Wednesday 26 November 2008

24 hours Hunger Strike In London


Burmese Student Leaders were imprisoned for 65 years by Burmese Military Dictatorship. We urge UK Government and UN Secretary-General Ban Ki-moon to take serious action on this issue.

ထောက်ပံ့ကြပါစို့


လက်နက်ကိုင် သောင်းကျန်းနေသော သောင်းကျန်းသူ နအဖ စစ်တပ်မှ ပြည်သူတို့နှင့် ပူးပေါင်းရန် ကရင်ပြည်သူများ၏ ကရင်အမျိုးသား အစည်းအရုံးသို့ လက်နက်ချ အလင်းဝင်လာသူ ၆ ယောက်အား ကရင် အမျိုးသား အစည်းအရုံးမှ ကြိုဆိုလက်ခံထားသည်ကို သတင်းတွင်ဖတ်ရပါသည်။

ဒီနေရာမှာ ကျွန်တော် တစ်ခု တွေးမိတာလေး ပြောပါရစေ။

အခုလို လက်နက်ကိုင် သောင်းကျန်းသူ နအဖ စစ်တပ်မှ ပြည်သူများထံ အလင်းဝင်လာသော စစ်သားများအား လက်ခံကြိုဆိုကာ နွေးနွေးထွေးထွေး ဆက်ဆံသော ကရင် အမျိုးသား အစည်းအရုံးကို ကျေးဇူး အထူး တင်မိပြီး၊ ထိုကဲ့သို့ အလင်းဝင်လာသူများကို အခြားသော ပြည်သူများမှလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းကာ ငွေအား၊ လူအားဖြင့် ထောက်ပံ့မူများ လုပ်ဆောင် သင့်ပါသည်ဟု တွေးမိသလောက် ရေးမိလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

Cartoon Beruma - 2010 Welcome Performance - Monkey Dance


(မိုးမခ မှ ရယူပါသည်။)

ပရိသတ်များရွေးချယ်သည့်ကကွက်အတိုင်း ကပြအသုံးတော်ခံမည့် ဖျော်ဖြေပွဲအစီအစဉ်ကြီးတခုကို မိုးမခတွင် ကြည့်ရှုအားပေးနိုင်ပြီဖြစ်သည်။ “၂၀၁၀ အကြို စိန်မျောက်မျောက်တို့ ကတဲ့ပွဲ” ဟု အမည်ပေးထားသော မင်းသားနှစ်ယောက် နှစ်ကိုယ်တော် ကပြသည့် ပွဲအစီအစဉ်ကို ကာတွန်းများ၊ ဂိမ်းများ ဖန်တီးလေ့ရှိသူ ကာတွန်းဘိရုမာက ကမကထပြု စီစဉ်လိုက်ခြင်းဖြစ်သည်။

http://moemaka.com/images/berumagame03.htm တွင် အခမဲ့ ခံစား ကြည့်ရှုနိုင်သည်။



ခေါင်းအက - ခေါင်းငြိမ်၊ ယိမ်း၊ ပြူတစ်၊ ရှန်တိန်

လက်အက - လက်ငြိမ်၊ ဝှေ့ရမ်းက၊ စက်ရုပ်က၊ လက်လွှဲက

ခြေအက - ခြေငြိမ်၊ ဘေးယိမ်း၊ နောက်ထိုး၊ ခုန်ဆွ တို့မှာ ကပွဲတွင် မျက်နှာမသာမယာဖြစ်နေသူ မင်းသား၏ ကကွက်များ ဖြစ်သည်။

ကျေနပ်နေဟန်မျက်နှာပေးနှင့်မင်းသား၏ ကကွက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ခေါင်းအက - ခေါင်းငြိမ်၊ ညိတ်၊ ရမ်း၊ လိပ်ခေါင်း

လက်အက - လက်ငြိမ်၊ ဗလကြီးက၊ ပုံးဆွဲက၊ ဝှေ့ယမ်းက

ခြေအက - ခြေငြိမ်၊ ကီထိုင်၊ ဘိုကြက်ဖ၊ ချီတက်

ခေါင်း၊ လက်၊ ခြေ တခုခုကို ငြိမ်သက် ရပ်နားစေလိုပါက ခေါင်းငြိမ်၊ လက်ငြိမ်၊ ခြေငြိမ် ဟူသော ခလုတ်များကို နှိပ်ရမည်ဟု ဘီရုမာက ဆိုသည်။

ကချင်တာက” ဟူသော အထူးခလုတ်ကို နှိပ်လိုက်လျှင် မင်းသားနှစ်ဦးက ၎င်းတို့နှစ်သက်ရာ ကကွက်များဖြင့် အသုံးတော်ခံမည်ဟု ဆိုသည်။

ကကွက်များ ပြောင်းလဲစေလိုပါက အဆိုပါခလုတ်ကို ဆက်တိုက်နှိပ်ရန် လိုအပ်မည်ဟု သိရသည်။

မင်းသားနှစ်ပါးက “နေပြည်တော်မှာ သူမပျော်ပါ၊ ရွှေမြို့သစ်ကိုပြောင်းချင်တာ” ဟူသည့် နောက်ခံသီချင်းဖြင့် တင်ဆက်ထားသည်။

အဆိုပါသီချင်းမှာ ပရိသတ်များ နားစွဲပြီးဖြစ်သည့် “တို့အညာဒေသ ရွာသာယာ၊ ရွာဦးကျောင်းမှ ထိုအနီးအနားမှာ အလွန် ကြည်စိမ်းလဲ့လဲ့ ရေကန်သာ” ဟူသော ဦးဘသိန်း(မန္တလေး)၏ ‘စိမ်းလဲ့ကန်သာ’ သီချင်းအလိုက်ကို ယူထားခြင်းဖြစ်သည်။

ယခု အကပဒေသာပွဲသည် ကာတွန်းဆရာဘိရုမာ၏ တတိယမြောက် ဂိမ်း ဖြစ်သည်။ ဘိရုမာသည်

http://thanshwe.blogspot.com/2008/10/ad.html နှင့် http://moemaka.com/images/berumagame02.htm တို့ရှိ ဂိမ်းနှစ်မျိုးကို တီထွင်ခဲ့ပြီးဖြစ်သည်။ အဆိုပါဂိမ်းများမှာ လေးခွ (လေးဂွ၊ ဘတ်ဂွ)၊ ပစ္စတိုသေနတ် တို့ဖြင့် အကြမ်းဖက်၊ ပစ်ခတ်သည့်ကစားနည်းဖြစ်ပြီး၊ ယခု နောက်ဆုံး တီထွင်လိုက်သည့် ဂိမ်းမှာ ဆို၊ က၊ ရေး၊ တီး အနုပညာများကို အားပေးအားမြှောက်ပြုသည့်ဂိမ်းဖြစ်ကြောင်း ကာတွန်းဆရာက ရှင်းပြသည်။ ။

Monday 24 November 2008

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ

Photobucket
(www.wanna23.co.cc မှ ရယူထားပါသည်။)
မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။ ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။

