Tuesday, 11 November 2008

ကျွန်တော်မှားလား ... ဗျာ

“ဟိုရှေ့မှာ ပုန်းစရာ ကျောင်းပျက်တစ်ခုရှိတယ် ..။ ဝင်ပုန်းနေလိုက် .... နောက်က လိုက်လာတဲ့ လူတွေကို အခြားဘက် လမ်းမျှားခေါ်သွားပြီး၊ လမ်းစဖျောက်ပြီး ပြန်လာခဲ့မယ်။”

ပြောပြီး လှည့်အထွက် တုန်ယင်နေတဲ့ လက်နဲ့ အားကိုးတကြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားပြီး “မြန်မြန် ပြန်လာခဲ့နော်” တဲ့။

ကျွန်တော်လည်း ကလေးငယ်ရဲ့ မျက်လုံးထဲ အားပေးအကြည့်တစ်ချက် လှမ်းကြည့်လိုက်တဲ့ အချိန်မှာ ကလေးငယ်ရဲ့ ကြောက်ရွံ့အားငယ်နေတဲ့တာကို တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာပဲ ခြေသံကို ကြားလိုက်ရတာနဲ့ လက်ကို ဆက်ခနဲ့ ရုန်းထွက်လိုက်ပြီး ဘေးနားက သစ်ရွက်တွေ အမှိုက်တွေကိုကျော်တတ်ပြီး နောက်ကလိုက်လာတဲ့ လူတွေ မြင်သာတဲ့ လမ်းမ အတိုင်း ဆက်ပြေးလိုက်တယ်။

အမှန်က ကျွန်တော် ဒီကလေးကို ကယ်ဖို့ စိတ်ကူး မရှိဘူး။ လမ်းဘေးမှာ တောင်းစားနေတဲ့ သူလို ကိုယ်လို လူတွေထဲက တစ်ယောက်ကို အားကြီးသူသာ နိုင်စတမ်းဆိုတဲ့ တောရိုင်းဥပဒေ လွှမ်းမိုးတားတဲ့ ဒီတိုင်းပြည်မှာ တစ်ယောက်က တခြားတစ်ယောက်ကို ကယ်တင်တာ ရယ်စရာ ကိစ္စ တစ်ခုပဲလေ။

အခုတော့ ....

...............................................................................................................................


“ဟားဟား ... သွား .. အဲဒီမှာ ကောက်စားကြ” ဆိုပြီ အစိမ်းရောင် လက်နက်ကိုင် သောင်းကျန်သူ အရာရှိ တစ်ယောက်က ကားပေါ်ကနေ လမ်းမပေါ် ပစ်ချသွားတဲ့ နံပြား တစ်ချပ်ကို ကလေးငယ် ၅ ယောက်လောက် အလု အယက် ဝိုင်းကောက်နေကြတယ်။

ဝိုင်းကောက်နေတဲ့ ကလေးတွေရဲ့ နောက်မှာ ဆာလောင်ငတ်မွတ်နေတဲ့ မျက်လုံးနဲ့ အားနည်း ပိန်ရော်နေတဲ့ ကလေးငယ်တစ်ယောက်က ဝင်မလုနိုင်ဘဲ ရပ်ကြည့်နေတာကို တွေ့လိုက်ရတယ်။

ကလေးတွေ လုနေရင်း အဲဒီ ကလေးနား အရောက် ရပ်နေတဲ့ ပိန်ပိန်နဲ့ ကောင်လေးကို ဝင်လုဖို့ ပြင်လိုက်ပေမယ့် အရှိန်နဲ့ ဝင်လာတဲ့ လူအုပ်က ဝင်တိုက်မိတာကြောင့် အားမရှိတဲ့ ကောင်လေးဘေးကို ယိုင်လဲကျ အခြားကလေးတွေက သူ့ပေါ် ပိသူပိ၊ နင်းသူနင်းနဲ့ လမ်းမ မှား မှောက်နေလေရဲ့။ အခြားကလေးတွေ ဆက်လုနေချိန်မှာ သူကတော့ ခုနက လဲလျှက် အတိုင်းပဲ။

ခဏနေတော့ လူးလိမ့်ထလိုက်ပြီး မုန့်ကို လုနေတဲ့ကလေး အုပ်စုနဲ့ ဝေးရာ ဆန့်ကျင်ဘက်ကို ထွက်ပြေးလိုက်တယ်။ ကျွန်တော် ထိုင်နေတဲ့ အဆောက်အဦးပျက်ရဲ့ ဘေးနားက ပြိုလုလု အိမ်အိုထဲပေါ့။ အပေါ်ဘက် နံရံတွေ ပြိုကျနေတော့ ကျွန်တော်ထိုင်တဲ့ နေရာကဆို ခုနက ကလေး ဝင်သွားတဲ့ အိမ်ထဲကို လှမ်းမြင်နေရတယ်။

