ချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တွေကို အခြားအခြားသော ကြေညာချက်တွေနဲ့အတူ သေတ္တာထဲ သော့ခတ်သိမ်းထားသင့်ပါပြီ။ ရိုက်ရဲတာ သတ္တိ မဟုတ်သလို ရိုက်သမျှ ခံရဲတာလဲ သတ္တိ မဟုတ်ပါဘူး။ ဗိုလ်ချုပ်တွေက ပါတီကို အပြီးတိုင် ဖြိုလှဲတော့မယ့်အချိန်မှာ မတုန်မလှုပ်ကျောက်ရုပ်လုပ်မနေဘဲ ဆရာဦးဝင်းတင်လမ်းညွန်သလို မြေပေါ်မြေအောက်အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့လက်တွဲပြီး အောင်ပွဲဆီ ဖောက်ထွက်ဖို့ အချိန်တန်ပါပြီ။

ပြည်သူလူထုတရပ်လုံး၊ တပ်မတော်သားများအပါအဝင် အားလုံးက နအဖစစ်ဗိုလ်တွေကို အစွမ်းကုန် မုန်းတီး စက်ဆုပ်နေကြတာပါ။ မှန်ကန်တဲ့ ခိုင်မာတဲ့ ဦးဆောင်မှုရှိရင် အဲ့ဒီဦးဆောင်မှုအောက်မှာ ပြည်သူလူထုကြီးတရပ်လုံးက နအဖစစ်ဗိုလ်တွေကို ညီညာဖျဖျ တော်လှန်ကြမှာပါ။ သူတို့လိုအပ်နေတာက ခေါင်းဆောင်မှုဖြစ်ပြီး အဲ့ဒီခေါင်းဆောင်မှုကို အဖွဲ့ချုပ်ဆီက မျှော်လင့်နေကြတာပါ။

အဖွဲ့ချုပ်ကသာ ပြည်သူလူထုကြီးတရပ်လုံးကို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ကြဖို့ ဖိတ်ခေါ်မယ်၊ ဦးဆောင်မယ်ဆိုရင် အားလုံးက အမျိုးသားလွတ်မြောက်ရေးအလံတော်ကို ညီညာဖြဖြ လွှင့်ထူကြမှာပါ။ အဖွဲ့ချုပ်ကသာ ကိုယ်တိုင်ကအကြမ်းမဖက်ရေးလုပ်ငန်းစဉ်ကို ကိုင်စွဲထားပေမဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့အရေးပါမှုကိုအသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ရင် တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှရေးနဲ့ အခွင့်အရေးတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေနဲ့ တန်းတူအရေးကြီးပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကြီးကနေ သယ်ယူဆောင်ကျဉ်းပေးဖို့ ကတိပြုမယ်ဆိုရင် တိုင်းရင်းသားအပစ်ရပ်၊ အပစ်မရပ်အဖွဲ့တွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောငဆန်းစုကြည်ကို အင်နဲ့အားနဲ့ ဝိုင်းရံကြမှာပါ။



ငါး - နောက်ဆုံးမှတ်ချက်



ဒီစာစုကိုရေးသူဟာ မြန်မာနိုင်ငံနဲ့ မိုင် တသောင်းကျော် ကွာဝေးတဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသူပါ။ ဒီတော့ "ဟိုး အဝေး လုံခြုံစိတ်ချ အန္တရာယ်ကင်း ဘေးလွတ်ရာကနေ လက်သီးလက်မောင်း တန်းပြနေတယ်" လို့ စွပ်စွဲပြစ်တင်ရင်လဲ ခံရမှာပါ။ "သတ္တိရှိရင် မင်း မြန်မာနိုင်ငံပြန်လာပြီး လုပ်ပါလား" လို့ ခါးခါးသီးသီး ပြောရင်လဲ ကြောက်ပြီး ထွက်ပြေးလာသူမို့ ငြိမ်ခံရုံပါပဲ။ တခုတော့ ရှင်းပြချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကျနော် ၂၀၀၁ က စတင် ရောက်ရှိပြီး ဒီကနေ့အထိ နိုင်ငံတကာကမ်ပိန်းတွေကို အကောင်အထည်ဖော်ရင်း နိုင်ငံတကာအစိုးရတွေကို မြန်မာနိုင်ငံအရေးကို ထိထိရောက်ရောက်ကူညီဖို့ တောင်းဆိုရင်း သေသေချာချာ သိလာရတာကတော့ တရုတ်အစိုးရရဲ့ အခိုင်အမာ အကာအကွယ်ပေးမှုအောက်မှာ ကုလသမဂ္ဂက မြန်မာစစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဆိုတာပါပဲ။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့လဲ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ဘယ်လောက်ပဲ ထောက်ခံ၊ ထောက်ခံ ၊ တရုတ်ကို ကျော်လွန်ပြီး ဆောင်ရွက်ဖို့၊ တရုတ်ကို ဖိအားပေးအကြပ်ကိုင်ပြီး မြန်မာစစ်အုပ်စုကို ထိမ်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။

အထူးသဖြင့် အခု အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများ စီးပွါးပျက်ကပ်ကျရောက်နေချိန်မှာ စီးပွါးရေးတောင့်တင်း ခိုင်မာနေဆဲဖြစ်တဲ့ တရုတ်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများက အရေးတကြီး လိုအပ်နေတဲ့အချိန်၊ ချော့ပေါင်းနေရတဲ့ အချိန်ပါ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများအတွက် မြန်မာနိုင်ငံထက်ပိုပြီး အရေးကြီးတဲ့ ကမ္ဘာအရေးအခင်းတွေကလဲ အများကြီးပါပဲ။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအရေးကိစ္စဟာ မြန်မာပြည်သူတွေသာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဖာသာ ဖြေရှင်းရမယ်။ နိုင်ငံတကာရဲ့ ပါဝင်ကူညီမှုတွေဟာ အကန့်အသတ်ရှိတယ် ဆိုတာကို သဘောပေါက် နားလည်ခဲ့ရသူပါ။

အဲ့ဒီနားလည်စိတ်နဲ့ ဒီစာစုကို ရေးဖြစ်ပါတယ်။ သဘောမတူရင်လဲ လွတ်လပ်စွာ ကွဲလွဲကြပါ။ လွတ်လပ်စွာ ကွဲလွဲခွင့်ပြုပါ။


အောင်ဒင်
(ဇွန် ၁၊ ၂၀၀၉)