NEJ

အမိန့်မချခင် 10 မိနစ်အလို၌ရေးသားထားသော ဇေယျာသော် နှိုးဆော်ချက်


ဥပဒေအထက်က၊အာဏာရှင်ဖိုးလပြည့် ရဲ့ အကြမ်းဖက်လူမိုက်အဖွဲ့။

ရန်ကုန်မြို့ ဓမ္မစေတီလမ်းပေါ်ရှိ လူကုံတန်များသာစားသောက်နိုင်တဲ့ Coffee Circle ဆိုတဲ့စားသောက်ဆိုင်ထဲ မှာ၊မွေးနေ့ပါတီပွဲကျင်းပနေစဉ် လူငယ်တစု ရောက်ရှိလာပြီး တခြားလူငယ်တဦးအား ၀ိုင်းဝန်းထိုးကြိတ်ပြီး အဆိုပါလူငယ် ကြမ်းပြင်ပေါ်ပက်လက် အနေအထားဖြင့် ကျရောက်သွားစဉ် အနီးရှိ ပန်းအိုးတလုံးဖြင့် ဦးခေါင်း နှင့် မျက်နှာအား ထပ်ခါထပ်ခါထုရိုက်၍ ထွက်ပြေးသွားသည့် အမှူတမှူ မကြာမှီက ဖြစ်ပွားခဲ့ပါတယ်။ အရိုက်ခံလိုက်ရတဲ့လူငယ်ဟာ ဆေးရုံမှာအရေး ပေါ်ဆေးကုသမှူ ပြုလုပ်ခဲ့ရသည့်တိုင်အောင်၊ လူသိရှင်ကြား ဖြစ်သွားရပေမဲ့ ရဲစခန်းမှာ အမှူဖွင့်မတိုင်ကြားရဲခဲ့ပါဘူး။ ( အကြမ်းဖက်ရိုက်နှက်ကြသူတွေဟာ ဘယ်သူနဲ့ ပါတ်သက်သူတွေလဲဆို တာသိနေလို့ပါ။ )

အဲဒီအဖြစ်အပျက်နဲ့၊မရှေးမနှောင်းမှာဘဲ ၁၃-၁၁-၂၀၀၈ ရက်နေ့ညနေပိုင်း ( ၅နာရီခွဲခန့် ) မှာ၊ အဲဒီအကြမ်းဖက် လူရမ်းကားအဖွဲ့က ရန်ကုန်မြို့ အင်းယားလမ်းရှိ “THE SERENITY” စားသောက်ဆိုင်မှာ စားသောက်နေတဲ့ လူငယ်အချို့ကို ၀င်ရောက်ရိုက်နှက်ကြပြန်ပါတယ်။ လူတွေကိုလိုက်ရိုက်သလို ဆိုင်ရှေ့မှာရပ်ထားတဲ့ ကားတွေကိုလည်း ဖျက်စီးကြပါတယ်။ ဒီတကြီမ်မှာတော့ အရိုက်ခံရသူတွေဟာ (ကမာရွတ်) ရဲစခန်းမှာအမှူဖွင့်တိုင်ကြားလိုက်ပါတယ်။

ရဲစခန်းမှတာဝန်ရှိသူများကအခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိလာပြီး စစ်ဆေးခါ သက်သေခံကားများအား စခန်းသို့ဆွဲယူသွားကြပါတယ်။ အရိုက်ခံရသူတွေထဲမှာ ယခင် မဆလ ခေတ်က၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့မြေး၊ ယခုလက်ရှိလူမှူဝန်ထမ်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ (ဒုတိယဗိုလ်ချုပ်မှူး ကြီးမောင်အေးရဲ့ယောက်ဖ) ရဲ့တူ နဲ့ စစ်ဘက်အရာရှိကြီးတချို့ရဲ့တူသား၊တွေပါနေတာကြောင့် ရဲကတရားခံ တွေကိုအမြန်ဆုံးဖော်ထုတ် ဖမ်းဆီးအရေးယူပေးမည့်အကြောင်း ကတိပေးပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်လူရမ်းကားအုပ်စုကို ခေါင်းဆောင်လာသူကတော့ ရွှေလင်းယုန်ကားရေဆေးဆီထိုးအလုပ်ရုံပိုင်ရှင် ၏မြေးဖြစ်သူ “ချိုထွေး” ဖြစ်ပြီး၊ အပေါင်းအပါတွေကတော့ ရန်ကုန်မြို့က နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် များရဲ့ တူ၊သားတွေဖြစ်ကြပါတယ်။

ဒါပေမဲ့ နာရီပိုင်းအတွင်းမှာဘဲ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ရဲစခန်းကို တယ်လီဖုန်းနဲ့အမိန့်ပေး လိုက်တာကြောင့်ပါ။ “ဒီအမှူကိုလျှို့ဝှက်အဖြစ်သတ်မှတ်ပြီး၊အမြန်ဆုံးအမှူပိတ်ဖို့ဆောင်ရွက်ပါ” လို့အမိန့်ပေးသူ ကတော့၊ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့မြေးဖြစ်သူ နေရွှေသွေးအောင်(ခ)ဖိုးလပြည့်ဘဲဖြစ်ပါတယ်။
ဖိုးလပြည့်ဟာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်များရဲ့ သားသမီးများနဲ့ပေါင်းသင်းပြီး စီးပွားရေးအကျိုးအမြတ် တွေ ခံစားရရှိနေသူဖြစ်ပြီး အဖိုးရဲ့အာဏာနဲ့ ထင်ရာစိုင်းနေသူတဦးပါ။

ဖိုးလပြည့်ရဲ့ညွှန်ကြားချက်အရ ပြစ်မှူကျူးလွန်သူ၊ချိုထွေး နဲ့ အပေါင်းအပါတွေဟာ ရန်ကုန်မှ ခေတ္တရှောင်တိမ်း နေကြပါတယ်။(မန္တလေးမြို့မှာရောက်ရှိနေပါတယ်။) အရိုက်ခံလိုက်ရသူတွေအတွက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အသိုင်းအ၀ိုင်းဘက်က ဘယ်လိုအရေးယူဆောင်ရွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သာမန်လူငယ်တွေရဲ့ ရန်ပွဲလို့ထင်ရပေမဲ့ ဒါဟာဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့အသိုင်းအ၀ိုင်းနှစ်ခုရဲ့ အားပြိုင်ပွဲတခုပါ။

တချိန်က အာဏာရှင်ကြီး ဦးနေ၀င်းနဲ့သူ့မြေးတွေလိုဘဲ အာဏာရှင်ဗိုလ်ချုပ်ကြီးများနဲ့ မြေး၊တူများဟာလည်း မဝေးတော့တဲ့ကာလမှာ မိုက်ဇာတ်သိမ်းကြရတော့မှာပါလို့ ရန်ကုန်မြို့ရှိ ၎င်းတို့နှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ ထင်ကြေးပေး လျှက်ရှိနေကြပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နေကြတဲ့ လူငယ်တွေ (ကိုနေဖုန်းလတ်၊ ကိုစည်သူမောင် အပါအ၀င် ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်စဉ် မတရား ထိန်းသိမ်း၊ အပြစ်ဒဏ် ပေးခံနေကြရသော လူငယ်သူရဲကောင်း၊အမျိုးသားများ၊အမျိုးသမီးများအားလုံး) ကိုတော့၊အာဏာပိုင်အဖွဲ့ အစည်းများက ဖမ်းဆီးထောင်ချနေပြီး၊ တိုင်းပြည်အတွက်ဘာတခုမှအသုံးမ၀င်တဲ့ ဆိုးသွမ်းလူငယ်တွေကို အရေးယူအပြစ်ပေးခြင်း မလုပ်နိုင်တာဟာ တိုင်းပြည်အတွင်းမှာ စစ်မှန်တဲ့တရားဥပဒေ မရှိဘူးဆိုတာ နိုင်ငံတကာကို အတိအလင်းသက်သေပြလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုကရေစီ ရရှိရေးကြိုးပမ်းဆောင်ရွက်နေသူတွေကို မတရားဖမ်းဆီးထောင်နှစ်ရှည်လများ ချနေကြတဲ့ ရဲတပ်ဖွဲ့နဲ့ တရားသူကြီးအမည်ခံ မတရားသူကြီးများအနေနဲ့ စစ်အာဏာရှင်ကြီးတွေရဲ့ အစေအပါးအဖြစ် မတရားတဲ့အမိန့် တွေမှန်းသိသိကြီးနဲ့ အာဏာရှင်တွေအလိုကျ ရပ်တည်ဆောင်ရွက်နေ တာကြောင့်၊ ( ဒီမတရားမှူတွေမှာ ပါဝင်ပါတ်သက်သူအားလုံး) မကြာမှီ ပြည်သူတွေရဲ့ ဒဏ်ခတ်မှူတွေနဲ့ ကြုံတွေ့ရတော့မယ်လို့သတိပေးလိုက်ပါတယ်။