အချိန်က ... ညသစ်နုစ အချိန်ပေါ့။

နေဝင်သွားပေမယ့် ကောင်းကင်က အလင်းတချို့ လက်ကျန်က အားနာ ပါးနာနဲ့ လေးလေးဖင့်ဖင့် ဒရွတ်တိုက်ပြီး အမှောင်ထုထဲ လှမ်းစပြုနေပြီ။

ကတ္ထူ စက္ကူစုတ်ပေါ်မှာ လှဲပြီး ပေကျံနေတဲ့ စောင်တစ်ခုကို ခြုံထားတဲ့ အမျိုးသမီးကြီး တစ်ယောက် အိမ်ထဲမှာ ရှိနေတယ်။ ကလေးငယ်က အမျိုး သမီးအနား ကပ်သွားပြီး သူ့လက်ထဲမှာ စုပ်ကိုင်ထားတဲ့ အရာတစ်ခုကို လှမ်းပေးလိုက်တယ်။ သေချာ ကြည့်မိလိုက်တော့မှာ ခုနက ကလေးတွေ လုနေတဲ့ နံပြား အပိုင်းအစ တစ်ပိုင်းပဲ။ သူမှောက်လဲနေတုန်း ဘယ်လိုက ဘယ်လို သူလက်ထဲ ရောက်အောင် လုပ်ထားပါလိမ့်။ ကလေးငယ်ရဲ့ သွက်လက်မှုကို နည်းနည်း သဘောကျသလိုလို ဖြစ်သွားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားသလို ဖြစ်သွားတာကြောင့် အဲဒီ ပြိုလုလု အိမ်အနား ကြားရတဲ့ နားအထိ အလိုလိုလိုက်လူက ကပ်သွားမိလျှက်သား ဖြစ်နေတယ်။

“အမေ စားလိုက်လေ”
“မင်းရော .. ဘာစားပြီးပြီလဲ”
“ကျွန်တော် ခုနကပဲ အဲဒီ နံပြား တစ်ခြမ်းကို လမ်းမှာ စားခဲ့တယ်။”

တုန်ယင်နေတဲ့ လက်နဲ့ အမျိုးသမီးက လှမ်းယူလိုက်တဲ့ပြီး မုန့်ကို စားလိုက်တဲ့ အချိန်မှာ ကလေးငယ်ရဲ့ လည်ပင်းထဲမှာ တံထွေးကို မိခင် မသိအောင် မြိုချလိုက်တာကို ကျွန်တော် မြင်မိလိုက်တယ်။ ချက်ခြင်းပဲ အောက်ငုံပြီး တတ်နင်းခံထားရလို့ ပွန်းပဲ့သွားတဲ့ သူ့ခြေထောက်လေး နာသွားတာကို လက်နဲ့ ပွတ်နေလေရဲ့။

ကျွန်တော် ငိုင်သွားမိတယ်။

“အမေ ကျွန်တော် အပြင်ခဏ သွားလိုက်ဦးမယ်၊ အမေ့အတွက် လိုတဲ့ ဆေးကို ရအောင် သားရှာခဲ့မယ်။” ပြောပြောဆိုဆိုနဲ့ ကလေးငယ်ထွက်သွားတယ်။ ကျွန်တော်လည်း ကလေးငယ်နောက်က လိုက်သွားမိခဲ့တယ်။

အာဂ ကလေးငယ်က မြို့လယ်က မီးထိန်ထိန် ထွန်းထားတဲ့ အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူ လူကြီးတစ်ယောက် နေတဲ့ အိမ်ဘက်ကို ဦးတည်နေလေရဲ့။ အခုမှ သတိရတယ် ဆေး ဆိုလို့ တမြို့လုံးမှာ အဲဒီ လက်နက်ကိုင် သောင်းကျန်းသူတွေ အိမ်မှာပဲ ရှိတာ မဟုတ်လား။

ကျွန်တော် ခပ်တွေတွေ တွေးမိနေတဲ့ အချိန်မှာပဲ အဲဒီ အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူ အိမ်ဘက်ကနေ ဆူဆူ ညံညံ အသံ ကြားလို့ ကြည့်မိလိုက်တော့ ခုနက ကလေးငယ်ကြောက်လန့်တကြား ကျွန်တော်ရှိနေတဲ့ ဘက်ကို ဦးတည်ပြေးလာတာ တွေ့လိုက်ရတယ်။

ကျွန်တော်လည်း တွေဝေ မနေတော့ဘဲ ကလေးကို လက်လှမ်းဆွဲပြီး လမ်းမ ဘေးက လမ်းသွယ်ထဲ အတင်းပြေးဝင်လိုက်ချိန်မှာတော့ နောက်က အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူရဲ့ နောက်လိုက် တပည့်တွေဖြစ်တဲ့ အနီရောင် လက်ပတ်ဝတ် အဖြူနဲ့ အစိမ်းဝတ် လူရမ်းကား ငမူးတွေ အုပ်စုလိုက် မူးပြီးလိုက်လာနေတာ တွေ့ရတော့တာပါပဲ။

အဲဒါနဲ့ အတူ ပြေးရင်း ........