Saturday 22 November 2008

အင်တာဗျူး

ကျွန်တော် ဘလော့ ရေးနေရာကနေ စပ်စပ်စုစုနဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့နိုင်ငံရေး ဂုရု တစ်ပါးနဲ့ အင်တာဗျူးလေး တစ်ခု လုပ်မိလိုက်ပါတယ်။

မေး ။ အခု ကိုမင်းကိုနိုင်တို့ နှစ်ရှည် ထောင်ကျသွားတော့ နိုင်ငံရေး ဂုရု အနေနဲ့ ဘာတွေ လုပ်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ ။ မတရား ထောင်ချတာတွေကို ရှုံ့ချကြောင်း ကြေငြာချက်ထုတ်မယ်၊ နိုင်ငံတကာနဲ့ ကုလ သမ္မဂ ဖိအားတွေရအောင် နိုင်ငံတကာမှာ လိုက်လံ ပြောဆိုမယ်လေ။

မေး ။ ဟုတ်ကဲ့။ အဲဒါတွေ အပြင် အခြားရော ဘာတွေများ လုပ်ဖို့ ရှိပါသေးလဲ .. ဂုရု။
ဖြေ ။ အကျဉ်းသားတွေကို ထောက်ပံ့မယ်။ အကျဉ်းသား မိသားစုတွေကို ထောက်ပံ့တာတွေ လုပ်မယ်။

မေး ။ ဒါနဲ့ နိုင်ငံရေး အတွက်ရော ဘာတွေ လုပ်ဖို့ ရှိပါသလဲ။
ဖြေ ။ ဟေ့ကောင် .. မင်း .. လာနောက်နေတာလား၊ အဲဒါ နိုင်ငံရေး လုပ်နေတာပဲလေ။ နိုင်ငံတကာ အစည်းအဝေးတွေ ရှိတယ်၊ fund ပေးမယ့် လူတွေနဲ့ စကားပြောရမယ်။ ကြေငြာချက်ထုတ်တာ၊ ထောက်ပံ့တာ၊ နိုင်ငံတကာမှာ lobby လုပ်နေတာ အဲဒါ နိုင်ငံရေးပဲ ပေါ့ကွ။

ဟုတ်ကဲ့ ..ဟုတ်ကဲ့ .. ကျွန်တော် မသိလို့ပါ။ ဆက်မေးပါရစေ။

မေး ။ ဟို . ဟို ... ဒါဆို .. တိုင်းပြည်ကို စစ်အာဏာရှင် လက်အောက်က လွတ်အောင် ဘာတွေ လုပ်မယ်ဆိုတာပြောလို့ရမလား .. ခင်ဗျာ။
ဖြေ ။ ဒါလား ... မင်းကိုနိုင်တို့ ထွက်လာရင် သူတို့ ဆက်လုပ်လိမ့်မယ်လေ။

မေး ။ ဟုတ် .. ဟုတ် .... သူတို့က ၆၅ နှစ် ကျထားတာ ဆိုတော့ .......
ဖြေ။ မင်း .. ဘလော့သာ ရေးနေတာ .. တော်တော် တုန်းတဲ့ ကောင်ပဲကွ။ နောက် ၆၅ နှစ်မှာ သူတို့ လွတ်လာရင် လွတ်မြောက်ရေး သူတို့ ဆက်လုပ်မှာပေါ့ကွ။

ဖြန်း .... ဟိုက် !!!
(နောက်ဆုံး စာကြောင်းကတော့ ... နှဖူး လက်နဲ့ ရိုက်မိပြီး အော်မိလိုက်တဲ့ မြည်သံစွဲ အလင်္ကာသာ ဖြစ်ပါကြောင်း)

လေးစားစွာဖြင့်
ကိုထိုက်

မြန်မာနိုင်ငံမှ (မ)တရားသူကြီးများအား မှတ်တမ်းတင်ခြင်း (၂)

ကိုဇာဂနာကို တရားစွဲသော ပုဂ္ဂိုလ်မှာ ရဲမှူး သိန်းထွန်း၊ တရားလို (နအဖ အလိုကျ) ရှေ့နေ ဒေါ်ခင်ပို၊ ရန်ကုန် အနောက်ပိုင်း ခရိုင် (မ)တရားသူကြီး ဦးကျော်ဆွေ မှ နအဖ အလိုကျ မျက်ကွယ် ထောင်ဒဏ် ချမှတ်

ဇေယျာသော် အပါအဝင် လူငယ် ၆ ဦးအား လမ်းမတော် မြို့နယ် ရဲစခန်းမှူး သူရထွန်း၊ တရားလို(နအဖ အလိုကျ) ရှေ့နေမှာ ဒေါ်နန်းအေးခမ်၊ လမ်းမတော်မြို့နယ် (မ)တရားသူကြီး ဒေါ်ဖြူဖြူခိုင် မှ နအဖ အလိုကျ မတရား မျက်ကွယ် ထောင်ဒဏ် ချမှတ်။

ယခင် စာရင်းဟောင်း

ကျောက်တံတားမြို့နယ် အထူး အာဏာရ (မ)တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်း၊

(သင်္ကန်းကျွန်းမှ ကိုမြသန်းထိုက်အား နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ)

မြောက်ဒဂုံမြို့နယ် (မ)တရားသူကြီး ဒေါ်မြမြဆွေ
ကိုသားကြီး ၈၈ မျိုးဆက်ကျောင်းသား၏ အမှုတွင် နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ
(ထိုအမှု တရားလို သက်သေ ရဲအုပ် ဟန်စိန်)

အင်းစိန် ထောင်တွင်း (မ)တရားသူကြီး ဦးစိန်လှ
(ကုန်ဈေးနှုံး ကျဆင်းရေး ဆန္ဒပြသူ ကိုစိုးမြင့်ထိန်၏ အမှုတွင် နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ)

Sunday 16 November 2008

ကျောင်းသားခေါင်းဆောင်များကို နယ်စွန်နယ်ဖျားရှိထောင်များသို့ ခွဲပို့


မိုးမခအထောက်တော် အမှတ် ၎
နိုဝင်ဘာ ၁၆၊ ၂၀၀၈
(မိုးမခမှ ရယူထားပါသည်။)

ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်ရှိ နာမည်ကျော် ကျောင်းသားခေါင်းဆောင်များကို နယ်ထောင်အသီးသီးသို့ အောက်ပါအတိုင်း ပို့ဆောင်လိုက်ကြောင်း၊ ၎င်းတို့သည် ယခုရက်ပိုင်းအတွင်း နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူများဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဆိုသည်။



၁။ မင်းကိုနိုင်၊ ကိုကိုကြီး - ကျိုင်းတုံ(မြို့အကျဉ်းထောင်)၊ ရှမ်းပြည်နယ်

၂။ မြအေး(သူရ) - လွိုင်ကော်၊ ကယားပြည်နယ်

၃။ ပြုံးချို (ဋ္ဌေးဝင်းအောင်) - ကော့သောင်း၊ တနင်္သာရီတိုင်း

၎။ အောင်သူ နှင့် အခြား ၈ ဦး - ပူတာအို၊ ကချင်ပြည်နယ်

၅။ ဋ္ဌေးကြွယ် - ဘူးသီးတောင်၊ ရခိုင်ပြည်နယ်

၆။ မျိုးအောင်နိုင် - ကလေး၊ စစ်ကိုင်းတိုင်း

၇။ လှမျိုးနောင် - မြစ်ကြီးနား၊ ကချင်ပြည်နယ်

On 11 Novermber, Nine 88 Generation Group leaders including Min Ko Naing were get long term imprisonment 65 years again in Maubin prison same as previous Fourteen members of the 88 Generation Students Group. After that they were transferred to Insein prison then transferred again far from Rangoon and different areas per each in this early morning as following –

  1. Min Ko Naing and Ko Ko Gyi – Kengtung Prison, Eastern Shan State
  2. Mya Aye (Thu Ya) – Loikaw Prison, Kayha State
  3. Pyone Cho (Htay Win Aung) – Kawthaung Prison, Tenasserim Division
  4. Aung Thu, Bo Bo Win Hlaing and another 7 members – Putao Prison, Kachin State
  5. Htay Kywe – Buthidaung Prison, Northern Arakan State
  6. Myo Aung Naing – Kale Prison, Sagaing Division
  7. Hla Myo Naung – Myitkyina Prison, Kachin State.
  8. Saw Wai, Win Maw, Tint San, Myat San and Su Su Nway - Mandalay Prison

Tuesday 11 November 2008

နေဘုန်းလတ် ပေးဆပ်မှုအတွက် မှေးမှိန်ခြင်း မရှိစေရ

အားလုံး သိကြတဲ့ အတိုင်းပါပဲ၊ နေဘုန်းလတ်ကို နအဖ အလိုကျ မတရားသူကြီးက ထောင်ဒဏ် အနှစ် ၂၀နဲ့ ၆ လ ချလိုက်ပါပြီ။

နအဖက အခုလို တရားဥပဒေမဲ့ လုပ်ချင်ရာ လုပ်တာကို ကျွန်တော်တို့ တစ်ခုခု တုန့်ပြန်ချက်(ဒါမှ မဟုတ်) မတရားတာကို သမိုင်းမှာ အလိုလို မှေးမှိန် မပျောက်ပျက်အောင် တစ်ခုခု လုပ်သင့်တယ်လို့ ယူဆ မိပါတယ်။

ဘာလုပ်လျှင် ကောင်းမလဲဆိုသော သင့်တော် ကောင်းမွန်သော အကြံရှိသူများ ဝိုင်းဝန်းပံ့ပိုး ပါဝင်ကူညီ ပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါတယ်။

comment မှာ ရေးသားအကြံပေးနိုင်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

ကျွန်တော်မှားလား ... ဗျာ

“ဟိုရှေ့မှာ ပုန်းစရာ ကျောင်းပျက်တစ်ခုရှိတယ် ..။ ဝင်ပုန်းနေလိုက် .... နောက်က လိုက်လာတဲ့ လူတွေကို အခြားဘက် လမ်းမျှားခေါ်သွားပြီး၊ လမ်းစဖျောက်ပြီး ပြန်လာခဲ့မယ်။”

ပြောပြီး လှည့်အထွက် တုန်ယင်နေတဲ့ လက်နဲ့ အားကိုးတကြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားပြီး “မြန်မြန် ပြန်လာခဲ့နော်” တဲ့။

ကျွန်တော်လည်း ကလေးငယ်ရဲ့ မျက်လုံးထဲ အားပေးအကြည့်တစ်ချက် လှမ်းကြည့်လိုက်တဲ့ အချိန်မှာ ကလေးငယ်ရဲ့ ကြောက်ရွံ့အားငယ်နေတဲ့တာကို တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာပဲ ခြေသံကို ကြားလိုက်ရတာနဲ့ လက်ကို ဆက်ခနဲ့ ရုန်းထွက်လိုက်ပြီး ဘေးနားက သစ်ရွက်တွေ အမှိုက်တွေကိုကျော်တတ်ပြီး နောက်ကလိုက်လာတဲ့ လူတွေ မြင်သာတဲ့ လမ်းမ အတိုင်း ဆက်ပြေးလိုက်တယ်။

အမှန်က ကျွန်တော် ဒီကလေးကို ကယ်ဖို့ စိတ်ကူး မရှိဘူး။ လမ်းဘေးမှာ တောင်းစားနေတဲ့ သူလို ကိုယ်လို လူတွေထဲက တစ်ယောက်ကို အားကြီးသူသာ နိုင်စတမ်းဆိုတဲ့ တောရိုင်းဥပဒေ လွှမ်းမိုးတားတဲ့ ဒီတိုင်းပြည်မှာ တစ်ယောက်က တခြားတစ်ယောက်ကို ကယ်တင်တာ ရယ်စရာ ကိစ္စ တစ်ခုပဲလေ။

အခုတော့ ....

...............................................................................................................................


“ဟားဟား ... သွား .. အဲဒီမှာ ကောက်စားကြ” ဆိုပြီ အစိမ်းရောင် လက်နက်ကိုင် သောင်းကျန်သူ အရာရှိ တစ်ယောက်က ကားပေါ်ကနေ လမ်းမပေါ် ပစ်ချသွားတဲ့ နံပြား တစ်ချပ်ကို ကလေးငယ် ၅ ယောက်လောက် အလု အယက် ဝိုင်းကောက်နေကြတယ်။

ဝိုင်းကောက်နေတဲ့ ကလေးတွေရဲ့ နောက်မှာ ဆာလောင်ငတ်မွတ်နေတဲ့ မျက်လုံးနဲ့ အားနည်း ပိန်ရော်နေတဲ့ ကလေးငယ်တစ်ယောက်က ဝင်မလုနိုင်ဘဲ ရပ်ကြည့်နေတာကို တွေ့လိုက်ရတယ်။

ကလေးတွေ လုနေရင်း အဲဒီ ကလေးနား အရောက် ရပ်နေတဲ့ ပိန်ပိန်နဲ့ ကောင်လေးကို ဝင်လုဖို့ ပြင်လိုက်ပေမယ့် အရှိန်နဲ့ ဝင်လာတဲ့ လူအုပ်က ဝင်တိုက်မိတာကြောင့် အားမရှိတဲ့ ကောင်လေးဘေးကို ယိုင်လဲကျ အခြားကလေးတွေက သူ့ပေါ် ပိသူပိ၊ နင်းသူနင်းနဲ့ လမ်းမ မှား မှောက်နေလေရဲ့။ အခြားကလေးတွေ ဆက်လုနေချိန်မှာ သူကတော့ ခုနက လဲလျှက် အတိုင်းပဲ။

ခဏနေတော့ လူးလိမ့်ထလိုက်ပြီး မုန့်ကို လုနေတဲ့ကလေး အုပ်စုနဲ့ ဝေးရာ ဆန့်ကျင်ဘက်ကို ထွက်ပြေးလိုက်တယ်။ ကျွန်တော် ထိုင်နေတဲ့ အဆောက်အဦးပျက်ရဲ့ ဘေးနားက ပြိုလုလု အိမ်အိုထဲပေါ့။ အပေါ်ဘက် နံရံတွေ ပြိုကျနေတော့ ကျွန်တော်ထိုင်တဲ့ နေရာကဆို ခုနက ကလေး ဝင်သွားတဲ့ အိမ်ထဲကို လှမ်းမြင်နေရတယ်။

အချိန်က ... ညသစ်နုစ အချိန်ပေါ့။

နေဝင်သွားပေမယ့် ကောင်းကင်က အလင်းတချို့ လက်ကျန်က အားနာ ပါးနာနဲ့ လေးလေးဖင့်ဖင့် ဒရွတ်တိုက်ပြီး အမှောင်ထုထဲ လှမ်းစပြုနေပြီ။

ကတ္ထူ စက္ကူစုတ်ပေါ်မှာ လှဲပြီး ပေကျံနေတဲ့ စောင်တစ်ခုကို ခြုံထားတဲ့ အမျိုးသမီးကြီး တစ်ယောက် အိမ်ထဲမှာ ရှိနေတယ်။ ကလေးငယ်က အမျိုး သမီးအနား ကပ်သွားပြီး သူ့လက်ထဲမှာ စုပ်ကိုင်ထားတဲ့ အရာတစ်ခုကို လှမ်းပေးလိုက်တယ်။ သေချာ ကြည့်မိလိုက်တော့မှာ ခုနက ကလေးတွေ လုနေတဲ့ နံပြား အပိုင်းအစ တစ်ပိုင်းပဲ။ သူမှောက်လဲနေတုန်း ဘယ်လိုက ဘယ်လို သူလက်ထဲ ရောက်အောင် လုပ်ထားပါလိမ့်။ ကလေးငယ်ရဲ့ သွက်လက်မှုကို နည်းနည်း သဘောကျသလိုလို ဖြစ်သွားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားသလို ဖြစ်သွားတာကြောင့် အဲဒီ ပြိုလုလု အိမ်အနား ကြားရတဲ့ နားအထိ အလိုလိုလိုက်လူက ကပ်သွားမိလျှက်သား ဖြစ်နေတယ်။

“အမေ စားလိုက်လေ”
“မင်းရော .. ဘာစားပြီးပြီလဲ”
“ကျွန်တော် ခုနကပဲ အဲဒီ နံပြား တစ်ခြမ်းကို လမ်းမှာ စားခဲ့တယ်။”

တုန်ယင်နေတဲ့ လက်နဲ့ အမျိုးသမီးက လှမ်းယူလိုက်တဲ့ပြီး မုန့်ကို စားလိုက်တဲ့ အချိန်မှာ ကလေးငယ်ရဲ့ လည်ပင်းထဲမှာ တံထွေးကို မိခင် မသိအောင် မြိုချလိုက်တာကို ကျွန်တော် မြင်မိလိုက်တယ်။ ချက်ခြင်းပဲ အောက်ငုံပြီး တတ်နင်းခံထားရလို့ ပွန်းပဲ့သွားတဲ့ သူ့ခြေထောက်လေး နာသွားတာကို လက်နဲ့ ပွတ်နေလေရဲ့။

ကျွန်တော် ငိုင်သွားမိတယ်။

“အမေ ကျွန်တော် အပြင်ခဏ သွားလိုက်ဦးမယ်၊ အမေ့အတွက် လိုတဲ့ ဆေးကို ရအောင် သားရှာခဲ့မယ်။” ပြောပြောဆိုဆိုနဲ့ ကလေးငယ်ထွက်သွားတယ်။ ကျွန်တော်လည်း ကလေးငယ်နောက်က လိုက်သွားမိခဲ့တယ်။

အာဂ ကလေးငယ်က မြို့လယ်က မီးထိန်ထိန် ထွန်းထားတဲ့ အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူ လူကြီးတစ်ယောက် နေတဲ့ အိမ်ဘက်ကို ဦးတည်နေလေရဲ့။ အခုမှ သတိရတယ် ဆေး ဆိုလို့ တမြို့လုံးမှာ အဲဒီ လက်နက်ကိုင် သောင်းကျန်းသူတွေ အိမ်မှာပဲ ရှိတာ မဟုတ်လား။

ကျွန်တော် ခပ်တွေတွေ တွေးမိနေတဲ့ အချိန်မှာပဲ အဲဒီ အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူ အိမ်ဘက်ကနေ ဆူဆူ ညံညံ အသံ ကြားလို့ ကြည့်မိလိုက်တော့ ခုနက ကလေးငယ်ကြောက်လန့်တကြား ကျွန်တော်ရှိနေတဲ့ ဘက်ကို ဦးတည်ပြေးလာတာ တွေ့လိုက်ရတယ်။

ကျွန်တော်လည်း တွေဝေ မနေတော့ဘဲ ကလေးကို လက်လှမ်းဆွဲပြီး လမ်းမ ဘေးက လမ်းသွယ်ထဲ အတင်းပြေးဝင်လိုက်ချိန်မှာတော့ နောက်က အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူရဲ့ နောက်လိုက် တပည့်တွေဖြစ်တဲ့ အနီရောင် လက်ပတ်ဝတ် အဖြူနဲ့ အစိမ်းဝတ် လူရမ်းကား ငမူးတွေ အုပ်စုလိုက် မူးပြီးလိုက်လာနေတာ တွေ့ရတော့တာပါပဲ။

အဲဒါနဲ့ အတူ ပြေးရင်း ........

“ဟိုရှေ့မှာ ပုန်းစရာ ကျောင်းပျက်တစ်ခုရှိတယ် ..။ ဝင်ပုန်းနေလိုက် .... နောက်က လိုက်လာတဲ့ လူတွေကို အခြားဘက် လမ်းမျှားခေါ်သွားပြီး၊ လမ်းစဖျောက်ပြီး ပြန်လာခဲ့မယ်။”

ပြောပြီး လှည့်အထွက် တုန်ယင်နေတဲ့ လက်နဲ့ အားကိုးတကြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားပြီး “မြန်မြန် ပြန်လာခဲ့နော်” တဲ့။

ကျွန်တော်လည်း ကလေးငယ်ရဲ့ မျက်လုံးထဲ အားပေးအကြည့်တစ်ချက် လှမ်းကြည့်လိုက်တဲ့ အချိန်မှာ ကလေးငယ်ရဲ့ ကြောက်ရွံ့အားငယ်နေတဲ့တာကို တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာပဲ ခြေသံကို ကြားလိုက်ရတာနဲ့ လက်ကို ဆက်ခနဲ့ ရုန်းထွက်လိုက်ပြီး ဘေးနားက သစ်ရွက်တွေ အမှိုက်တွေကိုကျော်တတ်ပြီး နောက်ကလိုက်လာတဲ့လူ မြင်သာတဲ့ လမ်းမ အတိုင်း ဆက်ပြေးလိုက်တယ်။

အမှန်က ကျွန်တော် ဒီကလေးကို ကယ်ဖို့ စိတ်ကူး မရှိဘူး။ လမ်းဘေးမှာ တောင်းစားနေတဲ့ သူလို ကိုယ်လို လူတွေထဲက တစ်ယောက်ကို အားကြီးသူသာ နိုင်စတမ်းဆိုတဲ့ တောရိုင်းဥပဒေ လွှမ်းမိုးတားတဲ့ ဒီတိုင်းပြည်မှာ တစ်ယောက်က တခြားတစ်ယောက်ကို ကယ်တင်တာ ရယ်စရာ ကိစ္စ တစ်ခုပဲလေ။

အခုတော့ ....
.......................................................................................................

သြော်ဒါနဲ့ ပြောရဦးမယ် ........
အခု သက္ကရာဇ်က ၂၀၂၀၊
နေရာက ... မြန်မာနိုင်ငံ၊ ရန်ကုန်မြို့

တချိန်က အာရှတိုက် စပါးကျီနိုင်ငံ .... ၂၀၁၀ မှာ အစိမ်းရောင် လက်နက်ကိုင် သောင်းကျန်းသူတွေ လုပ်တဲ့ ရွေးကောက်ပွဲအပြီး အစိုးရလို့ ခေါ်ရုံ ခေါ်လို့ရတဲ့ စည်းကမ်းသေဝပ်ကျနသော မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကို ဖေါ်ဆောင်ပြီး ၁၀ နှစ် အကြာမှာပေါ့။

အစိမ်းရောင်ဝတ် လက်နက်ကိုင် သောင်းကျန်းသူတွေ တိုင်းပြည်ထဲ လက်နက်နဲ့ စိုးမိုးထားပြီး ၃၂ နှစ် အကြာမှာ အခုလို အားကြီးသူသာ နိုင်စတမ်း ဆိုတဲ့ တောရိုင်း ဥပဒေလည်း တဖြည်းဖြည်း အသက်ဝင် ရုပ်လုံး ပေါ်လာတာပဲ မဟုတ်လား။

သောင်းကျန်းသူတွေ တိုင်းပြည်ကို ၁၉၈၈ မှာ သိမ်းယူခဲ့ပြီး ၂၂ နှစ် အကြာမှာ ဒုတိယ အကြိမ် ရွေးကောက်ပွဲဆိုတာ လုပ်အပြီး အခုလိုအချိန်မှာ တဖြည်းဖြည်း ကျဆင်းလာတဲ့ စီးပွားရေးကို မခံနိုင်တဲ့ လူတွေက ရရ လက်နက် စွဲကိုင်ပြီး မုန့်စားနေတဲ့ လူတွေ့ရင် လုယူခဲ့တာ အခုဆို ရိုးရာလို ဖြစ်နေပြီပဲလေ။

ငယ်ငယ်က အဖေတို့ ကိုးကွယ်ပြီး အခု မြန်မာပြည်မှာ မရှိတော့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက သင်ပေးဖူးတယ်လေ။ မိဘကျေးဇူး သိရမယ်တဲ့။

အခု ဒီကလေးနဲ့ တွေ့မှ မိဘ ကျေးဇူး သိတဲ့ လူ ဆိုတာ မြန်မာပြည်ကြီးမှာ ရှိသေးပါလား တွေးပြီး ကူညီမိတာပါပဲဗျာ။

ဒီလို အချိန်မှာ အခုလို မိဘကို ရိုသေတဲ့ ကလေးငယ် တစ်ယောက်ကို အစိမ်းရောင်ဝတ် သောင်းကျန်းသူတွေ လက်ထဲက ကယ်ဖို့ ကြိုးစားတာ .. ကျွန်တော်မှားလားဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

Saturday 8 November 2008

Lloyd's terminate insurance with Burmese junta Air lines

One of the insurance company in UK, Lloyd's inform in writing for their intention of not continuing the insurance business with Air Bagan when present policy is expired. Air-Bagan will be in the air without covering sufficient amount of insurance before the end of 2008.


Some unrated farms from Russia are approaching but they are not reliable. Name of most approach farm is Malakut. MAI(Myanmar Airway International) received the same letter as Air-Bagan.


Not only were the airlines affected but also the factories and production business, mostly of the foreign investments, which have the insurance from Lloyd's and associates are receiving the same treatment. The most talk name of the farm among the others is Willis, which act same as what Lloyd is doing; Sending a termination of insurance policy in writing.

Reported by
Thu Ye Kaung

Friday 7 November 2008

ကယ်တင်ရှင် ရှာဖွေမိခြင်း

ကျွန်တော်တို့ တိုင်းပြည်မှာ ဘာများ ကျန်သေးလဲလို့ ကျွန်တော် တွေးမိပါတယ်။


ကျွန်တော် “စ” တွေးမိတာက ..

၁။ စီးပွားရေး

သာမန် ပြည်သူပြည်သားတွေရဲ့ ယေဘုံယျ (တရားနည်းလမ်း မှန်မှန် သမာအာဇီဝနဲ့ ရတဲ့) ဝင်ငွေက တရက်ကို အမေရိကန် ၁ ဒေါ်လာ အောက်မှာပဲ ရှိပါတယ်။
ထမင်းရည် ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက်ကလည်း တော်တော် ကျယ်ပြန့်လာပါတယ်။(သမိုင်းထဲက သာလွန် မင်းတရားကြီး အသက်ရှင်လျက်ရှိရင် ဘာပြောမလဲ မသိ။)

အဲ .. နေ့စဉ် ကြားနေရတဲ့သတင်းတွေကတော့ .. ဘယ်နေရာမှာ လုခံလိုက်ရပြန်ပြီ၊ ဘယ်နေရာမှာ ဖောက်ထွင်းသွားလို့၊ ... နေ့လည်ခင်းကြီး မြို့လယ်ခေါင်မှာ ရိုက်လုခံရလို့တဲ့။ ကျွန်တော့် မေးလ်ထဲလည်း အဲဒီလို သတင်းတွေ မကြာခဏ ပို့ကြပါတယ်။ တစ်ခုခြင်း အတွက်ဆို သာမန် ဒုစရိုက်မှုလို့ ယူဆလို့ရပေမယ့် အဲလို အမှုတွေ တိုင်းပြည်မှာ နေ့စဉ် လူတိုင်းတွေ့မြင်ခံစားလာရတာကတော့ နိုင်ငံ့အရေး ဖြစ်လာလို့နေပါတယ်။

မေးလ် တစ်စောင်က သူ့ဆရာမ တစ်ယောက် ရန်ကုန်မြို့လယ်မှာ နေ့လည်ခင်း အလုခံရလို့တဲ့၊ နောက် တစ်ယောက်က အိမ်နားက အဘွားကြီး တစ်ယောက်ကို ထုရိုက်ပြီး လုသွားတယ်တဲ့၊ အခြားတစ်ယောက်ကလည်း ရင်းနှီးတဲ့ လူတွေ၊ အချင်းချင်းတွေ ငွေချေးပြီး မထင်ရလောက်အောင် ပြန်မပေးနိုင်ကြတာကို တွေ့ရတယ်တဲ့။ နယ်တွေမှာ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ပြီး လုယက်နေကြတယ်တဲ့။ ကျောင်းသူတစ်ယောက် ဒါးထိုးခံရပြီး အလုခံလိုက်ရတယ်တဲ့။

သတင်းတွေပေါ့၊ ပြန်ကြည့်လိုက်တော့၊ အခြားနိုင်ငံမှာလို စိတ္တဇ လူသတ်သမားတို့၊ ဆေးကြောင်ပြီး သေနတ်နဲ့ ပစ်တာတို့၊ ဘိန်းအရောင်းအဝယ် လုပ်တာတို့ထက် ... ငွေကြေးရလိုမှုကို အခြေခံတဲ့ လုယက်မှုတွေသာ များနေတာကို တွေ့ရပါတယ်။ အမှုဖြစ်ရာ နေရာတွေ ပြန်ကြည့်လိုက်တော့ မြို့လယ်ထဲမှာ ဖြစ်နေတာတွေ တွေ့ရပါတယ်။ (အခြားနေရာတွေက သတင်း မရနိုင်တာကြောင့် အဲဒီနေရာတွေမှာ မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။)

ညငှက် မိန်းကလေးတွေ များလာတယ်တဲ့။ ပြန်ကြည့်လိုက်တော့ ငွေကြေး ကိစ္စ အခြေခံတာ များနေပါတယ်။ ဟော .. ထိုင်းမှာ တရားဝင်ရော၊ တရားမဝင်ရော မြန်မာ အလုပ်သမား သိန်းချီ ရှိတယ်တဲ့၊ စင်္ကာပူမှလည်း မနည်းပါဘူး။ မလေးရှားမှာ ဒုနဲ့ ဒေး။ အခြား နိုင်ငံတွေမှာလည်း တော်တော်များများ ရှိကြပါတယ်။ အဲဒီလူတွေထဲမှာ ၁% လောက်သာ ပညာနဲ့ ထိုက်ထိုက်တန်တန် အလုပ် လုပ်နေကြရပေမယ့်၊ ကျန်တာကတော့ အလုပ်ကြမ်းသမားတွေပါ။ အားလုံး ဘာအတွက် အဲလို ဒုက္ခခံနေရတာလဲ ...။ အဖြေက တိုင်းပြည်မှာ စီးပွားရေး အဆင် မပြေလို့ပါတဲ့။

ဒါဆို တိုင်းပြည်ရဲ့ သာမန် လူများစုမှာ စီးပွားပျက်လာတာကို သေချာ မြင်နေရပါပြီ။ တိုင်းပြည်ပျက်ခြင်း အကြောင်းအရင်း နံပါတ် (၁) ပေါ့။

၂။ ဘာသာရေး

အထူး ပြောနေဖို့ လိုမယ် မထင်ပါဘူး။ ၂၀၀၇ စက်တင်ဘာ ကိစ္စ။ မြန်မာ့သမိုင်း၊ ဗုဒ္ဓဘာသာ သမိုင်းရဲ့ ဖျက်လို့လုံးဝ မရနိုင်တော့တဲ့ သမိုင်းဝင် အစွန်းအထင်း အမည်းကွက်ကြီးကို ကျွန်တော်တို့ မြန်မာနိုင်ငံက ကျူးလွန်လိုက်တာပါပဲ။

ဒီနေ့ မနက် ကျွန်တော် တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီး ဟောတဲ့ ပရိတ်တရားတော်ကို အင်တာနက်မှာဖွင့်ပြီး နာကြားမိတော့ .. ဆရာတော် ဘုရားကြီး ခွေထဲမှာ ..“မြန်မာပြည်သည် ဗုဒ္ဓသာသနာ ထွန်းကားသော နိုင်ငံ ဖြစ်တယ်။ မြတ်စွာဘုရားပရိနိဗ္ဗါန် စံတော်မူပြီးသည့်နောက် သီဟိုဠ်ခေတ်မှ စ၍ သာသနာ အစဉ်အဆက် ထွန်းကားလာသော တိုင်းပြည်နိုင်ငံများတွင် မြန်မာပြည်သည် အထွန်းကားဆုံး နိုင်ငံဖြစ်တယ်။ အထွန်းကားဆုံး နိုင်ငံဖြစ်သောကြောင့် ပရိယတ္တိ သာသနာသည် ခိုင်ခိုင်ခံခံ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ယနေ့တိုင်အောင် တည်တန့်နေသော တိုင်းပြည်ကို ရှာသောအခါ မြန်မာပြည်သည် အထင်ရှားဆုံးသော တိုင်းပြည်ဖြစ်ခဲ့။ ထို့အတူ ပရိယတ္တိ ထွန်းကားသလို ပရိပတ္တိ သာသနာထွန်းကားသော နိုင်ငံလည်းဖြစ်တယ်။ ” တဲ့။

ကဲ .. အခု လက်ရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးတွေထဲက တစ်ပါးတလေဆီက အဲဒီလို မိန့်ကြားသံမျိုး ကြားရနိုင်မှာ မဟုတ်တော့ပါဘူး။

ဗုဒ္ဓဘာသာဝင် သံဃာတော်တွေကို လူသိရှင်ကြား အားလုံးအသိ၊ တကမ္ဘာလုံး အသိ ရိုက်နှက် သတ်ခဲ့လို့ အခြား ဘာသာတွေ သက်သာမယ်လို့ တွေးထင်လို့ မရ။ သက်သေ သက္ကာယ ပြည့်စုံစွာနဲ့ ဖိနှိပ်ခဲ့တာတွေ တိကျစွာ ရှိပါတယ်။

ဘာသာရေး ပျက်စီးမှတော့ ဘာသာရေးတွေက သင်ကြားပေးတဲ့ အခြေခံ ကိုယ်ကျင့်တရားတွေ ဘယ်နားမှာ အစ အန သွားရှာရပါ့။ တိုင်းပြည်မှာ ခပ်တည်တည်နဲ့ လက်နက်ပြ ဒမြဂိုဏ်းခေါင်းဆောင်က တိုင်းပြည်အကြီးအကဲဆိုပြီးလုပ်၊ လူသားဆန်ဆန် ကတိစကားဆိုတာကို မေ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ရူးသလိုလို၊ ကြောင်သလိုလိုနဲ့ တရားမဝင်သလိုလုပ်၊.... နောက်လိုက်တွေက အမဲရိုးလောက်စားရတာနဲ့ အမြီးလေး တနံ့နံ့နဲ့ တွေ့သမျှလူကောင်းတွေကို လိုက်ကိုက် လိုက်ဟောင်...။ (သတင်းစာမှာ ဟောင်လိုက်၊ ကြံဖွတ်လို ခွေးဝဲစားက လူကို လိုက်ကိုက်လိုက်နဲ့ ဖြစ်ချင်ရာ ဖြစ်နေတော့တာပါပဲ။) ကိုယ့်ကျင့်တရားပျက်တာ ပြောပါတယ်။

ဒါဆို တိုင်းပြည်မှာ ထွန်းကားနေတဲ့ ဘာသာရေးတွေ ပျက်စီးကုန်ပြီး အမည်ခံ ဘာသာရေး ကိုးကွယ်မှုလောက်သာ ကျန်တော့ကို မြင်နေရပါတယ်။ တိုင်းပြည်ပျက်ခြင်း အကြောင်းအရင်း နံပါတ် (၂) ပေါ့။

၃။ တရားဥပဒေ

“ဥပဒေ အထက် ဘယ်သူမှ မရှိရဘူး” တဲ့။ ငယ်ငယ်က ကလေးတွေ ပြောသလို ပြောရရင် “အပြောကတော့ ရွှေမန်းပဲ” ... ။ ဇာတ်မင်းသားကြီး အင်္လကာ ကျော်စွာ ရွှေမန်းနဲ့ အခုလို လူမျိုးတွေနဲ့ နှိုင်းရတာ တော်တော်လေးတော့ မပြောသင့် မပြောအပ်တဲ့ စကားလို့ အင်္လကာ ကျော်စွာ ရွှေမန်းဘက်က နာပြီး အပြစ်တင်ချင်လည်း ခံရမှာပါပဲ။ အက အလွန်ကောင်းတဲ့ ဇာတ်မင်းသားကြီးလို လေသံလေးက ကောင်းမွန်လှပြီး တကယ် “က” တော့မှ ပေါက်ကရ အကသာ “က” နိုင်တယ်။ အပြောတခြား အလုပ် တခြား(တခြားဆိုတာထက် အခု ဒီကောင်တွေ လုပ်ရပ်က အပြောတမျိုး အလုပ်က ဆန့်ကျင်ဘက်။) ဆိုတာကို သက်သေပြတဲ့ စကားမို့ သုံးလိုက်ရတာပါ။ ပြောသူကလည်း ရွှေမန်းဆိုတဲ့ နာမည်နဲ့ လူ ဖြစ်နေတာကိုး။



ဥပဒေမဲ့ ဖမ်းလိုက်တာများ ဒေါ်အောင်ဆန်းစုကြည်က စလို့ အခု နောက်ဆုံးတရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ လူတွေအထိ။ အားလုံး သိပြီး ဖြစ်တဲ့ အတိုင်း အစ ကတည်းက မဖမ်းသင့်သော ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ကျင့်သုံးနေတဲ့တရားဥပဒေကို လွန်ပြီး ၅ နှစ်ကျော်အောင် ဖမ်းထားကတည်းက ဥပဒေဆိုတာ မလိုက်နာဘူးဆိုတဲ့ သက်သေ ပြယုဒ် တစ်ခုပါပဲ။

မန္တလေးမှာ သံလက်သီးနဲ့ ထိုးခံရလို့ မျက်စိကွယ်မလို ဖြစ်နေတဲ့ ဦးသန်းလွင်က ထောင်ကျနေပြီး၊ အမှုကျူးလွန်သူ ကြံဖွတ်တွေကတော့ အပြင်မှာ ရမ်းချင်တိုင်း ရမ်းနေတာ အားလုံး အသိပါပဲ။ ဘယ်မှာလဲတရားဥပဒေ။

အခု နောက်ဆုံး တရားရေးရာ ဝန်ထမ်းတွေ ဖြစ်တဲ့ ရှေ့နေတွေကို ဖမ်းနေပြန်ပါပြီတဲ့။ အောက်က သတင်းမှာ အပြည့်အစုံဖတ်ကြည့်ပါ။


ရှေ့နေတွေကို ချေမှုန်းပြီ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၇၊ ၂၀၀၈
(မိုးမခ မှ ရယူပါသည်။)

ရှေ့နေ ဦးခင်မောင်ရှိန် (တိုက်ပုံအင်္ကျီအညိုဖြင့် ထိုင်နေသူ)


ရှေ့နေ ဦးမြတ်သောင်း၊ ဦးအောင်သိန်း၊ ဦးကြည်ဝင်း စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအတွက် အကျိုးဆောင်လျက်ရှိသော ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန် တို့ကို မျက်ကွယ်ထောင်ဒဏ် ၄ လ ချမှတ်လိုက်သည်။ ၎င်းတို့နှစ်ဦးမှာ အထိန်းသိမ်းခံနေရသည့် ဇာဂနာကဲ့သို့ ထင်ရှားသူများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းသံဃာများဘက်မှ အကျိုးဆောင်နေသည့် ရှေ့နေများဖြစ်သည်။ ဦးအောင်သိန်းက လာရောက်ဖမ်းဆီးမည်ကို စောင့်ဆိုင်းနေကြောင်း၊ အကျဉ်းသားဝတ်စုံပြာ၊ သုံးစွဲနေရသည့် သွေးကျဆေး တို့ကိုလည်း အသင့်ပြင်ထားပြီးဖြစ်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားလိုက်သည်။ ဦးအောင်သိန်း၏ဇနီးသည် ဒေါ်မိမိ (Mi Mi)က "ဦးအောင်သိန်း အကျိုးဆောင်ပေးနေတဲ့ အကျဉ်းသားတွေအတွက် ပိုပြီး စိုးရိမ်မိတယ်၊ သူတို့အမှုတွေ ရှေ့နေမရှိဘဲ ဘယ်လိုဆက်ဖြစ်မလဲမသိဘူး" ဟု အေပီသို့ ပြောပြခဲ့သည်။ ပြီးခဲ့သည့်လက အကျဉ်းသား ၁၁ ဦးကို အကျိုးဆောင်ပေးနေသူ ရှေ့နေ ကိုညီညီထွေး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။ (ဓာတ်ပုံ - မိုးမခ၊ ၂၀၀၈ မတ်လ)


ဒါဆို တရားဥပဒေဆိုတာလည်း တိုင်းပြည်မှာ ပျက်နေတာကို မြင်နေရပါပြီ။ တိုင်းပြည်ပျက်ခြင်း အကြောင်းတရား (၃) ပေါ့။

အခြား အချက်တွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး ဆိုတာကလည်း သန်းရွှေကိုယ်တိုင် စင်္ကာပူ ဆေးသွားကုခဲ့တာ၊ သူ့မြေးနဲ့ သမီးကို နိုင်ငံခြားမှာ စာသွားသင်ခိုင်းတာ၊ အဲဒါကို ကြည့်ကတည်းက ဘယ်လောက် နိမ့်ကျနေသလဲဆိုတာကို သူတို့ကိုယ်တိုင် ဝန်ခံနေတာ သေချာပါတယ်။ (အသေးစိပ် အချက်အလက်တွေ ပြောရရင် ကုန်နိုင်ဖွယ် မရှိ၊ စာအရမ်းရှည်နေမှာ စိုးလို့ ဒီ ၂ ချက်ကို တိုတိုပဲ ရေးလိုက်တာပါ။)

ကျန်းမာရေး ပညာရေး ပျက်စီးနေတာလည်း မြင်နေရပါပြီ။ တိုင်းပြည် ပျက်စီးခြင်း အချက်တွေပါပဲ။

တိုင်းပြည်မှာ စီးပွားရေး၊ ဘာသာရေး၊ တရားဥပဒေ၊ ပညာရေး၊ ကျန်းမာရေးတွေ ပျက်နေမှတော့ ... အဲဒီ တိုင်းပြည်အနာဂါတ် ဘယ်လိုများ ဖြစ်လာမလဲဆိုတာ မတွေးဝံ့စရာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဦးမယ် ဆိုပဲ။ အခု လက်ရှိဖြစ်နေတာတွေကို သေချာမပြင်နိုင်ပဲ၊ ဖြစ်ချင်ရာဖြစ် ဇွတ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကတော့ ... ရလဒ်ကောင်း ဖြစ်လာဖို့ မမြင်ပါ။

ဒီတော့ ကျွန်တော့်တို့တတွေ ကိုယ့်လက်ပေါ် ဖယောင်းစက် မကျသေးလို့ မပူသေးဘူး ပြောသလို ကိုယ်တိုင် လက်တွေ့ မငတ်သေးလို့ တိုင်းပြည်ကြီး ဘာမှ မဖြစ်သေးပါဘူးလို့ မျက်စိမှိတ်ပြောကြမလား ... တိုင်းပြည်အနာဂါတ်နဲ့ နောင်မျိုးဆက်တွေက “ငါတို့ထက်ကြီးတဲ့ လူကြီးတွေ ဖျက်ခဲ့တဲ့ တိုင်းပြည်မှာ ငါတို့ လူလာ ဖြစ်ရလေခြင်း” လို့ ဆိုပြီး ယူကျုံးမရ ပြောပြီး အပြစ်တင်တာကို ခံမလားဆိုတာက ... မြန်မာနိုင်ငံသား အားလုံး ဖြေရမယ့် အဖြေပဲ ဖြစ်ပါတယ်။

နအဖ သတင်းစာတွေထဲက ပြောလေ့ရှိတဲ့ အတိုင်း အခုဆို တိုင်းပြည်ခြောက်ထဲရောက်ဖို့ လက်မတင်ပဲ လိုပါတော့တယ်။ ကဲ .. ဘယ်သူတွေ ကယ်ကြဦးမှာပါလဲ။

သံဃာတော်တွေက ကယ်မှာလား
NLD ကယ်မှာလား
၈၈ မျိုးဆက်ကျောင်းသားတွေ ကယ်မှာလား
၂၀၀၇ မျိုးဆက်တွေ ကယ်မှာလား
တပ်မတော်ကြီးက ကယ်မှာလား
အနောက်နိုင်ငံတွေက ကယ်မှာလား ...

ဘယ်သူ ကယ်မှာပါလဲ ......။

ကျွန်တော် မြင်တဲ့ အဖြေကတော့ တိုင်းပြည်ကို ကယ်မဲ့လူကတော့ “သင်” ကိုယ်တိုင်ပဲ တတ်နိုင်ပါတယ်။

“သင့်” ကို တိုင်းပြည်မှ ကယ်တင်ရှင် အဖြစ် အလိုရှိနေပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်