“ဟိုရှေ့မှာ ပုန်းစရာ ကျောင်းပျက်တစ်ခုရှိတယ် ..။ ဝင်ပုန်းနေလိုက် .... နောက်က လိုက်လာတဲ့ လူတွေကို အခြားဘက် လမ်းမျှားခေါ်သွားပြီး၊ လမ်းစဖျောက်ပြီး ပြန်လာခဲ့မယ်။”

ပြောပြီး လှည့်အထွက် တုန်ယင်နေတဲ့ လက်နဲ့ အားကိုးတကြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားပြီး “မြန်မြန် ပြန်လာခဲ့နော်” တဲ့။

ကျွန်တော်လည်း ကလေးငယ်ရဲ့ မျက်လုံးထဲ အားပေးအကြည့်တစ်ချက် လှမ်းကြည့်လိုက်တဲ့ အချိန်မှာ ကလေးငယ်ရဲ့ ကြောက်ရွံ့အားငယ်နေတဲ့တာကို တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာပဲ ခြေသံကို ကြားလိုက်ရတာနဲ့ လက်ကို ဆက်ခနဲ့ ရုန်းထွက်လိုက်ပြီး ဘေးနားက သစ်ရွက်တွေ အမှိုက်တွေကိုကျော်တတ်ပြီး နောက်ကလိုက်လာတဲ့လူ မြင်သာတဲ့ လမ်းမ အတိုင်း ဆက်ပြေးလိုက်တယ်။

အမှန်က ကျွန်တော် ဒီကလေးကို ကယ်ဖို့ စိတ်ကူး မရှိဘူး။ လမ်းဘေးမှာ တောင်းစားနေတဲ့ သူလို ကိုယ်လို လူတွေထဲက တစ်ယောက်ကို အားကြီးသူသာ နိုင်စတမ်းဆိုတဲ့ တောရိုင်းဥပဒေ လွှမ်းမိုးတားတဲ့ ဒီတိုင်းပြည်မှာ တစ်ယောက်က တခြားတစ်ယောက်ကို ကယ်တင်တာ ရယ်စရာ ကိစ္စ တစ်ခုပဲလေ။

အခုတော့ ....
.......................................................................................................

သြော်ဒါနဲ့ ပြောရဦးမယ် ........
အခု သက္ကရာဇ်က ၂၀၂၀၊
နေရာက ... မြန်မာနိုင်ငံ၊ ရန်ကုန်မြို့

တချိန်က အာရှတိုက် စပါးကျီနိုင်ငံ .... ၂၀၁၀ မှာ အစိမ်းရောင် လက်နက်ကိုင် သောင်းကျန်းသူတွေ လုပ်တဲ့ ရွေးကောက်ပွဲအပြီး အစိုးရလို့ ခေါ်ရုံ ခေါ်လို့ရတဲ့ စည်းကမ်းသေဝပ်ကျနသော မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကို ဖေါ်ဆောင်ပြီး ၁၀ နှစ် အကြာမှာပေါ့။

အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူတွေ တိုင်းပြည်ထဲ လက်နက်နဲ့ စိုးမိုးထားပြီး ၃၂ နှစ် အကြာမှာ အခုလို အားကြီးသူသာ နိုင်စတမ်း ဆိုတဲ့ တောရိုင်း ဥပဒေလည်း တဖြည်းဖြည်း အသက်ဝင် ရုပ်လုံး ပေါ်လာတာပဲ မဟုတ်လား။

သောင်းကျန်းသူတွေ တိုင်းပြည်ကို ၁၉၈၈ မှာ သိမ်းယူခဲ့ပြီး ၂၂ နှစ် အကြာမှာ ဒုတိယ အကြိမ် ရွေးကောက်ပွဲဆိုတာ လုပ်အပြီး အခုလိုအချိန်မှာ တဖြည်းဖြည်း ကျဆင်းလာတဲ့ စီးပွားရေးကို မခံနိုင်တဲ့ လူတွေက ရရ လက်နက် စွဲကိုင်ပြီး မုန့်စားနေတဲ့ လူတွေ့ရင် လုယူခဲ့တာ အခုဆို ရိုးရာလို ဖြစ်နေပြီပဲလေ။

ငယ်ငယ်က အဖေတို့ ကိုးကွယ်ပြီး အခု မြန်မာပြည်မှာ မရှိတော့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက သင်ပေးဖူးတယ်လေ။ မိဘကျေးဇူး သိရမယ်တဲ့။

အခု ဒီကလေးနဲ့ တွေ့မှ မိဘ ကျေးဇူး သိတဲ့ လူ ဆိုတာ မြန်မာပြည်ကြီးမှာ ရှိသေးပါလား တွေးပြီး ကူညီမိတာပါပဲဗျာ။

ဒီလို အချိန်မှာ အခုလို မိဘကို ရိုသေတဲ့ ကလေးငယ် တစ်ယောက်ကို အစိမ်းရောင်ဝတ် သောင်းကျန်းသူတွေ လက်ထဲက ကယ်ဖို့ ကြိုးစားတာ .. ကျွန်တော်မှားလားဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

No comments: